သေခြင်းကို အဖန်တလဲလဲ အောက်မေ့သောကမ္မဋ္ဌာန်းကို မရဏာနုဿတိကမ္မဋ္ဌာန်းဟု ခေါ်သည်။

မရဏဿတိ = မရဏာနုဿတိကမ္မဋ္ဌာန်း ပြင်ဆင်ရန်

ပါဠိတော်[၁] အဋ္ဌကထာတို့ [၂]နှင့် အညီ မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရရှိထားပြီးသော အသုဘကမ္မဋ္ဌာန်းကိုပင် ပထမဈာန်သမာဓိသို့ ဆိုက်အောင် တစ်ဖန် ပြန်၍ သမာဓိကို ထူထောင်ပါ။ ယင်းဗဟိဒ္ဓအသုဘအလောင်းကောင်၌ ပထမဈာန်သမာဓိသို့ ဆိုက်အောင် ရှုနိုင်သောအခါ ဤ ငါ၏ ခန္ဓာကိုယ် သည်လည်း ဤကဲ့သို့သော သေခြင်းသဘော ရှိ၏၊ ဤကဲ့သို့သော သေခြင်းသဘောသည် မချွတ်ဧကန် ဖြစ်လိမ့်မည်၊ ဤကဲ့သို့သော သေခြင်းသဘောတရားကို မလွန်မြောက်နိုင်ဟု မိမိ၏ သေခြင်းတရားအပေါ်သို့ ဉာဏ်ဖြင့် ရှေးရှု ကပ်ဆောင်၍ သတိကိုလည်းကောင်း, သံဝေဂကိုလည်းကောင်း, ဉာဏ်ကိုလည်းကောင်း ဖြစ်စေလျက် ကြည့်ရှု လိုက်သောအခါ မိမိသေနေသည့် ရွံရှာစက်ဆုပ်ဖွယ် အသုဘအလောင်းကောင်ကို တွေ့ရှိမည် ဖြစ်သည်။ ထိုအခါ မိမိသေနေသောပုံဝယ် ဇီဝိတိန္ဒြေ၏ ပျက်စဲမှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ထိုဇီဝိတိန္ဒြေ၏ ပြတ်စဲမှုအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလျက် ..

၁။ မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ = ငါ၏ သေခြင်းတရားသည် မြဲ၏၊ အသက်ရှင်ခြင်းသည် မမြဲ။

၂။ မရဏံ မေ ဘဝိဿတိ = ငါ၏ သေခြင်းတရားသည် မချွတ်ဧကန် ဖြစ်လိမ့်မည်။

၃။ မရဏပရိယောသာနံ မေ ဇီဝိတံ = ငါ၏ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးအပိုင်းအခြား ရှိ၏၊

၄။ မရဏံ မရဏံ = သေခြင်းတရား သေခြင်းတရား ––

ဥပစာရသမာဓိ ပြင်ဆင်ရန်

ဤသို့စသော နှလုံးသွင်းနည်းတို့တွင် မိမိကြိုက်နှစ်သက်ရာ တစ်နည်းနည်းဖြင့် ပါဠိလိုဖြစ်စေ, မြန်မာလိုဖြစ်စေ ရှုနေပါ။ မိမိ သေနေသည့်ပုံဝယ် ဇီဝိတိန္ဒြေ၏ ပြတ်စဲသွားမှု သဘောတရားအာရုံ၌ မရဏဿတိ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားပါ။ ယင်းသို့ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော် ဈာန်အင်္ဂါ (၅)ပါးတို့သည်လည်း ထင်ရှားလာကြမည် ဖြစ်ပေသည်။ သို့သော် ဥပစာရဈာန်မျှသာ ဖြစ်သည်။

ယက်ကန်းသည်မလေးအား သင်ကြားပုံ ပြင်ဆင်ရန်

တစ်ဖန် ဘုရားရှင်သည် ပေသကာရဓီတာဟု ခေါ်ဆိုအပ်သည့် ယက်ကန်းသည်မလေးအား မရဏဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများပုံကို ယင်းပေသကာရဓီတာဝတ္ထု[၃]၌ ဤသို့လည်း ဟောကြားထားတော်မူခဲ့၏ ..။

