မဟာဓမ္မပါလဇာတ်
ဒသကနိပါတ် - ၄၄၇။ မဟာဓမ္မပါလဇာတ်
တရွာလုံး တရားစောင့်သဖြင့် ငယ်ရွယ်သူများ သေရိုးမရှိ၊ အသက်ကြီးမှ သေကြရသော ဓမ္မပါလ ရွာသူ ရွာသားများအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
နတ်တို့လှည်စားဘုရားလျှောက်ထား
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ရှေ့ဦးစွာ ကြွတော်မူသဖြင့် ကပိလဝတ်ပြည် နိဂြောဓာရုံ ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် သုဒ္ဓေါဒနမင်းကြီးသည် ရဟန္တာနှစ်သောင်းနှင့်တကွ မြတ်စွာဘုရားကို နန်းတော်သို့ပင့်ဖိတ်၍ ယာဂုခဲဖွယ်ကိုကပ်လှူပြီးလျှင် ဆွမ်းမဘုဉ်းပေးမီ ဝမ်းမြောက်ဝမ်းသာ စကားပြောဟောစဉ် မြတ်စွာဘုရားအား ဒုက္ကရစရိယာ ကျင့်တော်မူခိုက် နန်းတော်သို့ နတ်တို့လာ၍ ကောင်းကင်မှာ ရပ်လျက် သိဒ္ဓတ္ထမင်းသား အာဟာရပြတ်၍ သေကြောင်း ပြောကြားကုန်၏၊ ထိုအခါ အကျွန်ုပ်သည် နတ်တို့အား “ငါ့သားတော်သိဒ္ဓတ္ထ မင်းသားမှာ ဗောဓိမဏ္ဍိုင်၌ ဘုရားမဖြစ်မီ သေရခြင်း မည်သည်မရှိ”ဟု ပြောဆို၍ မယုံကြည်ခဲ့ကြောင်း လျှောက်ထားလေ၏။
ထိုအခါမြတ်စွာဘုရားသည် “ခမည်းတော်မင်းကြီး... သင်မင်းကြီးသည် ယခုအခါ၌သာ မယုံကြည်သည်မဟုတ်၊ ရှေးအခါ၌ မဟာဓမ္မပါလပုဏ္ဏားဖြစ်စဉ် တက္ကသိုလ်ဆရာကြီးသည် သင့်ထံလာ၍ ဆိတ်ရိုးတို့ကိုပြကာ သင့်သား ဓမ္မပါလသေပြီဟု ပြောသော်လည်း မယုံကြည်” ဟုမိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ဓမ္မပါလသတို့သား ပညာသင်သွား
လွန်လေပြီးသောအခါ ဗာရာဏသီ ပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ကာသိတိုင်း၌ ဓမ္မပါလမည်သောရွာသည် ရှိလေ၏၊ ထိုဓမ္မပါလ ရွာသားတို့သည် ကုသလ ကမ္မပထတရားဆယ်ပါးကို စောင့်ရှောက်ကြကုန်၏၊ ထိုရွာ၌ မဟာဓမ္မပါလမည်သော ပုဏ္ဏားကြီးသည်ရှိလေ၏၊ ထိုပုဏ္ဏားကြီး၏သားကား ဓမ္မပါလ သတို့သားမည်၏။
ထိုဓမ္မပါလသတို့သား အရွယ်သို့ရောက်လတ်သော် အဘ ပုဏ္ဏားကြီးသည် ဆရာအတွက် အသပြာတထောင်ပေး၍ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံ ပညာသင် စေလွှတ်၏၊ ဓမ္မပါလသတို့သားလည်း တက္ကသိုလ်ဆရာကြီးထံ ရောက်လျှင် အသပြာတထောင် ဆရာစားပေး၍ ပညာ သင်ကြား၏၊ တပည့်ငါးရာတို့၏ အကြီးအမှူးဖြစ်လေ၏။
