အမှု—ကျောင်းကိုအထပ်ထပ်အမိုးခိုင်းမှု

အမှုသည်—ရှင်ဆန္န


အမှာ။ ။သံဃာဒိသေသ် မဟလ္လကဝိဟာရသိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း ကျောင်းဒါယကာ ရှိသောကျောင်းကို “မဟလ္လကဝိဟာရ” ခေါ်ရကြောင်းကို၎င်း၊ ထိုမဟလ္လကဝိဟာရဟူသည် အင်္ဂတေ-သို့မဟုတ်မြေညက်တို့ဖြင့် အတွင်းဖြစ်စေ အပြင်ဘက်ဖြစ်စေ ၂ ဘက်လုံးဖြစ်စေ သုတ်အပ်သော(ကုလားများ၏ နေအိမ်နှင့်တူသော) ကျောင်းမျိုး ဖြစ်ကြောင်းကို၎င်း နားလည်နှင့်ရာ၏။[၁]

အထပ်ထပ်အမိုး အသုတ်ခိုင်းခြင်း ပြင်ဆင်ရန်

အရှင်ဆန္န၏ ဒါယကာ အမတ်ကြီးသည် အရှင်ဆန္နဘို့ ထိုကျောင်းမျိုးပြုလုပ်စေရာ ထုံးစံအတိုင်း ပြီးစီးပြီးဖြစ်၏၊ သို့သော် အရှင်ဆန္နသည် အားမရသေး၍ ထပ်ကာ ထပ်ကာ အမိုးလည်းခိုင်း, အင်္ဂတေ-သို့မဟုတ် မြေညက် အသုတ်လည်း ခိုင်း၏၊ ထိုသို့ ထပ်၍ မိုးမှု ထပ်၍ သုတ်မှုကြောင့် ဝန်လေးသည် ဖြစ်၍ ကျောင်းကလေး ပြိုကျလေတော့၏။ ရှင်ဆန္နသည် ပြိုကျသော အမိုးမြက်များနှင့် သစ်သားတို့ကို စုရုံးလေရာ သူ၏နင်းမှုကြောင့် ပုဏ္ဏား တယောက်၏ မုယောလယ်ခင်း ပျက်လေတော့၏၊ ထိုအခါပုဏ္ဏားက “သူ့မုယောခင်းကို ဖျက်ရမလား”ဟု ကဲ့ရဲ့သည်ကို ရဟန်းများကြား၍ ရဟန်းများက ပြီးပြီးသောကျောင်းကို ထပ်၍ မိုးစေရ-သုတ်စေရမလား”ဟု ကဲ့ရဲ့ကာ ဘုရားထံ လျှောက်ခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။[၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

မဟလ္လကံ ပန ဘိက္ခုနာ ဝိဟာရံ ကာရယမာနေန ယာဝ ဒွါရကောသာ အဂ္ဂဠဋ္ဌပနာယ အာလောကသန္ဓိပရိကမ္မာယ ဒွတ္တိစ္ဆဒနဿ ပရိယာယံ အပ္ပဟရိတေ ဌိတေန အဓိဋ္ဌာတဗ္ဗံ, တတော စေ ဥတ္တရိ အပ္ပဟရိတေပိ ဌိတော အဓိဋ္ဌဟေယျ, ပါစိတ္တိယံ။[၁]

အဓိပ္ပါယ်နှင့်တကွမြန်မာပြန် ပြင်ဆင်ရန်

မဟလ္လကဝိဟာရကို ပြုလိုသော ရဟန်းသည် တံခါးရွက်နှင့် တံခါးဘောင်ကို ခိုင်မြဲအောင် ထားခြင်းငှာ တံခါးဘောင်-ကြီးခွေ၏ ပတ်ပတ်လည် ၂ တောင့်ထွာလောက်အရပ်ကို အထပ်ထပ်သုတ်နိုင်၏၊ လေသောက်ပြုတင်း၏ တံခါးရွက်များကိုလည်း ခိုင်မြဲအောင်ပြုခြင်းငှာ ထိုတံခါးရွက်များ ဖွင့်လိုက်လျှင် ရိုက်မိလောက်ရာ အရပ်ကို အထပ်ထပ်သုတ်နိုင်၏။ ထို့ပြင် အမိုးမိုးရာ၌ အုဌ်-ကျောက်တို့ဖြင့် မိုးလျှင်အဖြောင့်အားဖြင့် (တန်း၍ မိုး၏၊ ထိုသို့ အတန်းလိုက်မိုးခြင်းဖြစ်လျှင် ၂ တန်း ၃ တန်း တိုင်အောင်၎င်း မြက်သစ်ရွက်တို့ဖြင့် မိုးလျှင် လှည့်ပတ်၍မိုး၏၊ ထိုသို့ လှည့်ပတ်၍မိုးရာ၌လည်း ၂ ထပ် ၃ ထပ်တိုင်အောင်၎င်း (သည်ပုံ သည်နည်းမိုးရမည်-ဟု) စီမံနိုင်၏။ ထိုသို့စီမံရာ၌ မိမိရပ်နေရာ အရပ်က ကောက်ပဲသီးနှံ စိုက်ထားသော စိမ်းစိမ်းစိုစို အရပ် မဟုတ်ရ၊ (“ကောက်ပဲသီးနှံစိုက်ထားလျှင် သူတပါး၏ လယ်ယာကို ဖျက်ဆီးရာ ရောက်လိမ့်မည်” ဟူလို၊)ထိုသို့ကောက်ပဲသီးနှံစိုက်ပျိုး ရာမဟုတ်သော အရပ်၌နေ၍ စီမံစေကာမူ ၂ ထပ် ပို၍ကား မစီမံရ၊ ပို၍စီမံလျှင် ပါစိတ်အာပတ်သင့်၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး