[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ကရေရိမဏ္ဍလမာဠ၌ ရဟန်းတော်များ ပုဗ္ဗေနိဝါသကထာကို ဆွေးနွေးသည့်နေရာသို့ ဘုရားရှင်ကြွတော်မူလာပြီး ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမဟူသော ဘုရားရှင်ခုနစ်ဆူတို့၏ ဗုဒ္ဓဝင်အပြည့်အစုံ ပုဗ္ဗေနိဝါသကို ဟောကြားတော်မူပြီး ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။

ထိုကရေရိကုဋီ၌ ညနေချမ်းအခါ၌လည်း ဘုရားခုနစ်ဆူတို့၏ ဗုဒ္ဓဝင် အပြည့်အစုံကို ဘုရားရှင်သိမြင်တော်မူခြင်းနှင့်စပ်လျဉ်း၍ ယင်းဓမ္မဓာတ်ကို မြတ်စွာဘုရား သိတော်မူခြင်းကြောင့် သိတော်မူသလော။ နတ်ဗြဟ္မာတို့ကလျှောက်ထားလေ သလောဟု ဘုရားရှင်၏ပုဗ္ဗေနိဝါသနှင့်ဆက်စပ်၍ ဆွေးနွေးကြပါသည်။

ထိုအခါ ဘုရားရှင်ကြွတော်မူလာပြီး မေးမြန်းတော်မူကြပါသည်။ ဘုရားရှင်က ထိုအကြောင်းနှစ်မျိုးကြောင့် သိတော်မူကြောင်း မိန့်ကြားတော်မူပြီး ပုဗ္ဗေနိဝါသ ပဋိသံယုတ္တကထာကိုပင် ဟောကြားတော်မူပါသည်။

