တန်ဆောင်မုန်းလတွင် မြတ်စွာဘုရားအား ရည်စူး၍ မသိုးသင်္ကန်း ကပ်လှူပွဲများ ကျင်းပကြသည်။ မသိုးသင်္ကန်းဆိုသည်မှာ နောက်တစ်နေ့သို့ကူးမသွားစေဘဲ အရုဏ်မတက်မီ နေ့ချင်းပြီး ပြုလုပ်လှူဒါန်းသော သင်္ကန်းကိုဆိုသည်။ ယင်းမသိုးသင်္ကန်းကား ကထိန်သင်္ကန်းကို အတုယူ၍ ပြုလုပ်ဟန်တူသည်။ အကြောင်းကား ကထိန်ခင်းရာ၌ ကထိန်ပြီးမြောက်ကြောင်း အင်္ဂါရပ်အများရှိရာ အသန္နိဓိကတေန၊ မသိုးသောသင်္ကန်းဖြင့်။ ကထိနံ၊ ကထိန်သည်။ အတ္ထတံ၊ အခင်းမည်သည်။ ဟောတိ၊ ဖြစ်၏ဟု မြတ်စွာဘုရား ပညတ်ချက်အရ မသိုးသောသင်္ကန်း ဆိုသည်မှာလည်း နောက်တစ်နေ့သို့ကူးမသွားစေဘဲ၊ အရုဏ်မတက်မီ နေ့ချင်းပြီးပြုလုပ် လှူဒါန်းသော သင်္ကန်းကို ဆိုသောကြောင့်ဖြစ်သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၂၇)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲ (၂၀၁၁)

ဝေါဟာရ ပြင်ဆင်ရန်

သိုး၊ မသိုး၊ ဆိုရာ၌လည်း လောက၌ လူတို့စားသောက်သော အချို့အစာအာဟာရသည် ညဉ့်လွန်၍ နောက်တစ်နေ့သို့ကူးသွားလျှင် သိုးတတ်သည်ကို အစွဲပြု၍ မသိုးသော သဘောရှိသော သင်္ကန်းကိုလည်း နောက်တစ်နေ့သို့ကူးသွားလျှင် တင်စား၍ သိုးသည်။ နေ့ချင်းပြီး ဖြစ်လျှင် မသိုးဟု သုံးစွဲကြခြင်းဖြစ်သည်။

မသိုးသင်္ကန်းရက်လုပ်ခြင်း ပြင်ဆင်ရန်

တန်ဆောင်မုန်း လဆန်း ၁၄ ရက်နေ့နေဝင်သည်နှင့် တစ်ပြိုင်နက် လူအများကို ဖိတ်ကြား၍ ဝါစေ့ကို ကြဲပက်ကြရသည်။ ဤကဲ့သို့စတိကြဲပက်ပြီးလျှင် ဝါပေါက်ကိုကောက်၍ ဝါဖန်ကြ၏။ ဝါကြိတ်ကြ၏။ ရသောဝါ ဂွမ်းကို ဖတ်ကြရသည်။ တစ်ဖန် ဂွမ်းဖတ်ကို ဗိုင်းတောင့် လိပ်ကြပြန်သည်။ ဗိုင်းတောင့်ကို ချည်ငင်ကြ၏။ ချည်ခင်ကို ယောက်ကြ၏။ ယောက်ပြီး ချည်ခင်ကို ချည်ဆိုး၊ အစာတင်ပြီးလျှင် မီးတွင်လှန်းကြ၏။ သွေ့ခြောက်အောင်လှန်းပြီး ချည်ကို ရက်ဖောက်ယောက်ကြ၏။ ရက်ဖောက်ယောက်ပြီးလျှင် ရက်ကန်းရှယ်ကြသည်။ ရှယ်ပြီးလျှင် ရက်ကန်းစင်သို့တင်၍ လျင်မြန်စွာ ဆက်လျက် သင်္ကန်းဖြစ်အောင် ရက်ကြရသည်။ နေအရုဏ် မတက်မီ ရက်ပြီးချုပ်ပြီး၍ ရသောသင်္ကန်းကို မြတ်စွာဘုရားအား ရည်စူး၍ ကပ်လှူကြရာ ထိုသင်္ကန်းကို မသိုးသင်္ကန်းဟု ခေါ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)