မလယထေရ် (ရှင်မာလဲ)

ပြင်ဆင်ရန်

မလိယမဟာဒေဝ မဟာထေရ် ကိုပင် ရှင်မလယဟူ၍ လည်းကောင်း၊ ရှင်မာလဲဟူ၍ လည်းကောင်း မြန်မာနိုင်ငံ၌ ခေါ်ဝေါ်ကြကုန်၏။ မလိယမဟာ ဒေဝထေရ်သည် စူဠကလ္လရွာသား ဥပါသကာ တစ်ယောက်ကို ခေါ်၍ စူဠာမဏိစေတီတော်ကို ဖူးမြော်ရန် ကြွတော်မူရာတွင် တာဝတိံသာ နတ်ပြည်၌ မေတ္တေယျ အလောင်းတော် နတ်သား နှင့် တွေ့၍ အလောင်းတော် နတ်သားက ထိုဥပါသကာအား နတ်ပုဆိုးတစ်စုံ ပေးလိုက်သည်ဟုဆိုသည်။ ဝတ္ထုစဉ်ကား ဤသို့တည်း။

လင်္ကာဒီပဟု ဆိုအပ်သော သီဟိုဠ်ကျွန်း၊ အဇ္ဇရအမည် ရှိသော မြစ်၏ အနီး၌ စူဠကဏ္ဍက အမည်ရှိသော မဟာဝိ ဟာရ ကျောင်းရပ်ကြီးသည် ရှိ၏။ ထိုကျောင်းရပ်ကြီးသည်ကား အရာမက များစွာသော ရဟန်းတို့ဖြင့်လည်း ပြည့်ကုန်၏။ သဒ္ဓါကြည်ညိုသော လူတို့ဖြင့်လည်း ရောပြွမ်းကုန်၏။ ထိုစူဠ ကလ္လရွာ၌ တစ်ယောက်သော ဥပါသကာဖြစ်သော ဒါယကာ သည် သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံးပါး၌လည်း ဆည်းကပ်ကိုးကွယ် ကြည်ညိုမြတ်နိုးခြင်းရှိ၏။ ထို့ကြောင့် ယင်းဥပါသကာသည် ရဟန်းတို့၏ တည်းခိုရာ အရိပ်အာဝါသ တို့ကို ကောင်းမွန်စွာ စီမံဆောက်လုပ်၍ လှပတင့်တယ်စွာ တန်ဆာဆင်ယင်ပြီးမှ သောက်ရေတို့ကို သန့်ရှင်းစင်ကြယ်စွာ တည်ထား၍ လျောင်းရာ အိပ်ရာနေရာတို့ကို ခင်းထား၏။

ကိုယ်မကျန်းသော ရဟန်းတို့အလို့ငှာ ရေပူရေချမ်းကို လည်းကောင်း၊ ဆေးယာဂုအစရှိသည်တို့ကို လည်းကောင်း ကပ်ဆက်သူ အလုပ်အကျွေးနှင့်တကွထား၏။ ထိုအခါ မလိယမဟဒေဝထေရ်သည် ဝေရိယဝိဟာရ ကျောင်းကမ္မဋ္ဌာန်း အုံ၌ နေတော်မူ၏။ ထိုမထေရ်မြတ်သည် များစွာသော လူအပေါင်းတို့၏ စီးပွားချမ်းသာကို ရွက်ဆောင်တော်မူလေ့ရှိ ၏။ တစ်နေ့သ၌ ညဉ့်အခါ ထိုအရှင် မြတ်အား ဝမ်းလေ အနာသည် ကပ်ရောက်လေ၏။ ရှေးကာလ၌ ဤကဲ့သို့ ရောဂါဝေဒနာ ကပ်ရောက်သောအခါ တစ်ဆယ့်တစ်ပါးသော ဆေးယာဂုကို သုံးဆောင်ရသဖြင့် ထိုအနာမျိုးသည် ငြိမ်းဘူး ၏။ ထို့ကြောင့် ယခုလေနာ ထသောအခါ ထိုဆေးယာဂုကို အဘယ်မှာ ရပါလတ္တံ့နည်းဟူ၍ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့် ရှုသည်ရှိသော် စူဠကလ္လရွာနေ ဥပါသကာဖြစ်သော ဒါကကာ တစ်ယောက်၏ အထံ၌ ရလတ္တံ့သည်ကို မြစ်တော်မူ၏။