ဘုရားရှင်သည် ရှေးဦးစွာ ဝိပဿီဗုဒ္ဓဝင်ကို ဟောတော်မူပြီး ဝိပဿီ ဗောဓိသုတ္တ တုသိတာနတ်ပြည်မှစုတေ၍ ပဋိသန္ဓေနေတော်မူပုံ၊ ဗောဓိသတ္တဓမ္မတာ ၁-ပါး၊ ဒွတ္တိံသမဟာပုရိသလက္ခဏာ, မဟာပုရိသလက္ခဏာတော်၏ အကျိုးနှစ်မျိုး၊ ဝိပဿီဟူသော အမည်တော်မှည့်ခေါ်ပုံ ဝိပဿီမင်းသား လူလားမြောက်သည်အထိ ကျွေးမွေးပြုစုကြပုံ၊ နွေမိုးဆောင် ပြာသာဒ်သုံးဆောင်၌ မင်းစည်းစိမ်ခံစားပုံ၊ သူအို သူနာ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါး အသီးသီးတွေ့မြင်တော်မူပုံ၊ ပညာဖြင့်ဆင်ခြင်တော်မူပုံ၊ ခမည်းတော်ဗန္ဓုမမင်းကြီး တောထွက်၍ ရဟန်းမပြု နိုင်ရန်စီစဉ်ပုံ၊ အမျိုးကောင်းသား ရှစ်သောင်းလေးထောင်တို့နှင့် ရှင်ရဟန်းပြုတော်မူပုံ။ ရဟန်းပရိသတ်မှ ဖဲခွာတော်မူ၍ ဓမ္မကိုနှလုံးသွင်းတော်မူရာ ဇရာမရဏ၏ အကြောင်း ဇာတိမှစ၍ ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ၊ နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်ပုံမှစ၍ ဆင်းရဲအစုဖြစ်ပေါ်လာမှု ပဋိစ္စသမုပ္ပါဒ် အနုလောမကို သိမြင်တော်မူပုံ၊ “သမုဒယော၊ သမုဒယော”ဟူသော ရှေး၌မကြားဘူးသော ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ ဓမ္မစက္ခုအလင်းဓာတ် ဇာတိနိရောဓကြောင့် ဇရာမရဏနိရောဓဖြစ်ပုံမှစ၍ နာမရူပနိရောဓကြောင့် ဝိညာနိရောဓဖြစ်ပုံ ပဋိစ္စသမုပ္ပါဒ ပဋိလောမဒေသနာတော်ကို အဆင့်ဆင့်သိမြင်တော်မူပုံ၊ “နိရောဓော၊ နိရောဓော”ဟူသော ရှေးအခါက တစ်ခါ တစ်ရံမှ မကြားဘူးသော ပဋိစ္စသမုပ္ပါဒ ပဋိလောမဒေသနာတော်၌ ဉာဏစက္ခု၊ ဉာဏ၊ ပညာ၊ ဝိဇ္ဇာ၊ အာလောကဖြစ်တော်မူပုံ၊ ဥပါဒါနက္ခန္ဓာငါးပါးတို့၌ ဖြစ်မှု ပျက်မှုကို ရှုမြင်နေပုံ၊ မကြာမီ အာသဝတရားတို့မှ စိတ်တော်လွတ်မြောက်တော်မူပုံ၊ ဗြဟ္မယာစနကထာ၊ ခဏ္ဍရာဇပုတ္တနှင့် တိဿပုရောဟိတပုတ္တတို့အား ဓမ္မဟောပြရန် မိဂဒါသို့ကြွသွားတော်မူပြီး ခဏ္ဍနှင့် တိဿတို့အား တောစောင့်ကိုအခေါ်လွှတ်ပြီး အနုပုဗ္ဗိကထာကိုဟောတော်မူပုံ၊ ကလစိတ္တ မုဒုစိတ္တ ဝိနီဝရဏစိတ္တ ဥဒဂ္ဂစိတ္တ ပသန္နစိတ္တဖြစ်လာချိန်၌ သာမုက္ကံသိက (သစ္စာ)ကထာကို ဟောတော်မူပုံ။ ခဏ္ဍနှင့် တိဿတို့ သောတာပန်ဖြစ်ပုံ၊ ဒွေဝါစိကသရဏဂုံဆောက်တည်ကြပြီး ရဟန်းအဖြစ်လျှောက်ပြီး ရဟန်းပြုကြပုံ၊ ဝိပဿီဘုရားရှင်က ဓမ္မကထာဖြင့် သင်္ခါရတရားတို့၏ အာဒီနဝ, ဩကာရ သံကိလေသဖြစ်ပုံနှင့် နိဗ္ဗာန်၌ အာနိသံသကထာကို ဟောတော်မူပြီး မကြာမီ အာသဝတရားတို့မှ စိတ်လွတ်မြောက်သွားပုံ၊ ရှစ်သောင်းလေးထောင်သော အမျိုးကောင်းသားတို့ ရဟန်းပြု၍ ဝိပဿီဘုရားရှင်ထံရောက်လာကြရာ အနုပုဗ္ဗိကထာ, သာမုက္ကံသိကကထာဖြင့် သရဏဂုံသုံးပါးဆောက်ကည်ကြပြီး သောတာပန်ဖြစ်ကြပုံ၊ ရဟန်းအဖြစ်ခံယူရရှိပုံ၊ အာသဝေါကုန်ခန်း ရဟန္တာဖြစ်ကြပုံ၊ ရှစ်သောင်းလေးထောင်သော ပဗ္ဗဇိတတို့ အဆင့်ဆင့်ရဟန်းပြုကြပုံ ရဟန္တာဖြစ်ကြပုံ၊ ခြောက်သိန်းရှစ်သောင်းသော ရဟန္တာများခြံရံလျက် ဒေသစာရီကြွချီတော်မူပြီး ဗန္ဓုမတီမင်းနေပြည်၌ သီတင်းသုံးတော်မူပုံ၊ သာသနာပြုခရီးစေလွှတ်တော်မူပုံ၊ ခြောက်နှစ်တစ်ကြိမ် ဩဝါဒပါတိမောက်နာယူရန် ဗန္ဓုမတီနေပြည်တော်သို့လာရောက်ကြရန် မှာကြားတော်မူပုံ၊ ရဟန်းတော်များစွာတို့ တစ်ရက်တည်းဖြင့် ဇနပုဒ်တို့သို့ သာသနာပြုခရီးကြွသွားတော်မူပုံ၊ ထိုအခါ ဇမ္ဗူဒိပ်၌ ကျောင်းပေါင်း ၈၄၀၀၀-တို့ တည်ရှိခဲ့ပုံ၊ နတ်တို့ တစ်နှစ်ကုန်တိုင်း ဗန္ဓုမတီနေပြည်တော်သို့ ဩဝါဒပါတိမောက် နာယူရန် နှိုးဆော်ကြပုံ၊ ခြောက်နှစ်ပြည့်သည့်အခါ အချို့ရဟန်းတော်များ မိမိ တန်ခိုးဖြင့် ဩဝါဒပါတိမောက်နာယူရန်ကြွတော်မူပုံ၊ အချို့ရဟန်းတော်များ နတ်တို့၏ တန်ခိုးဖြင့်ကြွကြပုံ၊ ရဟန်းပရိသတ်၌ ဝိပဿီဘုရားရှင် ဩဝါဒပါတိမောက်သုံးဂါထာ ပြတော်မူပုံ၊ ဘုရားရှင် ကောသလနိုင်ငံ ဥက္ကဋ္ဌမြို့ သုဘဂတောအုပ် အင်ကြင်းပင်ဝယ် သီတင်းသုံးတော်မူနေစဉ် “ဤရှည်လျားလှစွာသော အဓွန့်ကာလ၌ သုဒ္ဓါဝါသဗြဟ္မာ ဘုံမှတစ်ပါး ငါမနေဘူးသောအရပ်ကို ရဖို့ခဲယဉ်းပုံ၊ သုဒ္ဓါဝါသဗြဟ္မာတို့ထံသွားရမူ ကောင်းလေစွ”ဟု အကြံဖြစ်ပြီး အဝိဟာဘုံသို့ရောက်ရှိခဲ့ပုံ၊ ဗြဟ္မာပေါင်းများစွာတို့ ရောက်ရှိလာကြပြီး ဝိပဿီဗုဒ္ဓဝင်ကိုလျှောက်ထားကြပုံ၊ ဝိပဿီဘုရားရှင်အထံတော်၌ ဗြဟ္မစရိယကိုကျင့်ခြင်းကြောင့် ကာမစ္ဆန္ဒကင်းပျောက်ပြီး အဝိဟာဘုံသို့ရောက်ကြပုံကို လျှောက်ထားပါသည်။ အတပ္ပါ-သုဒဿာ-သုဒဿီ-အကနိဋ္ဌဗြဟ္မာတို့ကလည်း လျှောက်ထားကြပုံ၊ ဂေါတမဘုရားရှင်၏ဗုဒ္ဓဝင်ကိုလည်း လျှောက်ထားကြပုံ အစရှိ သည်တို့ကို ဘုရားရှင်က ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။