၁။ အဒ္ဓုဝံ မေ ဇီဝိတံ = ငါ၏ အသက်ရှင်ခြင်းသည် မမြဲ။

၂။ ဓုဝံ မေ မရဏံ = ငါ၏ သေခြင်းတရားသည် မြဲ၏၊

၃။ အဝဿံ မယာ မရိတဗ္ဗမေဝ = ငါသည် မချွတ်ဧကန် သေရလိမ့်မည်၊

၄။ မရဏပရိယောသာနံ မေ ဇီဝိတံ = ငါ၏ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးအပိုင်းအခြား ရှိ၏၊

၅။ ဇီဝိတမေဝ အနိယတံ = ငါ၏ အသက်ဇီဝိတိန္ဒြေသည်ကား မမြဲခြင်းသဘောတရားသာလျှင် ရှိ၏၊

၆။ မရဏံ နိယတံ = ငါ၏ သေခြင်းတရားသည်ကား မြဲ၏၊

ဤသို့လည်း မရဏဿတိ ဘာဝနာကို ပွားများနိုင်ပေသည်။

နောက်ဆုံးအချိန် ပြင်ဆင်ရန်

တစ်ခုသောဘဝ၌ တစ်ခုသော သေခြင်းတရားသည်ကား မြဲသည်သာ ဖြစ်၏၊ နောက်ဆုံး သေခါနီးအချိန် ကာလဝယ် မရဏဿတိ ဘာဝနာကို မပွားများထားသူတို့အဖို့ သေခြင်းတရားနှင့် ရင်ဆိုင်ရမည့်ဘေးကို ကြည့်ကာ အဆိပ်ပြင်းထန်သည့်မြွေကို တွေ့မြင်ရသည့်အလား ကြောက်ရွံ့တုန်လှုပ်နေတတ်၏၊ မိမိလားရောက်ရတော့မည့် ဂတိကို တွေ့မြင်နေရသည့်အတွက် စိတ်မချမ်းသာမှု ပူပန်မှု ကြောက်ရွံ့တုန်လှုပ်မှု ဟူသည့် ဆုတ်နစ်သည့် ဒေါသနှင့် ယှဉ်တွဲနေသည့် အကုသိုလ်ဇောတို့က မရဏာသန္နဇော၏ နေရာကို အရယူနေကြပေသည်။ မျက်ရည်စက်လက်ဖြင့် ဘဝကို အဆုံးသတ်သွားကြ၏၊ သို့သော် မရဏဿတိဘာဝနာကို ပွားများထားပြီးသူ မပြတ်လေ့ကျင့်နေသူတို့ကား.. အဆိပ်ပြင်းထန်သည့် မြွေကို တွေ့ရှိသည့်အခါ ကြောက်ရွံ့တုန်လှုပ်မှု မရှိဘဲ ယင်းမြွေကို တုတ်ဖြင့် ကော်ယူကာ ဝေးရာတစ်နေရာသို့ ပို့ဆောင်ပေးလိုက်သကဲ့သို့ ..သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ ကြောက်ရွံ့တုန်လှုပ်မှု မရှိဘဲ မိမိပွားများထားသည့် မရဏဿတိဘာဝနာကဲ့သို့သော ဘာဝနာကုသိုလ်တို့ကြောင့် ထင်ရှားဖြစ်ပေါ်လာကြရသော မိမိသွားရမည့် ကောင်းသော လားရာဂတိကို ရည်မျှော်ကာ ချမ်းမြေ့စွာဖြင့် ဘဝကို အဆုံးသတ်ရပေသည်။ ထိုကြောင့် ဘုရားရှင်က မရဏဿတိဘာဝနာကို ပွားများအားထုတ်ရန် ယင်း'ပေသကာရဓီတာဝတ္ထု'တွင်လည်း တိုက်တွန်းထားတော်မူခဲ့လေသည်။

