ဘုရားမြတ်စွာ၏ နောက်ဆုံးဖြစ်စဉ်အကြောင်းအရာတို့ကို ပြည့်ဝကုံလုံစွာ ရရှိနိုင်ရေးအတွက် ဤသုတ်သည် အထူးအရေးကြီးလှသည်။ စာပေဘက်ကနေ၍ ကြည့်ပြန်လျှင်လည်း မဟာပရိနိဗ္ဗာနသုတ်၏ စာသွားစာလာသည် စကားအချေအတင်ပြောနည်း သဘောမျိုးလည်းမဟုတ် တရားရိုးရိုး ဟောကြားနေသော အနေအထားလည်း မဟုတ်သောကြောင့် အခြားသုတ်များနှင့် မတူ တဘာသာဟုဆိုရမည်။ ဘုရားမြတ်စွာ၏ အထုပ္ပတ္တိနောက်ပိုင်းကို တဆက်တည်းဖော်ပြသော မှတ်တမ်းဖြစ်သဖြင့်လည်း ဘုရားမြတ်စွာ၏ နောက်ဆုံးမိန့်ခွန်း၊ နောက်ဆုံးတရားတော်များနှင့် ဘုရားမြတ်စွာ မည်သို့ ပရိနိဗ္ဗာန်စံလွန်တော်မူပုံကို ဤသုတ်၌ အသေးစိတ်တွေ့ရှိနိုင်သည်။ ဤသုတ်ကို ဘုရားမြတ်စွာ၏ နောက်ပိုင်းအထုပ္ပတ္တိမှတ်တမ်းဟု ခေါ်ဆိုရပေမည်။ ပါဠိပိဋကတ်တော်တလျှောက်တွင် အထုပ္ပတ္တိမှတ်တမ်းများ အလွန်ရှားပါးရာ ထိုရှားပါးသောကျမ်းများတွင် မဟာပရိနိဗ္ဗာနသုတ်သည် တခုအပါအဝင် ဖြစ်လေသည်။

အခြားရှည်လျားသော သုတ်တော်များမှာကဲ့သို့ပင် ဤသုတ်တွင် ရှေးကျ၍ တကယ့်အချက်အလက် အစစ်အမှန်များပါဝင်သည်နှင့်အမျှ စိတ်ကူးဉာဏ်အထင်အမြင်ဖြင့် ရေးသားထည့်သွင်းသော နောက် နှောင်း အချက်အလက်များကိုလည်း တွေ့ရှိနိုင်သည်။ မြောက်မြားလှစွာသော လူအပေါင်းတို့သည် ဘုရားမြတ်စွာ၏ ရူပနိကာယ်ကြောင့် ဘုရားမြတ်စွာကို မည်သို့ကြည်ညိုလေးစားကြကြောင်း၊ ဘုရားမြတ်စွာ၏ ရည်ရွယ်ရင်း အချုပ်အခြာဝါဒကားသက်ရှိသက်မဲ့ အစုအဝေးမှန်သမျှသည် ယိုယွင်းပျက်စီးတတ်သော သဘော ရှိကြောင်း၊ လူတိုင်းလူတိုင်း မိမိလွတ်လပ်မှုကို မိမိကိုယ်တိုင် ကြိုးပမ်း အားထုတ်သင့်သည် ဟူသောဝါဒ ဖြစ်ကြောင်း၊ ဘုရားမြတ်စွာသည် မည်သို့ ပရိနိဗ္ဗာန်စံလွန်တော်မူရပုံ အကြောင်းတို့ကို ဤသုတ်တွင် အထင်အရှား ရှင်းလင်းဖော်ပြထားသည်။

ဝဿကာရပုဏ္ဏား ဘုရားမြတ်စွာထံ သွားရောက်ဖူးတွေ့ ခန်း...၊ ရဟန်းသံဃာတို့ ကောင်းရာကောင်းကျိုးအတွက် အခြေခံ (၇)ချက် ...မြေငလျင်လှုပ်ရသည့်အကြောင်းရင်း (၈)ကြောင်း... တပါးသူတို့အား နှိပ်နင်းရမည့်အကြောင်းရင်(၈)ကြောင်း...စုန္ဒထံ ဘုရားမြတ်စွာ ကြွတော်မူကြောင်း...သုဘဒ္ဒပရိဗိုဇ်သည် ဘုရားမြတ်စွာ ထံ သွားရောက်ဖူးမြော်ပြီးလျှင် သူသိလိုသော ပြဿနာများအတွက် ဘုရားမြတ်စွာနှင့် ဆွေးနွေးပုံအခန်း...ဘုရားမြတ်စွာ ပရိနိဗ္ဗာန်စံလွန် တော်မူသောအခါ မလ္လာမင်းတို့သည် ဘုရားမြတ်စွာကို မည်သို့မည်ပုံ အရိုအသေပြုကြသည့်အကြောင်း...ဘုရားမြတ်စွာ၏ ဓာတ်တော်များ အတွက် မည်သို့အငြင်းပွားကြပုံ...နောက်ဆုံး၌ ဒေါဏပုဏ္ဏား ဓာတ် တော်များကို ခွဲဝေကာ ပုထိုးတည်ပုံအကြောင်းတို့ကို ဤသုတ်မှ အစုံ အလင်သိရှိနိုင်ပေသည်။

ဗေဠုဝရွာတွင် ဘုရားမြတ်စွာ နာမကျန်းဖြစ်ရသည်-ဟူ သောအချက်...ဘုရားမြတ်စွာသည် အာစရိယဟတ္ထမုဋ္ဌိမထား ရဟန်း တို့၏ အကြီးအကဲအဖြစ် ဘုရားမြတ်စွာသည် မည်သူကိုမျှ မခန့်အပ် လို... တရားဒေသနာတော်များကို လိုက်နာနေသမျှ ရဟန်းတို့အဘို့ ခေါင်းဆောင်အကြီးအကဲ မဆိတ်သုဉ်း... လွတ်လပ်မှုအတွက် လူတို့ သည် အတ္တသရဏ ကိုယ့်ကိုယ်ကိုသာလျှင် အားကိုးသင့်ကြောင်း ...အတ္တဒီပ ကိုယ့်မှီခိုရာကျွန်းကြီးကို ကိုယ်ကိုယ်တိုင်သာလျှင် တည်ဆောက်သင့်ကြောင်း ...ဘုရားမြတ်စွာက ဟောကြားခဲ့သည်ဟူ သောအချက်...ဘုရားမြတ်စွာ ရုတ်ခြည်း ပရိနိဗ္ဗာန်စံလွန်တော်မူခြင်းကြောင့် ညီတော်အာနန္ဒာ မည်သို့ပူဆွေး ဒုက္ခရောက်သည်ဟူသော အချက်... ဤအချက်တို့ကား ရှေးအလွန်ကျ၍ မှန်ကန်တိကျသော အချက်အလက်များ ဖြစ်ကြသည်။ တရားဒေသနာတော်များကို ဟောပြညွှန်ကြားရာ၌ ဘုရားမြတ်စွာသည် သာမန်ပုဂ္ဂိုလ်အနေဖြင့်သာ သွန်သင်ညွှန်ကြားခဲ့သည် ဆိုရာ၌လည်း မှန်ကန်တိကျသော အချက်ပင် ဖြစ်သည်။ သို့သော် တန်ခိုးပြာဋိဟာနှင့်ပတ်သက်သည့် အခန်းများ... ဘုရားမြတ်စွာသည် မိမိအလိုအလျောက် ပရိနိဗ္ဗာန်စံလွန်တော်မူလိုသောကြောင့်သာ ပရိနိဗ္ဗာန်စံလွန်တော်မူရသည်။ အကယ်၍ ဘုရား မြတ်စွာသည် ပရိနိဗ္ဗာန်မစံယူလိုသေးသော် ပရိနိဗ္ဗာန်မစံဘဲ နေတော် မူနိုင်သေးသည်ဟူသောအချက်...ဤအချက်များသည် မူရင်းသုတ် တော်တွင် ပါဝင်ဟန်မတူ။ နောက်မှ ဖြည့်စွက်ထည့်သွင်းထားဟန် တူပေသည်။ မူရင်းပရိနိဗ္ဗာနသုတ်သည် ယခုလက်ရှိ မဟာပရိနိဗ္ဗာနသုတ် ကဲ့သို့ မရှည်လျားလှ။ ယခုလက်ရှိ အရွယ်အစားဖြစ်ရန် ဖြည့်စွက် ချက်များ နောက်မှထည့်သွင်းကြသည်ဟူ၍ အချို့သူတို့ အယူရှိကြ၏။ ထိုသူတို့ ယူဆချက်သည် မှန်ကန်သည်ဟုဆိုပါက တန်ခိုးပြာဋိဟာခန်းများနှင့် ဓာတ်တော်များကို ပုထိုးတည်သည်ဟူသောအခန်းများသည် နောက်မှ ဖြည့်စွက်ခြင်းဖြစ်ရမည်။[၁]

မဟာပရိနိဗ္ဗာနသုတ်တော်(သို့မဟုတ်) မြတ်စွာဘုရားရှင် ဘဝနေချိန် အဖြစ်အပျက်များ မှတ်တမ်းပြင်ဆင်

ပထမအခန်းအပိုင်းပြင်ဆင်

၁၃၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဝဇ္ဇီမင်းတို့ကို နှိမ်နှင်းရန် သွားလိုသည်ဖြစ်၍ ဤသို့ ထုတ်ဖော်ပြောဆိုလျက် ရှိ၏။ “ငါသည် ဤသို့ တန်ခိုးအာနုဘော်ကြီးကုန်သော ဤဝဇ္ဇီမင်းတို့ကို မျိုးပြုတ်အံ့၊ ဖျက်ဆီးအံ့၊ ပျက်စီးပြုန်းတီးစေအံ့”ဟု (ပြောဆိုလျက်ရှိ၏)။

၁၃၂။ ထိုအခါ ဝေဒေဟီ မိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားကို ခေါ်၍ မိန့်ဆို၏။

“ပုဏ္ဏား လာလော့၊ သင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ငါ၏စကားဖြင့် မြတ်စွာဘုရား၏ခြေတော်တို့ကို ဦးခိုက်ရှိခိုးလော့၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်းသန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလေလော့၊ ‘အသျှင်ဘုရား ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက်ရှိခိုးလိုက်ပါ ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလိုက်ပါ၏’ဟု လျှောက်လေလော့၊ ထို့ပြင် ‘အသျှင်ဘုရား ဝေဒေဟီ မိဖုရား၏ သားမဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဝဇ္ဇီမင်းတို့ကို နှိမ်နှင်းရန် သွားလိုသည်ဖြစ်၍ ဤသို့ထုတ်ဖော်ပြောဆိုလျက် ရှိ၏၊ ဤသို့ တန်ခိုးအာနုဘော်ကြီးကုန်သော ဤဝဇ္ဇီမင်းတို့ကို မျိုးဖြုတ် အံ့၊ ဖျက်ဆီးအံ့၊ ပျက်စီးပြုန်းတီးစေအံ့ဟု ပြောဆိုလျက် ရှိ၏’ ဟူ၍ ဤသို့လည်း လျှောက်ထား လေလော့၊ မြတ်စွာဘုရား မိန့်ကြားတော်မူသည့်အတိုင်း ကောင်းစွာ မှတ်သား၍ ငါ့အား ပြန်ကြား လော့၊ မြတ်စွာဘုရားတို့မည်သည် ချွတ်ယွင်းသော စကားကို မမိန့်ကြားကုန်”ဟု (မိန့်ဆို၏)။

၁၃၃။ “အရှင်မင်းကြီး ကောင်းပါပြီ”ဟု မဂဓတိုင်းအမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည်ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းအား ဝန်ခံပြီးလျှင် ကောင်းကုန် ကောင်းကုန်သောယာဉ်တို့ကို ကစေ၍ ကောင်းသော ယာဉ်ထက်သို့ တက်စီးလျက် ကောင်းကုန် ကောင်းကုန်သောယာဉ်တို့နှင့်တကွ ရာဇဂြိုဟ်ပြည်မှ ထွက်၍ ဂိဇ္ဈကုဋ်တောင်ဆီသို့ သွား၏။ ယာဉ်ဖြင့် သွားသင့်သမျှအရပ်ကို ယာဉ်ဖြင့်သွား၍ ယာဉ်မှ သက်ပြီးသော် ခြေကျင်သာလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက်မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်ပြီးသော် မဂဓတိုင်းအမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။

“အသျှင်ဂေါတမ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် အသျှင်ဂေါတမ၏ခြေတော်တို့ကို ဦးခိုက်ရှိခိုးလိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်းသန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလိုက်ပါ၏၊ အသျှင်ဂေါတမ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဝဇ္ဇီမင်းတို့ကို နှိမ်နှင်းရန် သွားလိုသည်ဖြစ်၍ ဤသို့ထုတ်ဖော်ပြောဆိုလျက် ရှိပါ၏၊ ‘ငါသည် ဤသို့ တန်ခိုးအာနုဘော်ကြီးကုန်သော ဤဝဇ္ဇီမင်းတို့ကို့မျိုး ပြုတ်အံ့၊ ဖျက်ဆီးအံ့၊ ပျက်စီးပြုန်းတီးစေအံ့’ဟု ပြောဆိုလျက် ရှိပါသည်” ဟူ၍ (လျှောက်၏)။

မင်းတို့၏ မဆုတ်ယုတ်ကြောင်းတရား ခုနစ်ပါး

၁၃၄။ ထိုစဉ်အခါ၌ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားကို ယပ်ခပ်လျက် မြတ်စွာဘုရား၏ နောက်၌တည်ရှိနေ၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အနန္ဒာကို မိန့်တော်မူ၏။

“အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မကြာ မကြာ စည်းဝေးကုန်၏လော၊ အကြိမ်များစွာ စည်းဝေးကုန်၏ လော၊ သင်အဘယ်သို့ ကြားရသနည်း”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည် မကြာ မကြာ စည်းဝေးကုန်၏၊ အကြိမ်များစွာ စည်းဝေးကုန်၏”ဟုအကျွန်ုပ်ကြားရပါသည်ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မကြာ မကြာ စည်းဝေးလျက် အကြိမ်များစွာ စည်းဝေးနေကြသမျှကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၁)

“အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကုန်၏လော၊ အညီအညွတ် အစည်းအဝေးမှထကုန်၏လော၊ ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကုန်၏၊ အညီအညွတ် အစည်းအဝေးမှ ထကုန်၏၊ ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်ကုန်၏”ဟု အကျွန်ုပ်ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးလျက် အညီအညွတ် အစည်းအဝေးမှ ထလျက်ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၂)

“အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ဘဲ ရှိကုန်၏လော၊ ပညတ်ပြီးသောအရာကို မပယ်ဖျက်ဘဲ ရှိကုန်၏လော၊ ပညတ်ထားသမျှသော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကို လိုက်နာ၍ကျင့်ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ကုန်၊ ပညတ်ပြီးသောအရာကိုမပယ်ဖျက်ကုန်၊ ပညတ်ထားသမျှသော ရှေးဟောင်းဝဇ္ဇီကျင့်ထုံးတို့ကို လိုက်နာ၍ ကျင့်ကုန်၏ “ဟုအကျွန်ုပ် ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ဘဲ ပညတ်ပြီးသော အရာကို မပယ်ဖျက်ဘဲ ပညတ်ထားသမျှသော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကို လိုက်နာ၍ ကျင့်နေကြသမျှ ကာလပတ်လုံးဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၃)

“အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုကုန်၏လော၊ အလေးပြုကုန်၏လော၊ မြတ်နိုးကုန်၏လော၊ ပူဇော်ကုန်၏လော၊ ထိုအသက်ကြီးသူတို့၏ စကားကိုလည်းနာယူသင့် သည်ဟု ထင်မှတ်ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်ကုန်၏”ဟု အကျွန်ုပ် ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုလျက် အလေးပြုလျက်မြတ်နိုးလျက် ပူဇော်လျက် ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်၍နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၄) ့

“အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင်အထက်မသိမ်းပိုက်ဘဲ ရှိကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင် အထက်မသိမ်းပိုက်ကုန်”ဟု အကျွန်ုပ် ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင်အထက်မသိမ်းပိုက်ကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၅)

အာနန္ဒာ ဝဇ္ဇီမင်းတို့သည်မြို့တွင်းမြို့ပြင်ရှိ ဝဇ္ဇီမင်းတို့၏ နတ်ကွန်း (စေတီ) တို့ကို အရိုအသေပြုကုန်၏လော၊ အလေးပြုကုန်၏လော၊ မြတ်နိုးကုန်၏လော၊ ပူဇော်ကုန်၏လော၊ ထိုနတ်ကွန်းတို့အားလည်း ရှေးကပေးလှူမြဲ ပြုမြဲဖြစ်သော တရားနှင့်လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်စေဘဲ ရှိကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည်မြို့တွင်းမြို့ပြင်ရှိ ဝဇ္ဇီမင်းတို့၏ နတ်ကွန်း (စေတီ) တို့ကို အရိုအသေပြု ကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ ထိုနတ်ကွန်းတို့အားလည်း ရှေးကပေးလှူမြဲ ပြုမြဲဖြစ်သော တရားနှင့်လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်စေကုန်”ဟု အကျွန်ုပ် ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည်မြို့တွင်းမြို့ပြင်ရှိ ဝဇ္ဇီမင်းတို့၏ နတ်ကွန်း (စေတီ) တို့ကို အရိုအသေပြုလျက် အလေးပြုလျက် မြတ်နိုးလျက် ပူဇော်လျက် ထိုနတ်ကွန်းတို့အားလည်း ရှေးက ပေးလှူမြဲ ပြုမြဲဖြစ်သော တရားနှင့်လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်စေသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၆)

“အာနန္ဒာ ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာခြင်းငှါ၊ ကြွရောက်လာပြီးသောရဟန္တာတို့သည်လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရခြင်းငှါ ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့အား တရားနှင့်အညီ စောင့်ရှောက်ကာကွယ်လျက် လုံခြုံစေမှုကို ကောင်းစွာ စီမံပေးကုန်၏လော၊ သင်အဘယ်သို့ ကြားရ သနည်း”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည် မကြွလာသေးသော ရဟန္တာတို့သည် ကြွလာခြင်းငှါ၊ ကြွရောက်လာပြီးသော ရဟန္တာတို့သည်လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရခြင်းငှါ ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့အားတရားနှင့်အညီ စောင့်ရှောက်ကာကွယ်လျက် လုံခြုံမှုကို ကောင်းစွာ စီမံပေးကုန်၏”ဟု အကျွန်ုပ် ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာခြင်းငှါ၊ ကြွရောက်လာပြီးသောရဟန္တာတို့သည်လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရခြင်းငှါ ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့အား တရားနှင့်အညီ စောင့်ရှောက်ကာကွယ်လျက် လုံခြုံမှုကို ကောင်းစွာ စီမံပေးနေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။ (၇)

၁၃၅။ ထိုအခါ၌ မြတ်စွာဘုရားသည် မဂဓတိုင်းအမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားအား မိန့်တော်မူ၏။ “ပုဏ္ဏား အခါတစ်ပါး၌ ငါသည် ဝေသာလီပြည် သာရန္ဒဒမည်သော စေတီ၌ နေ၏။ ထိုအခါ ငါသည်ဝဇ္ဇီမင်းတို့အား ဤခုနစ်ပါးသော မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားတို့ကို ဟော ခဲ့၏။ပုဏ္ဏား ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့သည် ဝဇ္ဇီမင်းတို့၌ တည်၍ဝဇ္ဇီမင်းတို့သည်လည်း ဤမဆုတ်ယုတ်ကြောင်းတရား ခုနစ်ပါးတို့ကို ကောင်းစွာ ကျင့်သုံးနေကြ သမျှကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ”ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် မဂဓတိုင်းအမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် မြတ်စွာဘုရားအားဤစကားကို လျှောက်၏။

“အသျှင်ဂေါတမ မဆုတ်ယုတ်ကြောင်းတရား တစ်ပါးပါးနှင့် ပြည့်စုံလျှင်ပင် ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာရှိပါ၏၊ ဆုတ်ယုတ်ရန်ကား မရှိပါ၊ မဆုတ်ယုတ်ကြောင်းတရား ခုနစ်ပါးလုံးတို့နှင့် (ပြည့်စုံပါမူ) ကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။

အသျှင်ဂေါတမ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဖြားယောင်းမှုကို ဖြစ်စေအချင်းချင်းစိတ်ဝမ်းကွဲစေမှုကို ဖြစ်စေ မပြုမူ၍ စစ်ထိုးကာမျှဖြင့် ဝဇ္ဇီတိုင်းကို သိမ်းပိုက်နိုင် ဖွယ် မရှိပါ။

အသျှင်ဂေါတမ ယခုအခါ အကျွန်ုပ်တို့ သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသော ကိစ္စများ သောပြုဖွယ် ရှိပါကုန်၏”ဟု (လျှောက်၏)။

ပုဏ္ဏား ယခုအခါ၌ သွားရန်အချိန်ကို သင်သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းပင်ဖြစ်၏)ဟုမိန့်တော်မူ၏။

ထိုအခါ မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် မြတ်စွာဘုရား၏ စကားကိုအလွန်နှစ်သက်စွာ ခံယူ၍ ဝမ်းမြောက်စွာ ချီးကျူးပြီးနောက် နေရာမှထကာ ပြန်သွားလေ၏။

ရဟန်းတို့၏ မဆုတ်ယုတ်ကြောင်းတရား ခုနစ်ပါး

၁၃၆။ ထိုအခါ မြတ်စွာဘုရားသည် မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝဿကာရ ပုဏ္ဏားပြန်သွား၍မကြာမြင့်မီ အသျှင်အာနန္ဒာကို မိန့်တော်မူ၏။

“အာနန္ဒာ သင်သွားချေ၊ ရာဇဂြိုဟ်ပြည်ကို အမှီပြုနေသော ရဟန်းအားလုံးတို့ကို ဓမ္မာရုံ၌စုဝေးစေလော့”ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံခဲ့၍ ရာဇဂြိုဟ် ပြည်ကိုအမှီပြုနေသော ရဟန်းအားလုံးတို့ကို ဓမ္မာရုံ၌ စုဝေးစေပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်နေ၏၊ တစ်ခုသော နေရာ၌ ရပ်ပြီးသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။ “အသျှင်ဘုရား ရဟန်းသံဃာသည် စုဝေးလျက် ရှိနေပါပြီ၊ အသျှင်ဘုရား ယခုအခါ၌ ကြွတော် မူရန်အချိန်ကို မြတ်စွာဘုရား သိတော်မူပါသည် (ကြွရန်မှာ မြတ်စွာဘုရား၏ အလိုအတိုင်းပင် ဖြစ်ပါသည်)”ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် နေရာမှ ထတော်မူ၍ ဓမ္မာရုံသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ထိုင်လျက် ရဟန်းတို့ကို မိန့်တော်မူ၏။

“ရဟန်းတို့ သင်တို့အား ခုနစ်ပါးသော မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားတို့ကို ငါဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့”ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။

ရဟန်းတို့ ရဟန်းတို့သည် မကြာ မကြာ စည်းဝေးလျက် အကြိမ်များစွာ စည်းဝေးနေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၁)

ရဟန်းတို့ ရဟန်းတို့သည် အညီအညွတ် စည်းဝေးလျက် အညီအညွတ် အစည်းအဝေးမှ ထလျက်သံဃာ့ကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၂) ့

ရဟန်းတို့ ရဟန်းတို့သည် (ဘုရား) မပညတ်ခဲ့သော အရာကို မပညတ်ဘဲ ပညတ်ပြီးသော အရာကိုမပယ်ဖျက်ဘဲ ပညတ်ထားသမျှသော သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်နေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၃)

ရဟန်းတို့ ရဟန်းတို့သည် ရဟန်းဝါရင့်ကုန်သော ရဟန်းသက်ရှည်ကုန်သော သံဃာ့ဦးစီးဖြစ် ကုန်သော ထေရ်ကြီးရဟန်းတို့ကို အရိုအသေပြုလျက် အလေးပြုလျက် မြတ်နိုးလျက် ပူဇော်လျက် ထိုထေရ်ကြီးတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်၍ နေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၄)

ရဟန်းတို့ ရဟန်းတို့သည် ဖြစ်ပေါ်လာသော တစ်ဖန် ဘဝသစ်ကို ပေးတတ်သော တဏှာ၏ အလိုသို့မလိုက်ကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၅)

ရဟန်းတို့ ရဟန်းတို့သည် တောကျောင်းတို့၌ လိုလားသောစိတ် ရှိနေကြသမျှ ကာလပတ်လုံးရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၆)

ရဟန်းတို့ ရဟန်းတို့သည် မလာရောက်ကုန်သေးသော သီလကို ချစ်မြတ်နိုးသည့် သီတင်းသုံး ဖော်တို့လာရောက်ခြင်းငှါ၊ လာရောက်ကုန်ပြီးသော သီလကို ချစ်မြတ်နိုးသည့် သီတင်းသုံးဖော်တို့သည်ချမ်းသာစွာ နေရခြင်းငှါ ကိုယ်စီကိုယ်င သတိပြုနေသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၇)

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့သည် ရဟန်းတို့၌တည်၍ရဟန်းတို့သည်လည်း ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့ကို ကျင့်သုံးနေသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ဒုတိယ မဆုတ်ယုတ်ကြောင်းတရား ခုနစ်ပါး

၁၃၇။ ရဟန်းတို့ သင်တို့အား တစ်ပါးသော မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့ကိုလည်း ဟောဦးအံ့၊ ထိုတရားကို နာကြကုန်ဦးလော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်ဦးလော့၊ ဟောအံ့ဟု မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။

ရဟန်းတို့ ရဟန်းတို့သည် ကိစ္စကြီးငယ်၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှကာလ ပတ်လုံးရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၁)

ရဟန်းတို့ ရဟန်းတို့သည် စကားစမြည်ပြောဆိုခြင်း၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၂)

ရဟန်းတို့ ရဟန်းတို့သည် (ထိုင်းမှိုင်းပျင်းရိလျက်) အိပ်စက်မှု၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍မနေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၃)

ရဟန်းတို့ ရဟန်းတို့သည် အပေါင်းအဖော်တို့နှင့် စုရုံးနေထိုင်ခြင်း၌ မွေ့လျော်ပျော်ပိုက် လုံ့လ စိုက်၍မနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၄)

ရဟန်းတို့ ရဟန်းတို့သည် (မရှိသောဂုဏ်ကို ဖော်ပြတတ်သော) အလိုဆိုးမှ ကင်းကုန်လျက် အလိုဆိုးတို့၏ ဆွဲဆောင်ရာသို့ မလိုက်ကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၅)

ရဟန်းတို့ ရဟန်းတို့သည် ယုတ်ညံ့သော အဆွေခင်ပွန်းအပေါင်းအဖော် မရှိမူ၍ ယုတ်ညံ့သူတို့၌စိတ်မညွှတ်ကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ ့ (၆)

ရဟန်းတို့ ရဟန်းတို့သည် အနည်းငယ်သော တရားထူးကို ရရုံမျှဖြင့် (အရဟတ္တဖိုလ်သို့ မရောက် မီ) လမ်းခုလပ်၌ ရပ်စဲ၍ မနေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၇)

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ရဟန်းတို့သည်လည်း ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

တတိယ မဆုတ်ယုတ်ကြောင်းတရား ခုနစ်ပါး

၁၃၈။ ရဟန်းတို့ သင်တို့အား တစ်ပါးသော မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့ကိုလည်း ဟောဦးအံ့၊ ထိုတရားကို နာကုန်ဦးလော့၊ ကောင်းစွာ နှလုံးသွင်းကုန်ဦးလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအားဝန်ခံကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။

ရဟန်းတို့ ရဟန်းတို့သည် ယုံကြည်ခြင်း ‘သဒ္ဓါတရား’ နှင့် ပြည့်စုံနေကြသမျှ ကာလပတ်လုံး။ပ။ (၁)

မကောင်းမှုမှ ရှက်ခြင်း ‘ဟိရီ’ ရှိနေကြသမျှ ကာလပတ်လုံး။ပ။ (၂)

မကောင်းမှုမှ ကြောက်ခြင်း ‘သြတ္တပ္ပ’ ရှိနေကြသမျှ ကာလပတ်လုံး။ပ။ (၃)

များသော အကြားအမြင် ‘ဗဟုသုတ’ ရှိနေကြသမျှ ကာလပတ်လုံး။ပ။ (၄)

အားထုတ်သော လုံ့လရှိနေကြသမျှ ကာလပတ်လုံး။ပ။ (၅)

စွဲမြဲသော သတိနှင့် ပြည့်စုံနေကြသမျှ ကာလပတ်လုံး။ပ။ (၆)

ရဟန်းတို့ ရဟန်းတို့သည် ဝိပဿနာပညာနှင့် ပြည့်စုံနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အားကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၇)

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ရဟန်းတို့သည်လည်း ဤ (အပရိဟာနိယ) တရား ခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံးရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

စတုတ္ထ မဆုတ်ယုတ်ကြောင်းတရား ခုနစ်ပါး

၁၃၉။ ရဟန်းတို့ သင်တို့အား တစ်ပါးသော မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့ကိုလည်း ဟောဦးအံ့၊ ထိုတရားကို နာကုန်ဦးလော့၊ ကောင်းစွာ နှလုံးသွင်းကုန်ဦးလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။

ရဟန်းတို့ ရဟန်းတို့သည် မဂ်၏ အကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။ (၁)

မဂ်၏ အကြောင်းဖြစ်သော ပညာ ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။ (၂)

မဂ်၏ အကြောင်းဖြစ်သော လုံ့လ ‘ဝီရိယသမ္ဗောဇ္ဈင်’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။ (၃)

မဂ်၏ အကြောင်းဖြစ်သော နှစ်သိမ့်မှု ‘ပီတိသမ္ဗောဇ္ဈင်’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။ (၄)