ငယ်ရွယ်သေမှု ကဲ့ရဲ့ပြု
ထိုအခါ ဒိသာပါမောက္ခ ဆရာကြီး၏ သားကြီးသည် သေလွန်ခဲ့၏၊ ဆရာကြီးသည် ဆွေမျိုးဉာတိ တပည့်လုလင်တို့ကို သုသာန်၌ သင်္ဂြိုဟ်စေ၏၊ ဆရာကြီးနှင့် တပည့်တို့သည် အဖန်ဖန် ငိုကြွေးကြကုန်၏၊ ဓမ္မပါလ သတို့သားကား မငိုကြွေးလေ၊ သုသာန်မှပြန်လာသောအခါ တပည့်လုလင်တို့သည် “အဆွေတို့... အကျင့်စာရိတ္တနှင့် ပြည့်စုံလျက် နုပျိုငယ်ရွယ်သော သတို့သားစဉ်လျက် သေလွန်ရ၏”ဟု ဝမ်းနည်းစွာ ပြောဆိုကြကုန်၏၊ ထိုအခါ ဓမ္မပါလ သတို့သားသည် “အဆွေတို့... နုပျို ငယ်ရွယ်စဉ် အခါ မသေသင့်သည် မဟုတ်ပါလော၊ အဘယ့်ကြောင့် သေရသနည်း”ဟု ပြော၏၊ “အဆွေ... သင်သည် သတ္တဝါတို့ သေရမြဲ ဓမ္မတာကို မသိသလော”ဟုမေး၏၊ အဆွေတို့ သိပါ၏၊ သို့သော်လည်း နုပျိုငယ်ရွယ်စဉ်မသေ၊ ကြီးရင့် အိုမင်းမှသေသည်”ဟု သိပါ၏၊ “အဆွေ... ကြီးရင့် အိုမင်းမှ သေခြင်းမှာ သင်တို့ အမျိုးအစဉ်အဆက် ပေလော”ဟု မေး၏၊ “အဆွေ...မှန်ပေ၏၊ ငါတို့အမျိုး အစဉ်အဆက်မှာ ငယ်ရွယ်သူတို့ သေရိုးမရှိကုန်၊ ကြီးရင့် အိုမင်းမှသာ သေရိုးရှိကုန်၏”ဟု ပြောဆိုလေ၏။
လုလင်ပြောကြား စုံစမ်းသွား
လုလင်တို့သည် ဓမ္မပါလ ပြောသော စကားကို ဆရာကြီးအား ပြောကြားကုန်၏၊ ထိုအခါ ဆရာကြီးသည် ဓမ္မပါလကိုခေါ်၍ “အမောင်... အမောင်တို့ အမျိုးမှာ ငယ်ရွယ်သူတို့မသေကုန်ဟု ကြားရသည် မှန်သလော”ဟု မေး၏၊ “ဆရာ...မှန်ပါ၏”ဟု ပြောကြားလေ၏၊ ဆရာကြီးသည် ဤဓမ္မပါလကား အလွန်လျှင်အံ့ဩဘွယ် စကားကိုဆိုဘိ၏၊ သူ့အဘထံ ငါသွား၍ စုံစမ်းမည်၊ အကယ်၍ ဟုတ်မှန်ငြားအံ့၊ အသက်ရှည်ကြောင်းဖြစ်သော နည်းလမ်းကောင်းကို ငါလည်းရခဲ့ပေမည်ဟုကြံစည်လျက် ခုနစ်ရက်ရှစ်ရက်လွန်လျှင် ဓမ္မပါလကို ခေါ်၍ တပည့်တို့ကို အတတ်ပညာသင်ကြား ဆုံးမရန် အပ်နှင်းခဲ့ပြီးလျှင် သင့် အဘထံ ငါ့ကိုယ်တိုင်သွား၍ စုံစမ်းမည်ဟု ပြောဆိုမှာ ထားခဲ့၍ ဆိတ်ရိုးတို့ကို အိတ်၌ ထည့်ပြီးလျှင် အလုပ် အကျွေး တယောက်ကိုခေါ်ကာ တက္ကသိုလ်ပြည်မှ ထွက်၍ အစဉ်အဘိုင်း ဓမ္မပါလရွာသို့ သွားလေ၏။
စုံစမ်းမှုသဘော ဆရာပြော