ထိုအခါ အရှင်မြတ်သည် နံနက်စောစော ထတော်မူ၍ ကိုယ်လက်သုတ်သင်ပြီးလျှင် စေတီအပြင် အစရှိသည်တို့၌ ပြုအပ်သော ဝတ်ကြီးဝတ်ငယ်တို့ကို ပြည့်စုံစေ၍ သပိတ် သင်္ကန်းတို့ကို ဝတ်ရုံလျက် ကောင်းကင်သို့ပျံတက်၍ ထိုဒါယ ကာနေသော စူဠကလ္လရွာတံခါး၌ သက်ဆင်းတော်မူပြီးလျှင် သပိတ်ကိုပိုက်၍ ရွာသို့ဝင်တော်မူ၏။ အိမ်စဉ်အတိုင်း ဆွမ်းခံရပ်လျက် ထိုဥပါသကာ၏ စရပ်သို့ဝင်လေ၏။

ဥပါသကာလည်း အရှင်မြတ်ကို မြင်လေသော် ဖိတ်မန်၍ နေရာထိုင်ခင်း ပေးပြီးလျှင် ဤသို့လျှောက်၏။ အရှင်ဘုရား၊ အရှင်ဘုရား၏ ကိုယ်တော်ကို အနာရောဂါ နှိပ်စက် ဘိသလော၊ ကျန်းမာချမ်းသာပါ၏လောဟု မေးလျှောက်၏။ မထေရ်မြတ်လည်း မိမိ၌ လေနာရှိချေသော အဖြစ်ကို ကြားပေ၏။ ဒါယကာက၊ အရှင်ဘုရား၊ ထိုလေနာအား တစ်ဆယ့်တစ်ပါးသော ဆေးတို့ဖြင့် ခပ်ချက်သော အကျွနု်ပ်၏ ဆေးယာဂုသည် ဤလေနာမျိုးကို ရုတ်တရက် ချမ်းသာရာကို ရနိုင်သည်။ သို့ဖြစ်၍ ဆေးကို စုရုံးစုံဘက်ပါချေအံ့။

အချိန်အနည်းငယ်မျှ ဤအရပ်၌ ငံ့နေတော်မူစေချင်ပါသည် လျှောက်ခဲ့၍ မိမိအိမ်သို့သွားလေ၏။ ဒါယကာလည်း မိမိ အိမ်သို့ရောက်သောအခါ ဆေးအလို့ငှာ အလုံးစုံသော ဆေး ဘက်တို့ကို ပြည့်စုံစေလျက် ထောင်းထုအမှုန့်ပြု၍ ညက်စွာ ဆင့်၍ ကောင်းမွန်စွာ ချက်ပြုတ်သော ယာဂုတွင် ခပ်ရမည်ဟု ချက်ပြုတ်သူတို့အား မှာဆိုအပ်နှင်းခဲ့ပြီးလျှင် မထေရ်မြတ်၏ အထံသို့ပြန်လာ၍ ရိုသေစွာ ရှိခိုးလျက် ပြောဟော၍နေ၏။

ထိုအခါ မလိမယမထေရ်မြတ်သည် ဤသို့ကြံတော် မူ၏။ ဤဒါယကာကား ဟုတ်ဟုတ်ညားညားသော သတ္တဝါ မဟုတ်ပေ။ လာလတ္တံ့သောအဖြစ်၌ မဟေသကဟု ဆိုအပ်သော တန်ခိုးကြီးသည့် နတ်ဖြစ်လတ္တံ့သော သူပေတည်းဟု ကြံသိ တော်မူ၍ ဤသို့ဆို၏။ ဒါယကာ၊ အချိန်အနည်းငယ်မျှ၊ ဤအရပ်၌ ငံ့နေတော်မူချိန်တွင် ငါသည် တာဝတိံသာနတ်ပြည် သို့သွား၍ စူဠာမဏိ စေတီတော်ကို ရှိခိုး၍ ပြန်လာခဲ့အံ့၊ ငါနှင့် အတူတကွ လိုက်လှည့်ဟု ဆိုတော်မူ၏။ ဒါယကာသည် စူဠာမဏိ စေတီတော်ကို ဖူးမြင်ချင်သော်လည်း ရောက်နိုင်စွမ်း သော တန်ခိုးမရှိ ဖြစ်ခဲ့လေသည်။ ထိုအခါ မရှင်မြတ်က ငါ၏ တန်ခိုးအစွမ်းဖြင့် သင့်ကို သာဝတိံသာ နတ်ပြည် စူဠာမဏိ စေတီတော်သို့ဆောင်ယူအံ့၊ ငါနှင့်အတူ လိုက်ခဲ့လောဟု ဆိုပြီးလျှင် မိမိ၏ သားရေနယ်ကို ဒါယကာ၏ ပခုံး၌ တင်၍ ဤဒါယကာသည် ငါနှင့်အတူ ပါစေသတည်းဟု ဓိဋ္ဌာန်တော်မူ လျက် ကောင်းကင်သို့ပျံတက်၍ တာဝတိံသာ နတ်ပြည်သို့ ရောက်လေ၏။ ထိုအခါ စူဠာမဏိ စေတီတော်၏ အရံဖြစ်သော ခုနစ်ပါးသော ရတနာဖြင့်ပြီးသည့် တံခါးမုခ်ဝယ် ရပ်နေသော ခဏ၌ ဖြည့်အပ်ပြီးသော ပါရမီရှိသော မေတ္တေယျ ဘုရား အလောင်းတော်သည် နတ်ပြည်ခြောက်ထပ်တို့၌ များပြားလှစွာ သော နတ်ပရိသတ် အပေါင်း ခြံရံလျက် စူဠာမဏိ စေတီတော် ကို ရှိခိုးအံ့သောငှာ တုသိတာနတ်ပြည်မှ လာလတ်၏။ ဥပါ သကာဖြစ်သော ဒါယကာသည် ထိုမေတ္တေယျ ဘုရားအလောင်း နတ်သားအား မြင်လတ်သော် အတိုင်းထက်အလွန် ဝမ်းမြောက် ဝမ်းသာဖြစ်၍ အရှင်မလိယမထေရ်မြတ်ကို မေးရာ အလောင်း တော် နတ်သားဖြစ်ကြောင်း ပြောဆိုလေသည်။

