မဟာဇေယျ အတုလမာရဇိန် ကြေးသွန်းဘုရားကြီး

မဟာဇေယျ အတုလ မာရဇိန် ကြေးသွန်းဘုရားကြီးသည် လေးဆူဓာတ်ပုံရွှေတိဂုံ စေတီတော် ၏ အနီးကြားတောရ ရပ်ကွက်တွင်းရှိ ““ဓမ္မသုခကျောင်းတိုက်”” အတွင်း၌ရှိပြီး မြန်မာပြည်တွင် အကြီးမားဆုံး ကြေးသွန်း ဘုရားကြီး ဖြစ်သည်။ ထို့အတူ ကြေးသွန်းဘုရားကြီးက အဓိဋ္ဌာန် အောင်မြင်သည့် ဘုရားအဖြစ်ထင်ရှား၏။““ မဟာရန်ကုန်တွင် နာမည်ကြီး သည့် ကြီးကိုးကြီးအဓိဋ္ဌာန်ကြီးလေးကြီးအဓိဋ္ဌာန်ဘုရားကိုးဆူအဓိဋ္ဌာန်များ”” တွင်ပါဝင်သည့် ဘုရားကြီးလည်းဖြစ်၏။ လောကီ အဓိဋ္ဌာန်ဝင်ပြီး အောင်မြင်သည့် သူတိုင်းက ဤကြေးသွန်းဘုရားကြီးအား အဓိဋ္ဌာန်အောင်သည့်ဘုရားဟု မိန့်ဆိုကြ၏။

မဟာဇေယျ အတုလ မာရဇိန် ကြေးသွန်းဘုရားကြီး

သမိုင်းကြောင်း ပြင်ဆင်ရန်

ကြားတောရကျောင်းတော်ရာမှ ဓမ္မသုခကျောင်းတိုက်၊ ဓမ္မသုခဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇာဂရနှင့် ကြေးသွန်း ဘုရားကြီး တည်ထားမှု မူလပုံရိပ် ကြေးသွန်းဘုရားကြီးသည် ဗဟန်းကြားတောရရပ်၊ ဓမ္မသုခတိုက်ဝင်း အတွင်းရှိ ဘုရားကြီးဖြစ်၏။ ကြေးသွန်းဘုရားကြီး ၏ ဘွဲ့တော်မှာ ““မဟာဇေယျ အတုလ မာရဇိန် ကြေးသွန်းဘုရားကြီး”” ဖြစ်၏။ ကြေးသွန်းဘုရားကြီးက မြန်မာနိုင်ငံရှိ ကြေးသွန်းဘုရား များအနက် ကြေးချိန်အများဆုံးနှင့် အကြီးဆုံးသော သွန်းဘုရားကြီး ဖြစ်၏။ ကြေးသွန်းဘုရားကြီးအား တည်ထားကိုးကွယ်ရန် မူလပထမစိတ်ကူးစေတနာကြီးမားသူက ဓမ္မသုခ တိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇာဂရဖြစ်၏။ ဆရာတော်၏ စိတ်ကူးဆန္ဒအား ပထမဆုံး အလှူတော်ထည့်ဝင် မတည်ပေးခဲ့သူက ဆရာတော် ဘဒ္ဒန္တဇာဂရ၏ တပည့် ဒကာမလည်းဖြစ်၊ မှန်ကျောင်း ဒါယိကာမကြီးလည်းဖြစ်သည့် ““ဒေါ်အေးမြ”” ၏ ညီမတော်တော်သူ ဘုရားအစ်မကြီး ““ဒေါ်အေးလှ”” ဖြစ်၏။ ဆရာတော်၏ဆန္ဒအတိုင်း ““ကြေးသွန်းဘုရားကြီး”” တည်ထားကိုးကွယ်နိုင်ရန် ဘုရားအစ်မ ဒေါ်အေးလှက မတည်လှူဒါန်းခဲ့သလို ဘုရားအမ ဒေါ်အေးလှ၏ အစ်မဖြစ်သူ ဒေါ်အေးမြနှင့် မောင်ဖြစ်သူ ဦးသာထူးတို့ကလည်း ပါဝင် လှူဒါန်းကြ၏။