မဂ်၏ အကြောင်းဖြစ်သော ငြိမ်းအေးမှု ‘ပဿဒ္ဓိသမ္ဗောဇ္ဈင်’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။ (၅) ့

မဂ်၏ အကြောင်းဖြစ်သော တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။ (၆)

ရဟန်းတို့ ရဟန်းတို့သည် မဂ်၏ အကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၇)

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ရဟန်းတို့သည်လည်း ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ပဉ္စမ မဆုတ်ယုတ်ကြောင်းတရား ခုနစ်ပါး

၁၄ဝ။ ရဟန်းတို့ သင်တို့အား တစ်ပါးသော မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့ကိုလည်း ဟောဦးအံ့၊ ထိုတရားကို နာကုန်ဦးလော့၊ ကောင်းစွာ နှလုံးသွင်းကုန်ဦးလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။

ရဟန်းတို့ ရဟန်းတို့သည် မမြဲဟု မှတ်မှု ‘အနိစ္စသညာ’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။ (၁)

အတ္တ မဟုတ်ဟု မှတ်မှု ‘အနတ္တသညာ’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။ (၂)

မတင့်တယ်ဟု မှတ်မှု ‘အသုဘသညာ’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။ (၃)

အပြစ်ကိုမှတ်မှု ‘အာဒီနဝသညာ’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။ (၄)

ပယ်ရန်မှတ်မှု ‘ပဟာနသညာ’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။ (၅)

တပ်မက်ခြင်းကင်းရန်မှတ်မှု ‘ဝိရာဂသညာ’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။ (၆)

ရဟန်းတို့ ရဟန်းတို့သည် ချုပ်ခြင်းကိုမှတ်မှု ‘နိရောဓသညာ’ ကို ပွါးများနေကြသမျှ ကာလပတ်လုံးရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၇)

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ရဟန်းတို့သည်လည်း ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့၏ မဆုတ်ယုတ်ကြောင်းတရား ခြောက်ပါး

၁၄၁။ ရဟန်းတို့ မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခြောက်ပါးတို့ကို ဟောပေအံ့၊ ထိုတရားကိုနာကုန်ဦးလော့၊ ကောင်းစွာ နှလုံးသွင်းကုန်ဦးလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။

ရဟန်းတို့ ရဟန်းတို့သည် သီတင်းသုံးဖော်တို့အား မေတ္တာ (စိတ်) ဖြင့် ပြုသော ကိုယ်အမူအရာကိုမျက်မှောက်မျက်ကွယ် နှစ်ပါးလုံး၌ ရှေးရှုထင်စေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၁)

ရဟန်းတို့ ရဟန်းတို့သည် သီတင်းသုံးဖော်တို့အား မေတ္တာ (စိတ်) ဖြင့်ပြုသော နှုတ်အမူအရာကိုမျက်မှောက်မျက်ကွယ် နှစ်ပါးလုံး၌ ရှေးရှုထင်စေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၂)

ရဟန်းတို့ ရဟန်းတို့သည် သီတင်းသုံးဖော်တို့အား မေတ္တာ (စိတ်) ဖြင့်ပြုသော စိတ်အမူအရာကို့မျက်မှောက်မျက်ကွယ် နှစ်ပါးလုံး၌ ရှေးရှုထင်စေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၃)

ရဟန်းတို့ ရဟန်းတို့သည် တရားနှင့်အညီရသော ဓမ္မိယလာဘ်တို့ကို အယုတ်ဆုံးအားဖြင့် သပိတ်အတွင်းရှိ ဆွမ်းမျှကိုသော်လည်း သီးခြားခွဲ၍ မသုံးဆောင်ဘဲ သီလရှိသော သီတင်းသုံးဖော်တို့နှင့် သက်ဆိုင်စေ၍ သုံးဆောင်ကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကားမရှိပေ။ (၄)

ရဟန်းတို့ (တဏှာ့ကျွန်အဖြစ်မှ) ကျွတ်လွတ်စေတတ်ကုန်သော ပညာရှိတို့ ချီးမွမ်းအပ်ကုန်သောမှားယွင်းစွာ မသုံးသပ်အပ်ကုန်သော သမာဓိကို ဖြစ်စေတတ်ကုန်သော မကျိုး မပေါက် မပြောက် မကျားကုန်သော သီလတို့သည် ရှိကုန်၏၊ ထိုသို့သော သီလတို့ဖြင့် ရဟန်းတို့သည် မျက်မှောက် မျက်ကွယ်နှစ်ပါးလုံး၌ သီတင်းသုံးဖော်တို့နှင့် သီလချင်းတူမျှလျက် နေကြသမျှကာလပတ်လုံး ရဟန်းတို့အားကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၅)

ရဟန်းတို့ (နိဗ္ဗာန်သို့) ဆောင်တတ်သော အကြင်အရိယာပညာသည် ထိုအရိယာပညာကို ဖြစ်စေ သူအားဆင်းရဲစင်စစ်ကုန်ခြင်းငှါ ဆောင်တတ်၏၊ ထိုသို့သော အရိယာပညာအားဖြင့် ရဟန်းတို့သည်မျက်မှောက် မျက်ကွယ် နှစ်ပါးလုံး၌ သီတင်းသုံးဖော်တို့နှင့် ပညာချင်းတူမျှလျက် နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၆)

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခြောက်ပါးတို့သည် ရဟန်းတို့၌ တည်၍ရဟန်းတို့သည်လည်း ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခြောက်ပါးတို့ကိုကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (ဟောတော်မူ၏)။

၁၄၂။ ဤသို့လျှင် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ နေတော်မူစဉ် ဤသို့သောတရားစကားကိုသာလျှင် ရဟန်းတို့အား အကြိမ်များစွာ ဟောတော်မူ၏။

“ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း၊ သီလ၌ တည်၍ ဖြစ်စေ သောသမာဓိသည် များသော အကျိုးအာနိသင်ရှိ၏။ သမာဓိ၌ တည်၍ ဖြစ်စေသော ပညာသည် များသောအကျိုးအာနိသင်ရှိ၏။ ပညာ၌ တည်၍ ဖြစ်စေသော စိတ်သည် ကာမာသဝ ဘဝါသဝအဝိဇ္ဇာသဝဟူသော အာသဝတို့မှ ကောင်းစွာပင်လျှင် လွတ်မြောက်၏”ဟု (ဟောတော်မူ၏)။

၁၄၃။ ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ အလိုရှိသမျှ နေတော်မူပြီးလျှင် “အာနန္ဒာ လာသွားကုန်အံ့၊ အမ္ဗလဋ္ဌိကာ (ဥယျာဉ်) သို့ ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။

ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့် အတူ အမ္ဗလဋ္ဌိကာ (ဥယျာဉ်) ဆီသို့ကြွရောက်တော်မူ၍ မင်းကွန်း၌ သီတင်းသုံးနေတော်မူ၏။ မြတ်စွာဘုရားသည် ထိုအမ္ဗလဋ္ဌိကာ (ဥယျာဉ်) မင်းကွန်း၌ နေတော်မူစဉ်လည်း ဤသို့သော တရားစကားကိုသာလျှင် ရဟန်းတို့အား အကြိမ်များစွာဟောတော်မူ၏။

“ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း၊ သီလ၌ တည်၍ ဖြစ်စေ သောသမာဓိသည် များသော အကျိုးအာနိသင်ရှိ၏။ သမာဓိ၌ တည်၍ ဖြစ်စေသော ပညာသည် များသောအကျိုးအာနိသင်ရှိ၏။ ပညာ၌ တည်၍ ဖြစ်စေသော စိတ်သည် ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝဟူသော အာသဝတို့မှ ကောင်းစွာပင်လျှင် လွတ်မြောက်၏”ဟု (ဟောတော်မူ၏)။

၁၄၄။ ထိုအခါ မြတ်စွာဘုရားသည် အမ္ဗလဋ္ဌိကာ (ဥယျာဉ်) ၌ အလိုရှိသမျှ နေတော်မူပြီးလျှင် “အာနန္ဒာလာ သွားကုန်အံ့၊ နာဠန္ဒာမြို့သို့ ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။

ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ နာဠန္ဒာမြို့သို့ ကြွရောက်တော်မူ၍ပါဝါရိက (သူဌေး) ၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူ၏။

အသျှင်သာရိပုတြာ ရဲရင့်သော စကားကို ဆိုခြင်း

၁၄၅။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုး ပြီးလျှင်တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

“အသျှင်ဘုရား သဗ္ဗညုတဉာဏ်အရာ၌ မြတ်စွာဘုရားထက် သာလွန်၍ သိသော အခြားသော သမဏဗြာဟ္မဏမည်သည် ရှိလည်း မရှိခဲ့၊ ရှိမည်လည်း မဟုတ်၊ ယခုလည်း မရှိဟု မြတ်စွာဘုရား အပေါ်၌အကျွန်ုပ်သည် ဤသို့ ယုံကြည်လျက် ရှိပါသည်”ဟု (လျှောက်၏)။

သာရိပုတြာ သင်သည် ဤကြီးကျယ်ခံ့ညားလှသော စကားကို ဆိုဘိ၏၊ တိကျလှသော စကားကိုဆိုဘိ၏၊ ခြင်္သေ့ဟောက်သံကဲ့သို့ ရဲရင့်လှသော စကားကို ဆိုဘိ၏။

“အသျှင်ဘုရား သဗ္ဗညုတဉာဏ်အရာ၌ မြတ်စွာဘုရားထက် သာလွန်၍ သိသော အခြားသောသမဏဗြာဟ္မဏမည်သည် ရှိလည်း မရှိခဲ့၊ ရှိမည်လည်း မဟုတ်၊ ယခုလည်း မရှိဟု မြတ်စွာဘုရားအပေါ်၌ အကျွန်ုပ်သည် ဤသို့ ယုံကြည်ပါသည်”ဟု (သင်ဆိုဘိ၏)။

သာရိပုတြာ အသို့နည်း၊ ရှေးအခါက ပွင့်တော်မူကုန်ပြီးသော ပူဇော်အထူးကို ခံတော်မူထိုက်ကုန် သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားအားလုံးတို့ကို “ထိုမြတ်စွာဘုရားတို့သည် ဤသို့သော သီလရှိကုန်၏၊ ဤသို့သော သမာဓိတရားရှိကုန်၏၊ ဤသို့သောပညာရှိကုန်၏၊ ဤသို့သော နေခြင်းရှိကုန်၏၊ ဤသို့သော လွတ်မြောက်ခြင်း ရှိကုန်၏” ဟူ၍ (မြတ်စွာဘုရားတို့၏) စိတ်ကို (သင်၏) စိတ်ဖြင့် ပိုင်းခြား၍ သိပါ၏လောဟု (မိန့်တော်မူ၏)။

မသိပါ အသျှင်ဘုရား (ဟု လျှောက်၏)။

သာရိပုတြာ အသို့နည်း၊ နောင်အခါ၌ ပွင့်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားအားလုံးတို့ကို “ထို မြတ်စွာဘုရားတို့သည် ဤသို့သော သီလရှိကုန်လတ္တံ့၊ ဤသို့သော သမာဓိတရားရှိကုန်လတ္တံ့၊ ဤသို့သော ပညာရှိကုန်လတ္တံ့၊ ဤသို့သော နေခြင်းရှိကုန်လတ္တံ့၊ ဤသို့သော လွတ်မြောက်ခြင်းရှိကုန်လတ္တံ့” ဟူ၍ (မြတ်စွာဘုရားတို့၏) စိတ်ကို (သင်၏) စိတ်ဖြင့် ပိုင်းခြား၍ သိပါ၏လောဟု (မိန့်တော်မူ၏)။

မသိပါ အသျှင်ဘုရား (ဟု လျှောက်၏)။

သာရိပုတြာ အသို့နည်း၊ ယခုအခါ ပွင့်တော်မူဆဲဖြစ်သော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ငါ (ဘုရား) ကို “မြတ်စွာဘုရားသည် ဤသို့သော သီလရှိ၏၊ ဤသို့သော သမာဓိတရားရှိ၏၊ ဤသို့သော ပညာရှိ၏၊ ဤသို့သော နေခြင်းရှိ၏၊ ဤသို့သော လွတ်မြောက်ခြင်းရှိ၏” ဟူ၍ (ငါဘုရား၏) စိတ်ကို (သင်၏) စိတ်ဖြင့် ပိုင်းခြား၍ သိပါ၏လောဟု (မိန့်တော်မူ၏)။

မသိပါ အသျှင်ဘုရား (ဟု လျှောက်၏)။

သာရိပုတြာ ယခုအခါ ပွင့်ပြီး ပွင့်လတ္တံ့ ပွင့်ဆဲဖြစ်ကုန်သော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့၏ စိတ်ကို ပိုင်းခြား၍သိနိုင်သော ‘စေတောပရိယ’ ဉာဏ်သည် သင့်အား မရှိငြားအံ့၊ သာရိပုတြာ ထိုသို့မရှိပါဘဲလျက် “အသျှင်ဘုရား သဗ္ဗညုတဉာဏ်အရာ၌ မြတ်စွာဘုရားထက် သာလွန်၍ သိသော အခြားသော သမဏဗြာဟ္မဏမည်သည် ရှိလည်း မရှိခဲ့၊ ရှိမည်လည်း မဟုတ်၊ ယခုလည်း မရှိဟု မြတ်စွာဘုရားအပေါ်၌့အကျွန်ုပ်သည် ဤသို့ ယုံကြည်လျက် ရှိပါသည်” ဟူသော ကြီးကျယ်ခံ့ညားလှသော တိကျလှသော ခြင်္သေ့ဟောက်သံကဲ့သို့ ရဲရင့်လှသော ဤစကားကို အဘယ့်ကြောင့် သင်ဆိုဘိသနည်းဟု (မိန့်တော်မူ၏)။

၁၄၆။ အသျှင်ဘုရား ပွင့်ပြီး ပွင့်လတ္တံ့ ပွင့်ဆဲဖြစ်ကုန်သော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့၏ စိတ်ကို ပိုင်းခြား၍သိနိုင်သော ‘စေတောပရိယ’ ဉာဏ်သည် အကျွန်ုပ်အား မရှိပါ၊ ထိုသို့ပင် မရှိငြားသော်လည်း အကျွန်ုပ်သည် မျက်မှောက်သိဖြင့် ချင့်ချိန်နိုင်သော ‘ဓမ္မနွယ’ ဉာဏ်ကို ရရှိထားပါသည်။

အသျှင်ဘုရား ဥပမာသော်ကား ခိုင်ခံ့သောမြို့ရိုးအခြေနှင့်တကွ ခိုင်ခံ့သော တံတိုင်း တုရိုဏ်တိုင်ရှိသော တံခါးတစ်ပေါက်တည်းသာရှိသော မင်း၏ တိုင်းစွန်ပြည်ဖျားမြို့သည် ရှိရာပါ၏၊ ထိုမြို့၌ လိမ္မာတတ်သိပညာရှိ၍ မသိသော သူတို့ကို တားမြစ်လျက် သိသူတို့အားသာ ဝင်ခွင့်ပြုသော တံခါးစောင့်သည်ရှိရာပါ၏။

ထိုတံခါးစောင့်သည် ထိုမြို့၏ ထက်ဝန်းကျင်ပတ်၍ သွားသော လမ်းကို လှည့်လှည်ကြည့်လတ်သော်အယုတ်ဆုံး ကြောင်ထွက်လောက်ရုံမျှ တံတိုင်းအစပ် တံတိုင်းအပေါက်ကိုသော်လည်း မတွေ့မြင်ရသည်ဖြစ် ရာ၏။ ထိုတံခါးစောင့်အား ဤသို့သော ဆင်ခြင်ဉာဏ်သည် ဖြစ်ရာ၏—

“ဤမြို့၌ ဝင်ကြ ထွက်ကြသမျှ ကြီးသော သတ္တဝါအားလုံးတို့သည် ဤတံခါးဖြင့်သာ ဝင်ကြထွက်ကြကုန်၏”ဟု (ဆင်ခြင်ဉာဏ် ဖြစ်ရာ၏)။

“အသျှင်ဘုရား ဤအတူပင်လျှင် အကျွန်ုပ်သည် မျက်မှောက်သိဖြင့် ချင့်ချိန်နိုင်သော ‘ဓမ္မနွယ’ ဉာဏ်ကိုရရှိထားပါ၏၊ ရှေးအခါက ပွင့်တော်မူကုန်ပြီးသော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားဟူသမျှတို့သည်လည်း စိတ်ကိုညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန်သော အပိတ်အပင် ‘နီဝရဏ’ တရားငါးပါးတို့ကို ပယ်၍ စွဲမြဲသော သတိ ‘သတိပဋ္ဌာန်’ တရား လေးပါးတို့၌ ကောင်းစွာတည်သော စိတ်ရှိကုန်လျက် နိဗ္ဗာန်ကိုသိကြောင်း ‘ဗောဇ္ဈင်’ တရား ခုနစ်ပါးတို့ကို ဟုတ်မှန်သောအတိုင်း ပွါးများ၍ အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်၁သို့ ဆိုက်ရောက်၍ ဘုရားဖြစ်တော်မူလေကုန်ပြီ။

အသျှင်ဘုရား နောင်အခါ၌ ပွင့်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားဟူသမျှတို့သည် စိတ်ကိုညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန်သော အပိတ်အပင် ‘နီဝရဏ’ တရားငါးပါးတို့ကို ပယ်၍ စွဲမြဲသော သတိ ‘သတိပဋ္ဌာန်’ တရား လေးပါးတို့၌ ကောင်းစွာတည်သော စိတ်ရှိကုန်လျက် နိဗ္ဗာန်ကိုသိကြောင်း ‘ဗောဇ္ဈင်’ တရား ခုနစ်ပါးတို့ကိုဟုတ်မှန်သောအတိုင်း ပွါးများ၍ အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်သို့ ဆိုက်ရောက်၍ ဘုရားဖြစ်တော်မူကုန်လတ္တံ့။

အသျှင်ဘုရား ယခုအခါ ပွင့်ဆဲဖြစ်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန်သော အပိတ်အပင် ‘နီဝရဏ’ တရားငါးပါးတို့ကိုပယ်၍ စွဲမြဲသော သတိ ‘သတိပဋ္ဌာန်’ တရား လေးပါးတို့၌ ကောင်းစွာ တည်သော စိတ်ရှိတော်မူလျက်နိဗ္ဗာန်ကို သိကြောင်း ‘ဗောဇ္ဈင်’ တရား ခုနစ်ပါးတို့ကိုဟုတ်မှန်သောအတိုင်း ပွါးများတော်မူ၍အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်သို့ ဆိုက်ရောက်၍ ဘုရားဖြစ်တော်မူ၏”ဟု (မျက်မှောက်သိဖြင့်ချင့်ချိန်နိုင်သော ‘ဓမ္မနွယ’ ဉာဏ်ကို ရရှိထားပါသည် ဟူ၍ လျှောက်၏)။

၁၄၇။ မြတ်စွာဘုရားသည် ထိုနာဠန္ဒာမြို့ ပါဝါရိက (သူဌေး) ၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူစဉ်လည်း ဤသို့သော တရားစကားကိုသာလျှင် ရဟန်းတို့အား အကြိမ်များစွာ ဟောတော်မူ၏—

“ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း၊ သီလ၌ တည်၍ ဖြစ်စေ့အပ်သော သမာဓိသည် များသော အကျိုးအာနိသင်ရှိ၏။ သမာဓိ၌ တည်၍ ဖြစ်စေအပ်သော ပညာသည်များသော အကျိုးအာနိသင်ရှိ၏။ ပညာ၌ တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမာသဝ ဘဝါသဝအဝိဇ္ဇာသဝဟူသော အာသဝေါတို့မှ ကောင်းစွာပင်လျှင် လွတ်မြောက်၏ (လွတ်၏)”ဟု (ဟောတော်မူ၏)။

၁။ မြတ်စွာဘုရားတို့နှင့်သာ သက်ဆိုင်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တို့ကို သမ္မာသမ္ဗောဓိဉာဏ်ဟု ဆိုသည်။

သီလပျက်စီးသူ၏ အပြစ်

၁၄၈။ ထိုအခါ မြတ်စွာဘုရားသည် နာဠန္ဒာမြို့၌ အလိုရှိသမျှနေတော်မူပြီးလျှင် “အာနန္ဒာ လာသွားကုန်အံ့၊ ပါဋလိရွာဆီသို့ ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။

ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာတို့နှင့်အတူ ပါဋလိရွာသို့ ကြွရောက်တော် မူ၏။

ပါဋလိရွာသား ဥပါသကာတို့သည် “မြတ်စွာဘုရား ပါဋလိရွာသို့ ရောက်တော်မူ၏”ဟု ကြားကုန်၏၊ ထိုအခါ ပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်ကုန်ပြီးသော် “မြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ ဧည့်တည်းခိုရာ ဇရပ်ကိုလက်ခံတော်မူပါ မြတ်စွာဘုရား”ဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ မြတ်စွာဘုရားသည်ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏။

ထိုအခါ ပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိသဖြင့် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဧည့်တည်းခိုရာဇရပ်သို့ ချဉ်းကပ်ကုန်၍၊ ထိုဧည့်တည်းခိုရာဇရပ်၌ ခင်းနှီးအပြည့် ခင်းခြင်း ထိုင်နေစရာတို့ကို ပြင်ထားခြင်း ရေပြည့်အိုးကြီးကိုတည်ထားခြင်း ဆီမီးထွန်းထားခြင်းတို့ကို ပြုပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြန်ကုန်၏၊ ချဉ်းကပ်ပြီး၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်ပြီးသော် ပါဋလိရွာသား ဥပါသကာတို့သည်မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏—

“အသျှင်ဘုရား ဧည့်တည်းခိုရာ ဇရပ်၌ ခင်းနှီးအပြည့် ခင်းပြီးပါပြီ၊ ထိုင်နေစရာတို့ကိုလည်း ပြင်ထားပြီးပါပြီ၊ ရေပြည့်အိုးကြီးကိုလည်း တည်ထားပြီးပါပြီ၊ ဆီမီးကိုလည်း ထွန်းထားပြီးပါပြီ။ အသျှင်ဘုရား ယခုအခါ၌ ကြွတော်မူရန် အချိန်ကို မြတ်စွာဘုရား သိတော်မူပါသည် (ကြွရန်မှာမြတ်စွာဘုရား၏ အလိုတော်အတိုင်းပင်ဖြစ်ပါသည်)”ဟု (လျှောက်ကုန်၏)။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက်ရဟန်းသံဃာနှင့်အတူ ဧည့်တည်းခိုရာ ဇရပ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခြေဆေးတော်မူ၍ ဧည့်တည်းခိုရာဇရပ်သို့ ဝင်ပြီးသော် အလယ်တိုင်ကို မှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ ထိုင်နေတော်မူ၏။

ရဟန်းသံဃာသည်လည်း ခြေဆေး၍ ဧည့်တည်းခိုရာ ဇရပ်သို့ ဝင်ပြီးသော် အနောက်ဘက် နံရံကိုမှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်နေ၏။

ပါဋလိရွာသား ဥပါသကာတို့သည်လည်း ခြေဆေးကုန်၍ ဧည့်တည်းခိုရာ ဇရပ်သို့ ဝင်ကုန်ပြီးသော်အရှေ့ဘက် နံရံကို မှီလျက် အနောက်အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်နေကုန်၏။

၁၄၉။ ထိုအခါ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာတို့ကို မိန့်တော်မူ၏—

ဥပါသကာတို့ သီလမရှိသူ၏ သီလပျက်ခြင်း၌ ဤငါးပါးသော အပြစ်တို့သည် ရှိကုန်၏။ အဘယ့်ငါးပါးတို့နည်းဟူမူ—

ဥပါသကာတို့ ဤလောက၌ သီလမရှိသော သီလပျက်သောသူသည် မေ့လျော့ခြင်းကြောင့် များစွာ သောစည်းစိမ်ဆုံးရှုံးခြင်းသို့ ရောက်၏၊ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ ရှေးဦးစွာသော အပြစ်ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူ၏ မကောင်းသော ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏၊ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ နှစ်ခုမြောက် အပြစ်ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် မင်းပရိသတ် ရဟန်းပရိသတ် ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ်အလယ်သို့ ချဉ်းကပ်ခဲ့သော် ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာညှိုးငယ်လျက် ချဉ်းကပ်ရ၏၊ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ သုံးခုမြောက် အပြစ်ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် တွေတွေဝေဝေ ဖြစ်လျက်သေရ၏၊ ဤကား သီလမရှိသောသူ၏ သီလပျက်ခြင်း၌ လေးခုမြောက် အပြစ်ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ မကောင်းသောလားရာ ပျက်စီး၍ကျရောက်ရာ ငရဲ၌ ဖြစ်ရ၏၊ ဤကား သီလမရှိသော သူ၏ သီလပျက်ခြင်း၌ ငါးခုမြောက် အပြစ်ပေတည်း။

ဥပါသကာတို့ သီလမရှိသူ၏ သီလပျက်ခြင်း၌ အပြစ်တို့သည် ဤငါးပါးတို့ပေတည်း။

သီလရှိသူ၏ အကျိုး

၁၅ဝ။ ဥပါသကာတို့ သီလရှိသူ၏ သီလပြည့်စုံခြင်း၌ ဤငါးပါးသော အကျိုးအာနိသင်တို့သည်ရှိကုန်၏။ အဘယ်ငါးပါးတို့နည်းဟူမူ—

ဥပါသကာတို့ ဤလောက၌ သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် မမေ့လျော့ခြင်းကြောင့်များစွာသော စည်းစိမ်အစုကို ရ၏၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ ရှေးဦးစွာသော အကျိုး ‘အာနိသင်’ ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူ၏ ကောင်းသော ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ နှစ်ခုမြောက် အကျိုး ‘အာနိသင်’ ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် မင်းပရိသတ်ရဟန်းပရိသတ် ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ် အလယ်သို့ ချဉ်းကပ်ခဲ့ရသော် မကြောက်မရွံ့ မျက်နှာမညှိုးငယ်ဘဲ ချဉ်းကပ်ရ၏၊ ၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ သုံးခုမြောက် အကျိုး ‘အာနိသင်’ ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသော သူသည် တွေဝေခြင်းမရှိ ဘဲသေရ၏၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ လေးခုမြောက် အကျိုး ‘အာနိသင်’ ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် ခန္ဓာကိုယ် ပျက် စီး၍သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်ရ၏၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ ငါးခုမြောက် အကျိုး ‘အာနိသင်’ ပေတည်း။

ဥပါသကာတို့ သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ အကျိုး ‘အာနိသင်’ တို့သည် ဤငါးပါးတို့ပေတည်း”ဟု (မိန့်တော်မူ၏)။

၁၅၁။ ထိုအခါ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာတို့ကို ကြာမြင့်စွာ ညဉ့်အချိန်ပတ်လုံး့ (ညဉ့်နက်သည်တိုင်အောင်) တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးလျှင် “ဥပါသကာတို့ ညဉ့်ဦးယံ လွန်လေပြီ၊ ယခုအခါ၌ သွားရန်အချိန်ကို သင်တို့သိကုန်၏ (သွားရန်မှာ သင်တို့၏ အလိုအတိုင်းပင်ဖြစ်၏)”ဟုပြန်လွှတ် တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရားအား ဝန်ခံပြီး လျှင်နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြု ၍ ပြန်သွားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာတို့ ပြန်သွား၍ မကြာမြင့်မီ ဆိတ် ငြိမ်ရာသို့ ဝင်တော်မူ၏။

ပါဋလိပုတ်ပြည် တည်ခြင်း

၁၅၂။ ထိုစဉ်အခါ၌ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရ (ပုဏ္ဏား) တို့သည်ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ခြင်းငှါ ပါဋလိရွာ၌မြို့တည်ဆောက်လျက် ရှိကုန်၏။

ထိုစဉ်အခါ များစွာကုန်သော နတ်တို့သည်လည်း ထောင်လိုက် ထောင်လိုက် (တစ်ထောင်စီတစ်ထောင်စီ) စုရုံး၍သာလျှင် ပါဋလိရွာ၌ အိမ်ရာတို့ကို သိမ်းပိုက်လျက် ရှိကုန်၏။

တန်ခိုးကြီးသော နတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးကြီးသော မင်းနှင့် အမတ်ကြီး တို့၏အိမ်ရာတည်ဆောက်ရန် စိတ်တို့သည် ညွတ်ကုန်၏။ တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက် သောရပ်ကွက်၌ တန်ခိုးအလတ်စား မင်းနှင့်အမတ်တို့၏ အိမ်ရာတည်ဆောက်ရန် စိတ်တို့သည် ညွတ်ကုန် ၏။ တန်ခိုးနည်းသော နတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးနည်းသော မင်းနှင့်အမတ်တို့၏အိမ်ရာတည်ဆောက်ရန် စိတ်တို့သည် ညွတ်ကုန်၏။

မြတ်စွာဘုရားသည် ထောင်လိုက် ထောင်လိုက် (တစ်ထောင်စီ တစ်ထောင်စီ) စုရုံး၍သာလျှင် ပါဋလိ ရွာ၌အိမ်ရာသိမ်းပိုက်သော ထိုနတ်တို့ကို အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန် သောနတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် မြင်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည်ညဉ့်၏အဆုံး (မိုးသောက်ယံ) ၌ လျောင်းစက်ရာမှ ထတော်မူ၍ “အာနန္ဒာ ပါဋလိရွာ၌မြို့ကို အဘယ်သူတည်ဆောက်နေသနည်း”ဟု အသျှင်အာနန္ဒာကို မေးတော်မူ၏။

အသျှင်ဘုရား မဂဓတိုင်းအမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရ (ပုဏ္ဏား) တို့သည် ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ရန် ပါဋလိရွာ၌မြို့တည်ဆောက်နေပါကုန်၏ဟု (လျှောက်၏)။

အာနန္ဒာ မဂဓတိုင်းအမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရ (ပုဏ္ဏား) တို့သည် ဝဇ္ဇီမင်းတို့ကိုတားဆီးပိတ်ဆို့ရန် ပါဋလိရွာ၌မြို့တည်ဆောက်နေကြသည်မှာ တာဝတိံသာနတ်တို့နှင့် တိုင်ပင်၍ တည်ဆောက်သကဲ့သို့ပင် ရှိချေ၏။