အရှင်မလိယခထေရ်မြတ်နှင့် ဥပါသကာဖြစ်သော ဒါယကာတို့စကားပြောဆိုကြစဉ်လျှင် ဘုရားအလောင်း တော်သည် ရောက်လာလတ်သဖြင့် ရထားဗိမာန်မှ သက်လတ်၍ အရှင်မလိယ မထေရ်မြတ်သို့ချဉ်းကပ်ပြီးလျှင် ပဉ္စပတိဋ္ဌိတ ဖြစ်သော ငါးပါးသော တည်ကြည်ခြင်းဖြင့် ရှိခိုး၍ နေပြီးလျှင် အရှင်ဘုရား ဤတာဝတိံသာ နတ်ပြည်သို့အဘယ်အကျိုးငှာ လာတော်မူပါသနည်းဟု လျှောက်၏။ အရှင်မြတ်လည်း အကြောင်းကို ပြန်ပေ၏။ ထိုသို့ပြန်ကြားပြီးမှ ဒါယကာသည် မေတ္တေယျ ဘုရားလောင်းနတ်သားကို ရှိခိုး၏။ အလောင်းတော် နတ်သားက ဤငါ့ကို ရှိခိုးသောသူသည် အဘယ်သို့သော သူနည်းဟု မေးသည်ရှိသော် အရှင်မလိယမထေရ်မြတ်က ဤဒါယကာသည် စူဠကလ္လရွာ၌နေသော သီလအကျင့်နှင့် ပြည့်စုံသော ဥပါသကာပေတည်း၊ သဒ္ဓါသီလတည်းဟူသော ဂုဏ်နှင့် ပြည့်စုံသော သူတည်းဆို၏။ မေတ္တေယျ အလောင်း တော် နတ်သားသည် ထိုစူဠကလ္လ ဥပါသကာအား ထိုက် လျောက်ရာ သင့်တင့်လျော်ကန်သော ဒှိူသာတကယုဂဖြစ်သော နတ်ပုဆိုး တစ်စုံကိုပေး၍ အလှူပေးခြင်း သီလဆောက်တည် ခြင်းမှ မမေ့မလျော့စေနှင့် ဆုံးမ၏။ ထိုဥပါသကာသည် အရှင်မလိယ မထေရ်မြတ်နှင့်တကွ စူဠာ မဏိစေတီတော်ကို ရှိခိုး၍ (ဒါယကာနှင့်တကွ) စူဠကလ္လရွာသို့ ပြန်ရောက် သော်၊ မထေရ်မြတ်သည် ဆွမ်းစားစရပ်၌နေလျက် ဒါယကာ လှူအပ်သော ဆေးယာဂုကို သောက်တော်မူ၏။ လေအနာ ငြိမ်းပြီးသည်ဖြစ်၍ အရှင် မလိယမထေရ်မြတ်သည် နေတော် မူရာ ဝေရိယဝိဟာရကျောင်းသို့ကောင်းကင်ခရီးဖြင့် ပျံကြွ တော်မူလေသည်။