ဓမ္မပါလရွာသို့ ရောက်လျှင် ဓမ္မပါလ၏ ဖခင်ထံသားဆရာဖြစ်သောတက္ကသိုလ်ဆရာကြီး ရောက်လာကြောင်း ပြောကြားစေ၏၊ မဟာဓမ္မပါလလည်း လျင်မြန်စွာ တံခါးအနီးသို့ လာ၍ ခရီးဦးကြိုဆို၍ အိမ်ပေါ်သို့ပင့်ဆောင်ကာ ဝတ်ကြီး ဝတ်ငယ်ကို ပြုစေပြီးလျှင် ကောင်းမြတ်သော ခဲဖွယ် ဘောဇဉ် ထမင်းတို့ဖြင့် လုပ်ကျွေးပြုစုစေ၏၊ ထမင်းစား ပြီးသောအခါ တက္ကသိုလ်ဆရာကြီးသည် မဟာဓမ္မပါလ ပုဏ္ဏားကြီးအား “အို-ပုဏ္ဏားကြီး... သင့်သားဓမ္မပါလကား ပညာရှိ၏၊ ဗေဒင်သုံးပုံ, တဆယ့်ရှစ်ရပ်သော အတတ်တို့၌ တဘက်ကမ်းရောက် တတ်မြောက်ပေ၏၊ သို့ပါသော်လည်း ယခုအခါ တစုံတရာ ရောဂါဖြင့် သေလွန်ခဲ့ပြီ၊ ခပ်သိမ်းသော သင်္ခါရတို့သည် အမြဲမရှိကုန်၊ စိုးရိမ် ပူဆွေးခြင်း မပြုပါလင့်”ဟု ပြောဆိုလေ၏။
မယုံကြည်ဘွယ် ပြောင်လှောင်ရယ်
ထိုအခါမဟာဓမ္မပါလသည်လက်ခုတ်တီး၍ ပြင်းစွာရယ်မောလေ၏၊ ဆရာကြီးသည် “ပုဏ္ဏားကြီး... အဘယ်ကြောင့် ရယ်မောသနည်း” ဟု မေး၏၊ ဆရာကြီး...အကျွန်ုပ်သားဓမ္မပါလကားမသေပါ၊ တစုံတယောက်သောသူ သေသည်ဖြစ်ပါလိမ့်မည်”ဟု ပြော၏၊ “ပုဏ္ဏားကြီး... ယုံကြည်လော၊ ဤအရိုးတို့ကား သင့်သားအရိုးတို့တည်း” ဟု အိတ်တွင် ထည့်လာသော အရိုးတို့ကို ထုတ်၍ ပြ၏၊ “ဆရာကြီး ဤအရိုးတို့ကား ဆိတ်ရိုး ခွေးရိုးတို့ ဖြစ်လိမ့်မည်၊ အကျွန်ုပ်သား ဓမ္မပါလကားမသေ၊ အမှန်စင်စစ်ကား-ကျွန်ုပ်တို့ အမျိုး၌ ဆွေမျိုး ခုနစ်ဆက် လည်သည် တိုင်အောင် ငယ်ရွယ်သူတို့ သေလွန်ဘူးသော မည်သည် မရှိကုန်၊ သင်သည် မုသားဆိုဘိ၏၊ ထိုခဏ၌ လူအပေါင်းတို့သည် လက်ခုတ်တီးကာ ပြင်းစွာ ရယ်မောကြကုန်၏။
ငယ်စဉ်မသေမှု အမေးပြု
ထိုဒိသာပါမောက္ခ ဆရာကြီးသည် မဖြစ်ဘူးမြဲ အံ့ဘွယ်သရဲကို မြင်လျှင် ဝမ်းမြောက်သည်ဖြစ်၍ ငယ်သူတို့မသေခြင်းမှာ အကြောင်းမဲ့မဟုတ်၊ အကြောင်းရှိသည် ဖြစ်တန် ရာ၏၊ မေးမည်ဟုကြံစည်ကာ-
“ပုဏ္ဏားကြီး...သင်၏ အသက်ရှည်ကြောင်း အကျင့်ကား အဘယ်နည်း၊ အဘယ် မည်သော မြတ်သောအကျင့်ကိုကျင့်သနည်း၊ ဤအသက်ရှည်ခြင်းအကျိုးသည် ကောင်းစွာ ကျင့်အပ်သော အဘယ်မည်သော အကျင့်၏ အကျိုးနည်း၊ ထိုအသက်ရှည်ကြောင်း ဖြစ်သော အကျင့်ကို ပြောကြားပါ၊ အဘယ်ကြောင့် သင်တို့ အမျိုး၌ ငယ်သူတို့ မသေကုန်သနည်း”-