အာနန္ဒာ ထောင်လိုက် ထောင်လိုက် (တစ်ထောင်စီ တစ်ထောင်စီ) စုရုံး၍သာလျှင် ပါဋလိရွာ၌ အိမ်ရာသိမ်းပိုက်သော များစွာသော နတ်တို့ကို ငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် မြင်တော်မူ၏။

အာနန္ဒာ တန်ခိုးကြီးသောနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးကြီးသော မင်းနှင့်အမတ်ကြီးတို့၏ အိမ်ရာတည်ဆောက်ရန် စိတ်တို့သည် ညွတ်ကုန်၏။ တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးအလတ်စား မင်းနှင့်အမတ်တို့၏ အိမ်ရာတည်ဆောက်ရန် စိတ်တို့သည်ညွတ်ကုန်၏။ တန်ခိုးနည်းသော နတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးနည်းသော မင်းနှင့်အမတ်တို့၏ အိမ်ရာတည်ဆောက်ရန် စိတ်တို့သည် ညွတ်ကုန်၏။

အာနန္ဒာ အရိယန် လူမျိုးတို့၏ စုဝေးနေထိုင်ရာ ကူးသန်းရောင်းဝယ်ရာမြို့တို့တွင် ဤမြို့သစ်သည်ကုန်ထုပ်များကို ဖွင့်လှစ်ရောင်းချရာ ပါဋလိပုတ်မည်သော အကြီးဆုံးမြို့ ဖြစ်ပေလတ္တံ့။

အာနန္ဒာ ပါဋလိပုတ်မြို့၌ မီးကြောင့်၊ ရေကြောင့်၊ အချင်းချင်းကွဲပြားမှုကြောင့် ဤသုံးပါးသောအန္တရာယ်တို့သည် ဖြစ်ကုန်လတ္တံ့ဟု (မိန့်တော်မူ၏)။

၁၅၃။ ထိုအခါ မဂဓတိုင်းအမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရ (ပုဏ္ဏား) တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ရပ်ကုန်ပြီးသော် မဂဓတိုင်းအမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရ (ပုဏ္ဏား) တို့သည် “အသျှင်ဘုရား အသျှင်ဂေါတမသည်ရဟန်းသံဃာနှင့်အတူ ယနေ့အဖို့ အကျွန်ုပ်တို့၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု မြတ်စွာဘုရားအားလျှောက်ကုန်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

ထိုအခါ မဂဓတိုင်းအမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရ (ပုဏ္ဏား) တို့သည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိသဖြင့် မိမိတို့အိမ်သို့ ချဉ်းကပ်၍ မိမိတို့အိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကိုစီမံစေပြီးလျှင် “အသျှင်ဂေါတမ အချိန်တန်ပါပြီ (ဆွမ်းပြင်ပြီးပါပြီ)”ဟု မြတ်စွာဘုရားအား အချိန် (တန်ကြောင်း) ကို လျှောက်ကြားစေကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက်ရဟန်းသံဃာနှင့်အတူ မဂဓတိုင်းအမတ်ကြီးများဖြစ်သော သုနိဓနှင့်ဝဿကာရ (ပုဏ္ဏား) တို့၏ အိမ်သို့ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ မဂဓတိုင်းအမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရ (ပုဏ္ဏား) တို့သည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတို့ကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိတို့ကိုယ်တိုင် လုပ်ကျွေးကုန်၏။

ထိုအခါ မဂဓတိုင်းအမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရ (ပုဏ္ဏား) တို့သည် မြတ်စွာဘုရားဆွမ်းစားပြီး၍ သပိတ်မှလက်ကို ဖယ်ပြီးသောအခါ နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသော နေရာ၌ထိုင်နေကုန်၏။

တစ်ခုသော နေရာ၌ ထိုင်နေကုန်သော မဂဓတိုင်းအမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရ (ပုဏ္ဏား) တို့ကို မြတ်စွာဘုရားသည် ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူ၏—

“ပုဏ္ဏားတို့ ပညာရှိသည် အကြင်အရပ်၌ အိမ်ရာဆောက်လုပ် နေထိုင်၏၊ ဤ အရပ်၌ သီလရှိသောကိုယ် နှုတ် နှလုံး စောင့်သုံးသော မြတ်သောအကျင့်ကို ကျင့် သော ပုဂ္ဂိုလ်တို့ကို ဆွမ်းကျွေးပြီးလျှင်—

ထိုအရပ်၌ရှိသော နတ်တို့အား အလှူ၏ အဖို့ကို အမျှပေးဝေရာ၏၊ ဤသို့ အမျှပေးဝေလတ်သော်နတ်တို့သည် ပူဇော်ခံရသဖြင့် ထို (အမျှပေးဝေ) သူကို အတုံ့ပြန်၍ ပူဇော်ကုန်၏၊ မြတ်နိုးခံရသဖြင့်လည်းအတုံ့ပြန်၍ မြတ်နိုးကုန်၏။

ထို့ကြောင့် မိခင်သည် ရင်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ နတ်တို့သည် ထို (အမျှပေးဝေ) သူကိုစောင့်ရှောက်ကုန်၏၊ နတ်တို့စောင့်ရှောက်ခံရသော သူသည် အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာတို့ကိုသာတွေ့မြင်ရလေ၏”ဟု (အနုမောဒနာ ပြုတော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် မဂဓတိုင်းအမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရ (ပုဏ္ဏား) တို့ကိုဤဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူပြီးလျှင် နေရာမှ ထ၍ ကြွတော်မူ၏။

၁၅၄။ ထိုစဉ်အခါ မဂဓတိုင်းအမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရ (ပုဏ္ဏား) တို့သည် “ယနေ့အသျှင်ဂေါတမထွက်သွားရာ တံခါးကို ဂေါတမတံခါးဟု တွင်စေအံ့၊ အသျှင်ဂေါတမကူးရာ ဂင်္ဂါမြစ် ဆိပ်ကိုဂေါတမဆိပ်ဟု တွင်စေအံ့” ဟူ၍ ကြံရွယ်လျက် မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဉ်လိုက် ကုန်၏။

ထိုအခါ မြတ်စွာဘုရား ထွက်သွားရာ တံခါးသည် ဂေါတမတံခါးဟု အမည်တွင်လေ၏၊ ထို့နောက်မြတ်စွာဘုရားသည် ဂင်္ဂါမြစ်သို့ ချဉ်းကပ်တော်မူ၏၊ ထိုစဉ်အခါ၌ ဂင်္ဂါမြစ်သည် (ကမ်းမှာနား၍) ကျီး့သောက်နိုင်လောက်အောင် ကမ်းနှင့်အညီ ရေပြည့်လျက် ရှိ၏။

ကမ်းတစ်ဖက်မှ ကမ်းတစ်ဖက်သို့ သွားရောက်လိုသော အချို့သူတို့သည် လှေကို ရှာကုန်၏၊ အချို့သူတို့သည် သစ်ဖောင်ကို ရှာကုန်၏၊ အချို့သူတို့သည် ဝါးဖောင်ကို ဖွဲ့ကုန်၏။

ထိုအခါ အားရှိသော ယောကျာ်းသည် ကွေးသော လက်မောင်းကို ဆန့်သကဲ့သို့ ဆန့်သောလက်မောင်းကို ကွေးသကဲ့သို့ ဤအတူပင် မြတ်စွာဘုရားသည် ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းမှ ကွယ်ခဲ့၍ထိုမှာဘက်ကမ်း၌ ရဟန်းသံဃာနှင့်အတူ ထင်ရှားဖြစ်တော်မူ၏။

မြတ်စွာဘုရားသည် ကမ်းတစ်ဖက်မှ ကမ်းတစ်ဖက်သို့ သွားရောက်လိုကုန်၍ အချို့က လှေကို ရှာလျက်အချို့က သစ်ဖောင်ကို ရှာလျက် အချို့က ဝါးဖောင်ကို ဖွဲ့လျက်နေသော ထိုသူတို့ကို မြင်တော် မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုအချိန်တွင် ဤဥဒါန်းစကားကိုကျူးရင့်တော်မူ၏—

“နက်ကျယ်လှစွာသော တဏှာမြစ်ကို ကူးသော အရိယာပုဂ္ဂိုလ်တို့သည် (အရိယာ မဂ်) တံတားကိုဆောက်လုပ်၍ ကိလေသာညွန်ပျောင်းတို့ကို ပယ်စွန့်လျက် ကူး သွားကုန်၏၊ လူအပေါင်းသည်ကား (မြစ်ကိုကူးရန်) ဖောင်ကိုဖွဲ့နေရ၏၊ (တဏှာမြစ် ကို) ကူးမြောက်ပြီးသော ပညာရှိအရိယာပုဂ္ဂိုလ်တို့သည်ကား ဖောင်ကို မဖွဲ့ကြရ တော့သည်သာတည်း”၁ဟု (ကျူးရင့်တော်မူ၏)။

ပဌမအခန်း ပြီး၏။

၁။ န တိဏ္ဏာ—ဟူသော မူကွဲအရ ပြန်ဆိုထားသည်။

ဒုတိယအခန်းအပိုင်းပြင်ဆင်

အရိယသစ္စာ လေးပါး

၁၅၅။ ထိုအခါ မြတ်စွာဘုရားသည် “အာနန္ဒာ လာ, သွားကုန်အံ့၊ ကောဋိရွာသို့ ချဉ်းကပ်ကုန် အံ့”ဟုအသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။ ထိုအခါမြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောဋိရွာဆီသို့ ကြွရောက်တော်မူပြီးလျှင်ထိုရွာ၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏—

“ရဟန်းတို့ အရိယသစ္စာလေးပါးတို့ကို လျော်ကန်စွာ မသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့်ငါသည်လည်းကောင်း သင်တို့သည်လည်းကောင်း ရှည်လျားလှစွာသော ဤ (သံသရာ) ကာလပတ်လုံး ပြေးသွားခဲ့ ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။

အဘယ်လေးပါးတို့ကို (မသိခြင်းကြောင့်) နည်းဟူမူ— ရဟန်းတို့ ဆင်းရဲအမှန် ‘ဒုက္ခအရိယသစ္စာ’ ကိုလျော်ကန်စွာ မသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း သင်တို့သည်လည်းကောင်း ရှည်လျားလှစွာသော ဤ (သံသရာ) ကာလပတ်လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။

ရဟန်းတို့ ဆင်းရဲဖြစ်ကြောင်းအမှန် ‘သမုဒယအရိယသစ္စာ’ ကို လျော်ကန်စွာ မသိခြင်းကြောင့်ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း သင်တို့သည်လည်းကောင်း ရှည်လျားလှစွာသော ဤ (သံသရာ) ကာလပတ်လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။

ရဟန်းတို့ ဆင်းရဲချုပ်ရာအမှန် ‘နိရောဓအရိယသစ္စာ’ ကို လျော်ကန်စွာ မသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း သင်တို့သည်လည်းကောင်း ရှည်လျားလှစွာသော ဤ (သံသရာ) ကာလပတ်လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။

ရဟန်းတို့ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ်အမှန် ‘မဂ္ဂအရိယသစ္စာ’ ကို လျော်ကန်စွာ့မသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း သင်တို့သည်လည်းကောင်းရှည်လျား လှစွာသော ဤ (သံသရာ) ကာလပတ်လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။

ရဟန်းတို့ (ငါသည်) ထိုဆင်းရဲအမှန် ‘ဒုက္ခအရိယသစ္စာ’ ကို လျော်ကန်စွာ သိပြီ ထိုးထွင်း၍ သိပြီ၊ ထိုဆင်းရဲဖြစ်ကြောင်းအမှန် ‘သမုဒယအရိယသစ္စာ’ ကို လျော်ကန်စွာ သိပြီ ထိုးထွင်း၍ သိပြီ၊ ထိုဆင်းရဲချုပ်ရာ အမှန် ‘နိရောဓအရိယသစ္စာ’ ကို လျော်ကန်စွာ သိပြီ ထိုးထွင်း၍ သိပြီ၊ ထိုဆင်းရဲချုပ်ရာသိုရောက်ကြောင်းလမ်းစဉ် အမှန် ‘မဂ္ဂအရိယသစ္စာ’ ကို လျော်ကန်စွာ သိပြီ ထိုးထွင်း၍ သိပြီ၊ ဘဝတို့၌တပ်မက်ခြင်း ‘ဘဝတဏှာ’ ကို အကြွင်းမဲ့ဖြတ်ပြီးပြီ၊ ဘဝသစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့်တူစွာဘဝတဏှာသည် ကုန်လေပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီ”ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော စကားကိုလည်း မိန့်တော်မူပြန်၏—

“အရိယသစ္စာလေးပါးတို့ကိုဟုတ်မှန်သောအတိုင်း မသိမြင်ခြင်းကြောင့် ထိုထို ဘဝတို့၌ရှည်လျားလှစွာသော (သံသရာ) ကာလပတ်လုံး ကျင်လည်ခဲ့ရလှလေပြီ၊

ထိုအရိယသစ္စာတို့ကို (ငါသည်) သိမြင်ပေပြီ၊ ဘဝသစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့်တူစွာဘဝတဏှာကို ကောင်းစွာ နုတ်ပယ်ပြီးပေပြီ၊ ဆင်းရဲ၏ အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပေပြီ၊ ယခုအခါတစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီ”ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ထိုကောဋိရွာ၌ နေတော်မူစဉ်လည်း ရဟန်းတို့အား ဤသို့သော တရားစကားကိုသာလျှင် အကြိမ်များစွာ ဟောတော်မူ၏—

“ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလ၌ တည်၍ ဖြစ်စေအပ်သော သမာဓိသည် များသော အကျိုးအာနိသင်ရှိ၏။ သမာဓိ၌ တည်၍ ဖြစ်စေအပ်သော ပညာသည်များသော အကျိုးအာနိသင်ရှိ၏။ ပညာ၌ တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမာသဝ ဘဝါသဝအဝိဇ္ဇာသဝဟူသော အာသဝေါတို့မှ ကောင်းစွာသာလျှင် လွတ်မြောက်၏”ဟု (ဟောတော်မူ၏)။

ပြန်လည်ခြင်း သဘောမရှိ အထက်မဂ်လျှင် လားရာရှိသူ

၁၅၆။ ထိုအခါ မြတ်စွာဘုရားသည် ကောဋိရွာ၌ အလိုရှိသမျှနေတော်မူပြီးလျှင် “အာနန္ဒာ လာ, သွားကုန်အံ့၊ နာတိကရွာသို့ ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။ ထိုအခါမြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ နာတိကရွာဆီသို့ ကြွရောက်တော်မူ၍နာတိကရွာ အုတ်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ထိုင်ပြီးလျှင် မြတ်စွာဘုရားအား ဤသို့မေးလျှောက်၏—

“အသျှင်ဘုရား နာတိကရွာ၌ သာဠှမည်သော ရဟန်းသည် စုတေသွားပါ၏၊ ထို (ရဟန်း) ၏လားရာ ‘ဂတိ’ ကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း။

အသျှင်ဘုရား နာတိကရွာ၌ နန္ဒာမည်သောရဟန်းမိန်းမသည် စုတေသွားပါ၏၊ ထို (ရဟန်းမိန်းမ) ၏လားရာ ‘ဂတိ’ ကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း။

အသျှင်ဘုရား နာတိကရွာ၌ သုဒတ္တမည်သောဥပါသကာသည် စုတေသွားပါ၏၊ ထို (ဥပါသကာ) ၏လားရာ ‘ဂတိ’ ကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း။

အသျှင်ဘုရား နာတိကရွာ၌ သုဇာတာမည်သော ဥပါသိကာမသည် စုတေသွားပါ၏၊ ထို (ဥပါသိကာမ) ၏ လားရာ ‘ဂတိ’ ကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း။

အသျှင်ဘုရား နာတိကရွာ၌ ကုက္ကုဋမည်သောဥပါသကာသည် စုတေသွားပါ၏၊ ထို (ဥပါသကာ) ၏လားရာ ‘ဂတိ’ ကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း။

အသျှင်ဘုရား နာတိကရွာ၌ ကာဠိမ္ဗမည်သော ဥပါသကာသည်။ပ။

အသျှင်ဘုရား နာတိကရွာ၌ နိကဋမည်သော ဥပါသကာသည်။ပ။ ကဋိဿဟမည်သော ဥပါသကာသည်။ တုဋ္ဌမည်သော ဥပါသကာသည်။ သန္တုဋ္ဌမည်သော ဥပါသကာသည်။ ဘဒမြည်သော ဥပါ သကာသည်။ သုဘဒမြည်သော ဥပါသကာသည် စုတေသွားပါ၏၊ ထို (ဥပါသကာ) ၏ လားရာ ‘ဂတိ’ ကားအဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း”ဟု (မေးလျှောက်၏)။

၁၅၇။ အာနန္ဒာ သာဠှမည်သော ရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါ ကင်းသောလွတ်မြောက်သည့် (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သည့် (အရဟတ္တဖိုလ်) ပညာကို ယခု ဘဝ၌ပင်ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေသော ရဟန္တာပေတည်း။

အာနန္ဒာ နန္ဒာမည်သော ရဟန်းမိန်းမသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့်ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ် ပဋိသန္ဓေနေ၍ ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့သော ထိုဘုံမှ ပြန်လည်ခြင်းသဘောမရှိသော အနာဂါမ်ပေတည်း။

အာနန္ဒာ သုဒတ္တမည်သော ဥပါသကာသည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်သည့်ပြင် တပ်မက်ခြင်း ‘ရာဂ’ အမျက်ထွက်ခြင်း ‘ဒေါသ’ တွေဝေခြင်း ‘မောဟ’ တို့၏လည်း ခေါင်းပါးခြင်းကြောင့် ဤလူ့ပြည်သို့ တစ်ကြိမ်သာလျှင်လာ၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့သော သကဒါဂါမ်ပေတည်း။

အာနန္ဒာ သုဇာတာမည်သော ဥပါသိကာမသည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော၁ အထက်မဂ်သုံးပါးလျှင်လားရာရှိသော သောတာပန်ပေတည်း။

အာနန္ဒာ ကုက္ကုဋမည်သော ဥပါသကာသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့်ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ်ပဋိသန္ဓေနေ၍ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့သော ထိုဘုံမှ ပြန်လည်ခြင်းသဘောမရှိသော အနာဂါမ်ပေတည်း။

အာနန္ဒာ ကာဠိမ္ဗမည်သော ဥပါသကာသည်။ပ။ နိကဋမည်သော ဥပါသကာသည်။ ကဋိဿဟမည်သော ဥပါသကာသည်။ တုဋ္ဌမည်သော ဥပါသကာသည်။ သန္တုဋ္ဌမည်သော ဥပါသကာသည်။ ဘဒ္ဒမည်သော ဥပါသကာသည်။ သုဘဒမြည်သော ဥပါသကာသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ်ပဋိသန္ဓေ နေ၍ ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့သော ထိုဘုံမှပြန်လည်ခြင်းသဘောမရှိသော အနာဂါမ်ပေ တည်း။

အာနန္ဒာ နာတိကရွာမှ စုတေသွားကြသော ဥပါသကာ ငါးကျိပ်ကျော်တို့သည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ်ပဋိသန္ဓေနေ၍ ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့သော ထိုဘုံမှ ပြန်လည်ခြင်းသဘောမရှိသော အနာဂါမ်တို့ပေတည်း။

အာနန္ဒာ နာတိကရွာမှ စုတေသွားကြသော ဥပါသကာ ကိုးကျိပ်ကျော်တို့သည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်သည့်ပြင် တပ်မက်ခြင်း ‘ရာဂ’ အမျက်ထွက်ခြင်း ‘ဒေါသ’ တွေဝေခြင်း ‘မောဟ’ တို့၏လည်း ခေါင်းပါးခြင်းကြောင့် ဤလူ့ပြည်သို့ တစ်ကြိမ်သာလာ၍ ဆင်းရဲ၏အဆုံး ကိုပြုလတ္တံ့သော သကဒါဂါမ်တို့ပေတည်း။

အာနန္ဒာ နာတိကရွာမှ စုတေသွားကြသော ဥပါသကာ ငါးရာကျော်တို့သည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက် မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်တို့ပေတည်း။

၁။ သုဂတိ၌သာ ဖြစ်ရန် ကိန်းသေမြဲသော၊ တစ်နည်း ဆင်းရဲ၏အဆုံးသို့ရောက်ရန် ကိန်းသေမြဲသော။

ဓမ္မာဒါသ ဓမ္မပရိယာယ ကြေးမုံတရား

၁၅၈။ အာနန္ဒာ ဤအရာသည် အံ့ဖွယ် မဟုတ်၊၁ အာနန္ဒာ လူသေတိုင်းသေတိုင်းပင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ဤအကြောင်းအရာကို မေးမြန်းနေကြလျှင် မြတ်စွာဘုရားအား ပင်ပန်းစေရုံမျှသာ ဖြစ်ရာ၏။

အာနန္ဒာ ထို့ကြောင့် ကြေးမုံတရားမည်သော ဒေသနာတော်ကို ဟောကြားပေအံ့။

အကြင် (ကြေးမုံတရား) နှင့် ပြည့်စုံသော အရိယာသာဝကသည် ပြောကြားလိုပါမူ “ငါ့အား ငရဲ၌ ဖြစ်ရန်မရှိပြီ၊ တိရစ္ဆာန်ဘုံ၌ ဖြစ်ရန် မရှိပြီ၊ ပြိတ္တာဘုံ၌ ဖြစ်ရန် မရှိပြီ၊ အပါယ်ဒုဂ္ဂတိသို့ ပျက်စီး၍ ကျရောက်ရန်မရှိပြီ၊ ငါသည် သောတာပန်ဖြစ်ပြီ၊ ပျက်စီးကျရောက်တတ်သောသဘော မရှိပြီ၊ ကိန်းသေမြဲနေပြီ၊ အထက်မဂ်သုံးပါးသာလျှင် လားရာရှိတော့၏”ဟု မိမိကိုယ်တိုင်ပင် မိမိအကြောင်းကို ပြောကြား နိုင်ပေ၏။

၁၅၉။ အာနန္ဒာ အကြင် (ကြေးမုံတရား) နှင့် ပြည့်စုံသော (အရိယာသာဝက) သည် ပြောကြားလိုပါမူ “ငါ့အား ငရဲ၌ ဖြစ်ရန် မရှိပြီ၊ တိရစ္ဆာန်ဘုံ၌ ဖြစ်ရန် မရှိပြီ၊ ပြိတ္တာဘုံ၌ ဖြစ်ရန် မရှိပြီ၊ အပါယ်ဒုဂ္ဂတိသို့ ပျက်စီး၍ ကျရောက်ရန် မရှိပြီ၊ ငါသည် သောတာပန်ဖြစ်ပြီ၊ ပျက်စီးကျရောက်တတ်သောသဘော မရှိပြီ၊ ကိန်းသေမြဲနေပြီ၊ အထက်မဂ်သုံးပါးသာလျှင်လားရာရှိတော့၏”ဟု မိမိကိုယ်တိုင်ပင် မိမိအကြောင်းကို ပြောကြားနိုင်ပေ၏၊ ကြေးမုံတရားမည်သောထိုဒေသနာကား အဘယ်နည်း။

အာနန္ဒာ ဤ (သာသနာတော်) ၌ အရိယာသာဝကသည် မြတ်စွာဘုရားကို ဉာဏ်ဖြင့် တွေ့မြင်၍ (တုန်လှုပ်ခြင်းမရှိသော) ကြည်ညိုခြင်းနှင့် ပြည့်စုံ၏—

“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူပါပေ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူပါပေ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူပါပေ၏၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူပါပေ၏၊ လောကကို သိတော်မူသောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူပါပေ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာ ရထိ’ မည်တော်မူပါပေ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူပါ ပေ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူပါပေ၏”ဟု (ဉာဏ်ဖြင့် တွေ့မြင်၍ တုန်လှုပ်ခြင်းမရှိသော ကြည်ညိုခြင်းနှင့် ပြည့် စုံ၏)။ တရားတော်ကို ဉာဏ်ဖြင့် တွေ့မြင်၍ (တုန်လှုပ်ခြင်းမရှိသော) ကြည်ညိုခြင်းနှင့် ပြည့်စုံ၏—

“မြတ်စွာဘုရားဟောသော တရားတော်သည် ကောင်းစွာဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါ့ပေတည်း၊ လာလှည့် ရှုလှည့်ဟု ပြထိုက်သော တရားတော်ပါပေတည်း၊ (မိမိ၏ ကိုယ်ထဲစိတ်ထဲ၌) ဆောင် ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်ငသိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု (ဉာဏ်ဖြင့် တွေ့မြင်၍ တုန်လှုပ်ခြင်းမရှိသောကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။ သံဃာတော်ကို ဉာဏ်ဖြင့် တွေ့မြင်၍ (တုန်လှုပ်ခြင်းမရှိသော) ကြည်ညိုခြင်းနှင့် ပြည့်စုံ၏—

“မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် ကောင်းသောအကျင့် ရှိပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် ဖြောင့်မတ်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် မှန်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် လျော်ကန်သောအကျင့် ရှိတော်မူပါ ပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန်ထိုက်တန်တော်မူပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုစုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏”ဟု (ဉာဏ်ဖြင့် တွေ့မြင်၍ တုန်လှုပ်ခြင်းမရှိသော ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။ တဏှာ၏ ကျွန်အဖြစ်မှ ကျွတ်လွတ်စေတတ်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ (မှားယွင်းစွာ) မသုံးသပ်အပ်ကုန်သော၊ သမာဓိကို ဖြစ်စေတတ်ကုန်သော၊ မကျိုး မပေါက် မပြောက်မကျား ကုန်သော၊ အရိယာတို့ မြတ်နိုးအပ်ကုနသော သီလတို့နှင့် ပြည့်စုံ၏။ အာနန္ဒာ အကြင် (ကြေးမုံတရား) နှင့်ပြည့်စုံသော အရိယာသာဝကသည် ပြောကြားလိုပါမူ “ငါ့အား ငရဲ၌ဖြစ်ရန် မရှိပြီ၊ တိရစ္ဆာန်ဘုံ၌ ဖြစ်ရန် မရှိပြီ၊ ပြိတ္တာဘုံ၌ ဖြစ်ရန် မရှိပြီ၊ အပါယ်ဒုဂ္ဂတိသို့ ပျက်စီး၍ကျရောက်ရန် မရှိပြီ၊ ငါသည် သောတာပန်ဖြစ်ပြီ၊ ပျက်စီး၍ ကျရောက်တတ်သော သဘောမရှိပြီ၊ ကိန်းသေမြဲနေပြီ၊ အထက်မဂ်သုံးပါးလျှင် လားရာရှိတော့၏”ဟု ကိုယ်တိုင်ပင် မိမိအကြောင်းကိုပြောကြားနိုင်ပေ၏၊ ကြေးမုံတရားမည်သော ထိုဒေသနာကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ထိုနာတိကရွာ အုတ်ကျောင်း၌ နေတော်မူစဉ်လည်း ဤသို့သော တရားစကားကိုသာလျှင် ရဟန်းတို့အား အကြိမ်များစွာ ဟောတော်မူ၏—

“ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း၊ သီလ၌ တည်၍ ဖြစ်စေအပ်သော သမာဓိသည် များသော အကျိုး ‘အာနိသင်’ ရှိ၏။ သမာဓိ၌ တည်၍ ဖြစ်စေအပ်သော ပညာသည် များသော အကျိုး ‘အာနိသင်’ ရှိ၏။ ပညာ၌ တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမာသဝဘဝါသဝအဝိဇ္ဇာသဝ ဟူသော အာသဝေါတို့မှ ကောင်းစွာသာလျှင် လွတ်မြောက်၏”ဟု (ဟောတော်မူ၏)။

၁၆ဝ။ ထိုအခါ မြတ်စွာဘုရားသည် နာတိကရွာ၌ အလိုရှိသမျှနေတော်မူပြီးလျှင် “အာနန္ဒာ လာ, သွားကုန်အံ့၊ ဝေသာလီပြည်သို့ ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။ ထိုအခါမြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ဝေသာလီပြည်ဆီသို့ ကြွရောက်တော်မူ၏။

မြတ်စွာဘုရားသည် ထိုဝေသာလီပြည် အမ္ဗပါလီ၏ အ၇ံ ဥယျာဉ်၌ နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏—

“ရဟန်းတို့ ရဟန်းသည် သတိရှိလျက် ဆင်ခြင်လျက် နေရာ၏၊ ဤကား သင်တို့အတွက် ငါတို့၏အဆုံးအမပေတည်း။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သတိရှိရာသနည်း။ ရဟန်းတို့ဤ (သာသနာတော်) ၌ ရဟန်းသည် ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် ရုပ်အပေါင်း၌့ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက် လောက၌ (ဖြစ်တတ်သော) လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကိုပယ်ဖျောက်၍ နေ၏၊ ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် ခံစားမှု ‘ဝေဒနာ’ တို့၌ခံစားမှု ‘ဝေဒနာ’ဟု အဖန်ဖန် ရှုလျက်။ ပ။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက်။ ပ။ သဘောတရားတို့၌သဘောတရားဟု အဖန်ဖန်ရှုလျက် လောက၌ (ဖြစ်တတ်သော) လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကိုပယ်ဖျောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သတိရှိပေ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆင်ခြင်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်ရှေ့သို့တက်ရာ၌ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာ တစောင်း ကြည့်ရာ၌ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ် သင်္ကန်း ကိုဆောင်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာလျက်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဆင်ခြင်ပေ၏။ ရဟန်း တို့ ရဟန်းသည် သတိရှိလျက် ဆင်ခြင်လျက် နေရာ၏၊ ဤကား သင်တို့အတွက် ငါတို့၏အဆုံးအမပေတည်း”ဟု (မိန့်တော်မူ၏)။