ဒေါ်အေးလှသည် ဒိုက်ဦး၊ ကညွတ်ကွင်းတို့၌ ဆန်စက်များစွာ ပိုင်ဆိုင်ခဲ့ပြီး ရန်ကုန်မြို့၊ ပုဇွန်တောင်အရပ်တွင် နေထိုင်သည့် ဆန်စက် သူဌေးမကြီးဖြစ်၏။ ဒေါ်အေးလှတွင် မောင်နှမသုံးယောက်ရှိပြီး ကြေးသွန်းဘုရားကြီးအား မည်သူ့အလှူငွေမျှ မပါဝင်ဘဲ တည်ထားကိုးကွယ်နိုင်အောင် ကြွယ်ဝချမ်းသာသူများဖြစ်၏။ မိမိတို့ကသာတည်ထားကိုးကွယ် လိုသည့် ဆန္ဒလည်းရှိကြ၏။ သို့သော် ဘဒ္ဒန္တဇဂရ မည်သည့် သာသနာ့အာဇာနည်ကမူ အမျိုးဘာသာ သာသနာအတွက် အမြော်အမြင်ကြီးသူပီပီ ပုဂ္ဂလိက ဆန်သော အလှူတော်မျိုးထက်၊ အများပေါင်းစု၍ ကောင်းကျိုးပြုသည့် အလှူတော်အား ပိုမိုလိုလားတော်မူသည့်အတွက် မြန်မာပြည်အရပ်ရပ်တွင် ရှိသည့် ဗုဒ္ဓဘာသာဝင် ပြည်သူအများ တစ်နိုင်တစ်ပိုင်ကုသိုလ် ပါဝင်ကြစေရန် အလှူခံတော်မူခဲ့သည်။

ဆရာတော် ပေးလှူခဲ့သည့်နေရာ၌ ငွေသားသက်သက် အလှူခံခြင်းမျိုးကို မကျင့်သုံးခဲ့။ တည်ထားကိုးကွယ်မည်မှာ ကြေးသွန်းဘုရားကြီးဖြစ်သည့်အတွက် ကြေးနှင့် ပတ်သက်လျှင် ဇွန်းကျိုး ဇွန်းပျက်မှအစ အလှူခံခဲ့၏။ ကြေးများ စုဆောင်းခဲ့၏။ ထို့နောက် ဘုရားဒါယိကာမကြီး ဒေါ်အေးလှနှင့် မှန်ကျောင်း ဒါယိကာမကြီးဒေါ်အေးမြ၊ မောင်ဖြစ်သူ ဦးသာထူးတို့ စတင် မတည်ခဲ့သော အလှူတော်ငွေများနှင့် အများပြည်သူတို့ ထည့်ဝင်လှူဒါန်းမှုများအား ပေါင်းစပ်ပြီး မြန်မာသက္ကရာဇ် ၁၂၇၃-ခုနှစ်၌ ဗဟန်းကြားတောရကြေးသွန်းဘုရားကြီးအား ဆရာတော် ဘဒ္ဒန္တဇာဂရ ဦးစီးကြီးကြပ်၍ စတင်တည်ထားကိုးကွယ် ခဲ့ကြသည်။ (ယခုအခါ မဟာဇေယျအတုလမာရဇိန် ကြေးသွန်း ဘုရားကြီး၏ ဘုရားတည်သက်တမ်းမှာ ၉၉နှစ်တိုင်ခဲ့ပြီး နှစ်ပေါင်း ၁၀ဝ ပြည့်ပေတော့မည်။)