ဟု ပုဏ္ဏားကြီးအား အသက်ရှည်ကြောင်း အကျင့်ကို မေးလေ၏။
ကမ္မပထပြုကြောင်း ရွာသူပေါင်း
မဟာ ဓမ္မပါလ ပုဏ္ဏားကြီးလည်း ဒိသာပါမောက္ခ ဆရာကြီး စကားကို ကြားလျှင်–
“ဆရာကြီး-အကျွန်ုပ်တို့သည် ဒါန, သီလ စသော ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို ကျင့်ကြပါကုန်၏၊ မဟုတ်မမှန်သော စကားကို မဆိုကြကုန်၊ မကောင်းမှုတို့ကို ကြဉ်ရှောင် ကြပါကုန်၏၊ အလုံးစုံသော သူယုတ်တို့ အကျင့်ကို ကြဉ်ရှောင် ကြပါကုန်၏၊ ထို့ကြောင့် အကျွန်ုပ်တို့အမျိုး၌ ငယ်ရွယ်သူတို့ မသေကြပါ”။
“ဆရာကြီး အကျွန်ုပ်တို့သည် သူယုတ်တို့ တရား, သူတော်ကောင်းတို့တရား နှစ်မျိုးလုံးကို နာကြားကြပါကုန်၏၊ သူယုတ်တို့ တရားကိုနာကြားပါသော်လည်း မနှစ်သက်ကြကုန်၊ သူယုတ်တို့ကို စွန့်၍ သူတော်ကောင်းတို့ကို မစွန့်ကြပါကုန်၊ ထို့ကြောင့် အကျွန်ုပ်တို့အမျိုး၌ ငယ်ရွယ်သူတို့ မသေကြပါ”။
သုံးတန်ပိုင်းမှု ဒါနပြု
“ဆရာကြီး...အကျွန်ုပ်တို့သည် မလှူမီ ရှေးအဖို့၌ ဝမ်းမြောက်ကြပါကုန်၏၊ လှူစဉ်ဆဲဆဲ၌လည်း ဝမ်းမြောက်ကြပါကုန်၏၊ လှူပြီးနောက် အဖို့၌လည်း ဝမ်းမြောက်ကြပါကုန်၏၊ နောင်တဖန် ပူပန်ခြင်း မရှိကြပါကုန်၊ ထို့ကြောင့် အကျွန်ုပ်တို့ အမျိုး၌ ငယ်ရွယ်သူတို့ မသေကြပါ”။
“ဆရာကြီး... အကျွန်ုပ်တို့သည် ရဟန်း ပုဏ္ဏား အရိယာသူတော်ကောင်းတို့ကို၎င်း, ခရီးသွားတို့ကို၎င်း, သီချင်းဆို၍ တောင်းသူတို့ကို၎င်း, သာမန်လာ၍ တောင်းသောသူတို့ကို၎င်း, သူဆင်းရဲတို့ကို၎င်း ထမင်း အဖျော်တို့ဖြင့် လုပ်ကျွေးကြပါကုန်၏၊ ထို့ကြောင့်အကျွန်ုပ်တို့အမျိုး၌ ငယ်ရွယ်သူတို့ မသေကြပါ”။
ကံငါးပါးလုံအောင် ကျင့်ကြံဆောင်
“ဆရာကြီး...အကျွန်ုပ်တို့သည် မိမိ မယားကို ကျော်လွန်၍ တပါးသော မိန်းမတို့၌ သွားလာခြင်းမရှိကြပါကုန်၊ မယားတို့လည်း အကျွန်ုပ်တို့ကို ကျော်လွန်၍ တပါးသောယောက်ျားတို့၌ သွားလာခြင်းမရှိကြပါကုန်၊ သူ့လင် သူ့မယားတို့မှ ရှောင်ကြဉ်၍ မြတ်သော အကျင့်ကို ကျင့်ကြပါကုန်၏၊ ထို့ကြောင့် အကျွန်ုပ်တို့ အမျိုး၌ ငယ်ရွယ်သူတို့ မသေကြပါ”။