၁။ သေသွားသူ၏ လားရာဂတိနှင့် တမလွန်ဘဝ အကြောင်းအရာကို ပြောကြားမှုသည် တရားနှင့် ပြည့်စုံသူတိုင်း ကိုယ်တိုင်ပင် ပြုနိုင်သော အမှုဖြစ်၍ ဘုရားကိုယ်တိုင် ဆောင်ရွက်ရလောက်အောင် ခက်ခဲသော အံ့ဖွယ် အထူးအဆန်းမဟုတ်ဟု ဆိုလို၏။

အမ္ဗပါလီ ပြည့်တန်ဆာမ

၁၆၁။ အမ္ဗပါလီပြည့်တန်ဆာမသည် မြတ်စွာဘုရား ဝေသာလီပြည်သို့ ဆိုက်ရောက်၍ မိမိ၏သရက်တောဥယျာဉ်၌ နေတော်မူကြောင်းကို ကြားလေ၏။ ထိုအခါ အမ္ဗပါလီပြည့်တန်ဆာမသည် ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့ကို ကစေပြီးလျှင် ကောင်းသော ယာဉ်ကို စီးလျက် ကောင်းကုန်ကောင်း ကုန်သော (အရံ) ယာဉ်တို့နှင့်တကွ ဝေသာလီပြည်မှ ထွက်၍ မိမိအရံ (ဥယျာဉ်) ဆီသို့သွားလေ၏။ ယာဉ်ဖြင့် သွားသင့်သမျှသော အရပ်ကို ယာဉ်ဖြင့်သာ သွား၍ ယာဉ်မှ သက်ပြီးသော်ခြေကျင်သာလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ထိုင်နေ၏။

တစ်ခုသော နေရာ၌ ထိုင်နေသော အမ္ဗပါလီပြည့်တန်ဆာမအား မြတ်စွာဘုရားသည် တရား စကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေသည်ရှိသော် အမ္ဗပါလီပြည့်တန်ဆာမသည် “အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်တကွ နက်ဖြန်အဖို့ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု မြတ်စွာဘုရားအား လျှောက်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

ထိုအခါ အမ္ဗပါလီပြည့်တန်ဆာမသည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍ နေရာမှထကာမြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

ဝေသာလီပြည်၌ နေကုန်သော လိစ္ဆဝီ (မင်း) တို့သည် မြတ်စွာဘုရား ဝေသာလီပြည်သို့ ရောက်၍့အမ္ဗပါလီ၏ ဥယျာဉ်၌ နေတော်မူကြောင်းကို ကြားလေကုန်၏။ ထိုအခါ ထိုလိစ္ဆဝီ (မင်း) တို့သည်ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့ကို ကစေပြီးလျှင် ကောင်းသော ကောင်းသော ယာဉ်ကို စီး၍ကောင်းကုန် ကောင်းကုန်သော (အရံ) ယာဉ်တို့နှင့်တကွ ဝေသာလီပြည်မှ ထွက်သွားကုန်၏။

ထို (လိစ္ဆဝီမင်းတို့) တွင် အချို့သော လိစ္ဆဝီ (မင်း) တို့သည် ညိုသောအဝတ် ညိုသောတန်ဆာရှိကြ၍ညိုသောအဆင်း အရောင် ရှိကုန်၏။

အချို့သော လိစ္ဆဝီ (မင်း) တို့သည် ဝါသောအဝတ် ဝါသောတန်ဆာရှိကြ၍ ဝါသောအဆင်း အရောင်ရှိကုန်၏။

အချို့သော လိစ္ဆဝီ (မင်း) တို့သည် နီသောအဝတ် နီသောတန်ဆာရှိကြ၍ နီသောအဆင်း အရောင်ရှိကုန်၏။

အချို့သော လိစ္ဆဝီ (မင်း) တို့သည် ဖြူသောအဝတ် ဖြူသောတန်ဆာရှိကြ၍ ဖြူသောအဆင်းအရောင်ရှိကုန်၏။

ထိုအခါ အမ္ဗပါလီပြည့်တန်ဆာမသည် (အသက်အရွယ်) ငယ်ကုန် ငယ်ကုန်သော လိစ္ဆဝီ (မင်း) တို့၏ (ရထားတို့ကို မိမိရထားနှင့်) ဝင်ရိုးချင်း ဘီးချင်း ထမ်းပိုးချင်း တိုက်ခိုက်စေ၏။

ထိုအခါ ထိုလိစ္ဆဝီ (မင်း) တို့သည် “ဟယ် အမ္ဗပါလီ (သင်သည်) အသက်အရွယ် ငယ်ကုန် ငယ် ကုန်သောလိစ္ဆဝီ (မင်း) တို့၏ (ရထားတို့ကို သင်၏ ရထားနှင့်) ဝင်ရိုးချင်း ဘီးချင်း ထမ်းပိုးချင်း အဘယ့်ကြောင့်တိုက်ခိုက်စေဘိသနည်း”ဟု အမ္ဗပါလီပြည့်တန်ဆာမကို ဆိုကုန်၏။

အရှင့်သားတို့ ရဟန်းသံဃာနှင့်တကွ မြတ်စွာဘုရားကို နက်ဖြန်ခါ ဆွမ်းဘုဉ်းပေးရန် အကျွန်ုပ်ပင့်ခဲ့ပါပြီ၊ ထို့ကြောင့် (တိုက်ခိုက်စေပါသည်)ဟု အမ္ဗပါလီက ပြန်ပြော၏။

ဟယ် အမ္ဗပါလီ ထိုဆွမ်းကို (အသပြာ) တစ်သိန်းဖြင့် ပေးပါလော့ဟု (ဆိုကြကုန်၏)။

အရှင့်သားတို့ တိုင်းခရိုင်နှင့်တကွ ဝေသာလီပြည်ကို အကျွန်ုပ်အား ပေးစေကာမူ ထိုဆွမ်းကို အကျွန်ုပ်မပေးနိုင်ပါဟု (ပြန်ပြော၏)။

ထိုအခါ ထိုလိစ္ဆဝီ (မင်း) တို့သည်လည်း “ငါတို့ကို မိန်းမက နိုင်သွားပြီ အမောင်တို့၊ ငါတို့ကို မိန်းမကနိုင်သွားပြီ အမောင်တို့”ဟု (ဆိုလျက်) လက်ဖျားခါကုန်၏။

ထို့နောက် ထိုလိစ္ဆဝီ (မင်း) တို့သည် (အမ္ဗပါလီပြည့်တန်ဆာမ၏) အရံ (ဥယျာဉ်) သို့ သွားလေ ကုန်၏။ မြတ်စွာဘုရားသည် လာနေသော ထိုလိစ္ဆဝီ (မင်း) တို့ကို အဝေးမှပင် မြင်တော်မူ၍ ရဟန်းတို့ကို ဤသို့မိန့်တော်မူ၏—

“ရဟန်းတို့ တာဝတိံသာနတ်တို့ကို မမြင်ဖူးသော ရဟန်းတို့သည် လိစ္ဆဝီပရိသတ်ကို ကြည့်ရှုကုန်လော့၊ လိစ္ဆဝီပရိသတ်ကို အဖန်ဖန်ကြည့်ရှုကုန်လော့၊ လိစ္ဆဝီပရိသတ်ကို တာဝတိံသာ နတ်ပရိသတ် နှင့်အတူထား၍ ကြည့်ရှုကုန်လော့”ဟု (မိန့်တော်မူ၏)။

ထိုအခါ ထိုလိစ္ဆဝီ (မင်း) တို့သည် ယာဉ်ဖြင့် သွားသင့်သမျှ အရပ်ကို ယာဉ်ဖြင့်သွား၍ ယာဉ်မှသက်ပြီးသော် ခြေကျင်သာလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။

တစ်ခုသော နေရာ၌ ထိုင်နေကုန်သော ထိုလိစ္ဆဝီ (မင်း) တို့အား မြတ်စွာဘုရားသည် တရား စကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေသည်ရှိသော် ထိုလိစ္ဆဝီ (မင်း) တို့သည် “အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့် အတူ နက်ဖြန်အဖို့ အကျွန်ုပ်တို့၏ ဆွမ်းကို့လက်ခံတော်မူပါ”ဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “လိစ္ဆဝီ (မင်း) တို့ နက်ဖြန်အဖို့ အမ္ဗပါလီ ပြည့်တန်ဆာမ၏ ဆွမ်းကို ငါလက်ခံလိုက်ပြီ”ဟုထိုလိစ္ဆဝီ (မင်း) တို့အား မိန့် တော်မူ၏။

ထိုအခါ ထိုလိစ္ဆဝီမင်းတို့သည် “ငါတို့ကို မိန်းမက နိုင်သွားပြီ အမောင်တို့၊ ငါတို့ကို မိန်းမကနိုင်သွားပြီ အမောင်တို့”ဟု (ဆိုလျက်) လက်ဖျားခါကုန်၏၊

ထို့နောက် ထိုလိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို အလွန်နှစ်သက်၍အနုမောဒနာပြုပြီးနောက် နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဖဲခွါသွားကုန်၏။

၁၆၂။ ထိုအခါ အမ္ဗပါလီပြည့်တန်ဆာမသည် ထိုညဉ့်လွန်မြောက်ပြီးနောက် မိမိအာရာမ် (ဥယျာဉ်) ၌မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီမံစေပြီးလျှင် “အသျှင်ဘုရား အချိန်တန်ပါပြီ (ဆွမ်းပြင်ပြီးပါပြီ)”ဟုမြတ်စွာဘုရားအား အချိန် (တန်ကြောင်း) ကို လျှောက်စေ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌သင်္ကန်းကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကို ယူလျက် ရဟန်းသံဃာနှင့်အတူ အမ္ဗပါလီပြည့်တန်ဆာမအိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ အမ္ဗပါလီပြည့်တန်ဆာမသည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည်တိုင်အောင် တားမြစ်သည်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။

မြတ်စွာဘုရားဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ အမ္ဗပါလီပြည့်တန်ဆာမသည် နိမ့်သောထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် “အသျှင်ဘုရား အကျွန်ုပ်သည် ဤအရံ (ဥယျာဉ်) ကို ဘုရားအမှူးရှိသော ရဟန်းသံဃာအား လှူပါ၏”ဟု မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားသည် ထို အရံ (ဥယျာဉ်) ကို အလှူခံတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် အမ္ဗပါလီပြည့်တန်ဆာမကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပြီးလျှင်နေရာမှ ထ၍ ကြွသွားတော်မူ၏။

မြတ်စွာဘုရားသည် ထိုဝေသာလီပြည် အမ္ဗပါလီပြည့်တန်ဆာမ၏ အရံ (ဥယျာဉ်) ၌ နေတော်မူစဉ် လည်းရဟန်းတို့အား ဤသို့သော တရားစကားကိုသာလျှင် အကြိမ်များစွာ ဟောတော်မူ၏—

“ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း၊ သီလ၌ တည်၍ ဖြစ်စေအပ်သော သမာဓိသည် များစွာသော အကျိုး ‘အာနိသင်’ ရှိ၏။ သမာဓိ၌ တည်၍ ဖြစ်စေအပ်သော ပညာသည် များစွာသော အကျိုး ‘အာနိသင်’ ရှိ၏။ ပညာ၌ တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမာသဝဘဝါသဝ အဝိဇ္ဇာသဝ ဟူသော အာသဝေါတို့မှ ကောင်းစွာသာလျှင် လွတ်မြောက်၏”ဟု (ဟောတော်မူ၏)။

ဝေဠုဝရွာ၌ ဝါဆိုတော်မူခြင်း

၁၆၃။ ထိုအခါ မြတ်စွာဘုရားသည် အမ္ဗပါလီပြည့်တန်ဆာမ၏ အရံ (ဥယျာဉ်) ၌ အလိုရှိသမျှနေတော်မူပြီးလျှင် “အာနန္ဒာ လာ, သွားကုန်အံ့၊ ဝေဠုဝမည်သော ရွာသို့ ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။

ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ဝေဠုဝရွာဆီသို့ ကြွရောက်တော် မူ၏၊ မြတ်စွာဘုရားသည် ထိုဝေဠုဝရွာ၌ နေတော်မူစဉ် ရဟန်းတို့ကို မိန့်တော်မူ၏—

“ရဟန်းတို့ လာကုန်လော့၊ သင်တို့သည် ဝေသာလီပြည်၏ ပတ်ဝန်းကျင်ဝယ် မိတ်ဆွေ အသိအကျွမ်းများ ရှိရာ၌ ဝါကပ်ကုန်လော့၊ ငါမူကား ဤဝေဠုဝရွာ၌သာလျှင် ဝါကပ်အံ့”ဟု (မိန့်တော် မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ဝေသာလီပြည်၏ ပတ်ဝန်းကျင်ဝယ် မိတ်ဆွေ အသိအကျွမ်းရှိရာ၌ ဝါကပ်ကုန်၏။ မြတ်စွာဘုရားသည်ကားထိုဝေဠုဝ ရွာ၌သာလျှင် ဝါကပ်တော်မူ၏။

၁၆၄။ ထို့နောက် ဝါကပ်ပြီးသောအခါ မြတ်စွာဘုရားအား ကြမ်းတမ်းသောရောဂါ ကပ်ရောက်လျက်သေလောက်အောင် ပြင်းထန်သော ဝေဒနာသည် ဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် သတိရှိလျက်ဆင်ခြင်လျက် ပင်ပန်းသည်ဟု မရေတွက်ဘဲ သည်းခံတော်မူ၏။

ထိုအခါ “ငါသည် အလုပ်အကျွေးတို့ကို မသိစေမူ၍ ရဟန်းသံဃာကို မပန်ကြားမူ၍ ပရိနိဗ္ဗာန်ပြုခြင်းငှါ မလျောက်ပတ်၊ ငါသည် ဤရောဂါကို (ဘာဝနာ) ဝီရိယဖြင့် ပယ်ခွါ၍ အသက်ရှည်စေနိုင်သောသမာပတ်ကို ဝင်စားလျက်နေရမူ ကောင်းလေစွ”ဟု မြတ်စွာဘုရားအား အကြံ ဖြစ်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ထိုရောဂါကို (ဘာဝနာ) ဝီရိယဖြင့် ပယ်ခွါ၍ အသက်ရှည်စေနိုင်သောသမာပတ်ကို ဝင်စားလျက် နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရား၏ ထိုရောဂါသည် ငြိမ်းလေ၏။

ထို့နောက် အနာရောဂါမှ ထမြောက်ပြီးသော မြတ်စွာဘုရားသည် အနာရောဂါမှ ထမြောက်၍ မကြာမီကျောင်းမှ ထွက်တော်မူ၍ ကျောင်းအရိပ်တွင် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

“အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ ချမ်းသာတော်မူခြင်းကို တွေ့မြင်ရပါပေပြီ၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ ကျန်းမာတော်မူခြင်းကို တွေ့မြင်ရပါပေပြီ၊ အသျှင် ဘုရားဤသို့ ယခု တွေ့မြင်ရသော်လည်း မြတ်စွာဘုရား မကျန်းမာတော်မူခြင်းကြောင့် အကျွန်ုပ်၏ခန္ဓာကိုယ်သည် လေးလံတောင့်တင်း နေသကဲ့သို့ ဖြစ်ပါသည်၊ အကျွန်ုပ်အား အရပ်မျက်နှာတို့သည်လည်း မကွဲပြားပါကုန်၊ အကျွန်ုပ်အား (သတိပဋ္ဌာန် အစရှိသော) တရားတို့သည်လည်း မထင်ပေါ်ပါကုန်၊ အသျှင်ဘုရား သို့ဖြစ်သော်လည်း မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့် စပ်လျဉ်း၍တစ်စုံတစ်ရာ (မှာထားချက်) ကို မြွက်ကြားတော်မမူရသေးသမျှ ကာလပတ်လုံး မြတ်စွာဘုရားသည်ပရိနိဗ္ဗာန်စံဝင်တော်မူလိမ့်မည် မဟုတ်ဟု (အောက်မေ့နေသောကြောင့်သာ) အကျွန်ုပ်အား အနည်း ငယ်သက်သာခွင့်ရရှိပါတော့သည်”ဟု (လျှောက်၏)။

၁၆၅။ အာနန္ဒာ ရဟန်းသံဃာသည် ငါ့ထံမှ အဘယ်အရာကို မျှော်လင့်နေသေးသနည်း၊ အာနန္ဒာငါသည် အတွင်းအပြင် မထားဘဲ တရားကို ဟောခဲ့ပြီ၊ အာနန္ဒာ မြတ်စွာဘုရားတို့မည်သည်မှာ တရားတို့ (အရာ) ၌ ‘ဆရာ့ လက်ဆုပ်’ ပြုထားသော လျှို့ဝှက်ချက် မရှိချေ။

အာနန္ဒာ “ရဟန်းသံဃာကို ငါသာလျှင် သိမ်းယူထားအံ့” ဟူ၍လည်းကောင်း၊ “ရဟန်းသံဃာသည်ငါ့ကိုသာလျှင် အားကိုးခြင်းရှိနေစေ” ဟူ၍လည်းကောင်း အကြင်သူအား ဤသို့ လိုလားခြင်းရှိရာ၏၊ ထိုသူသည်သာလျှင် ရဟန်းသံဃာနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ (မှာထားချက်) ကို မြွက်ဆိုရာ၏။

အာနန္ဒာ မြတ်စွာဘုရားမှာမူကား “ရဟန်းသံဃာကို ငါသာလျှင် သိမ်းယူထားအံ့” ဟူ၍လည်းကောင်း၊ “ရဟန်းသံဃာသည် ငါ့ကိုသာလျှင် အားကိုးခြင်းရှိနေစေ” ဟူ၍လည်းကောင်း ဤသို့သောလိုလားခြင်းသည် မရှိချေ၊ အာနန္ဒာ ထိုသို့ လိုလားခြင်းမရှိသော မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ (မှာထားချက်) ကို အဘယ်မှာ မြွက်ကြားတော့အံ့နည်း။

အာနန္ဒာ ယခုအခါ ငါသည် အိုမင်းကြီးရင့်လှပါပြီ၊ အရွယ်လွန်နေပါပြီ၊ အဆုံးပိုင်းသို့ ရောက်နေပါပြီ၊ ငါ့အသက် ရှစ်ဆယ်ရှိနေပါပြီ။ အာနန္ဒာ လှည်းအိုသည် ဖွဲ့စည်းတုပ်နှောင်ခြင်းဖြင့် တည်တံ့သကဲ့သို့ ဤအတူပင် မြတ်စွာဘုရား၏ ခန္ဓာကိုယ်သည် ဖွဲ့စည်းတုပ်နှောင်ခြင်းနှင့်တူသော ဖလသမာပတ်ဖြင့် တည်တံ့လျက်ရှိ၏။

အာနန္ဒာ အကြင်အခါ မြတ်စွာဘုရားသည် အလုံးစုံသော အာရုံနိမိတ်တို့ကို နှလုံးမသွင်းခြင်းကြောင့်လည်းကောင်း၊ အချို့သော ဝေဒနာတို့၏ ချုပ်ခြင်းကြောင့်လည်ကောင်း သင်္ခါရနိမိတ်ကို အာရုံမပြုသော (အရဟတ္တဖိုလ် စိတ်နှင့်ယှဉ်သော) သမာဓိသို့ ရောက်၍ နေ၏၊ အာနန္ဒာ ထိုအခါ မြတ်စွာဘုရား၏ ခန္ဓာကိုယ်သည် သာလွန်၍ ချမ်းသာပေ၏။

အာနန္ဒာ ထို့ကြောင့် (သင်တို့သည်) မိမိကိုယ်ကိုသာ မှီခိုရာပြု၍ မိမိမှတစ်ပါး ကိုးကွယ်ရာမရှိဘဲမိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေကုန်လော့၊ တရားကိုသာ မှီခိုရာပြု၍ တရားမှတစ်ပါး ကိုးကွယ်ရာမရှိဘဲ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေကုန်လော့။

အာနန္ဒာ အဘယ်သို့လျှင် ရဟန်းသည် မိမိကိုယ်ကိုသာ မှီခိုရာပြု၍ မိမိမှတစ်ပါး ကိုးကွယ်ရာမရှိဘဲမိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေသနည်း၊ တရားကိုသာ မှီခိုရာပြု၍ တရားမှတစ်ပါး ကိုးကွယ်ရာမရှိဘဲ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေသနည်း။

အာနန္ဒာ ဤ (သာသနာတော်) ၌ ရဟန်းသည် ပြင်းစွာ အားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက်ရုပ်ကိုယ်၌ ‘ရုပ်ကိုယ်’ဟု အဖန်ဖန်ရှုလျက် လောက၌ (ဖြစ်တတ်သော) လိုချင်တပ်မက်ခြင်းနှင့်နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏၊ ပြင်းစွာ အားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက်ခံစားမှု ‘ဝေဒနာ’ တို့၌ ခံစားမှု ‘ဝေဒနာ’ဟု အဖန်ဖန်ရှုလျက်။ပ။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက်။ပ။ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှုလျက် လောက၌ (ဖြစ်တတ်သော) လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။

အာနန္ဒာ ဤသို့လျှင် ရဟန်းသည် မိမိကိုယ်ကိုသာ မှီခိုရာပြု၍ မိမိမှတစ်ပါး ကိုးကွယ်ရာမရှိဘဲမိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေ၏၊ တရားကိုသာ မှီခိုရာပြု၍ တရားမှတစ်ပါး ကိုးကွယ်ရာမရှိဘဲတရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေ၏။

အာနန္ဒာ အကြင်ရဟန်းတို့သည် ယခုအခါ၌ဖြစ်စေ ငါ (ဘုရား) ကွယ်လွန်သောအခါ၌ဖြစ်စေ မိမိကိုယ်ကိုသာ မှီခိုရာပြု၍ မိမိမှတစ်ပါး ကိုးကွယ်ရာမရှိဘဲ မိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍၊ တရားကိုသာမှီခိုရာပြု၍ တရားမှတစ်ပါး ကိုးကွယ်ရာမရှိဘဲ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေကုန်လတ္တံ့၊ အလုံးစုံသော ထိုရဟန်းတို့သည် အကျင့်သိက္ခာကို လိုလားသော ရဟန်းဟူသမျှတို့တွင် အမြတ်ဆုံးအဖြစ်သို့ ရောက်ကုန်လတ္တံ့ဟု (မိန့်တော်မူ၏)။

ဒုတိယအခန်း ပြီး၏။

တတိယအခန်းအပိုင်းပြင်ဆင်

နိမိတ် အရိပ်အရောင် ပြတော်မူခြင်း

၁၆၆။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက်ဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။

ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းစားရာမှ ဖဲခွါခဲ့ပြီးသော် “အာနန္ဒာထိုင်စရာအခင်းကို ယူခဲ့လော့၊ နေ့သန့်စင်နေခြင်းငှါ စာပါလစေတီသို့ ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ထိုင်စရာအခင်းကို ယူ၍ မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဉ်လိုက်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် စာပါလစေတီသို့ ချဉ်းကပ်၍ ပြင်ထားသောနေရာ၌ ထိုင်တော်မူ၏။ အသျှင်အာနန္ဒာသည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏။

၁၆၇။ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤစကားကိုမိန့်တော်မူ၏—့

“အာနန္ဒာ ဝေသာလီပြည်သည် မွေ့လျော်ဖွယ်ရှိပေ၏၊ ဥဒေနစေတီသည် မွေ့လျော်ဖွယ် ရှှိပေ၏၊ ဂေါတမကစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ သတ္တမ္ဗစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ ဗဟုပုတ္တစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ သာရန္ဒဒစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ စာပါလစေတီ သည်မွေ့လျော်ဖွယ် ရှိပေ၏၊

အာနန္ဒာ တစ်စုံတစ်ယောက်သော သူသည် ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကိုပွါးများထား၏၊ လေ့ကျင့်ထား၏၊ ယာဉ်ကဲ့သို့ပြုထား၏၊ တည်ရာကဲ့သို့ပြုထား၏၊ ဆောက်တည်ထား၏၊ ကောင်းစွာ ဆည်းပူးထား၏၊ ကောင်းစွာ အားထုတ်ထား၏။ ထိုသူသည် အလိုရှိခဲ့သော်အာယုကပ်ပတ်လုံး ဖြစ်စေ၊ အာယုကပ်ထက် လွန်၍ ဖြစ်စေ တည်နိုင်ပေ၏။ အာနန္ဒာ မြတ်စွာဘုရားသည်ကား ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကို ပွါးများ ထားပြီးဖြစ်၏၊ လေ့ကျင့်ထားပြီးဖြစ်၏၊ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏၊ တည်ရာကဲ့သို့ ပြု ထားပြီး ဖြစ်၏၊ ဆောက်တည်ထားပြီးဖြစ်၏၊ ကောင်းစွာ ဆည်းပူးထားပြီးဖြစ်၏၊ ကောင်းစွာ အားထုတ် ထားပြီးဖြစ်၏၊ အာနန္ဒာ သို့ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့သော် အာယုကပ် ပတ်လုံး ဖြစ်စေ၊ အာယုကပ်ထက်လွန်၍ဖြစ်စေ တည်နိုင်ပေ၏”ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင်ကို ဤသို့ပင် ပြသော်လည်း အသျှင်အာနန္ဒာသည်ကား သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ၊ (ထို့ကြောင့်) “အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် ဘုန်းတော်ကြီးသောမြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို မတောင်းပန်မိချေ၊ မာရ်နတ်နှောင့်ယှက်ခံရသော စိတ်ရှိသူကဲ့သို့ပင် ဖြစ်ချေ၏။

မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက်လည်း။ပ။ မြတ်စွာဘုရားသည် သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာအား မိန့်တော်မူ၏—

“အာနန္ဒာ ဝေသာလီပြည်သည် မွေ့လျော်ဖွယ်ရှိပေ၏၊ ဥဒေနစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ ဂေါတမကစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ သတ္တမ္ဗစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ ဗဟုပုတ္တစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ သာရန္ဒဒစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ စာပါလစေတီသည်မွေ့လျော်ဖွယ်ရှိပေ၏။

အာနန္ဒာ တစ်စုံတစ်ယောက်သော သူသည် ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကိုပွါးများထား၏၊ လေ့ကျင့်ထား၏၊ ယာဉ်ကဲ့သို့ ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏၊ ဆောက် တည်ထား၏၊ ကောင်းစွာ ဆည်းပူးထား၏၊ ကောင်းစွာ အားထုတ်ထား၏၊ ထိုသူသည် အလိုရှိ ခဲ့သော်အာယုကပ်ပတ်လုံး ဖြစ်စေ၊ အာယုကပ်ထက် လွန်၍ ဖြစ်စေ တည်နိုင်ပေ၏။

အာနန္ဒာ မြတ်စွာဘုရားသည် ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကို ပွါးများထားပြီးဖြစ်၏၊ လေ့ကျင့်ထားပြီးဖြစ်၏၊ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏၊ ဆောက်တည်ထားပြီး ဖြစ်၏၊ ကောင်းစွာ ဆည်းပူးထားပြီး ဖြစ်၏၊ ကောင်းစွာ အားထုတ်ထားပြီးဖြစ်၏၊ အာနန္ဒာ သို့ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံး ဖြစ်စေ၊ အာယုကပ်ထက်လွန်၍ ဖြစ်စေ တည်နိုင်ပေ၏”ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင်ကို ဤသို့ပင် ပြသော်လည်း အသျှင်အာနန္ဒာသည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ။ (ထို့ကြောင့်) “အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် ဘုန်းတော်ကြီးသောမြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသော စကားကို့ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကိုမတောင်းပန်မိချေ၊ မာရ်နတ် နှောင့်ယှက်ခံရသော စိတ်ရှိသူကဲ့သို့ပင် ဖြစ်ချေ၏။

ထိုအခါ မြတ်စွာဘုရားသည် “အာနန္ဒာ သင်သွားလော့၊ ယခုအခါ၌ သွားရန် အချိန်ကို သင်သိ၏”ဟုအသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြု၍ မနီးမဝေး တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေလေ၏။

မာရ်နတ် တောင်းပန်ခြင်း

၁၆၈။ ထိုအခါ အသျှင်အာနန္ဒာ ဖဲသွား၍ မကြာမြင့်မီ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

“အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည်၊ ‘မာရ်နတ် ငါ၏ တပည့်ရဟန်းတို့သည် အကြင်မျှလောက် ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီးမဖြစ် ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့် လျော်သောတရားကို မကျင့်နိုင်ကြသေး၊ လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင်မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက်လာသော သူတစ်ပါး၏ ဝါဒကိုအကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကို မဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူမည် မဟုတ်’ဟု (မိန့်တော်မူဖူးပါသည်)။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့်ရဟန်းတို့သည် တတ်သိလိမ္မာ ရှိကြပါပြီ၊ ကောင်း စွာဆုံးမပြီး ဖြစ်ကြပါပြီ၊ ရဲရင့်ကြပါပြီ၊ အကြားအမြင် များကြပါပြီ၊ တရားတော်ကို ဆောင်နိုင်ကြပါပြီ၊ (လောကုတ္တရာ) တရားနှင့်လျော်သော တရားကို ကျင့်နိုင်ကြပါပြီ၊ လျော်သော အကျင့်ကို ကျင့်နိုင်ကြပါပြီ၊ တရားနှင့် လျော်စွာ ကျင့်နိုင်ကြပါပြီ၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင် တည်တံ့စေနိုင် ဖွင့်နိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါပြီ၊ ပေါ်ပေါက်လာသော သူတစ်ပါးဝါဒကို အကြောင်းမှန်ဖြင့်ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကို ဟောပြနိုင်ကြပါကုန်ပြီ။