ကြေးသွန်းဘုရားကြီး၏ ဘွဲ့တော်အဓိပ္ပာယ် ပြင်ဆင်ရန်

မဟာအတုလမာရဇိန် ဘွဲ့မည်ဆောင်သည့် ဗဟန်းကြား တောရ ကြေးသွန်းဘုရားကြီး၏ ဘွဲ့တော်အဓိပ္ပာယ်ကို ဖွင့်ဆို ရလျှင် မဟာ - ကြီးကျယ်သော၊ မြတ်စွာသော၊ ဇေယျ- အောင်မြင်သော၊ အတုလ- အတုမရှိသော၊ မာရ- ဒေဝပုတ္တ၊ ကိလေသနှင့်ခန္ဒ၊ သိင်္ခံပစ္စုမာန်ဟု၊ ငါးတန် ရန်ဆိုး၊ ရန်သူမျိုးကို ဖျက်ချိုးအောင်မြင်တော်မူသော ဇိန - မြတ်စွာဘုရား ““မာန်ငါးပါးကို ကြီးစွာ ဖျက်ချိုးအောင်မြင်တော်မူသော အတုမရှိမြတ်စွာဘုရား”” ဟူ၍ အဓိပ္ပာယ်ကိုဆောင်၏။

ဉာဏ်တော်အမြင့်နှင့်အဓိပ္ပာယ် ပြင်ဆင်ရန်

မြန်မာသက္ကရာဇ် ၁၂၇၃-ခုနှစ်၌ ဓမ္မသုခတိုက်အုပ် ဆရာတော်ဘုရားကြီး ပြည်သူအများ ကိုးကွယ်နိုင်ရန် တည်ထား ခဲ့သည့် ဗဟန်းကြားတောရကြေးသွန်းဘုရားကြီး၏ ဉာဏ်တော်သည် ၁၆-တောင်နှင့်၂-မိုက် (၂၄-ပေ ၉-လက်မ)ရှိ၏။ ရွှေ၊ ငွေ၊ ကြေး၊ မိုးကြိုးတို့နှင့်ပေါင်း၍ သွန်းလောင်းထားသည့် ကြေးသွန်းဘုရားကြီး ၏ မျက်နှာတော်အလေးချိန်မှာ (၁၂၅) ပိဿာရှိပြီး အလေးချိန်မှာ (၁၉၇၅၀) ပိဿာရှိလေသည်။

အလေးချိန်နှင့်မှတ်ဖွယ် ပြင်ဆင်ရန်

မျက်နှာတော်ပိဿာ ““အောင်ကြောင်းဖြာ””၊ ဇိနာကာယ ““အောင်နဝ”” နှင့် ““တိုက်မဲသုည”” ကင်းစေကြ။ အောင်ကြောင်း ဖြာ = ၁၂၅ ပိဿာ (မျက်နှာတော်အလေးချိန်) ““အောင်နဝ”” နှင့် ““တိုက်မဲသုည”” = ၁၉၇၅ဝ ပိဿာ (ကိုယ်အလေးချိန်)

ဘုရားတည် သက္ကရာဇ် ပြင်ဆင်ရန်

““အောင်ကြောင်းထူစိုက်”” တည်ထားလိုက်။ ““အောင်ကြောင်းထူစိုက်”” = ၁၂၇၃ (မြန်မာသက္ကရာဇ်)

ပလ္လင်တော်အတိုင်းအတာ ပြင်ဆင်ရန်

ပလ္လင်တော်အလျား ၁၇-တောင်၊ ၂မိုက် (၂၂-ပေ) ရှိသည်။ အနံဗျက်အရှည် ၁၀-တောင် (၁၅-ပေ)ရှိသည်။ ပလ္လင် ခုံအမြင့်မှာ ၃တောင် ၂မိုက် (၅ပေ ၃လက်မ) အမြင့်ရှိသည်။