“ဆရာကြီး-အကျွန်ုပ်တို့သည် သူ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကြပါကုန်၏၊ အရှင်မပေးသောသူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြပါကုန်၏၊ သေရည် သေရက် မသောက် ကြပါကုန်၊ မုသားမဆိုကြပါကုန်၊ ထို့ကြောင့် အကျွန်ုပ်တို့ အမျိုး၌ ငယ်ရွယ်သူတို့ မသေကြပါ”။
ဆွေစဉ်တလျှောက် တရားစောင့်
“ဆရာကြီး ကောင်းမွန် မြင့်မြတ်သော အကျင့်ရှိသော မိဘတို့မှပေါက်ပွါး လာသော သားကောင်း သမီးကောင်းတို့သည် လျှင်သောပညာ အခါခပ်သိမ်း သိစွမ်းနိုင်သော ပညာရှိကြကုန်၏၊ အကြားအမြင် များကြကုန်၏၊ မြဲမြံခိုင်ခံ့သောသီလစသော ဂုဏ်ရှိကြကုန်၏၊ ထို့ကြောင့် အကျွန်ုပ်တို့အမျိုး၌ ငယ်ရွယ် သူတို့ မသေကြပါ”။
“ဆရာကြီး...အကျွန်ုပ်တို့အမျိုး၌ အမိ, အဘ, အမ, နှစ်မ, ညီ, နောင်, သားသမီး, မယားအလုံးစုံသောသူတို့သည် တမလွန်ဘဝ၌ အပါယ်လားရမည်မှ ကြောက်သောကြောင့် ကုသိုလ် ကမ္မပထ တရားဆယ်ပါးကို ကျင့်ကြကုန်၏၊ ထို့ကြောင့် အကျွန်ုပ်တို့အမျိုး၌ ငယ်ရွယ်သူတို့ မသေကြပါ”။
ကျွန်အမှုလုပ်အစုံ တရားလုံခြုံ
“ဆရာကြီး... အကျွန်ုပ်တို့ အမျိုး၌ ကျွန်ယောက်ျား, ကျွန်မိန်းမကို မှီ၍ အသက်မွေးသောသူ အလုပ်အကျွေး အမှုလုပ် အလုံးစုံသော သူတို့သည် တမလွန်ဘဝ၌ အပါယ် လားရမည်မှ ကြောက်သောကြောင့် ကုသိုလ်ကမ္မပထတရားဆယ်ပါးကို ကျင့်ကြကုန်၏၊ ထို့ကြောင့် အကျွန်ုပ်တို့အမျိုး၌ ငယ်ရွယ်သူတို့မသေကြပါ”-
ဟု ဒိသာပါမောက္ခဆရာကြီးအား ငယ်ရွယ်သူတို့ မသေခြင်းအကြောင်းဖြစ်သော အမျိုး၏ အကျင့်စာရိတ္တကိုပြောကြားလေ၏။
တရားစောင့်ပုံ ချင်းရာစုံ
ထိုနောင်ပုဏ္ဏားကြီးသည်ကုသိုလ်ကမ္မပထတရားတို့၏ အကျိုးကိုပြောလို၍–
“ဆရာကြီး ကုသိုလ်ကမ္မပထတရား ဆယ်ပါး သည်ကျင့်သောသူကို စင်စစ် စောင့်ရှောက်ပေ၏၊ ကောင်းစွာ ကျင့်အပ်သော ကုသိုလ်ကမ္မပထတရား ဆယ်ပါးသည် ချမ်းသာသုံးပါးကိုဆောင်တတ်၏၊ ကုသိုလ် ကမ္မပထတရား ဆယ်ပါးကို ကျင့်သောသူသည် အပါယ်သို့ မလားရ၊ ဤသို့အပါယ်သို့ မလားရခြင်းသည် ကောင်းစွာ ကျင့်အပ်သော ကုသိုလ်ကမ္မပထတရား ဆယ်ပါး၏ အကျိုးဖြစ်၏၊ ကြီးစွာသောထီးသည်မိုဃ်းရွာသောအခါဆောင်း သောသူကို မိုဃ်းမှစောင့်ရှောက်သကဲ့သို့ ကုသိုလ်