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည်၊ ‘မာရ်နတ် ငါ၏တပည့်ရဟန်းမိန်းမတို့သည် အကြင်မျှလောက် ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီးမဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကို မကျင့်နိုင်ကြသေး၊ လျော်သော အကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင်မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက်လာသော သူတစ်ပါးဝါဒကိုအကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကို မဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန် ပြုတော်မူလိမ့် မည်မဟုတ်’ဟု (မိန့်တော်မူဖူးပါသည်)။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့် ရဟန်းမိန်းမတို့သည် တတ်သိလိမ္မာ ရှိကြပါပြီ၊ ကောင်းစွာဆုံးမပြီး ဖြစ်ကြပါပြီ၊ ရဲရင့်ကြပါပြီ၊ အကြားအမြင် များကြပါပြီ၊ တရားတော်ကို ဆောင်နိုင်ကြပါပြီ၊ (လောကုတ္တရာ) တရားနှင့်လျော်သော တရားကို ကျင့်နိုင်ကြပါပြီ၊ လျော်သော အကျင့်ကိုကျင့်နိုင်ကြ ပါပြီ၊ တရားနှင့်လျော်စွာ ကျင့်နိုင်ကြပါပြီ၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင် ဟောနိုင်ပြနိုင် တည်တံ့ စေနိုင် ဖွင့်နိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါပြီ၊ ပေါ်ပေါက်လာသော သူတစ်ပါးဝါဒကိုအကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကို ဟောပြနိုင်ကြပါကုန်ပြီ။

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည်၊ ‘မာရ်နတ် ငါ၏ တပည့်ဥပါသကာတို့သည် အကြင်မျှလောက် ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီးမဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့် လျော်သောတရားကို မကျင့်နိုင်ကြသေး၊ လျော်သော အကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့် နိုင်ကြသေး၊ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင်မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက်လာသောသူတစ်ပါးဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကိုမဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန် ပြုတော်မူမည်မဟုတ်’ဟု (မိန့်တော်မူဖူးပါသည်)။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့်သား ဥပါသကာတို့သည် တတ်သိလိမ္မာ ရှိကြပါပြီ၊ ကောင်းစွာဆုံးမပြီး ဖြစ်ကြပါပြီ၊ ရဲရင့်ကြပါပြီ၊ အကြားအမြင် များကြပါပြီ၊ တရားတော်ကို ဆောင်နိုင်ကြပါပြီ၊ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကို ကျင့်နိုင်ကြပါပြီ၊ လျော်သော အကျင့်ကိုကျင့်နိုင်ကြ ပါပြီ၊ တရားနှင့် လျော်စွာ ကျင့်နိုင်ကြပါပြီ၊ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ပြောနိုင် ဟောနိုင် ပြနိုင် တည်တံ့စေနိုင် ဖွင့်နိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါပြီ၊ ဖြစ်ပေါ်လာသောသူတစ်ပါးဝါဒကို အကြောင်း မှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကိုဟောပြနိုင်ကြပါကုန်ပြီ။

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည်၊ ‘မာရ်နတ် ငါ၏ တပည့်ဥပါသိကာမတို့သည် အကြင်မျှလောက်ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီးမဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကို မကျင့်နိုင်ကြသေး၊ လျော်သော အကျင့်ကိုမကျင့်နိုင်ကြ သေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင်မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက်လာသောသူတစ်ပါးဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကိုမဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူမည် မဟုတ်’ဟု (မိန့်တော်မူဖူးပါသည်)။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့် ဥပါသိကာမတို့သည် တတ်သိလိမ္မာ ရှိကြပါပြီ၊ ့ကောင်းစွာ ဆုံးမပြီး ဖြစ်ကြပါပြီ၊ ရဲရင့်ကြပါပြီ၊ အကြားအမြင် များကြပါပြီ၊ တရားတော်ကိုဆောင်နိုင်ကြ ပါပြီ၊ (လောကုတ္တရာ) တရားနှင့်လျော်သော တရားကို ကျင့်နိုင်ကြပါပြီ၊ လျော်သောအကျင့်ကို ကျင့်နိုင်ကြ ပါပြီ၊ တရားနှင့် လျော်စွာ ကျင့်နိုင်ကြပါပြီ၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင်ဟောနိုင် ပြနိုင် တည်တံ့စေနိုင် ဖွင့်နိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါပြီ၊ ပေါ်ပေါက်လာသောသူတစ်ပါးဝါဒကို အကြောင်း မှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကိုဟောပြနိုင်ကြပါကုန်ပြီ။

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုရန် အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည်၊ ‘မာရ်နတ် ငါ၏ မြတ်သောအကျင့်ဟုဆိုအပ်သော ဤသာသနာတော်သည် အကြင်မျှလောက် ကာလပတ်လုံး (ပညာရှိ) နတ်လူတို့ကောင်းစွာ ပြနိုင်သည့်တိုင်အောင် မပြည့်စုံသေး၊ မစည်ပင်သေး၊ မပြန့်ပွါးသေး၊ လူအများ မသိသေး၊ များစွာ မဖြစ်ထွန်းသေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန် ပြုတော်မူမည်မဟုတ်’ဟု (မိန့်တော်မူဖူးပါသည်)။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ မြတ်သော အကျင့်ဟု ဆိုအပ်သော သာသနာတော်သည် (ပညာရှိ) နတ်လူတို့ ကောင်းစွာ ပြနိုင်သည့်တိုင်အောင် ပြည့်စုံပါပြီ၊ စည်ပင်ပါပြီ၊ ပြန့်ပွါးပါပြီ၊ လူအများသိပါပြီ၊ များစွာ ဖြစ်ထွန်းပါပြီ။

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ”ဟု (လျှောက်၏)။

ဤသို့လျှောက်သော် မြတ်စွာဘုရားသည် ယုတ်မာသော မာရ်နတ်အား ဤစကားကို မိန့်တော်မူ၏—

“မာရ်နတ် သင် မကြောင့်ကြလင့်၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီ ဖြစ်လိမ့်မည်၊ ဤနေ့မှ သုံးလလွန်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုလိမ့်မည်”ဟု (မိန့်တော်မူ၏)။

အာယုသင်္ခါရ လွှတ်တော်မူခြင်း

၁၆၉။ ထိုအခါ မြတ်စွာဘုရားသည် စာပါလစေတီ၌ (နေစဉ်) သတိရှိလျက် ဆင်ခြင်လျက် အသက်ရှည်ရန် ပြုပြင်မှု ‘အာယုသင်္ခါရ’ ကို စွန့်လွှတ်တော်မူ၏၊ မြတ်စွာဘုရားသည် အသက်ရှည်ရန် ပြုပြင်မှု ‘အာယုသင်္ခါရ’ ကို စွန့်လွှတ်တော်မူလိုက်သောအခါ ကြက်သီးမွေးညင်းထလျက် ကြောက်မက်ဖွယ်ရာမြေငလျင် အကြီးအကျယ် လှုပ်ခြင်းသည် ဖြစ်လေ၏၊ တော်လည်းသံ (နတ်စည်) တို့သည်လည်းတခြိမ့်ခြိမ့် မြည်ဟည်းကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုအခိုက်ဝယ် ဤဥဒါန်း စကားကိုကျူးရင့်တော်မူ၏—

“မြတ်စွာဘုရားသည် အတုမဲ့ နိဗ္ဗာန်နှင့် အဖန်ဖန် ဖြစ်မှု ဘဝကို နှိုင်းချိန်လျက် ဘဝဖြစ်ရန်ပြုပြင်တတ်သော ကံကို စွန့်ပယ်ခဲ့လေပြီ၊ အဇ္ဈ တ္တတရား၌ မွေ့လျော်ကာ ကောင်းစွာ တည်ကြည် သောစိတ်ရှိသည် ဖြစ်၍ ချပ်ဝတ်နှင့်တူသော မိမိသန္တာန်ရှိ ကိလေသာကွန်ရက်ကို ဖျက်ဆီးခဲ့ လေပြီ”ဟု (ကျူးရင့်တော်မူ၏)။

မြေကြီး လှုပ်ခြင်း၏ အကြောင်း

၁၇ဝ။ ထိုအခါ အသျှင်အာနန္ဒာအား ဤသို့သော အကြံသည် ဖြစ်၏—

“အံ့ဖွယ်ရှိပါပေစွ အချင်းတို့၊ မဖြစ်ဖူးမြဲဖြစ်ပါပေစွ အချင်းတို့၊ ကြက်သီးမွေးညင်းထစေလျက်ကြောက် မက်ဖွယ်ကောင်းသော ဤမြေ (ငလျင်) လှုပ်ခြင်းသည် ကြီးကျယ်လေစွတကား၊ အလွန်ကြီးကျယ်လေစွတကား၊ တော်လည်းသံ (နတ်စည်) တို့သည်လည်း တခြိမ့်ခြိမ့် မြည်ဟည်းသွားကုန်၏၊ အကြီးအကျယ် မြေ (ငလျင်) လှုပ်ခြင်း၏ အကြောင်းကား အဘယ်နည်း၊ အထောက်အပံ့ကားအဘယ်နည်း”ဟု (အကြံ ဖြစ်၏)။

ထို့နောက် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။

“အံ့ဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်ဘုရား၊ ကြက်သီးမွေးညင်းထစေ လျက်ကြောက်မက်ဖွယ်ကောင်းသော ဤမြေ (ငလျင်) လှုပ်ခြင်းသည် ကြီးကျယ်ပါပေစွ၊ အလွန်ကြီးကျယ်ပါ ပေစွ၊ တော်လည်းသံ (နတ်စည်) တို့သည်လည်း တခြိမ့်ခြိမ့် မြည်ဟည်းသွားပါကုန်၏၊ အသျှင်ဘုရား မြေ (ငလျင်) ပြင်းစွာလှုပ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု (လျှောက်၏)။

ငလျင်လှုပ်ခြင်း အကြောင်း ရှစ်ပါး

၁၇၁။ အာနန္ဒာ မြေ (ငလျင်) ပြင်းစွာလှုပ်ခြင်း၏ အကြောင်း အထောက်အပံ့တို့ကား ဤရှစ်ပါးတို့တည်း။

အဘယ်ရှစ်ပါးတို့နည်းဟူမူ—

အာနန္ဒာ ဤမဟာပထဝီမြေကြီးသည် ရေ၌ တည်၏၊ ရေသည် လေ၌ တည်၏၊ လေသည် ကောင်းကင်၌ တည်၏။ အာနန္ဒာ ပြင်းထန်စွာ လေတိုက်သောအခါ ရေကို လှုပ်စေကုန်၏၊ ရေလှုပ်သော် မြေကိုလှုပ်စေ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ရှေးဦးစွာသော အကြောင်းအထောက်အပံ့ပေတည်း။ (၁)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း တန်ခိုးနှင့်ပြည့်စုံသော (အဘိညာဉ်) စိတ်၌ လေ့လာပြီးသောသမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ကြီးသော တန်ခိုးအာနုဘော်ရှိသော နတ်သည်လည်းကောင်း အားနည်းသော မြေ (ကသိုဏ်းဈာန်) သညာနှင့် အားကြီးသော ရေ (ကသိုဏ်းဈာန်) သညာတို့ကို ပွါးများပြီးလျှင် ဤမြေကြီးကို လှုပ်စေ၏၊ တုန်လှုပ်စေ၏၊ ပြင်းစွာ တုန်လှုပ်စေ၏၊ သွက်သွက်ခါတုန်လှုပ်စေ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ နှစ်ခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။ (၂)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ သတိရှိလျက်ဆင်ခြင်လျက် အမိဝမ်းတိုက်သို့ သက်ရောက်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါတုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ သုံးခုမြောက်အကြောင်းအထောက်အပံ့ပေတည်း။ (၃)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည် သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်မှဖွားမြင်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါတုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ လေးခုမြောက်အကြောင်းအထောက်အပံ့ပေတည်း။ (၄)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကိုရရှိတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ့ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ငါးခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။ (၅)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားကိုဟောတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ခြောက်ခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။ (၆)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် သတိရှိလျက် ဆင်ခြင်လျက် အသက်ရှည်ရန်ပြုပြင်မှု ‘အာယုသင်္ခါရ’ ကို စွန့်လွှတ်တော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ခုနစ်ခုမြောက်အကြောင်းအထောက်အပံ့ပေတည်း။ (၇)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် ခန္ဓာနာမ်ရုပ်အကြွင်းမရှိသော ငြိမ်းခြင်း သဘောအနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ရှစ်ခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၈)

အာနန္ဒာ မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ အကြောင်းအထောက်အပံ့တို့ကား ဤရှစ်ပါးတို့ပေတည်း။

ပရိသတ် ရှစ်ပါး

၁၇၂။ အာနန္ဒာ ပရိသတ်တို့သည် ရှစ်ပါးအပြားရှိကုန်၏။

အဘယ်ရှစ်ပါးတို့နည်းဟူမူ—

မင်းပရိသတ်၊ ပုဏ္ဏားပရိသတ်၊ သူဌေးသူကြွယ်ပရိသတ်၊ ရဟန်းပရိသတ်၊ စာတုမဟာရာဇ်ပရိသတ်၊ တာဝတိံသာပရိသတ်၊ မာရ်နတ်ပရိသတ်၊ ဗြဟ္မာပရိသတ် (ဤရှစ်ပါး) တို့ပေတည်း။

အာနန္ဒာ ငါသည် အရာမကသော မင်းပရိသတ် (စည်းဝေးပွဲများ) သို့ တက်ရောက်ခဲ့ဖူးသည်ကိုမှတ်မိပေ၏။ ထို (မင်းပရိသတ်များ) ၌ ငါသည် အတူတကွလည်း ထိုင်နေခဲ့ဖူး၏၊ အတူတကွလည်း ပြောဆိုခဲ့ဖူး၏၊ အတူတကွလည်း ဆွေးနွေးခဲ့ဖူး၏။ ထို (မင်းပရိသတ်များ) ၌ ထိုမင်းတို့၏ အဆင်းကဲ့သို့ပင်ငါ၏ အဆင်းသည်လည်း ဖြစ်၏၊ ထိုမင်းတို့၏ အသံကဲ့သို့ပင် ငါ၏ အသံသည်လည်း ဖြစ်၏၊ (ငါသည်ထိုမင်းတို့ကို) တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏၊ (ဤသို့) ဟောပြောနေစဉ်၌လည်း “ဟောပြောနေသော ဤသူသည် အဘယ်သူနည်း၊ နတ်လော လူလော”ဟု ငါ့ကို မသိကုန်။ (ငါသည်) တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးလျှင် ကွယ်ခဲ့၏။ (ဤသို့) ကွယ်ခဲ့သောအခါ၌လည်း “ကွယ်သွားသော ဤသူသည် အဘယ်သူနည်း၊ နတ်လော လူလော”ဟု ငါ့ကို မသိကုန်။

အာနန္ဒာ ငါသည် အရာမကသော ပုဏ္ဏားပရိသတ် (စည်းဝေးပွဲများ) သို့ တက်ရောက်ခဲ့ဖူးသည်ကိုမှတ်မိပေ၏။ပ။ သူဌေးသူကြွယ်ပရိသတ် (စည်းဝေးပွဲများ) သို့။ ရဟန်းပရိသတ် (စည်းဝေးပွဲများ) သို့။ စာတုမဟာရာဇ် ပရိသတ် (စည်းဝေးပွဲများ) သို့။ တာဝတိံသာပရိသတ် (စည်းဝေးပွဲများ) သို့။ မာရ်နတ်ပရိသတ် (စည်းဝေးပွဲများ) သို့။ ဗြဟ္မာပရိသတ် (စည်းဝေးပွဲများ) သို့ ချဉ်းကပ်ဖူးသည်ကို မှတ်မိပေ၏။ ထို (ပရိသတ်) ၌လည်း ငါသည် အတူတကွလည်း ထိုင်နေဖူး၏၊ အတူတကွလည်း ပြောဆိုခဲ့ဖူး၏၊ အတူတကွလည်း ဆွေးနွေးခဲ့ဖူး၏။ ထို (ပရိသတ်များ) ၌ ထိုပရိသတ်တို့၏ အဆင်းကဲ့သို့ပင် ငါ၏ အဆင်းသည်လည်း ဖြစ်၏။ ထိုပရိသတ်တို့၏ အသံကဲ့သို့ပင် ငါ၏ အသံသည်လည်း ဖြစ်၏။ (ငါသည် ထို့ပရိသတ်တို့ကို) တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏၊ (ဤသို့) ဟောပြောနေစဉ်၌လည်း “ဟောပြောနေသောဤသူသည် အဘယ်သူနည်း၊ နတ်လော လူလော”ဟု ငါ့ကို မသိကုန်။ (ငါသည်) တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးလျှင် ကွယ်ခဲ့၏။ (ဤသို့) ကွယ်ခဲ့သော အခါ၌လည်း “ကွယ်သွားသော ဤသူသည် အဘယ်သူနည်း၊ နတ်လော လူလော”ဟု ငါ့ကို မသိကုန်။ အာနန္ဒာ ရှစ်ပါးသော ပရိသတ်တို့ဟူသည် ဤသည်တို့ပင်တည်း။

အဘိဘာယတန ရှစ်ပါး

၁၇၃။ အာနန္ဒာ (ဆန့်ကျင်ဘက်တရားနှင့် အာရုံတို့ကို) လွှမ်းမိုးနိုင်ကြောင်း ‘အဘိဘာယတန’ ဈာန်တို့သည် ရှစ်ပါးအပြားရှိကုန်၏။

အဘယ်ရှစ်ပါးတို့နည်းဟူမူ—

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသော အဆင်းမကောင်းသော အဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်း မိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား ပဌမအဘိဘာယတနဈာန်ပေတည်း။ (၁)

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသော အဆင်းမကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား ဒုတိယအဘိဘာယတနဈာန်ပေတည်း။ (၂)

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ ကောင်းသောအဆင်း မကောင်းသော အဆင်းရှိသော ငယ်ကုန်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကိုလွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား တတိယအဘိဘာယတနဈာန်ပေတည်း။ (၃)

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ ကောင်းသောအဆင်း မကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား စတုတ္ထအဘိဘာယတနဈာန်ပေတည်း။ (၄)

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ ညိုသော အဆင်းညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဥပမာအားဖြင့်ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော အောက်မဲညိုပန်းကဲ့သို့လည်းကောင်း၊၁ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင် ရှိသော ဗာရာဏသီပြည်ဖြစ် ညိုသော နှစ်ဖက်ချောအဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်းအမှတ် ‘သညာ’ ရှိ၏၊ ဤကား ပဉ္စမအဘိဘာယတနဈာန်ပေတည်း။ (၅)

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ ဝါရွှေသောအဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဝါရွှေသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဥပမာ့အားဖြင့် ဝါရွှေသောအဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဝါရွှေသော မဟာလှေကားပန်းကဲ့သို့လည်းကောင်း၊ ဝါရွှေသောအဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသောဗာရာဏသီပြည်ဖြစ် ဝါရွှေသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသောပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ ဝါရွှေသောအဆင်းဝါရွှေသောအသွေး ဝါရွှေသောအရောင် ရှိသော ဝါရွှေသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင် သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား ဆဋ္ဌ အဘိဘာယတနဈာန်ပေတည်း။ (၆)

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ နီသောအ ဆင်းနီသောအသွေး နီသောအရောင်ရှိသော နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဥပမာအားဖြင့် နီသောအဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော မိုးဆွေပန်းကဲ့သို့လည်းကောင်း၊ နီသောအဆင်းနီသောအသွေး နီသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် နီသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်းကောင်း၊ ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌နီသောအဆင်း နီသောအသွေး နီသော အရောင်ရှိသော နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား သတ္တမအဘိဘာယတနဈာန်ပေတည်း။ (၇)

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ ဖြူသော အဆင်းဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဥပမာအားဖြင့်ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော သောက်ရှူးကြယ်ကဲ့သို့လည်းကောင်း၊ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ဖြူသော နှစ်ဖက်ချောအဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသောပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား အဋ္ဌမအဘိဘာယတနဈာန်ပေတည်း။ (၈)

အာနန္ဒာ (ဆန့်ကျင်ဘက်တရားနှင့် အာရုံတို့ကို) လွှမ်းမိုးနိုင်ကြောင်း ‘အဘိဘာယတန’ ဈာန်တို့ သည်ဤရှစ်ပါးတို့ပင်တည်း။

၁။ ဤအရာ၌ ဥမာပုပ္ဖ ပုဒ်၏အနက်ကို အောက်မဲညိုပန်းထက် သာ၍ညိုသော နှမ်းကြတ်ပန်းဟု အဘိဓာန်နိသျသစ်၌ ဆို၏။

လွတ်လပ်ခြင်း "ဝိမောက္ခ" တရား ရှစ်ပါး

၁၇၄။ အာနန္ဒာ လွတ်လပ်ခြင်း ‘ဝိမောက္ခ’ တို့သည် ရှစ်ပါးအပြားရှိကုန်၏။

အဘယ်ရှစ်ပါးတို့နည်းဟူမူ—

(မိမိသန္တာန်၌) ကသိုဏ်းရုပ်ဈာန်ရှိသည်ဖြစ်၍ (ပြင်ပသန္တာန်၌လည်း) (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဤကား ပဌမ ဝိမောက္ခပေတည်း။ (၁)

မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ ပြင်ပသန္တာန်၌ (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဤကား ဒုတိယဝိမောက္ခပေတည်း။ (၂)

တင့်တယ်၏ဟူ၍သာလျှင် နှလုံးသွင်း၏၊ ဤကား တတိယ ဝိမောက္ခပေတည်း။ (၃) ့

ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတန (ဈာန်) သို့ရောက်၍ နေ၏၊ ဤကား စတုတ္ထ ဝိမောက္ခပေတည်း။ (၄)

အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဉ်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား ပဉ္စမ ဝိမောက္ခပေတည်း။ (၅)

ဝိညာဏဉ္စာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား ဆဋ္ဌ ဝိမောက္ခပေတည်း။ (၆)

အာကိဉ္စညာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတန (ဈာန်) သို့ ရောက်၍နေ၏၊ ဤကား သတ္တမ ဝိမောက္ခပေတည်း။ (၇)

နေဝသညာနာသညာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ (နိရောဓသမာပတ်) သို့ ရောက်၍ နေ၏၊ ဤကား အဋ္ဌမ ဝိမောက္ခပေတည်း။ (၈)

အာနန္ဒာ ရှစ်ပါးသော လွတ်လပ်ခြင်း ‘ဝိမောက္ခ’ တို့ ဟူသည် ဤသည်တို့ပင်တည်း။

၁၇၅။ အာနန္ဒာ ငါသည် ဘုရားဖြစ်ပြီးခါစ (အဋ္ဌမသတ္တာဟဖြစ်သော) အခါတစ်ပါး၌ ဥရုဝေဠ (တော) နေရဉ္ဇရာမြစ်ကမ်းပါးအနီး ဆိတ်ကျောင်းညောင်ပင် (ရင်း) ၌ နေခဲ့၏။ ထိုသို့နေစဉ် ယုတ်မာသောမာရ်နတ်သည် ငါ့ထံသို့ ချဉ်းကပ်၍ တစ်ခုသောနေရာ၌ ရပ်လျက် ငါ့အား ဤစကားကို လျှောက်ဖူး၏—

“အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ”ဟု (လျှောက်ခဲ့ဖူး၏)။

အာနန္ဒာ ဤသို့လျှောက်သော် ငါသည် ယုတ်မာသော မာရ်နတ်အား ဤစကားကို မိန့်ဆိုခဲ့ဖူး၏ “မာရ်နတ် ငါ၏ တပည့်ရဟန်းတို့သည် အကြင်မျှလောက် ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီး မဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကိုမဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့်လျော်သော တရားကို မကျင့်နိုင်ကြသေး၊ လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက်လာသော သူတစ်ပါးဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကို မဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူမည် မဟုတ်။

မာရ်နတ် ငါ၏တပည့် ရဟန်းမိန်းမတို့သည် အကြင်မျှလောက် ကာလပတ်လုံး တတ်သိလိမ္မာမရှိကြသေး၊ ကောင်းစွာ ဆုံးမပြီး မဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့်လျော်သော တရားကို မကျင့်နိုင်ကြသေး၊ လျော်သော အကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ ဆရာ့ဝါဒကိုသင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက် လာသော သူတစ်ပါးဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကိုမဟောပြ နိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူမည် မဟုတ်။

မာရ်နတ် ငါ၏တပည့် ဥပါသကာတို့သည် အကြင်မျှလောက် ကာလပတ်လုံး တတ်သိလိမ္မာမရှိကြသေး၊ ကောင်းစွာ ဆုံးမပြီး မဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကို မကျင့်နိုင်ကြသေး၊ လျော်သော အကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ ဆရာ့ဝါဒကိုသင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြသေး၊ ့ပေါ်ပေါက်လာသော သူတစ်ပါးဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကိုမဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူမည် မဟုတ်။

မာရ်နတ် ငါ၏တပည့် ဥပါသိကာမတို့သည် အကြင်မျှလောက် ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီး မဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့်လျော်သော တရားကို မကျင့်နိုင်ကြသေး၊ လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက်လာ သော သူတစ်ပါးဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကို မဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူမည် မဟုတ်။

မာရ်နတ် ငါ၏ မြတ်သောအကျင့်ဟု ဆိုအပ်သော ဤသာသနာတော်သည် အကြင်မျှလောက် ကာလပတ်လုံး (ပညာရှိ) နတ်လူတို့ ကောင်းစွာ ပြနိုင်သည့်တိုင်အောင် မပြည့်စုံသေး၊ မစည်ပင်သေး၊ မပြန့်ပွါးသေး၊ လူအများ မသိသေး၊ များစွာ မဖြစ်ထွန်းသေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည်ပရိနိဗ္ဗာန် ပြုတော်မူမည် မဟုတ်”ဟု (မိန့်ဆိုခဲ့ဖူး၏)။

၁၇၆။ အာနန္ဒာ ယုတ်မာသော မာရ်နတ်သည် ယနေ့ ယခုပင် စာပါလစေတီ၌ ငါ့ထံသို့ ချဉ်းကပ်၍တစ်ခုသော နေရာ၌ ရပ်လျက် ငါ့အား ဤစကားကို လျှောက်ထားပြန်၏။

“အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ။

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည်၊ ‘မာရ်နတ်ငါ၏တပည့် ရဟန်းတို့သည် အကြင်မျှလောက်သော ကာလပတ်လုံး။ပ။ မာရ်နတ် ငါ၏တပည့်ရဟန်းမိန်းမတို့သည်။ ပ။ မာရ်နတ် ငါ၏တပည့် ဥပါသကာတို့သည်။ ပ။ မာရ်နတ် ငါ၏တပည့် ဥပါသိကာမတို့သည်။ပ။ မာရ်နတ် ငါ၏ မြတ်သော အကျင့်ဟုဆိုအပ်သော ဤသာသနာတော်သည်အကြင်မျှလောက် သော ကာလပတ်လုံး (ပညာရှိ) နတ်လူတို့ ကောင်းစွာ ပြနိုင်သည့်တိုင်အောင်မပြည့်စုံသေး၊ မစည်ပင် သေး၊ မပြန့်ပွါးသေး၊ လူအများမသိသေး၊ များစွာ မဖြစ်ထွန်းသေး၊ ထိုမျှလောက်သော ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူမည် မဟုတ်’ဟု (မိန့်တော်မူဖူးပါသည်)။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ မြတ်သော အကျင့်ဟု ဆိုအပ်သော သာသနာတော်သည် (ပညာရှိ) နတ်လူတို့ ကောင်းစွာ ပြနိုင်သည့်တိုင်အောင် ပြည့်စုံပါပြီ၊ စည်ပင်ပါပြီ၊ ပြန့်ပွါးပါပြီ၊ လူအများ သိပါပြီ၊ များစွာ ဖြစ်ထွန်းပါပြီ၊ အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ အသျှင်ဘုရား မြတ်စွာဘုရား ယခုအခါ ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ”ဟု (လျှောက် ထားပြန်၏)။

၁၇၇။ အာနန္ဒာ ဤသို့ မာရ်နတ်က လျှောက်ထားသော် ငါသည် ယုတ်မာသော မာရ်နတ်အား ဤစကားကို မိန့်ဆိုလိုက်၏ —

“မာရ်နတ် သင်သည် မကြောင့်ကြလင့်၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီ ဖြစ်လိမ့်မည်၊ ဤနေ့မှ သုံးလလွန်မြောက်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုလိမ့်မည်ဟု (မိန့်ဆိုလိုက်၏)။

အာနန္ဒာ မြတ်စွာဘုရားသည် ယနေ့ စာပါလစေတီ၌ (နေစဉ်) သတိရှိလျက် ဆင်ခြင်လျက် အသက်ရှည်ရန် ပြုပြင်မှု ‘အာယုသင်္ခါရ’ ကို ယခုပင် စွန့်လွှတ်လိုက်ပြီ”ဟု (မိန့်တော်မူ၏)။

အသျှင်အာနန္ဒာ လျှောက်ထား တောင်းပန်ခြင်း

၁၇၈။ ဤသို့ မိန့်တော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤသို့ လျှောက်ထားတောင်းပန်၏—

“အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာ အလို့ငှါလောကကို စောင့်ရှောက်ရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံးတည်တော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု (လျှောက်ထားတောင်းပန်၏)။

အာနန္ဒာ တန်တော့ မြတ်စွာဘုရားကို ယခု မတောင်းပန်လင့်နှင့်တော့၊ မြတ်စွာဘုရားကို တောင်းပန်ရန် ယခုအခါ မဟုတ်တော့ပြီဟု (မိန့်တော်မူ၏)။

အသျှင်အာနန္ဒာသည် နှစ်ကြိမ်မြောက်လည်း။ ပ။ အသျှင်အာနန္ဒာသည် သုံးကြိမ်မြောက်လည်းမြတ်စွာဘုရားအား ဤသို့ လျှောက်ထားတောင်းပန်၏—

“အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာ အလို့ငှါလောကကို စောင့်ရှောက်ရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံးတည်တော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံးတည်တော်မူပါလော့”ဟု (လျှောက်ထားတောင်းပန်၏)။

အာနန္ဒာ သင်သည် မြတ်စွာဘုရား၏ ဗောဓိဉာဏ်ကို ယုံကြည်သည် မဟုတ်ပါလောဟု (မိန့်တော်မူ ၏)။