မြန်မာနိုင်ငံတွင် ဆယ့်နှစ်လ ဆယ်နှစ်လရာသီအတွက် အမျိုးသားပွဲတော် ဆယ့်နှစ်မျိုး ဆယ့်နှစ်စား ရှိလေသည်။ တန်ဆောင်မုန်းလ ဗြိစ္ဆာရာသီတွင် ကထိန်သင်္ကန်း ကပ်လှူပွဲ၊ ဆီမီးတန်ဆောင် ထွန်းည|ိပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပွဲတို့အပြင် ရှင်မာလဲပွဲကိုလည်း ကျင်းပတတ်သေးကြောင်းဖြင့် ပုဂံ ဝန်ထောက်မင်း ဦးတင် က မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း ပဉ္စမအုပ် မျက်နှာ ၂၃၈ တွင် ကာကသတ္တဝါ၊ တာရာ ထိန်ဆဲ၊ ကထိန်ပွဲလျင်၊ သျှင်မာလွဲပွဲ၊ တန်ဆောင်ပွဲက၊ ပွဲကြီး သုံးဖြာ၊ ကြုံကြိုက်ပါလိမ့် ဟု ဖွဲ့ဆိုခဲ့သည်။ ရှင်မာလဲပွဲ သည် သီဟိုဠ်ကျွန်း ကုရောဒဇနပုဒ်တွင် သီတင်းသုံးသော ရှင်မာလဲမထေရ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည်ဟု ပေါရာဏဒီပနီကျမ်း ဒုတိယတွဲတွင် ပါရှိလေသည်။

တစ်ခါသော် ရှင်မာလဲ မထေရ်သည် တာဝတိံသာနတ်ပြည် စူဠာမဏိစေတီတော်ကို အဖူးအမြော် သွားရာတွင် အရိမေတ္တေ ယျ အလောင်းတော် နတ်သားနှင့် ဆုံမိသည်။ ထိုအခါ အလောင်းတော် နတ်သားက တန်ဆောင်မုန်း လပြည့်တိုင် ရောက်သည့် အခါတိုင်း၊ ဝေဿန္တရာ ဇာတ်တော်ကို လူအပေါင်းတို့အား ဟောကြားပါရန် လျှောက်ထားတောင်း ပန်လိုက်သဖြင့် ရှင်မာလဲမထေရ်သည် တန်ဆောင်မုန်း လပြည့်နေ့တို့တွင် ဝေဿန္တရာ ဇာတ်တော်ကြီးကို ဟောပြော ရသည်။ လှော်ကားတော်ပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းဆုပ်တစ်ထောင်၊ ဆီမီးတစ်ထောင် စသည်တို့ကို လှူဒါန်းပူဇော်ရလေသည်။

ယခုအခါ မြန်မာနိုင်ငံ အောက်ပိုင်း ဖျာပုံမြို့တွင် နှစ်စဉ် တော်သလင်း၌ ရှင်မာလဲ ထောင်ပြည့်ပွဲတော် ဟူ၍ ကျင်းပလေ့ရှိ၏။ ရှင်မာလဲပွဲတော် ကျင်းပသည့်အခါ လှော်ကားကြီးသဏ္ဌာန် ပြုလုပ်ကာ သစ်သီး၊ မုန့်၊ တံခွန် တိုင်စသော လှူဖွယ်ဝတ္ထုတို့ကို ထောင်နှင့်ချီ၍ ဆွမ်းတော်ကြီး တင်ကြသည်။

ထိုပွဲတော်မှာ မလိယထေရ် (ဝါ) ရှင်မာလဲ၏ ဩဝါ ဒဖြင့် လှူဒါန်းခြင်းဖြစ်၍ ရှင်မာလဲပွဲတော်၊ မဂ္ဂင်ဖောင်ကြီး၊ တက်၍စီးက၊ ပြည်ကြီးခေမံ၊ မြတ်နိဗ္ဗာန်သို့ အမှန်ထုတ် ခြောက်၊ ခရီးပေါက်၏ ဟူသည့်အတိုင်း မိမိတို့စေတနာ ဖြင့် နိဗ္ဗာန်ကို ရည်သန်ပြီးလျှင် မဂ္ဂင်ဖောင်ဖြင့် ကူးတော့မည် အဓိဋ္ဌာန်အလျောက် မဂ္ဂင်ဖောင်ပျံ၏ သရုပ်ကို လှော်ကားဖြင့် တင်စား၍ လှော်ကားပေါ်တွင် အလှူဝတ္ထုများတင်ပြီး ပူဇော် သည့်အတွက် လှော်ကားပွဲတော်၊ ယင်းလှော်ကားပွဲ အလှူတွင် သစ်သီး၊ မုန့်၊ တံခွန်တိုင်စသော လှူဖွယ်သတ္ထုတို့ကို ၁ဝဝဝ စီ၊ ၁ဝဝဝ စီသာ လှူဒါန်းရန် စီမံထားခြင်းကြောင့် ထော်ပြည့် ပွဲတော် စသည်ဖြင့် အသီးအသီး ခေါ်ဝေါ်ကြလေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)