ဇီဝိတိန္ဒြေ၏ ပြတ်စဲမှု ပြင်ဆင်ရန်

ဤရှုကွက်ကား ပရမတ်တရား - ဇီဝိတိန္ဒြေ–နှင့် ဆက်စပ်နေသဖြင့် လွယ်မယောင်နှင့် ခက်သော ရှုကွက်တစ်ခု ဖြစ်နေ၏၊ ဇီဝိတိန္ဒြေယုပစ္ဆေဒသင်္ခါတဿ မရဏဿ သရဏံ မရဏဿတိ –– ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၄]တွင် ဖွင့်ဆိုထားသည့်အတိုင်း မိမိ၏ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို မြင်အောင် ကြည့်၍ ရှုရမည့် ရှုကွက်ဖြစ်နေပေသည်။ မိမိ သေနေသည့် အလောင်းကောင်ကို ဉာဏ်နှင့် ကပ်ဆောင်ကာ ကြည့်နိုင်ရုံမျှဖြင့်ကား လိုရင်းကိစ္စ မပြီးနိုင် ရှိနေသေး၏၊ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်က ဗဟိဒ္ဓအလောင်းကောင်အာရုံ၌ ပထမဈာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ရှုပြီးသောအခါ .. မိမိသေနေသည့် ပုံကိုလည်း ဉာဏ်ဖြင့် ကပ်ဆောင်ကာ ကြည့်ရှုနိုင်သဖြင့် မိမိသေနေသည့် အလောင်းကောင်ကိုလည်း တွေ့မြင်သောအခါ ..ယင်းအလောင်းကောင်၏ နှလုံးအိမ်အတွင်းဘက်သို့ ထိုးစိုက်ကာ ရှုကြည့်ပါ။ ထိုသို့ ရှုရာ၌ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကိုကား လွယ်လွယ်ကူကူ တွေ့ချင်မှတွေ့မည် ဖြစ်၏၊ အကြောင်းကား ယင်းသေနေသော အလောင်းကောင်၌ ဇီဝိတိန္ဒြေကား ပြတ်စဲပြီး ဖြစ်သောကြောင့် ဖြစ်၏၊ သို့အတွက် ယင်း အလောင်းကောင်၏ နှလုံးအိမ်အတွင်းဘက်သို့ ဉာဏ်ကို စေလွှတ်ကာ ရှုကြည့်နိုင်သောအခါ မသေမီ အချိန်ကာလ ဘက်သို့ အနည်းငယ် နောက်ဆုတ်ကာ ရှုကြည့်ပါ။ ထိုအခါ .. သေခါနီး ဘဝင်မနောအကြည်ဓာတ်ကို သို့မဟုတ် စိတ်အစဉ်ကို တွေ့ရှိနိုင်ပေသည်။ ဤအရာဝယ် ပြောလိုရင်းမှာ ဘဝင်မနောအကြည်ဓာတ်ပင် ဖြစ်သည်။ ယောဂီ ပုဂ္ဂိုလ်သည် ဈာန်အင်္ဂါများကို သိမ်းဆည်းခဲ့စဉ်က ယင်းဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းနိုင်ခဲ့ပြီးဖြစ်သဖြင့် ဤအချိန်တွင်လည်း ယင်း ဘဝင်မနောအကြည်ဓာတ်ကို လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ ယင်းဘဝင် မနောအကြည်ဓာတ်ကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ သေမည့်ဘက်သို့ တစ်ဖန် တိုး၍ ရှုကြည့်ပါ။ ထိုအခါ ယင်းဘဝင် မနောအကြည်ဓာတ်၏ ရပ်စဲမှုသဘောကိုကား တွေ့မြင်နိုင်ပေသည်။ ထိုအခါတွင် အထက်က ရှင်းပြခဲ့သည့်အတိုင်း ယင်းဘဝင်မနောအကြည်ဓာတ်ကို ဖြစ်စေသည့် အကြောင်းရင်း ဘဝင်စိတ်ကို ထိုးစိုက်ကာ ရှုကြည့်ပါ။ ယင်းဘဝင်စိတ်ကို တွေ့သည့်အခါ ယင်းဘဝင်စိတ်နှင့်အတူ ယှဉ်ဖက် ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုသဘောကို မြင်အောင် တစ်ဆင့် ရှုကြည့်ပါ။ တွေ့မြင်ပါက ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို သဘောပေါက်မည် ဖြစ်ပေသည်။