ယုံကြည်ပါသည် အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထိုသို့ ယုံကြည်ပါလျက် သင်သည် မြတ်စွာဘုရားကို အဘယ့်ကြောင့် သုံးကြိမ်တိုင်အောင်နှိပ်စက်ဘိသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ ဤစကားကို မျက်မှောက်၌ပင် ကြားရဖူးပါ၏၊ မျက်မှောက်၌ပင် ခံယူဖူးပါ၏၊ “အာနန္ဒာ တစ်စုံတစ်ယောက်သော သူသည် ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရားလေးပါးတို့ကို ပွါးများထား၏၊ လေ့ကျင့်ထား၏၊ ယာဉ်ကဲ့သို့ ပြုထား၏၊ တည်ရာကဲ့သို့ပြုထား ၏၊ ဆောက်တည်ထား၏၊ ကောင်းစွာ ဆည်းပူးထား၏၊ ကောင်းစွာ အားထုတ်ထား၏၊ ထိုသူသည် အလို ရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏။

အာနန္ဒာ မြတ်စွာဘုရားသည်ကား ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကို ပွါးများ ထားပြီးဖြစ်၏၊ လေ့ကျင့်ထားပြီးဖြစ်၏၊ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏၊ ဆောက်တည် ထားပြီးဖြစ်၏၊ ကောင်းစွာ ဆည်းပူးထားပြီးဖြစ်၏၊ ကောင်းစွာ အားထုတ်ထားပြီးဖြစ်၏၊ သို့ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် လွန်၍ဖြစ်စေတည်နိုင်၏”ဟု (ကြားနာခံယူရဖူးပါသည်ဟု လျှောက်၏)။

အာနန္ဒာ ထိုတရားကို သင်ယုံကြည်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။

ယုံကြည်ပါသည် အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင်ကို ဤသို့ပြပါလျက် သင်သည်သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ခဲ့ချေ “အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကိုစောင့်ရှောက်ရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို သင်မတောင်းပန်ခဲ့ချေ။

အာနန္ဒာ ထို့ကြောင့် ဤမတောင်းပန်ခြင်းသည် သင်၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်၏ ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏။

အာနန္ဒာ သင်သည် အကယ်၍ မြတ်စွာဘုရားကို ထိုအခါက တောင်းပန်ခဲ့ငြားအံ့၊ မြတ်စွာဘုရားသည်သင်၏ တောင်းပန်စကားတို့ကို နှစ်ကြိမ်သာလျှင် ငြင်းပယ်၍ သုံးကြိမ်မြောက်မူကား လက်ခံရာ၏၊ အာနန္ဒာ ထို့ကြောင့် ဤ (မတောင်းပန်ခြင်း) သည် သင်၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်၏ချို့ယွင်းချက် သာလျှင် ဖြစ်ချေ၏။

၁၇၉။ အာနန္ဒာ အခါတစ်ပါး၌ ငါသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေခဲ့၏၊ အာနန္ဒာထိုသို့နေစဉ်၌လည်း သင့်အား ငါမိန့်ဆိုခဲ့ဖူး၏ “အာနန္ဒာ ရာဇ၊ ဂိဟ်ပြည်သည် မွေ့လျော်ဖွယ် ရှိပေ၏၊ အာနန္ဒာ ဂိဇ္ဈကုဋ်တောင်သည် မွေ့လျော်ဖွယ် ရှိပေ၏၊ အာနန္ဒာ တစ်စုံတစ်ယောက်သော သူသည်ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကို ပွါးများထား၏၊ လေ့ကျင့်ထား၏၊ ယာဉ်ကဲ့သို့ပြုထား၏၊ တည်ရာကဲ့သို့ပြုထား၏၊ ဆောက်တည်ထား၏၊ ကောင်းစွာဆည်းပူးထား၏၊ ကောင်းစွာအား ထုတ်ထား၏၊ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက်လွန်၍ဖြစ်စေတည် နိုင်ပေ၏။

အာနန္ဒာ မြတ်စွာဘုရားသည် ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကို ပွါးများထားပြီးဖြစ်၏၊ လေ့ကျင့်ထားပြီးဖြစ်၏၊ ယာဉ်ကဲ့သို့ပြုထားပြီးဖြစ်၏၊ တည်ရာကဲ့သို့ပြုထားပြီးဖြစ်၏၊ ဆောက်တည်ထားပြီးဖြစ်၏၊ ကောင်းစွာ ဆည်းပူးထားပြီးဖြစ်၏၊ ကောင်းစွာ အားထုတ်ထားပြီးဖြစ်၏၊ အာနန္ဒာသို့ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် လွန်၍ဖြစ်စေတည်နိုင်ပေ၏”ဟု (မိန့်ဆိုခဲ့ဖူး၏)။ ဲ

အာနန္ဒာ မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင်ကို ဤသို့ ပြုပါလျက်လည်း သင်သည်သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ခဲ့ချေ။ “အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ် လူတို့၏အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် ဘုန်းတော်ကြီးသော မြတ်စွာ ဘုရားသည်အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို မတောင်းပန်ခဲ့ချေ။

အာနန္ဒာ သင်သည် အကယ်၍ ငါ့ကို ထိုအခါက တောင်းပန်ခဲ့ငြားအံ့၊ မြတ်စွာဘုရားသည် သင်၏တောင်းပန်သော စကားတို့ကို နှစ်ကြိမ်သာလျှင် ငြင်းပယ်၍ သုံးကြိမ်မြောက်မူကား လက်ခံရာ၏။ အာနန္ဒာ ထို့ကြောင့် ဤ (မတောင်းပန်ခြင်း) သည် သင်၏ အပြစ်သာလျှင် ဖြစ်ချေ၏။ သင်၏ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏။

၁၈ဝ။ အာနန္ဒာ အခါတစ်ပါး၌ ငါသည် ထိုရာဇဂြိုဟ်ပြည်၌ပင်လျှင် ဂေါတမပညောင်ပင်၌ နေ၏။ပ။ ထိုရာဇဂြိုဟ်ပြည်၌ပင်လျှင် စောရပပါတ ချောက်ကမ်းပါး၌ နေခဲ့၏။ ထိုရာဇဂြိုဟ်ပြည်၌ပင်လျှင် ဝေဘာရတောင်၏နံပါး သတ္တပဏ္ဏိလိုဏ်၌ နေခဲ့၏။ ထိုရာဇဂြိုဟ်ပြည်၌ပင်လျှင် ဣသိဂိလိတောင်၏နံပါး ကာဠသိလာ (အရပ်) ၌ နေခဲ့၏။ ထိုရာဇဂြိုဟ်ပြည်၌ပင်လျှင် ယင်းတိုက်တော သပ္ပသောဏ္ဍိကတောင်ဝှမ်း၌ နေခဲ့၏။ ထိုရာဇဂြိုဟ်ပြည်၌ပင်လျှင် တပေါဒါရုံကျောင်း၌ နေခဲ့၏။ ထိုရာဇဂြိုဟ်ပြည်၌ပင်လျှင် ရှဉ့်စာ ကျွေးရာ ဝေဠုဝန်ကျောင်း၌ နေခဲ့၏။ ထိုရာဇဂြိုဟ်ပြည်၌ပင်လျှင် ဇီဝက၏ သရက်ဥယျာဉ်၌ နေခဲ့၏။ ထိုရာဇဂြိုဟ်ပြည်၌ပင်လျှင် မဒ္ဒကုစ္ဆိအရပ် မိဂဒါဝုန်တော၌ နေခဲ့၏။

အာနန္ဒာ ထိုသို့ နေစဉ်၌လည်း သင့်ကို ငါ မိန့်ဆိုခဲ့ဖူး၏ “အာနန္ဒာ ရာဇဂြိုဟ်ပြည်သည် မွေ့လျော်ဖွယ်ရှိ၏၊၁ (ဂိဇ္ဈကုဋ်တောင်သည် မွေ့လျော်ဖွယ်ရှိပေ၏)၂ ဂေါတမပညောင်ပင်သည် မွေ့လျော်ဖွယ်ရှိပေ၏၊ စောရပပါတ ချောက်ကမ်းပါးသည် မွေ့လျော်ဖွယ်ရှိပေ၏၊ ဝေဘာရတောင်၏နံပါး သတ္တပဏ္ဏိလိုဏ်သည် မွေ့လျော်ဖွယ်ရှိပေ၏၊ ဣသိဂိလိတောင်၏နံပါး ကာဠသိလာအရပ်သည် မွေ့လျော်ဖွယ်ရှိပေ၏၊ ယင်းတိုက်တော သပ္ပသောဏ္ဍိကတောင်ဝှမ်းသည် မွေ့လျော်ဖွယ်ရှိပေ၏၊ တပေါဒါရုံ ကျောင်းသည်မွေ့လျော်ဖွယ်ရှိပေ၏၊ ရှဉ့်စာကျွေးရာ ဝေဠုဝန်ကျောင်းသည် မွေ့လျော်ဖွယ်ရှိပေ၏၊ ဇီဝက၏့သရက်ဥယျာဉ်သည် မွေ့လျော်ဖွယ်ရှိပေ၏၊ မဒ္ဒကုစ္ဆိအရပ် မိဂဒါဝုန်တောသည် မွေ့လျော်ဖွယ် ရှိပေ၏။

အာနန္ဒာ တစ်စုံတစ်ယောက်သော သူသည် ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကိုပွါးများထား၏၊ လေ့ကျင့်ထား၏၊ ယာဉ်ကဲ့သို့ ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏၊ ဆောက်တည်ထား၏၊ ကောင်းစွာ ဆည်းပူးထား၏၊ ကောင်းစွာ အားထုတ်ထား၏။ပ။ အာနန္ဒာ သို့ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏”ဟု (မိန့်ဆိုခဲ့ဖူး၏)။

အာနန္ဒာ မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင်ကို ဤသို့ပင်ပြုပါလျက်လည်း သင်သည်သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ခဲ့ချေ။ “အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ် လူတို့၏အကျိုးစီးပွားနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို မတောင်းပန်ခဲ့ချေ။

အာနန္ဒာ သင်သည် အကယ်၍ မြတ်စွာဘုရားကို ထိုအခါက တောင်းပန်ခဲ့ငြားအံ့၊ မြတ်စွာဘုရားသည်သင်၏ တောင်းပန်သော စကားတို့ကို နှစ်ကြိမ်သာလျှင်ငြင်းပယ်၍ သုံးကြိမ်မြောက်မူကား လက်ခံရာ၏။ အာနန္ဒာ ထို့ကြောင့် ဤ (မတောင်းပန်ခြင်း) သည် သင်၏ အပြစ်သာလျှင် ဖြစ်ချေ၏။ သင်၏ချို့ယွင်းချက် သာလျှင် ဖြစ်ချေ၏။

၁၈၁။ အာနန္ဒာ အခါတစ်ပါး၌ ငါသည် ဤဝေသာလီပြည်၌ပင်လျှင် ဥဒေနစေတီ၌ နေခဲ့၏၊ ထိုသို့နေစဉ်၌လည်း သင့်အား ငါမိန့်ဆိုခဲ့ဖူး၏ “အာနန္ဒာ ဝေသာလီပြည်သည် မွေ့လျော်ဖွယ် ရှိပေ၏၊ ဥဒေနစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏။

အာနန္ဒာ တစ်စုံတစ်ယောက်သော သူသည် ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကို ပွါးများထား၏၊ လေ့ကျင့်ထား၏၊ ယာဉ်ကဲ့သို့ ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏၊ ဆောက်တည် ထား၏၊ ကောင်းစွာ ဆည်းပူးထား၏၊ ကောင်းစွာ အားထုတ်ထား၏၊ ထိုသူသည် အလိုရှိခဲ့သော်အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏။

အာနန္ဒာ မြတ်စွာဘုရားသည် ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကို ပွါးများထားပြီးဖြစ်၏၊ လေ့ကျင့်ထားပြီး ဖြစ်၏၊ ယာဉ်ကဲ့သို့ ပြုထားပြီး ဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီး ဖြစ်၏၊ ဆောက်တည်ထားပြီး ဖြစ်၏၊ ကောင်းစွာ ဆည်းပူးထားပြီး ဖြစ်၏၊ ကောင်းစွာ အားထုတ်ထားပြီးဖြစ်၏၊ အာနန္ဒာ သို့ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက်လွန်၍ဖြစ်စေ တည်နိုင်ပေ၏”ဟု (မိန့်ဆိုခဲ့ဖူး၏)။

အာနန္ဒာ မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင်ကို ဤသို့ပင် ပြုပါလျက်လည်းသင်သည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ခဲ့ချေ၊ “အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွားနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို မတောင်းပန်ခဲ့ချေ။

အာနန္ဒာ သင်သည် အကယ်၍ မြတ်စွာဘုရားကို ထိုအခါက တောင်းပန်ခဲ့ငြားအံ့၊ မြတ်စွာဘုရားသည်သင်၏ တောင်းပန်သော စကားတို့ကို နှစ်ကြိမ်သာလျှင် ငြင်းပယ်၍ သုံးကြိမ်မြောက်မူကား လက်ခံရာ၏။ အာနန္ဒာ ထို့ကြောင့် ဤ (မတောင်းပန်ခြင်း) သည် သင်၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်၏ချို့ယွင်းချက် သာလျှင် ဖြစ်ချေ၏။

၁၈၂။ အာနန္ဒာ အခါတစ်ပါး၌ ငါသည် ဤဝေသာလီပြည်၌ပင်လျှင် ဂေါတမကစေတီ၌ နေခဲ့၏။ပ။ ဤဝေသာလီပြည်၌ပင်လျှင် သတ္တမ္ဗစေတီ၌ နေခဲ့၏။ ဤဝေသာလီပြည်၌ပင်လျှင် ဗဟုပုတ ္တစေတီ၌ နေခဲ့၏။ ့ဤဝေသာလီပြည်၌ပင်လျှင် သာရန္ဒဒစေတီ၌ နေခဲ့၏။

အာနန္ဒာ ယနေ့ စာပါလစေတီ၌ (နေစဉ်) ယခုပင် သင့်အား ငါ မိန့်ဆိုခဲ့ပြီ “အာနန္ဒာ ဝေသာလီပြည်သည် မွေ့လျော်ဖွယ် ရှိပေ၏၊ ဥဒေနစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ ဂေါတမကစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ သတ္တမ္ဗစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ ဗဟုပုတ ္တစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ သာရန္ဒဒစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ စာပါလစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏။

အာနန္ဒာ တစ်စုံတစ်ယောက်သော သူသည် ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကိုပွါးများထား၏၊ လေ့ကျင့်ထား၏၊ ယာဉ်ကဲ့သို့ပြုထား၏၊ တည်ရာကဲ့သို့ပြုထား၏၊ ဆောက်တည်ထား၏၊ ကောင်းစွာ ဆည်းပူးထား၏၊ ကောင်းစွာ အားထုတ်ထား၏၊ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏။

အာနန္ဒာ မြတ်စွာဘုရားသည် ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကို ပွါးများထားပြီးဖြစ်၏၊ လေ့ကျင့်ထားပြီး ဖြစ်၏၊ ယာဉ်ကဲ့သို့ ပြုထားပြီး ဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီး ဖြစ်၏၊ ဆောက်တည် ထားပြီး ဖြစ်၏၊ ကောင်းစွာ ဆည်းပူးထားပြီး ဖြစ်၏၊ ကောင်းစွာ အားထုတ်ထားပြီးဖြစ်၏။ အာနန္ဒာ သို့ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေအာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်၏”ဟု (မိန့်ဆိုခဲ့ဖူး၏)။

အာနန္ဒာ မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင်ကို ဤသို့ပင် ပြုပါလျက်လည်းသင်သည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ။ “အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါနတ်လူ တို့၏ အကျိုးစီးပွားနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် ဘုန်းတော်ကြီးသောမြတ်စွာ ဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကိုမတောင်းပန်ခဲ့ချေ။

အာနန္ဒာ သင်သည် အကယ်၍ မြတ်စွာဘုရားကို ထိုအခါက တောင်းပန်ခဲ့ငြားအံ့၊ မြတ်စွာဘုရား သည်သင်၏ တောင်းပန်သော စကားတို့ကို နှစ်ကြိမ်သာလျှင် ငြင်းပယ်၍ သုံးကြိမ်မြောက်မူကား လက်ခံရာ၏၊ အာနန္ဒာ ထို့ကြောင့် ဤ (မတောင်းပန်ခြင်း) သည် သင်၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်၏ချို့ယွင်း ချက်သာလျှင် ဖြစ်ချေ၏။

၁၈၃။ “အာနန္ဒာ ချစ်ခင်မြတ်နိုးသောသူ အားလုံးတို့နှင့် (ရှင်လျက်) ကွဲကွာခြင်း (သေ၍) ကွဲကွာခြင်း (ဘဝခြားလျက်) ကွဲကွာခြင်းများကို ရှေးမဆွကပင် ငါဟောကြားခဲ့ပြီး မဟုတ်ပါလော၊ အာနန္ဒာဤအရာ၌ အကြင်တရားသည် အသစ်ဖြစ်ပေါ်လာခြင်း၊ ထင်ရှားဖြစ်ပေါ်ခြင်း၊ ပြုပြင်ပေးရခြင်းသဘောရှိ၍ ပျက်စီးခြင်း သဘောရှိ၏၊ ထိုတရားကို မပျက်စီးပါစေလင့်ဟု လိုလားတောင့်တချက်အတိုင်းအဘယ်မှာ ရနိုင်ပါ အံ့နည်း၊ ဤသို့ ရနိုင်ရန် အကြောင်းမရှိချေ။

အာနန္ဒာ မြတ်စွာဘုရားသည် အကြင် အသက်ရှည်ရန် ပြုပြင်မှု ‘အာယုသင်္ခါရ’ ကို စွန့်လိုက်ပြီ၊ ထွေးအံလိုက်ပြီ၊ လွှတ်လိုက်ပြီ၊ ပယ်လိုက်ပြီ၊ ပစ်လွှင့်လိုက်ပြီ၊ စွန့်လွှတ်လိုက်ပြီ၊ (ထို့ပြင်) ‘မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် ပြုခြင်းသည် မကြာမီပင် ဖြစ်လိမ့်မည်၊ ဤနေ့မှ သုံးလလွန်သောအခါ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြု လိမ့်မည်’ဟု ဧကန်မုချ စကားကိုလည်း မိန့်ဆိုလိုက်ပြီ၊ မြတ်စွာဘုရားအား ထိုစွန့်ပယ်လိုက်ပြီးသော အသက်ရှည်ရန် ပြုပြင်မှုကို အသက်ရှည်စေလိုသောကြောင့် တစ်ဖန်ပြန်၍ ဖြစ်စေအံ့သောအကြောင်းသည် မရှိတော့ချေ။ အာနန္ဒာ လာ, သွားကုန်အံ့၊ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီးဆီသို့ ချဉ်းကပ်ကုန်အံ့”ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာနှင့်အတူ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီးသို့ ချဉ်းကပ်တော်မူပြီးလျှင်—

“အာနန္ဒာ သင်သွားချေ၊ ဝေသာလီပြည်၌ အမှီပြုနေကုန်သော ရဟန်းအားလုံးတို့ကို ဓမ္မာရုံ၌ စုရုံးစေကုန်လော့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံခဲ့၍ ဝေသာလီ ပြည်၌အမှီပြုနေကုန်သော ရဟန်းအားလုံးတို့ကို ဓမ္မာရုံ၌ စုရုံးစေပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်း ကပ်၍မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်လေ၏၊ တစ်ခုသော နေရာ၌ ရပ်ပြီးသော အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား “အသျှင်ဘုရား ရဟန်းသံဃာသည် စုရုံးပြီးလျက် ရှိနေပါပြီ၊ ယခုအခါ၌ ကြွတော်မူရန် အချိန်ကို မြတ်စွာဘုရား သိတော်မူပါသည်” (ကြွရန်မှာ မြတ်စွာဘုရား၏အလိုအတိုင်းပင် ဖြစ်ပါသည်)ဟု လျှောက်၏။

၁၈၄။ ထိုအခါ မြတ်စွာဘုရားသည် ဓမ္မာရုံသို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေတော်မူပြီးလျှင် ရဟန်းတို့ကို မိန့်တော်မူ၏။

၁။ အပိုဒ်နံပါတ် ၁၇၉—၌ ဆိုခဲ့ပြီးဖြစ်၍ ဤအရာ၌ ဤစာပိုဒ်မရှိသင့်ပြီ။

၂။ ရှေးကမြှုပ်ခဲ့ရာ ပေယျာလတို့၌ ထုတ်ဖော်တတ်စေရန် ဤစာပိုဒ်များကို ဤအရာ၌ ဖော်ပြထားသည်။

သာသနာအရှည် တည်တံ့ရေး သုံးဆယ့်ခုနစ်ပါး

ရဟန်းတို့ ငါသည် ထူးသော ဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ်သော တရားတော်တို့ကို သင်တို့ သည်ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ်ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့မှီဝဲပွါးများ လေ့ကျင့်သည်ရှိသော် ဤမြတ်သော အကျင့် ‘သာသနာတော်’ သည် အရှည်ခိုင်ခန့်လျက် ကြာမြင့်စွာတည်တံ့ရာ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်လေရာ၏။

ရဟန်းတို့ ငါသည် ထူးသောဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ်သော တရားတို့ကို သင်တို့သည်ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ်ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့ မှီဝဲပွါးများ လေ့ကျင့်သည်ရှိသော် ဤမြတ်သောအကျင့် ‘သာသနာတော်’ သည် အရှည်ခိုင်ခံ့လျက် ကြာမြင့်စွာတည်တံ့ရာ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်လေရာ၏ဟု ဆိုရာ၌ ထူးသော ဉာဏ်ဖြင့်သိ၍ ငါဟောအပ်သော ထိုတရားတို့ကား အဘယ်နည်း။

ယင်းတရားတို့ကား သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ် ငါးပါးဗောဇ္ဈင်ခုနစ်ပါး အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တို့ပေတည်း။

ရဟန်းတို့ ငါသည် သင်တို့အား ထူးသောဉာဏ်ဖြင့် သိ၍ ဟောအပ်သော ဤတရားတော်တို့ကိုသင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ်ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့ မှီဝဲပွါးများ လေ့ကျင့်သည်ရှိသော် ဤမြတ်သောအကျင့် ‘သာသနာတော်’ သည် အရှည်ခိုင်ခံ့လျက်ကြာမြင့်စွာ တည်တံ့ရာ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကိုစောင့့်ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွားနှင့် ချမ်းသာအလို့ငှါ ဖြစ်လေရာ၏ဟု (မိန့်တော်မူ၏)။

၁၈၅။ ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့အား မိန့်တော်မူပြန်သည်မှာ—

“ရဟန်းတို့ သင်တို့အား ယခု ငါ မိန့်မှာဦးအံ့၊ ပြုပြင်ပေးရသော ‘သင်္ခါရ’ တရားတို့သည့်ပျက်စီးခြင်း သဘောရှိကုန်၏၊ မမေ့သော သတိတရားဖြင့်၁ ကိစ္စပြီးစီးအောင် အားထုတ်ကြကုန်လော့၊ မြတ်စွာ ဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီပင် ဖြစ်လိမ့်မည်၊ ဤနေ့မှ သုံးလလွန်သောအခါ၌မြတ်စွာဘုရား သည် ပရိနိဗ္ဗာန်ပြုချေတော့မည်”ဟု (ဤစကားကို မြတ်စွာဘုရား မိန့်တော်မူပြန်၏)။

ဤစကားကို မိန့်တော်မူပြီးလျှင် ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်တစ်ပါးသော ဤစကားကိုလည်း မိန့်တော်မူပြန်၏ —

(ရဟန်းတို့) ငါ၏ အရွယ်သည် ရင့်ရော်လှလေပြီ၊ ငါ၏ အသက်ကြွင်းသည် နည်းလှလေပြီ၊ သင်တို့ကိုစွန့် ၍ သွားရတော့အံ့၊ ငါသည် မိမိ၏ ကိုးကွယ်ရာကို ပြုပြီးပြီ။

ရဟန်းတို့ မမေ့မလျော့ဘဲ သတိရှိလျက် စင်ကြယ်သော သီလနှင့် ပြည့်စုံကြစေ ကုန်လော့၊ ကောင်းစွာ တည်ကြည်၍ ကောင်းစွာ ကြံစည်ခြင်းရှိလျက် မိမိတို့၏ စိတ်ကို စောင့်ရှောက်ကြကုန်လော့။

ရဟန်းတို့ ဤတရားဝိနည်း ‘သာသနာတော်’ ၌ မမေ့မလျော့နေသော သူသည် အဖန်ဖန်ဖြစ်လျက်ပြောင်းရွှေ့ကျင်လည်ရာ ‘ဘဝသံသရာ’ ကို စွန့်ပယ်၍ ဒုက္ခ၏ အဆုံးကို ပြုနိုင်ပေလတ္တံ့ဟု (မိန့်တော်မူပြန်၏)။

တတိယအခန်းပြီး၏။

၁။ အပ္ပမာဒေန သမ္ပာဒေထာတိ သတိအဝိပ္ပဝါသေန သဗ္ဗကိစ္စာနိ သမ္ပာဒေယျာထ—ဟူသော အဋ္ဌကထာနှင့်အညီ သတိတရားဖြင့်ဟု ကရိုဏ်းအနက် ပြန်ဆိုထားသည်။

စတုတ္ထအခန်းအပိုင်းပြင်ဆင်

ဆင်ပြောင်ကြီးကဲ့သို့ ပြန်ကြည့်တော်မူခြင်း

၁၈၆။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက်ဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။

ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်ပြီးလျှင် ဆွမ်းစားပြီးနောက် ဆွမ်းစားရာမှ ဖဲခွါခဲ့ပြီးသော်ဝေသာလီပြည်ကို ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်ပါ ပြန်လှည့်လျက် ကြည့်ရှုတော်မူ၍ “အာနန္ဒာ ဤယခုကြည့်ရှုခြင်းသည် ဝေသာလီပြည်ကို မြတ်စွာဘုရား၏ နောက်ဆုံး ကြည့်ရှုခြင်းပေတည်း၊ အာနန္ဒာ လာ, သွားကုန်အံ့၊ ဘဏ္ဍုရွာသို့ ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။ ထိုအခါမြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့် အတူ ဘဏ္ဍုရွာသို့ ရောက်တော်မူ၍ ထိုဘဏ္ဍုရွာ၌သီတင်းသုံးနေတော်မူ၏။

ထို (ရွာ) ၌ (နေစဉ်) မြတ်စွာဘုရားသည် ရဟန်းတို့အား (ဤသို့) မိန့်တော်မူသည်မှာ—

ရဟန်းတို့ လေးပါးသော တရားတို့ကို လျော်ကန်စွာ မသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့်ငါသည်လည်းကောင်း သင်တို့သည်လည်းကောင်း ရှည်လျားစွာသော ဤ (သံသရာ) ကာ လပတ်လုံးပြေးသွားခဲ့ရလှလေပြီ။ ကျင်လည်ခဲ့ရလှလေပြီ။

အဘယ်တရားလေးပါးတို့နည်းဟူမူ—

“ရဟန်းတို့ မြတ်သော အရိယသီလကို လျော်ကန်စွာ မသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း သင်တို့သည်လည်းကောင်း ရှည်လျားစွာသော ဤ (သံသရာ) ကာလပတ်လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။

ရဟန်းတို့ မြတ်သော အရိယသမာဓိကို လျော်ကန်စွာ မသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့်ငါသည်လည်းကောင်း သင်တို့သည်လည်းကောင်း ရှည်လျားစွာသော ဤ (သံသရာ) ကာလပတ်လုံး့ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။

ရဟန်းတို့ မြတ်သော အရိယပညာကို လျော်ကန်စွာ မသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့်ငါသည်လည်းကောင်း သင်တို့သည်လည်းကောင်း ရှည်လျားစွာသော ဤ (သံသရာ) ကာလပတ်လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။

ရဟန်းတို့ မြတ်သော လွတ်မြောက်မှု ‘အရိယဝိမုတ္တိ’ ကို လျော်ကန်စွာ မသိခြင်းကြောင့် ထိုးထွင်း၍မသိခြင်းကြောင့် ငါသည်လည်းကောင်း သင်တို့သည်လည်းကောင်း ရှည်လျားစွာသော ဤ (သံသရာ) ကာလပတ်လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။

ရဟန်းတို့ (ငါသည်) ထိုအရိယသီလကို လျော်ကန်စွာ သိပြီ၊ ထိုးထွင်း၍ သိပြီ။ ထိုအရိယသမာ ဓိကိုလျော်ကန်စွာ သိပြီ၊ ထိုးထွင်း၍ သိပြီ။ ထိုအရိယပညာကို လျော်ကန်စွာ သိပြီ၊ ထိုးထွင်း၍ သိပြီ။ ထိုအရိယဝိမုတ္တိကို လျော်ကန်စွာ သိပြီ၊ ထိုးထွင်း၍ သိပြီ။ ဘဝ၌တပ်မက်ခြင်း ‘ဘဝ တဏှာ’ ကိုဖြတ်ပြီးပြီ၊ ဘဝသစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့်တူစွာ ဘဝတဏှာ ကုန်ပြီ၊ ယခု အခါတစ်ဖန် (ဘဝသစ်၌) ဖြစ်ခြင်း မရှိတော့ပြီ”ဟု (ဤစကားကို မြတ်စွာဘုရား မိန့်တော်မူ၏)။

ဤစကားကို မိန့်တော်မူပြီးလျှင် ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်တစ်ပါးသော ဤစကားကို မိန့်တော်မူပြန်၏—

“(များသော) အခြံအရံရှိသော ဂေါတမ (အနွယ်ဖြစ်သော) မြတ်စွာဘုရားသည် အမြတ်ဆုံးသီလ သမာဓိ ပညာ ဝိမုတ္တိ ဟူသော ဤတရားတို့ကို မှန်စွာသိလေပြီ။