ကမ္မပထတရား ဆယ်ပါးသည် ကျင့်သောသူကို စင် စစ်စောင့်ရှောက်၏၊ မိမိ စောင့်ရှောက်အပ်သော တရားကို စောင့်ရှောက်နေသော ငါ့သားဓမ္မပါလသည် ချမ်းသာစွာအသက်ရှည်၏၊ ဆရာကြီးဆောင် ယူခဲ့သောအရိုးတို့ကား တပါးသော သတ္တဝါ၏ အရိုးတို့သာဖြစ်၏”—
ဟု ဆရာကြီးအား အကျင့်စာရိတ္တနှင့်တကွ အကျိုး အာနိသံသကိုပါ ပြောကြားပြန်၏။
ရွှေပေရေးကူး တရားထူး
ထိုအခါ ဒိသာပါမောက္ခ ဆရာကြီးသည် ငါလာခဲ့ခြင်းကား အကျိုးကြီးလှ၏ဟု ဝမ်းမြောက်ဝမ်းသာ ဓမ္မပါလ၏ ဖခင်ပုဏ္ဏားကြီးကို ကန်တော့၍ “ပုဏ္ဏားကြီး အကျွန်ုပ် လာခြင်းကာ စုံစမ်းရန်လာခြင်းသာဖြစ်၏၊ ဤအရိုးတို့ကား သင့်သား၏အရိုးတို့ မဟုတ်ကုန်၊ သင့်သားကား အနာရောဂါမရှိ၊ ကျန်းမာပါ၏၊ အသင်တို့ စောင့်ရှောက်အပ်သောတရားကို ပေးပါလော့”ဟု တောင်းပန်ကာ ပေ တွင် ရေး၍ နှစ်ရက်သုံးရက်နေပြီးလျှင် တက္ကသိုလ်ပြည်သို့ ပြန်လေ၏၊ ဓမ္မပါလသတို့သားကိုလည်း အတတ်ပညာကို သင်ယူစေပြီးလျှင် အခြံအရံများစွာနှင့်တကွ ပို့လိုက်၏။ ဤဒေသနာတော်ကို ဆောင်၍သစ္စာကို ပြသည်၏အဆုံး၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် အနာဂါမိဖိုလ်၌ တည်လေ၏။
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်-
ရဟန်းတို့...
*ထိုအခါမယ်တော်ခမည်းတော်တို့သည်-ယခုအခါ သာကီဝင်မင်းမျိုးများ။
*ဒိသာပါမောက္ခဆရာကြီးသည်-သာရိပုတ္တရာ။
*ဒိသာပါမောက္ခဆရာကြီး တပည့်ပရိသတ်သည်-ဘုရားပရိသတ်။
*ဓမ္မပါလသတို့သားသည်-ငါဘုရားဖြစ်လာပြီ–
ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
(၁) ကုသိုလ်ဆယ်အင်၊ ကျင့်ကြံလျှင်၊ ငယ်စဉ်မသေနိုင်။
(၂) သူတော်တရား၊ နှစ်သက်ငြား၊ ငယ်ကားမသေနိုင်၊
(၃) လှူသောအခါ၊ ဝမ်းမြောက်ရာ၊ ငယ်ခါမသေနိုင်၊
(၄) အလှူခံများ၊ ပေးလှူငြား၊ ငယ်ကားမသေနိုင်။
(၅) ငါးပါးသီလ၊ စောင့်သုံးကြ၊ ငယ်ကမသေနိုင်။
(၆) ပညာရှိသား၊ ကြားမြင်များ၊ ငယ်ကားမသေနိုင်။
(၇) ယုတ်မာမှုကြဉ်၊ မကောင်းကြဉ်၊ ငယ်စဉ်မသေနိုင်။
(၈) တရားကိုစောင့်၊ ပြန်၍စောင့်၊ ဖြောင့်ဖြောင့်နိဗ္ဗာန်တိုင် ဓမ္မပါလဇာတ်ပြီး၏။
***
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။