 
မရဏာနုဿတိ ဇယား

ဆက်လက်၍ နာမ်တရားသိမ်းဆည်းပုံ ပြင်ဆင်ရန်

မရဏာနုဿတိ ကမ္မဋ္ဌာန်းမှာလည်း ဥပစာရသမာဓိကိုသာ ရွက်ဆောင်ပေးနိုင်သည့် ဥပစာရကမ္မဋ္ဌာန်း ဖြစ်သဖြင့် မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ဘာဝနာဇောမှာ ကာမာဝစရ ဥပစာရ သမာဓိဇောသာ ဖြစ်သဖြင့် (၇)ကြိမ်သာ စောနိုင်၏၊ ဇောနောင်၌ တဒါရုံကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ မိမိ၏ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုသဘောကို အာရုံယူနိုင်ပါက ယင်းဇီဝိတိန္ဒြေမှာ ရုပ်ဇီဝိတနှင့် စုတိနှင့်ယှဉ်တွဲနေသော နာမ်ဇီဝိတ ဖြစ်သဖြင့် ကာမအာရုံဖြစ်ရကား ယင်းအာရုံမှာ ဝိဘူတာရုံဖြစ်ပါက တဒါရုံ ကျခွင့်ရှိ၏၊ အဝိဘူတာရုံဖြစ်က တဒါရုံ မကျနိုင်။ တစ်ဖန် ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို အာရုံမယူနိုင်ဘဲ မိမိ၏ သေနေသည့်ပုံဟူသော ပညတ်အာရုံပေါ်မှာသာ သောင်တင်နေပါက ယင်းမရဏာနုဿတိဇော၏ နောင်၌ တဒါရုံ မကျနိုင်။ သို့သော် ရုပ်နာမ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းထားနိုင်သော သူတော်ကောင်းတို့သည်သာလျှင် ရုပ်ဇီဝိတ နာမ်ဇီဝိတ၏ ပြတ်စဲမှုကို ပရမတ်သို့ ဆိုက်အောင် အာရုံယူနိုင်ဖွယ် ရှိ၏၊ ပရမတ်သို့ ဆိုက်အောင် နာမရူပပရိစ္ဆေဒဉာဏ်ကို မရရှိသေးသော သူတော်ကောင်းတို့၏ မရဏာနုဿတိကမ္မဋ္ဌာန်းမှာ မိမိ၏ သေနေသည့်ပုံဟူသော ပညတ်အာရုံပေါ်၌သာ ဘာဝနာစိတ် အရောက်များဖွယ်ရာ ရှိပေသည်။ [၅]

ကိုးကား ပြင်ဆင်ရန်

  1. ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပေဿယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ ဧကာဟမတံ ဝါ ဒွီဟမတံ ဝါ တီဟမတံ ဝါ ဥဒ္ဓုမာတကံ ဝိနီလကံ ဝိပုဗ္ဗကဇာတံ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတောတိ။ (မ၊၁၊၇၃။)
  2. တတ္ထ မရဏန္တိ ဧကဘဝပရိယာပန္နဿ ဇီဝိတိန္ဒြိယဿ ဥပစ္ဆေဒေါ။ ပ။ ဣတိ ဇီဝိတိန္ဒြိယုပစ္ဆေဒသင်္ခါတဿ မရဏဿ သရဏံ မရဏဿတိ။ (ဝိသုဒ္ဓိ၊၁၊၂၂၂။) တသ္မာ တတ္ထ တတ္ထ ဟတမတသတ္တေ ဩလောကေတွာ ဒိဋ္ဌပုဗ္ဗသမ္ပတ္တီနံ သတ္တာနံ မတာနံ မရဏံ အာဝဇ္ဇေတွာ သတိဉ္စ သံဝေဂဉ္စ ဉာဏဉ္စ ယောဇေတွာ မရဏံ ဘဝိဿတီတိအာဒိနာ နယေန မနသိကာရော ပဝတ္တေတဗ္ဗော။ (ဝိသုဒ္ဓိ၊၁၊၂၂၃။)
  3. (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၁၁။)
  4. (ဝိသုဒ္ဓိ၊၁၊၂၂၂။)
  5. နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း။ ဖားအောက်တောရဆရာတော်