ဤသို့ မှန်စွာ သိ၍ မြတ်စွာဘုရားသည် ရဟန်းတို့အား တရားတော်ကို ဟော ကြားခဲ့လေပြီ၊ ပညာမျက်စိ (ငါးပါး) ၁ နှင့် ပြည့်စုံသော (လူ နတ်တို့၏) ဆရာ မြတ်စွာဘုရားသည် ကိလေသာမီး လုံးဝငြိမ်းပြီးသည် ဖြစ်၍ ဒုက္ခ၏အဆုံးကို ပြုလေပြီ”ဟု (မိန့်တော်မူပြန်၏)။

မြတ်စွာဘုရားသည် ထိုဘဏ္ဍုရွာ၌ နေတော်မူစဉ်လည်း ဤသို့သော တရားစကားကိုသာလျှင် ရဟန်းတို့အား အကြိမ်များစွာ ဟောတော်မူ၏။ “ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလ၌ တည်၍ဖြစ်စေအပ်သော သမာဓိသည် များသော အကျိုးအာနိသင် ရှိ၏။ သမာဓိ၌ တည်၍ ဖြစ်စေအပ်သော ပညာသည် များသော အကျိုးအာနိသင် ရှိ၏။ ပညာ၌ တည်၍ဖြစ်စေအပ်သော စိတ်သည် ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝဟူသော အာသဝေါတို့မှ ကောင်းစွာသာလျှင်လွတ် မြောက်၏”ဟု (ဟောတော်မူ၏)။

၁။ ပညာမျက်စိငါးပါးဟူသည်ကား ၁—ဗုဒ္ဓစက္ခု = ဘုရားမျက်စိ (အာသယာနုသယဉာဏ်နှင့် ဣန္ဒြိယပရောပရိယတ္တိဉာဏ်)။ ၂ —သမန္တစက္ခု = ထက်ဝန်းကျင် သိမြင်နိုင်သော သဗ္ဗညုတဉာဏ်။ ၃—ဥာဏစက္ခု = သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်ဟူသော ဉာဏ်မျက်စိ။ ၄—ဒိဗ္ဗစက္ခု = နတ်မျက်စိနှင့်တူသော အဘိညာဉ်မျက်စိ။ ၅—ဓမ္မစက္ခု = အောက်မဂ်ဉာဏ် သုံးပါးဟူသော တရား မျက်စိတို့ပေတည်း။

မဟာပဒေသ လေးပါး

၁၈၇။ ထိုအခါ မြတ်စွာဘုရားသည် ဘဏ္ဍုရွာ၌ အလိုရှိသမျှ နေတော်မူပြီးလျှင် “အာနန္ဒာ လာ, သွားကုန်အံ့၊ ဟတ္ထိရွာ အမ္ဗရွာ ဇမ္ဗုရွာနှင့် ဘောဂမြို့သို့ ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအားမိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။

ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ဘောဂမြို့သို့ ကြွရောက်တော်မူ၏။

မြတ်စွာဘုရားသည် ထိုဘောဂမြို့ အာနန္ဒစေတီ၌ နေတော်မူ၏။ ထိုအာနန္ဒစေတီ၌ (နေတော်မူစဉ်) မြတ်စွာဘုရားသည် “ရဟန်းတို့ မဟာပဒေသလေးပါး၁တို့ကို ဟောကြားအံ့၊ ထိုမဟာပဒေသတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့”ဟု ရဟန်းတို့အား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏၊ မြတ်စွာဘုရားသည် ဤစကားတို့ကို မိန့်တော်မူ၏—

သမန္တစက္ခု = ထက်ဝန်းကျင် သိမြင်နိုင်သော သဗ္ဗညုတဉာဏ်။ ၃—ဥာဏစက္ခု = သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်ဟူသော ဉာဏ်မျက်စိ။ ၄—ဒိဗ္ဗစက္ခု = နတ်မျက်စိနှင့်တူသော အဘိညာဉ်မျက်စိ။ ၅—ဓမ္မစက္ခု = အောက်မဂ်ဉာဏ် သုံးပါးဟူသော တရား မျက်စိတို့ပေတည်း။

မဟာပဒေသ လေးပါး ၁၈၇။ ထိုအခါ မြတ်စွာဘုရားသည် ဘဏ္ဍုရွာ၌ အလိုရှိသမျှ နေတော်မူပြီးလျှင် “အာနန္ဒာ လာ, သွားကုန်အံ့၊ ဟတ္ထိရွာ အမ္ဗရွာ ဇမ္ဗုရွာနှင့် ဘောဂမြို့သို့ ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအားမိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။

ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ဘောဂမြို့သို့ ကြွရောက်တော်မူ၏။

မြတ်စွာဘုရားသည် ထိုဘောဂမြို့ အာနန္ဒစေတီ၌ နေတော်မူ၏။ ထိုအာနန္ဒစေတီ၌ (နေတော်မူစဉ်) မြတ်စွာဘုရားသည် “ရဟန်းတို့ မဟာပဒေသလေးပါး၁တို့ကို ဟောကြားအံ့၊ ထိုမဟာပဒေသတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့”ဟု ရဟန်းတို့အား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏၊ မြတ်စွာဘုရားသည် ဤစကားတို့ကို မိန့်တော်မူ၏—

၁၈၈။ ရဟန်းတို့ ဤ (သာသနာတော်) ၌ (တစ်စုံတစ်ယောက်သော) ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့—

“ငါ့သျှင်တို့ ငါသည် ဤတရားကို မြတ်စွာဘုရား မျက်မှောက်တော်မှ ကြားနာခဲ့ရပါ၏၊ ခံယူခဲ့ရ ပါ၏၊ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား ဘုရားသျှင့် အဆုံးအမတော်ပါတည်း”ဟု (ပြောဆိုငြားအံ့)။

ရဟန်းတို့ ထိုရဟန်း၏ စကားကို လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ်အပ်သေး၊ လက်လည်းမခံ ပယ်လည်းမပယ်သေးဘဲ ထို (ပြောဆိုသော) ပုဒ်ဗျည်းတို့ကို ကောင်းစွာ မှတ်သား၍ သုတ်တရားတော်၌ သွင်းကြည့်အပ်ကုန်၏၊ ဝိနည်းတော်၌ နှီးနှောကြည့်အပ်ကုန်၏။

(ဤသို့) သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထို (ပုဒ် ဗျည်း) တို့သည် သုတ်တရားတော်၌လည်း မသက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း မနှီးနှောမိကုန်ငြားအံ့၊ (သို့ဖြစ်လျှင်) “ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ်မဟုတ်ချေ၊ ဤရဟန်း၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ ဤသို့ (ဆုံးဖြတ်၍) ထိုစကားကို ပယ်ကြလေ။

(သို့မဟုတ်) သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထို (ပုဒ် ဗျည်း) တို့သည် သုတ်တရားတော်၌လည်း သက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း နှီးနှောမိကုန်ငြားအံ့၊ (သို့ဖြစ်လျှင်) “ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ် ဖြစ်ပေသည်၊ ဤရဟန်း၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ ရှေးဦးစွာ ဤမဟာပဒေသကို မှတ်ထားကြကုန်လော့။ (၁)

ရဟန်းတို့ ထို့ပြင် ဤ (သာသနာတော်) ၌ (တစ်စုံတစ်ယောက်သော) ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့—

“ဤမည်သော ကျောင်း၌ အကြီးအမှူးမထေရ်နှင့် တကွသော သံဃာသည် နေလျက် ရှိ၏၊ ငါသည်ထိုသံဃာ၏ မျက်မှောက်မှ ကြားနာခဲ့ရပါ၏၊ သင်ယူခဲ့ရပါ၏၊ ဤကား တရားတော်ပါတည်း၊ ဤကားဝိနည်းတော်ပါတည်း၊ ဤကား ဘုရားသျှင့် အဆုံးအမတော်ပါတည်း”ဟု (ပြောဆို ငြားအံ့)။

ရဟန်းတို့ ထိုရဟန်း၏ စကားကို လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ်အပ်သေး၊ လက်လည်း မခံ ပယ်လည်း မပယ်မူ၍ ထို (ပြောဆိုသော) ပုဒ်ဗျည်းတို့ကို ကောင်းစွာ မှတ်သား၍ သုတ်တရားတော်၌ သွင်းကြည့်အပ်ကုန်၏၊ ဝိနည်းတော်၌ နှီးနှောကြည့်အပ်ကုန်၏။

(ဤသို့) သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထို (ပုဒ်ဗျည်း) တို့သည် သုတ်တရားတော်၌လည်း မသက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း မနှီးနှောမိကုန်ငြားအံ့၊ (သို့ဖြစ်လျှင်) “ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ်မဟုတ်ချေ၊ ထိုသံဃာ၏မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ဤသို့ (ဆုံးဖြတ်၍) ထိုစကားကို ပယ်ကြလေ။

(သို့မဟုတ်) သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထို (ပုဒ် ဗျည်း) တို့သည် သုတ်တရားတော်၌လည်း သက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း နှီးနှောမိကုန်ငြားအံ့၊ (သို့ဖြစ်လျှင်) “ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ် ဖြစ်ပေသည်။ ထိုသံဃာ၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ နှစ်ခုမြောက်သော ဤမဟာပဒေသကို မှတ်ထားကြကုန်လော ့။ (၂)

ရဟန်းတို့ ထို့ပြင် ဤ (သာသနာတော်) ၌ (တစ်စုံတစ်ယောက်သော) ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့—

“ဤမည်သော ကျောင်း၌ အကြားအမြင်များကုန်သော ပါဠိတော်ကို နှုတ်ငုံဆောင်ကုန်သော တရားတော် ဝိနည်းတော်ကို ဆောင်ကုန်သော ပါတိမောက်ကို ဆောင်ကုန်သော များစွာသော မထေရ်ရဟန်းတို့သည် နေလျက်ရှိကုန်၏၊ ငါသည် ထိုမထေရ်တို့၏ မျက်မှောက်မှ ကြားနာခဲ့ရပါ၏၊ ခံယူခဲ့ရပါ၏၊ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား ဘုရားသျှင့်အဆုံးအမတော်ပါတည်း”ဟု (ပြောဆိုငြားအံ့)။

ရဟန်းတို့ ထိုရဟန်း၏ စကားကို လက်လည်း မခံအပ်သေး။ပ။ ဝိနည်း၌လည်း မနှီးနှောမိကုန်ငြားအံ့၊ (သို့ဖြစ်လျှင်) “ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ်မဟုတ်ချေ၊ ထိုမထေရ်တို့၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်၊ ရဟန်းတို့ ဤသို့ (ဆုံးဖြတ်၍) ထိုစကားကို ပယ်ကြလေ။

(သို့မဟုတ်) သုတ်တရားတော်၌ သွင်းကြည့်လျက်။ပ။ ထို (ပုဒ်ဗျည်း) တို့သည် ဝိနည်းတော်၌ လည်းနှီးနှောမိကုန်ငြားအံ့၊ “ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ်ဖြစ်ပေသည်၊ ထိုမထေရ်တို့၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ သုံးခုမြောက်သော ဤမဟာပဒေသကို မှတ်ထားကြကုန်လော ့။ (၃)

ရဟန်းတို့ ထို့ပြင် ဤ (သာသနာတော်) ၌ (တစ်စုံတစ်ယောက်သော) ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့ —

“ဤမည်သော ကျောင်း၌ အကြားအမြင်များသော ပါဠိတော်ကို နှုတ်ငုံဆောင်သော တရားတော်ဝိနည်းတော်ကို ဆောင်သော ပါတိမောက်ကို ဆောင်သော တစ်ဦးသော မထေရ်သည် နေလျက်ရှိ၏၊ ငါသည် ထိုမထေရ်၏ မျက်မှောက်မှ ကြားနာခဲ့ရပါ၏၊ ခံယူခဲ့ရပါ၏၊ ဤကား တရားတော်ပါတည်း၊ ့ဤကား ဝိနည်းတော်ပါတည်း၊ ဤကား ဘုရားသျှင့် အဆုံးအမတော်ပါတည်း”ဟု (ပြောဆိုငြား အံ့)။

ရဟန်းတို့ ထိုရဟန်း၏ စကားကို လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ်အပ်သေး၊ လက်လည်းမခံ ပယ်လည်းမပယ်မူ၍ ထို (ပြောဆိုသော) ပုဒ်ဗျည်းတို့ကို ကောင်းစွာ မှတ်သား၍ သုတ်တရားတော်၌ သွင်းကြည့်အပ်ကုန်၏၊ ဝိနည်းတော်၌ နှီးနှောကြည့်အပ်ကုန်၏။

(ဤသို့) သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထို (ပုဒ် ဗျည်း) တို့သည် သုတ်တရားတော်၌လည်း မသက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း မနှီးနှောမိကုန်ငြားအံ့၊ (သို့ဖြစ်လျှင်) “ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ်မဟုတ်ချေ၊ ထိုမထေရ်၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်၊ ရဟန်းတို့ ဤသို့ (ဆုံးဖြတ်၍) ထိုစကားကို ပယ်ကြလေ။

(သို့မဟုတ်) သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထို (ပုဒ် ဗျည်း) တို့သည် သုတ်တရားတော်၌လည်း သက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း နှီးနှောမိကုန်ငြားအံ့၊ (သို့ဖြစ်လျှင်) “ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ် ဖြစ်ပေသည်၊ ထိုမထေရ်၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ လေးခုမြောက်သော ဤမဟာပဒေသကို မှတ်ထားကြကုန်လော ့။ (၄)

ရဟန်းတို့ ဤမဟာပဒေသ လေးပါးတို့ကို မှတ်ထားကုန်လော့ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ထိုဘောဂမြို့ အာနန္ဒစေတီ၌ နေတော်မူစဉ်လည်း ဤသို့သော တရားစကားကိုသာလျှင် ရဟန်းတို့အား အကြိမ်များစွာ ဟောတော်မူ၏၊ “ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလ၌ တည်၍ ဖြစ်စေအပ်သော သမာဓိသည် များသော အကျိုးအာနိသင် ရှိ၏။ သမာဓိ၌ တည်၍ ဖြစ်စေအပ်သော ပညာသည် များသော အကျိုးအာနိသင် ရှိ၏။ပညာ၌ တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝဟူသော အာသဝေါတို့မှကောင်းစွာသာလျှင် လွတ်မြောက်၏”ဟု (ဟောတော်မူ၏)။

၁။ ဂုဏ်ကြီးသူတို့ကို ကိုးကား၍ ပြောဆိုသော တရားစကားတို့ကို အမှားအမှန် ဝေဖန်ဆုံးဖြတ်ရန် နည်းညွှန် ဥပဒေသများဟု ဆိုလိုသည်။

စုန္ဒပန်းထိမ်သည် ဝတ္ထု

၁၈၉။ ထိုအခါ မြတ်စွာဘုရားသည် ဘောဂမြို့၌ အလိုရှိသမျှ နေတော်မူပြီးလျှင် “အာနန္ဒာ လာ, သွားကုန်အံ့၊ ပါဝါပြည်သို့ ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။ ထိုအခါမြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ပါဝါပြည်သို့ ကြွရောက်တော်မူပြီးလျှင် ရွှေပန်းထိမ်သည့်သား စုန္ဒ၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူ၏။ ရွှေပန်းထိမ်သည့်သား စုန္ဒသည်မြတ်စွာဘုရား ပါဝါပြည်သို့ ရောက်တော်မူ၍ မိမိသရက်ဥယျာဉ်၌ နေတော်မူကြောင်းကို ကြားလေ၏။

ထိုအခါ ရွှေပန်းထိမ်သည့်သား စုန္ဒသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ရွှေပန်းထိမ်သည့်သားစုန္ဒအား မြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။

မြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက့်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသည်ရှိသော် ရွှေပန်းထိမ်သည့်သား စုန္ဒသည် “အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန်အဖို့ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု မြတ်စွာဘုရားအား လျှောက်၏။

မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ထိုအခါ ရွှေပန်းထိမ်သည့်သား စုန္ဒ သည်မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

ထိုအခါ ရွှေပန်းထိမ်သည့်သား စုန္ဒသည် ထိုညဉ့်လွန်မြောက်ပြီးနောက် မိမိနေအိမ်၌ မွန်မြတ်သောခဲဖွယ်ဘောဇဉ်ကိုလည်းကောင်း နူးညံ့သော ဝက်သား ‘သူကရမဒ္ဒဝ’၁ များကိုလည်းကောင်း စီရင်စေပြီးလျှင် “အသျှင်ဘုရား အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု အချိန် (တန်ကြောင်း) ကို မြတ်စွာဘုရားအားလျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက်ရဟန်းသံဃာနှင့်အတူ ရွှေပန်းထိမ်သည့်သား စုန္ဒနေအိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ထိုင်တော်မူ၏။

ထိုင်တော်မူပြီးလျှင် မြတ်စွာဘုရားသည် “စုန္ဒ သင်စီရင်ထားသည့် နူးညံ့သော ဝက်သားဖြင့် ငါ့ကိုလုပ်ကျွေးလော့၊ သင်စီရင်ထားသည့် အခြားခဲဖွယ်ဘောဇဉ်ဖြင့် ရဟန်းသံဃာကို လုပ်ကျွေးလော့”ဟုရွှေပန်းထိမ်သည့်သား စုန္ဒအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ရွှေပန်းထိမ်သည့်သား စုန္ဒသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင်စီရင်ထားသည့် နူးညံ့သော ဝက်သားဖြင့် မြတ်စွာဘုရားကို လုပ်ကျွေး၏။ စီရင်ထားသည့် အခြားခဲဖွယ်ဘောဇဉ်ဖြင့် ရဟန်းသံဃာကို လုပ်ကျွေး၏။

ထိုအခါ မြတ်စွာဘုရားသည် ရွှေပန်းထိမ်သည့်သား စုန္ဒကို မိန့်တော်မူ၏။

“စုန္ဒ သင်၏ ကြွင်းကျန်သော နူးညံ့သော ဝက်သားကို တွင်း၌ မြှုပ်လိုက်လော့၊ စုန္ဒ နတ် မာရ်နတ်ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများလူများနှင့် တကွသော ဤလူ့လောက၌ထို (နူးညံ့သော ဝက်သား) ကိုစားလျှင် မြတ်စွာဘုရားမှတစ်ပါး ကောင်းစွာ အစာကြေအံ့သော ပုဂ္ဂိုလ်ကိုငါမမြင် မတွေ့ရချေ”ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ရွှေပန်းထိမ်သည့်သား စုန္ဒသည် မြတ်စွာဘုရားအား ဝန်ခံ၍ကြွင်းကျန်သော နူးညံ့သော ဝက်သားကို တွင်း၌ မြှုပ်ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး၍မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ရွှေပန်းထိမ်သည့်သား စုန္ဒကို မြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးလျှင် နေရာမှ ထကာကြွသွားတော်မူလေ၏။

၁၉ဝ။ ထို့နောက် ရွှေပန်းထိမ်သည့်သား စုန္ဒ၏ဆွမ်းကို ဘုဉ်းပေးတော်မူပြီးသော အခါ မြတ်စွာဘုရားအား ကြမ်းတမ်းသော အနာရောဂါ ကပ်ရောက်လျက် သေလောက်အောင် ပြင်းထန်သော ဝမ်းသွေးလွန်ရောဂါဝေဒနာတို့သည် ဖြစ်ပေါ်လာကုန်၏၊ မြတ်စွာဘုရားသည် ထိုဝေဒနာတို့ကို သတိရှိလျက်ဆင်ခြင်လျက် ပင်ပန်းသည်ဟု မရေတွက်ဘဲ သည်းခံတော်မူ၏။

ထိုအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် “အာနန္ဒာ လာသွားကုန်အံ့၊ ကုသိနာရုံပြည်သို့ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။

၁။ ဤအရာ၌ နွားနို့အရသာငါးမျိုး ကြိုချက်ပြုတ်နည်းအစီအရင်ဖြင့် ကောင်းစွာ စီရင်ထားသော နူးညံ့သော ထမင်းကို သူကရမဒ္ဒဝဟု ဧကေဆရာတို့က ဆိုကြသည်ဟူ၍လည်းကောင်း ရသာယန အစီအရင်ဖြင့် ကောင်းစွာ စီရင်ထားသော စားဖွယ်ကို သူကရမဒ္ဒဝဟု ကေစိဆရာတို့က ဆိုကြသည် ဟူ၍လည်းကောင်း အဋ္ဌကထာ၌ ဖော်ပြထားသေး၏။

သီးခြား ဂါထာများ

မြတ်စွာဘုရားသည် ရွှေပန်းထိမ်သည့်သား စုန္ဒ၏ (နူးညံ့သော ဝက်သား) ဆွမ်းကိုဘုဉ်းပေးတော်မူပြီးလျှင် သေလောက်အောင် ပြင်းထန်သော အနာရောဂါကို ရတော် မူသည်ဟုပြောကြသည်ကို အကျွန်ုပ် ကြားရပါ၏။ နူးညံ့သော ဝက်သား ဆွမ်းကို ဘုဉ်းပေးတော်မူပြီးသောအခါ မြတ်စွာဘုရားအား ပြင်းထန်သောအနာရောဂါ ဖြစ်ပေါ်လေ၏၊ မြတ်စွာဘုရားသည် ဝမ်းသွေးသွန် တော်မူသည်ဖြစ်၍ ကုသိနာရုံပြည်သို့ငါကြွအံ့ဟု မိန့်တော်မူလေ၏။

သောက်ရေဆောင်စေတော်မူခြင်း

၁၉၁။ ထိုအခါ မြတ်စွာဘုရားသည် လမ်းခရီးမှ ဖဲ၍ တစ်ခုသော သစ်ပင်ရင်းသို့ ချဉ်းကပ်ပြီးလျှင်အသျှင်အာနန္ဒာအား မိန့်တော်မူ၏ —

“အာနန္ဒာ ငါ၏ ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေးလော့၊ အာနန္ဒာ (ငါ) ပင်ပန်းလာပြီ ထိုင်ဦးအံ့”ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေး၏။ မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးလျှင် “အာနန္ဒာ သောက်ရေကို ဆောင်ချေလော့၊ (ငါ) မွတ်သိပ်၏၊ (ရေ) သောက်အံ့”ဟုအသျှင်အာနန္ဒာ အား မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

“အသျှင်ဘုရား လှည်းအစီးငါးရာတို့ ယခုပင် ဖြတ်ကူးသွားကြပါ၏၊ လှည်းများဖြတ်ကူးထားသောကြောင့် ထိုအနည်းငယ်သော (ချောင်း) ရေသည် ချောက်ချားနောက်ကျုလျက် စီးနေပါ၏၊ အသျှင်ဘုရား ကကုဓာမြစ်သည် မဝေးလှတော့ပါ၊ (ထိုမြစ်သည်) ကြည်လင်သော ရေရှိပါ၏၊ ချိုမြိန်သော ရေ ရှိပါ၏၊ အေးမြသောရေ ရှိပါ၏၊ ညွန်ကင်းသောရေ ရှိပါ၏၊ ကောင်းသော ဆိပ် ကမ်းရှိပါ၏၊ မွေ့လျော်ဖွယ် ရှိပါ၏။ ဤ (ကကုဓာမြစ်) ၌ မြတ်စွာဘုရားသည် ရေကိုလည်းသောက်တော်မူရပါလတ္တံ့၊ ကိုယ်တော်ကိုလည်း အေးမြအောင် ပြုတော်မူရပါလတ ္တံ့”ဟု (လျှောက်၏)။

“အာနန္ဒာ သောက်ရေကို ဆောင်ချေလော့၊ (ငါ) မွတ်သိပ်၏၊ (ရေ) သောက်အံ့”ဟု မြတ်စွာဘုရားသည် အသျှင်အာနန္ဒာအား နှစ်ကြိမ်မြောက်လည်း မိန့်တော်မူပြန်၏။

နှစ်ကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ပြန်၏—

“အသျှင်ဘုရား လှည်းအစီးငါးရာတို့ ယခုပင် ဖြတ်ကူးသွားကြပါ၏။ လှည်းများဖြတ်ကူးထားသောကြောင့် ထိုအနည်းငယ်သော (ချောင်း) ရေသည် ချောက်ချားနောက်ကျုလျက် စီးနေပါ၏၊ အသျှင်ဘုရား ကကုဓာမြစ်သည် မဝေးလှတော့ပါ၊ (ထိုမြစ်သည်) ကြည်လင်သော ရေရှိပါ၏၊ ချိုမြိန်သော ရေရှိပါ၏၊ အေးမြသော ရေရှိပါ၏၊ ညွန်ကင်းသော ရေရှိပါ၏၊ ကောင်းသော ဆိပ်ကမ်းရှိပါ၏၊ မွေ့လျော်ဖွယ်ရှိပါ၏။ ဤ (ကကုဓာမြစ်) ၌ မြတ်စွာဘုရားသည် ရေကိုလည်း သောက်တော့်မူရပါလတ္တံ့၊ ကိုယ်တော်ကိုလည်း အေးမြအောင် ပြုတော်မူရပါလတ္တံ့”ဟု (လျှောက်ပြန်၏)။

“အာနန္ဒာ သောက်ရေကို ဆောင်ချေလော့၊ ငါ မွတ်သိပ်၏၊ (ရေ) သောက်အံ့”ဟု မြတ်စွာဘုရားသည် အသျှင်အာနန္ဒာအား သုံးကြိမ်မြောက်လည်း မိန့်တော်မူပြန်၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် သပိတ်ကိုယူကာ ထိုချောင်းဆီသို့ ချဉ်းကပ်လေ၏။ ထိုအခါ လှည်းများဖြတ်ကူးထားသောကြောင့် ချောက်ချားနောက်ကျုလျက် စီးနေသော ထိုချောင်းရေ အနည်းငယ်သည် အသျှင်အာနန္ဒာ ချဉ်းကပ်လေလျှင် ကြည်လင်သန့်ရှင်း နောက်ကျုခြင်းကင်းလျက် စီးလေ၏။

ထိုအခါ အသျှင်အာနန္ဒာသည် ထိုသို့ ဆင်ခြင်မိ၏။

“မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြီးသည်၏အဖြစ်သည် အံ့ဖွယ်ရှိပါပေစွ အချင်းတို့၊ မဖြစ်ဖူးမြဲဖြစ်ပါပေစွ အချင်းတို့၊ လှည်းများ ဖြတ်ကူးထားသောကြောင့် ချောက်ချားနောက်ကျုလျက် စီးနေသောဤချောင်းရေ အနည်းငယ်သည် ငါချဉ်းကပ်သောအခါ ကြည်လင်သန့်ရှင်း နောက်ကျု ကင်းလျက်စီးဘိ၏”ဟု ဆင်ခြင်ပြီးလျှင်—

သပိတ်ဖြင့် သောက်ရေကို ခပ်ယူကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

“အသျှင်ဘုရား မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြီးသည်၏အဖြစ်သည် အံ့ဖွယ်ရှိပါပေစွ၊ မဖြစ် ဖူးမြဲဖြစ်ပါပေစွ၊ အသျှင်ဘုရား ယခုပင် လှည်းများ ဖြတ်ကူးထားသောကြောင့် ချောက်ချား နောက်ကျုလျက်စီးနေသော ထိုချောင်းရေ အနည်းငယ်သည် အကျွန်ုပ် ချဉ်းကပ်သွားသောအခါ ကြည်လင်သန့်ရှင်းနောက်ကျုကင်းလျက် စီးပါသည်။ ဘုန်းတော်ကြီးသောမြတ်စွာဘုရား သောက် ရေကိုသုံးဆောင်တော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သောက်ရေကိုသုံးဆောင်တော်မူပါလော့”ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရား သည် သောက်ရေကို သုံးဆောင်တော်မူ၏။

ပုက္ကုသ မလ္လမင်းသား အကြောင်း

၁၉၂။ ထိုစဉ်အခါ ကာလာမအနွယ် အာဠာရ၏ တပည့်ဖြစ်သော မလ္လမင်းသား ပုက္ကုသသည်ကုသိနာရုံမှ ပါဝါ (ပြည်) သို့ ခရီးသွားလျက် ရှိလေ၏။ (ထို) မလ္လမင်းသား ပုက္ကုသသည် တစ်ခုသောသစ်ပင်ရင်း၌ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

“အံ့ဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်ဘုရား၊ ရဟန်းတို့သည် ငြိမ်သက်သောသမာပတ်ဖြင့် နေတော်မူကြပါပေစွတကား။

အသျှင်ဘုရား ရှေး၌ ဖြစ်ဖူးသည်ကား ကာလာမအနွယ်ဖြစ်သော အာဠာရသည် ခရီးသွားစဉ် လမ်းမှဖဲ၍ (လမ်း၏) အနီး တစ်ခုသော သစ်ပင်ရင်း၌ နေ့သန့်စင်ရန် ထိုင်နေပါ၏။ အသျှင်ဘုရား ထိုအခါငါးရာမျှသော လှည်းတို့သည် ကာလာမအနွယ်ဖြစ်သော အာဠာရ၏ အနီး၌ ကပ်လျက် ကပ်လျက်ဖြတ်သန်းသွားပါကုန်၏။

အသျှင်ဘုရား ထိုလှည်းငါးရာနောက် လိုက်လာသော ယောကျာ်းတစ်ယောက်သည် ထိုလှည်းငါးရာ၏နောက်မှ နောက်မှ လိုက်လာသော ကာလာမအနွယ်ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ရသေ့ ဖြတ်သန်းသွားသော လှည်းငါးရာတို့ကို မြင်လိုက်ပါ၏လော”ဟု အာဠာရအား မေး၏။