  • မှတ်ချက်။။ ကမ္ဘာပေါ်ရှိ ကြေးသွန်းဘုရားများအနက် ကမ္ဘာ့အကြီးဆုံး ကြေးသွန်းဘုရားကြီးမှာ ဂျပန်နိုင်ငံ၊ ကမာကူရာမြို့နယ် အတွင်း၌ တည်ရှိသော ကမာကူရာဒိုင်း ကုဇု ဘုရားကြီး ဖြစ်သည်။ ““ကမာကူရာဒိုင်း ကုဇု””ဘုရားကြီး၏ အမြင့်ဉာဏ်တော်သည် ၄၄-ပေ ရှိပြီး ကြေးအလေးချိန်မှာ၂၇၄၄၂၈-ပေါင် ဖြစ်သည်။ သက္ကရာဇ် ၁၂၃၈-ခုနှစ်တွင် ဂျပန်ဘုရင် “ရှိမူ” တည်ထား ခဲ့ပြီးသွန်းလောင်းသူမှာ “ဘိုရိုရိုဂိုမွန်” ဖြစ်သည်။ မြန်မာနိုင်ငံရှိ အကြီးဆုံး ကြေးသွန်းဘုရားကြီး ၏ သွန်းလောင်းသူ ပညာရှင်အမည်ကို မတွေ့ရသည့်အတွက် ဝမ်းနည်းစရာဖြစ်သည်။

ကြေးသွန်းဘုရားကြီး၏ ထူးခြားသည့် ဝိသေသျလက္ခဏာများ ပြင်ဆင်ရန်

မှတ်တမ်းမှတ်ရာများအရ မဟာဇေယျအတုလမာရဇိန် ကြေးသွန်းဘုရားကြီးတွင် ထူးခြားသည့် ဝိသေသျလက္ခဏာ များရှိသည်ဟု လေ့လာတွေ့ရ၏။ ယင်းတို့အနက် လက်လှမ်းမီသမျှ အချက်အချို့အား တင်ပြရလျှင် -

  1. ကမ္ဘာဦးအစမှ ယနေ့ထိတိုင် သဟဇာတမဖြစ်နိုင်သော မြွေနှင့် ဖားတို့ တစ်ကောင်နှင့် တစ်ကောင် ရန်ပြုခြင်းမရှိဘဲ အတူယှဉ်တွဲကာ ကြေးသွန်းဘုရားကြီးအား လာရောက်ဖူးမြှော်ကြခြင်း။
  2. အခါကြီးရက်ကြီးများနှင့် လပြည့်လကွယ်နေ့များတွင် ဧရာမနှစ်ချို့လိပ်ကြီးများနှင့် လိပ်ငယ်များ ရင်ပြင်ပေါ်သို့တက်၍ ဘုရားအား ဦးတိုက်ခြင်း၊ လှည့်လည်ကြည်ညိုခြင်း။
  3. ရွှေတိဂုံစိန်ဖူးတော်မှ ငါးထပ်ကြီး ဘုရားဖက်သို့ ရောင်ခြည်တော်ဖူးတိုင်း ကြေးသွန်းဘုရားကြီး၌ ရောင်ခြည်တော် တစ်ထောက်နားခြင်း။
  4. ဂေါပကအဖွဲ့မှ ဆွဲဆောင်စည်းရုံးခြင်း၊ ဖိတ်ခေါ်ခြင်းတို့ ပြုစရာမလိုပဲ အလှူရှင်များ အလိုအလျှောက် လာရောက် လှူဒါန်းခြင်း။
  5. ဘုရားကြီး၏ ဘဏ္ဍာငွေကို အထိအခိုက် အပွန်းအပဲ့မခံခြင်း။
  6. ဘုရားကြီး ပရိဝုဏ်အတွင်း၌ အမှားအယွင်း လုံးဝမခံခြင်း။
  7. ကန်တွင်းမှ နွံများ ကုန်အောင် မဆည်နိုင်ခြင်း။
  8. ဘုရားကြီးအား အမှီသဟဲပြုကြကုန်သော ပုဂ္ဂိုလ်သတ္တဝါ ဟူသမျှအား ဘေးအန္တရာယ် အသွယ်သွယ်မှ ကာကွယ်၍ လုံခြုံမှု အပြည့်အဝ ပေးခြင်း။
  9. သစ္စာမှန်စွာ အဓိဋ္ဌာန်ပြုဆောင်ရွက်သူများအား ဒိဋ္ဌဓမ္မအကျိုးပေးသန်ခြင်း စသည်တို့ ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ရန်ကုန်ရာဇဝင်သမိုင်း (သတင်းစာဆရာ ဦးသိန်းမောင်)