ဤသုတ်တော်၌ ဘာဏဝါရ ၂၆-ရှိပုံ၊ ပိဋကတ်သုံးပုံ၌ ဤသုတ်တော်ထက် ဘာဏဝါရများသော သုတ်တော်မရှိပုံ။ ဤသုတ်သည် “သုတ္တန္တရာဇာ ဖြစ်ပုံကို ဖွင့်ပြထားပါသည်။ [၂]


ဤနေရာ၌ အပဒါန ပုဒ်သည် ဘုရားမြတ်စွာ၏ အထုပ္ပတ္တိကို ဆိုလိုသည်။ (မဟာ+အပဒါန) ဟူသည် ခုနစ်ဆူသော ဘုရားမြတ်စွာတို့၏ အထုပ္ပတ္တိကို ဆိုလိုခြင်းဖြစ်ရပေမည်။ ခုနစ်ဆူသော ဘုရားမြတ်စွာတို့၏ အထုပ္ပတ္တိဆိုစေကာမူ အထူးအားဖြင့် ဝိပဿီဘုရားမြတ်စွာ၏ အထုပ္ပတ္တိကို အကျယ်တဝင့် ဖော်ပြထားသည်။[၃]

အကိုးအကား ပြင်ဆင်ရန်

  1. -ဒီ၊၂၊၁-၄၆။ ဒီ၊မြန်၊၂။၁-၅၀။ ဒီ၊ဋ္ဌ၊၂၊၁-၇၁။ ဒီ၊ဋီ၊၂၊၁-၇၈။ -ဒီဃနိကာယ၊ မဟာဝဂ္ဂ၊ ပထမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။