“ဒါယကာ ငါမမြင်လိုက်ပေ”ဟု (ပြော၏)။

“အသျှင်ရသေ့ အသို့ပါနည်း (ထိုလှည်းတို့၏) အသံကို ကြားလိုက်ပါ၏လော”ဟု (မေးပြန်၏)။

“ဒါယကာ အသံကိုလည်း ငါမကြားလိုက်ပေ”ဟု (ပြော၏)။

“အသျှင်ရသေ့ အသို့ပါနည်း အိပ်ပျော်နေပါသလော”ဟု (မေးပြန်၏ )။

“ဒါယကာ ငါအိပ်ပျော်နေသည်လည်း မဟုတ်ပေ”ဟု (ပြော၏)။

“အသျှင်ရသေ့ အသို့ပါနည်း စိတ်သညာရှိနေပါ၏လော”ဟု (မေးပြန်၏ )။

“ဒါယကာ စိတ်သညာလည်း ရှိနေပေ၏”ဟု (ပြော၏)။

“အသျှင်ရသေ့ အသျှင်သည် အနီး၌ ကပ်လျက် ကပ်လျက် ဖြတ်သန်းသွားကြသော လှည်းငါးရာ တို့ကိုစိတ်သညာရှိ၍ နိုးကြားနေပါလျက် မြင်လည်း မမြင်လိုက် အသံကိုလည်း မကြားလိုက်ဟု (ဆို၏)၊ သို့သော်လည်း အသျှင်၏ ဒုကုဋ်သင်္ကန်း၌ မြူအလိမ်းလိမ်းကပ်နေသည် မဟုတ်ပါလော”ဟု (ဆို၏)။

“ဒါယကာဟုတ်ပေ၏”ဟု (အာဠာရသည် ဆို၏)။

အသျှင်ဘုရား ထိုအခါ ထိုယောကျာ်းသည် ဤသို့ ဆင်ခြင်မိပါသည်—

“အံ့ဖွယ်ရှိပါပေစွ အချင်းတို့၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အချင်းတို့၊ ရဟန်းတို့သည် ငြိမ်သက်သောသမာပတ်ဖြင့်နေတော်မူကြပါပေစွတကား၊ ဤအာဠာရရသေ့သည် အနီး၌ ကပ်လျက် ကပ်လျက်ဖြတ်သန်းသွားကြသော လှည်းငါးရာတို့ကို စိတ်သညာရှိ၍ နိုးကြားနေပါလျက် မြင်လည်းမမြင် လိုက်ဘဲရှိတုံဘိ၏၊ အသံကိုလည်း မကြားလိုက်ဘဲ ရှိတုံဘိ၏”ဟု ဆင်ခြင်လျက် ကာလာမအနွယ် ဖြစ်သောအာဠာရအပေါ်၌ လွန်ကဲသော ကြည်ညိုခြင်းကို လျှောက်ကြားပြီးလျှင် ဖဲခွါသွားပါသည်ဟု (မြတ်စွာဘုရားအား လျှောက်၏)။

၁၉၃။ ပုက္ကုသ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ တစ်ဦးသော သူသည် အနီး၌ ကပ် လျက်ကပ်လျက် ဖြတ်သန်းသွားကြသော လှည်းငါးရာတို့ကို စိတ်သညာရှိ၍ နိုးကြားနေပါလျက် မြင်လည်းမမြင်ရာ၊ အသံကိုလည်း မကြားရာ၊ အခြားတစ်ဦးသော သူသည်ကား စိတ်သညာရှိ၍ နိုးကြားနေပါလျက် မိုးရွာ၍ တချုန်းချုန်း မိုးခြိမ်းစဉ် လျှပ်စစ်များ ပြက်၍ မိုးကြိုးပစ်စဉ် မြင်လည်း မမြင်ရာ၊ အသံကိုလည်း မကြားရာ၊ (ထိုသူနှစ်ဦးတို့တွင်) အဘယ်သူ၏ အမှုသည် ပြုရန်လည်းသာ၍ ခဲယဉ်းသနည်း၊ ဖြစ်ရန်လည်းသာ၍ ခဲယဉ်းသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား လှည်းအစီး ငါးရာဖြစ်စေ ခြောက်ရာဖြစ်စေ ခုနစ်ရာဖြစ်စေ ရှစ်ရာဖြစ်စေ ကိုးရာ ဖြစ်စေတစ်ထောင်ဖြစ်စေ လှည်းအစီး တစ်သိန်းဖြစ်စေ အဘယ်ပြုနိုင်အံ့နည်း၊ (အနီး၌ ကပ်လျက်ဖြတ်သန်းသွားကြသော ထိုလှည်းများကို မမြင်မကြားဘဲ နေနိုင်သူ၏ အမှုသည် ခဲယဉ်း၏ဟု မပြောပလောက်ပါ)။ စင်စစ်အားဖြင့်သော်ကား မိုးရွာ၍ တချုန်းချုန်း မိုးခြိမ်းစဉ် လျှပ်စစ်များ ပြက်၍ မိုးကြိုးပစ်စဉ် စိတ်သညာရှိ၍ နိုးကြားနေပါလျက် မြင်လည်းမမြင်ဘဲ အသံကိုလည်းမကြားဘဲ နေနိုင်သူ၏ အမှုသည်သာလျှင် ပြုရန်လည်းသာ၍ ခဲယဉ်း လှပါ၏၊ ဖြစ်ရန်လည်း သာ၍ ခဲယဉ်းလှပါ၏ဟု (လျှောက်၏)။

ပုက္ကုသ အခါတစ်ပါး၌ ငါသည် အာတုမာ (မြို့) ကောက်ရိုးတဲ (ကျောင်း) ၌ သီတင်းသုံးနေလျက်ရှိ၏။ ထိုအခါ မိုးရွာ၍ တချုန်းချုန်း မိုးခြိမ်းစဉ် လျှပ်စစ်များ ပြက်၍ မိုးကြိုးပစ်သောကြောင့် ကောက်ရိုးတဲ (ကျောင်း) ၏ အနီး၌ နွားလားလေးကောင်နှင့် လယ်သမားညီနောင် နှစ်ယောက်တို့သည် သေလေကုန်၏။

ပုက္ကုသ ထိုအခါ၌ များစွာသော လူစုသည် အာတုမာမြို့မှ ထွက်လာ၍ ထိုနွားလား လေးကောင်နှင့်လယ်သမားညီနောင် နှစ်ယောက်တို့ သေနေရာ အရပ်သို့ ချဉ်းကပ်လေ၏။

ပုက္ကုသ ထိုအခါ ငါသည် ကောက်ရိုးတဲ (ကျောင်း) မှ ထွက်၍ ကောက်ရိုးတဲ (ကျောင်း) တံခါး (အနီး) လွင်ပြင်၌ စင်္ကြံသွားလျက် နေ၏။ ပုက္ကုသ ထိုအခါ ထိုများစွာသော လူစုထဲမှ ယောကျာ်းတစ်ယောက်သည် ငါ့ထံသို့ ချဉ်းကပ်၍ ငါ့ကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်နေ၏၊ ပုက္ကုသငါသည် ထိုယောကျာ်းအား “ဒါယကာ ဤများစွာသော လူစုသည် အဘယ့်ကြောင့် စုဝေးနေသ့နည်း”ဟု မိန့်တော်မူ၏။

“အသျှင်ဘုရား မိုးရွာ၍ တချုန်းချုန်း မိုးခြိမ်းစဉ် လျှပ်စစ်များ ပြက်၍ မိုးကြိုးပစ်သောကြောင့်နွားလား လေးကောင်နှင့် လယ်သမားညီနောင် နှစ်ယောက်တို့ သေဆုံးသွားကြပါ၏၊ ဤအကြောင်းကြောင့် များစွာသော လူစုသည် စုဝေးနေပါ၏။

“အသျှင်ဘုရား အသျှင်ဘုရားသည်ကား အဘယ်အရပ်မှာ ရှိနေပါသနည်း”ဟု (လျှောက်၏)။

“ဒါယကာ ငါသည် ဤအရပ်၌ပင် ရှိနေပေ၏”ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား အသို့ပါနည်း မြင်တော်မူလိုက်ပါ၏လော”ဟု (လျှောက်၏)။

“ဒါယကာ ငါသည် မမြင်လိုက်ပေ”ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား အသို့ပါနည်း အသံကို ကြားတော်မူလိုက်ပါ၏လော”ဟု (လျှောက်၏)။

“ဒါယကာ အသံကိုလည်း ငါမကြားလိုက်ပေ”ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား အသို့ပါနည်း အိပ်ပျော်နေပါသလော”ဟု (လျှောက်၏)။

“ဒါယကာ ငါသည် အိပ်ပျော်နေသည်လည်း မဟုတ်ပေ”ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား အသို့ပါနည်း စိတ်သညာ ရှိနေပါ၏လော”ဟု (လျှောက်၏)။

“ဒါယကာ စိတ်သညာလည်း ရှိနေပေ၏”ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား အသျှင်ဘုရားသည် မိုးရွာ၍ တချုန်းချုန်း မိုးခြိမ်းစဉ် လျှပ်စစ်များ ပြက်၍မိုးကြိုးပစ်စဉ် စိတ်သညာရှိ၍ နိုးကြားနေပါလျက် မြင်လည်း မြင်တော်မမူလိုက်ဘဲ အသံကိုလည်းကြားတော်မမူလိုက်ဘဲ ရှိပါသလော”ဟု (လျှောက်၏)။

“ဒါယကာဟုတ်ပေ၏”ဟု ငါဆိုခဲ့၏။

ပုက္ကုသ ထိုအခါ ထိုယောကျာ်းသည် ဤသို့ ဆင်ခြင်မိ၏ —

“အံ့ဖွယ်ရှိပါပေစွ အချင်းတို့၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အချင်းတို့၊ ရဟန်းတို့သည် ငြိမ်သက်သောသမာပတ်ဖြင့် နေတော်မူကြပါပေစွတကား။ (ဤမြတ်စွာဘုရားသည်) မိုးရွာ၍ တချုန်းချုန်း မိုးခြိမ်းစဉ်လျှပ်စစ်များ ပြက်၍ မိုးကြိုးပစ်စဉ် စိတ်သညာရှိ၍ နိုးကြားနေပါလျက် မြင်လည်း မမြင်လိုက်ဘဲရှိတုံဘိ၏၊ အသံကိုလည်း မကြားလိုက်ဘဲ ရှိတုံဘိ၏”ဟု ဆင်ခြင်လျက် ငါ့အပေါ်၌ လွန်ကဲသောကြည်ညိုခြင်းကို လျှောက်ကြားပြီးလျှင် ငါ့ကို ရှိခိုး၍ အရိုအသေပြုလျက် ဖဲခွါသွားလေသည်ဟု (ပုက္ကုသအား မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် မလ္လမင်းသား ပုက္ကုသသည် မြတ်စွာဘုရားအား ဤစကားကို လျှောက် ၏ —

အသျှင်ဘုရား အကျွန်ုပ်သည် ကာလာမအနွယ် အာဠာရအပေါ်၌ ကြည်ညိုနေသော သဒ္ဓါတရား ကိုလေပြင်းမုန်တိုင်း၌မူလည်း (တစ်စုံတစ်ခုကို လွှင့်ဘိသကဲ့သို့) လွှင့်ပစ်လိုက်ပါ၏၊ ရေစီးသန် သောမြစ်၌မူလည်း (တစ်စုံတစ်ခုကို မျှောဘိသကဲ့သို့) မျှောပစ်လိုက်ပါ၏။

အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း မျက်စိလည်သော သူအားလမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဘုရား) ဤအတူသာလျှင် အသျှင်ဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု့မှတ်တော် မူပါ”ဟု (လျှောက်၏)။

၁၉၄။ ထိုအခါ မလ္လမင်းသား ပုက္ကုသသည် ယောကျာ်းတစ်ယောက်ကို (ခေါ်၍) အချင်း ငါ၏ရွှေအဆင်းရှိသော ပွဲထိုင်အဝတ်ချောအစုံကို ဆောင်ချေလော့ဟု (စေခိုင်း၏)။

“အရှင် ကောင်းပါပြီ”ဟု ထိုယောကျာ်းသည် မလ္လမင်းသား ပုက္ကုသအား ဝန်ခံပြီးလျှင် ရွှေအဆင်းရှိသော ထိုပွဲထိုင်အဝတ်ချောအစုံကို ဆောင်ခဲ့၏။ ထိုအခါ မလ္လမင်းသား ပုက္ကုသသည် “အသျှင်ဘုရားရွှေအဆင်းရှိသော ဤပွဲထိုင်အဝတ်ချောအစုံကို အသျှင်ဘုရားသည် အကျွန်ုပ်အား သနားသဖြင့် လက်ခံတော်မူပါ”ဟု လျှောက်၍ ရွှေအဆင်းရှိသော ထိုပွဲထိုင် အဝတ်ချောအစုံကို မြတ်စွာဘုရားအား ဆက်ကပ်လေ၏။

ပုက္ကုသ သို့ဖြစ်လျှင် အဝတ်တစ်ထည်ကို ငါ့အား လှူလော့၊ တစ်ထည်ကို အာနန္ဒာအား လှူလော့ဟုမိန့်တော်မူ၏၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု မလ္လမင်းသား ပုက္ကုသသည် မြတ်စွာဘုရားအားဝန်ခံပြီးလျှင် တစ်ထည်ကို မြတ်စွာဘုရားအား လှူ၏၊ တစ်ထည်ကို အသျှင်အာနန္ဒာအား လှူ၏၊ ထိုအခါမြတ်စွာဘုရားသည် မလ္လမင်းသား ပုက္ကုသကို (တရားစကားဖြင့်) အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသည်ရှိသော် မလ္လမင်းသား ပုက္ကုသသည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

၁၉၅။ ထို့နောက် အသျှင်အာနန္ဒာသည် မလ္လမင်းသား ပုက္ကုသ ဖဲသွား၍ မကြာမြင့်မီ ရွှေအဆင်းရှိသော အဝတ်ချောအစုံကို မြတ်စွာဘုရား၏ ကိုယ်တော်၌ ဆက်ကပ်တင်လွှမ်းပေးပေ၏။ မြတ်စွာဘုရား၏ (ပြိုးပြိုးပြက်တောက်ပသော) ကိုယ်တော်၌ ဆက်ကပ်တင်လွှမ်းထားသောအခါ ထို (အဝတ်အစုံ) သည်အရောင်အဝါကင်းသကဲ့သို့ ဖြစ်သွားလေ၏။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ “အံ့ဖွယ်ရှိပါပေစွအသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်ဘုရား၊ မြတ်စွာဘုရား၏ အရေအဆင်းတော်သည် အလွန်ပင် စင်ကြယ်ပါ ပေ၏၊ အလွန်ပင် ပြိုးပြိုးပြက်တောက်ပပါပေ၏၊ အသျှင်ဘုရား ရွှေအဆင်းရှိသော ဤအဝတ်ချောအစုံသည်ပင် မြတ်စွာဘုရား၏ (ပြိုးပြိုးပြက်တောက်ပသော) ကိုယ်တော်၌ ဆက်ကပ်တင်လွှမ်းထားလိုက်သောအခါ ထို (အဝတ်အစုံ) သည် အရောင်အဝါကင်းသကဲ့သို့ ဖြစ်နေပါသည်”ဟု (လျှောက်၏)။

အာနန္ဒာ ဤစကားသည် မှန်ပေ၏၊ အာနန္ဒာ ဤစကားသည် မှန်ပေ၏၊ နှစ်ပါးသော အခါတို့၌မြတ်စွာဘုရား၏ ကိုယ်တော်သည် အလွန်ပင် စင်ကြယ်၏၊ အရေအဆင်းတော်သည် အလွန်ပင်ပြိုးပြိုးပြက် တောက်ပ၏။

အဘယ်နှစ်ပါးသော အခါတို့နည်းဟူမူ—

အာနန္ဒာ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူသော ညဉ့်အခါနှင့် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော ‘အနုပါဒိသေသ နိဗ္ဗာနဓာတ်’ ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသော ညဉ့်အခါတို့ပင်တည်း။

အာနန္ဒာ ဤနှစ်ပါးသော အခါတို့၌ မြတ်စွာဘုရား၏ ကိုယ်တော်သည် အလွန်ပင် စင်ကြယ်၏၊ အရေအဆင်းတော်သည် အလွန် ပြိုးပြိုးပြက်တောက်ပ၏။ အာနန္ဒာ ယနေ့ညဉ့်သန်းလွဲ (ပစ္ဆိမယာမ်) ၌ကုသိနာရုံပြည် (မြို့ဝင်ခါနီး) လမ်းကွေ့ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် အင်ကြင်းပင် အစုံတို့၏အကြား၌ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ဝင်စံခြင်းသည် ဖြစ်လတ္တံ့ဟု မိန့်တော်မူပြီးလျှင် “အာနန္ဒာလာသွား ကုန်အံ့၊ ကကုဓာမြစ်သို့ ချဉ်းကပ်ကုန်အံ့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင် အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။

သီးခြားဂါထာ

ပုက္ကုသသည် ရွှေအဆင်းရှိသော အဝတ်ချောအစုံကို မြတ်စွာဘုရားအား ကပ်လှူ၏။ ထို (အဝတ်အစုံ) ကို ဝတ်ရုံထားသော မြတ်စွာဘုရားသည် ရွှေအဆင်းရှိလျက် တင့်တယ်တော်မူပါပေ၏။

၁၉၆။ ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကကုဓာမြစ်သို့ ချဉ်းကပ်တော်မူ၍ ထိုမြစ်၌ သက်ဆင်းလျက် ရေချိုးတော်မူ သောက်တော်မူပြီးနောက် တစ်ဖန် ပြန်တက်ပြီးလျှင်သရက်တောသို့ ချဉ်းကပ်တော်မူ၍ “စုန္ဒ ငါ၏ ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေးလော့၊ စုန္ဒ (ငါ) ပင်ပန်း၏၊ လျောင်းစက်ဦးအံ့”ဟု (အသျှင်စုန္ဒအား မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်စုန္ဒသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေးလေ၏။ ထို့နောက် မြတ်စွာဘုရားသည် (လက်ယာ) ခြေပေါ်၌ (လက်ဝဲ) ခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် ဆင်ခြင်လျက် (မည်သည့်အချိန်၌) ထအံ့ဟု နှလုံးသွင်း ပိုင်းခြားလျက် လက်ယာနံတောင်းဖြင့် မြတ်သောလျောင်းစက်ခြင်းကို ပြုတော်မူ၏။ အသျှင်စုန္ဒသည်ကား ထိုအရပ်၌ပင် မြတ်စွာဘုရား၏ မျက်မှောက်၌ ထိုင်နေ၏။

ဂါထာများ

ဤလောက၌ အတုမရှိသော သစ္စာလေးပါးကို သိတော်မူသော ဆရာသခင် မြတ်စွာဘုရားသည် ရေကြည်လင်ချိုမြိန်သန့်ရှင်းသော ကကုဓာမြစ်သို့ ချဉ်းကပ်တော်မူပြီးလျှင် မပင်ပန်းသော၁သဘောရှိသည် ဖြစ်၍ သက်ဆင်းတော်မူကာ ရေချိုးတော်မူ သောက်တော်မူပြီးလျှင် ပြန်တက်တော်မူ၏။ ဤ (သာသနာတော်) ၌ တရားတို့ကို တီထွင်ဟောကြားတော်မူတတ်သော ဘုန်းတော်ကြီးတော်မူသောဆရာသခင် မြတ်စွာဘုရားသည် ထိုသို့ ပြန်တက်တော်မူပြီးလျှင် ရဟန်းအပေါင်း၏ အလယ်၌ (ရဟန်းအပေါင်း) ကြည့်ရှုခြံရံလျက် သရက်တောသို့ ချဉ်းကပ်တော်မူ၏။

ငါ၏ (ဒုကုဋ်သင်္ကန်းကြီးကို) လေးထပ်ခေါက်၍ ခင်းပေးလော့၊ လျောင်းစက်ဦးအံ့ဟု စုန္ဒမည်သောရဟန်းကို မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ မြတ်စွာဘုရား စေခိုင်းတော်မူလျှင် ထိုစုန္ဒသည် (ဒုကုဋ်သင်္ကန်းကြီးကို) လေးထပ်ခေါက်၍ လျင်မြန် စွာ ခင်းပေး၏။

မြတ်စွာဘုရားသည် မပင်ပန်းသော သဘောရှိသည်ဖြစ်၍ လျောင်းစက်တော်မူ၏၊ စုန္ဒသည်လည်းထို (မြတ်စွာဘုရား) ၏ မျက်မှောက်၌ပင် ထိုင်နေလေ၏။

၁၉၇။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို မိန့်တော်မူ၏—

“အာနန္ဒာ တစ်စုံတစ်ယောက်သူသည် ရွှေပန်းထိမ်သည့်သား စုန္ဒအား ‘အချင်းစုန္ဒ သင်၏ ဆွမ်း ကိုနောက်ဆုံး ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူရချေ၏၊ ထို့ကြောင့် သင့်အားလာဘ်မကောင်းလေစွ၊ အရမတော်လေစွ’ဟု ဆိုလျက် နှလုံးမသာခြင်းကို ဖြစ်စေသော် လည်းဖြစ်စေရာ၏။ အာနန္ဒာ (ထိုသို့ဖြစ်စေခဲ့ပါလျှင်) ရွှေပန်းထိမ်သည့်သား စုန္ဒ၏ နှလုံးမသာခြင်း ကိုဤသို့ ဖြေဖျောက်ရမည်၊ ‘ဒါယကာစုန္ဒ သင်၏ ဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထို့ကြောင့် သင့်အား လာဘ်ကောင်းပါပေစွ၊ အရတော်ပါပေစွ၊ ဒါယကာစုန္ဒ မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤစကားကို ကြားနာလိုက်ရ၏၊ ခံယူလိုက်ရ၏၊ အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားကုန်သော အချင်းချင်း တူမျှ၍ အကျိုးဝိပါက်တူမျှကုန် သောဤဆွမ်းနှစ်မျိုးတို့သည် ရှိကုန်၏။

အဘယ်နှစ်မျိုးတို့နည်းဟူမူ—

အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏၊ (ဤဆွမ်းလည်း တစ်မျိုး)။

အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော ‘အနုပါဒိသေသ နိဗ္ဗာနဓာတ်’ ဖြင့် ပရိနိဗ္ဗာန်ဝင်စံတော်မူ၏၊ (ဤဆွမ်းလည်း တစ်မျိုး)။

အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားကုန်သော အချင်းချင်းတူမျှ၍ အကျိုးဝိပါက်တူမျှကုန်သော ဆွမ်းနှစ်မျိုးတို့ဟူသည် ဤသည်တို့ပင်တည်း (ဟူ၍ ဤစကားကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ကြားနာလိုက်ရ၏၊ ခံယူလိုက်ရ၏၊ ထို့ကြောင့်) ရွှေပန်းထိမ်သည့်သား ဒါယကာစုန္ဒ သည်အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ၊ အဆင်းလှခြင်းကို ဖြစ်စေ တတ်သောကံကို ဆည်းပူးရပေပြီ၊ ချမ်းသာခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ၊ အခြံအရံများခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ၊ နတ်ပြည်သို့ ရောက်စေတတ်သော ကံကို ဆည်းပူးရပေပြီ၊ အကြီးအကဲဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ’ဟု ဟောကြား၍ ရွှေပန်းထိမ်သည့်သား စုန္ဒ၏ နှလုံးမသာခြင်းကို ဖြေဖျောက်ရမည် အာနန္ဒာ”ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုအခိုက်ဝယ် ဤဥဒါန်းကို ကျူးရင့်တော်မူ၏—

“ပေးလှူသူအား ကောင်းမှုသာ တိုးပွား၏၊ စောင့်စည်းသူအား ရန်မပွားနိုင်၊ ဉာဏ်ရှိသူသည် မကောင်းမှုကို ပယ်စွန့်၏၊ ထိုသို့ (ပယ်စွန့်) သူသည် ရာဂ ဒေါသ မောဟတို့ ကုန်၍ (ကိလေသာမီး) ငြိမ်းအေးလေတော့သတည်း”ဟု (ကျူးရင့်တော်မူ၏)။

စတုတ္ထအခန်း ပြီး၏။

၁။ သုကိလန္တရူပေါဟုရှိသော ဥဒါန်းပါဠိနှင့်အညီ အလွန်ပင်ပန်းသော သဘောရှိသည်ဖြစ်၍ဟု ဤသို့လည်း ဖြစ်သင့်၏။

ပဉ္စမအခန်းအပိုင်းပြင်ဆင်

အင်ကြင်းပင်အစုံ

၁၉၈။ ထိုအခါ မြတ်စွာဘုရားသည် “အာနန္ဒာ လာ, သွားကုန်အံ့၊ ဟိရညဝတီမြစ်၏ ထိုမှာဘက် ကမ်းကုသိနာရုံပြည် (မြို့ဝင်ခါနီး) လမ်းကွေ့ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ ချဉ်းကပ်ကုန်အံ့”ဟုအသျှင်အာနန္ဒာအား မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည်မြတ်စွာဘုရား အား ဝန်ခံ၏။

ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့် အတူ ဟိရညဝတီမြစ်၏ ထိုမှာဖက် ကမ်းကုသိနာရုံပြည် (မြို့ဝင်ခါနီး) လမ်းကွေ့ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ ချဉ်းကပ်ပြီးလျှင် “အာနန္ဒာအင်ကြင်းပင်အစုံတို့၏ အကြား၌ မြောက်အရပ်သို့ ဦးခေါင်းပြုကာ ညောင်စောင်းကို ခင်းလော့၊ အာနန္ဒာ (ငါ) ပင်ပန်း၏၊ လျောင်းစက်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် အင်ကြင်းပင်အစုံတို့၏ အကြား၌ မြောက်အရပ်သို့ ဦးခေါင်းပြုကာ ညောင်စောင်းကို ခင်းလေ၏။ ထိုအခါ မြတ်စွာဘုရားသည် (လက်ယာ) ခြေပေါ်၌ (လက်ဝဲ) ခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် ဆင်ခြင်လျက် လက်ယာနံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။

ထိုစဉ်အခါ၌ အင်ကြင်းပင်အစုံတို့သည် အခါမဲ့ ပွင့်သော ပန်းတို့ဖြင့် ပင်လုံးကျွတ်ပွင့်လျက် ရှိကုန်၏၊ ထို (အင်ကြင်းပင်) တို့သည် မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ပန်းတို့ကို မြတ်စွာဘုရား၏ကိုယ်တော်ထက်သို့ ကြဲဖြန့်ကုန်၏၊ လွှမ်းလျက် ကြဲဖြန့်ကုန်၏၊ မပြတ်မစဲ ကြဲဖြန့်ကုန်၏။

မန္ဒာရဝမည်သော နတ်ပန်း (ထင်ရှားပန်း) တို့သည်လည်း ကောင်းကင်မှ ကျလာကုန်၏၊ ထို (ပန်း) တို့ကိုလည်း (နတ်တို့သည်) မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် မြတ်စွာဘုရား၏ ကိုယ်တော်ထက်သို့ကြဲဖြန့်ကုန်၏၊ လွှမ်းလျက် ကြဲဖြန့်ကုန်၏၊ မပြတ်မစဲ ကြဲဖြန့်ကုန်၏။

နတ်၌ဖြစ်သော စန္ဒကူးနံ့သာမှုန့်တို့သည်လည်း ကောင်းကင်မှ ကျလာကုန်၏၊ ထို (စန္ဒကူးနံ့သာမှုန့်) တို့ကိုလည်း (နတ်တို့သည်) မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် မြတ်စွာဘုရား၏ ကိုယ်တော်ထက်သို့ ကြဲဖြန့်ကုန်၏၊ လွှမ်းလျက် ကြဲဖြန့်ကုန်၏၊ မပြတ်မစဲ ကြဲဖြန့်ကုန်၏။

နတ်တူရိယာတို့ကိုလည်း မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ကောင်းကင်၌ တီးမှုတ်လျက် ရှိကုန်၏။

နတ်သီချင်းသံတို့သည်လည်း မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ကောင်းကင်၌ ဖြစ်ပေါ်လျက်ရှိကုန်၏။

၁၉၉။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို မိန့်တော်မူ၏ —

“အာနန္ဒာ အင်ကြင်းပင်အစုံတို့သည် အခါမဲ့ ပွင့်သောပန်းတို့ဖြင့် ပင်လုံးကျွတ်ပွင့်လျက် ရှိကုန်၏၊ ထို (အင်ကြင်းပင်) တို့သည် မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ပန်းတို့ကို မြတ်စွာဘုရား၏ကိုယ်တော်ထက်သို့ ကြဲဖြန့်ကုန်၏၊ လွှမ်းလျက် ကြဲဖြန့်ကုန်၏၊ မပြတ်မစဲ ကြဲဖြန့်ကုန်၏။

မန္ဒာရဝမည်သော နတ်ပန်း (ထင်ရှားပန်း) တို့သည်လည်း ကောင်းကင်မှ ကျလာကုန်၏၊ ထို (ပန်း) တို့ကိုလည်း (နတ်တို့သည်) မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် မြတ်စွာဘုရား၏ ကိုယ်တော်ထက်သို့ ကြဲဖြန့်ကုန်၏၊ လွှမ်းလျက် ကြဲဖြန့်ကုန်၏၊ မပြတ်မစဲ ကြဲဖြန့်ကုန်၏။

နတ်၌ဖြစ်သော စန္ဒကူးနံ့သာမှုန့်တို့သည်လည်း ကောင်းကင်မှ ကျလာကုန်၏၊ ထို (စန္ဒကူးနံ့သာမှုန့်) တို့ကိုလည်း (နတ်တို့သည်) မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် မြတ်စွာဘုရား၏ ကိုယ်တော်ထက်သို့ ကြဲဖြန့်ကုန်၏၊ လွှမ်းလျက် ကြဲဖြန့်ကုန်၏၊ မပြတ်မစဲ ကြဲဖြန့်ကုန်၏။

နတ်တူရိယာတို့ကိုလည်း မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ကောင်းကင်၌ တီးမှုတ်လျက်ရှိကုန်၏။

နတ်သီချင်းသံတို့သည်လည်း မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ကောင်းကင်၌ ဖြစ်ပေါ်လျက်ရှိကုန်၏။

အာနန္ဒာ ဤမျှလောက် (ပူဇော်မှု) ဖြင့် မြတ်စွာဘုရားကို အရိုအသေပြုသည် မမည်သေး၊ အလေးပြုသည် မမည်သေး၊ မြတ်နိုးသည် မမည်သေး၊ ပူဇော်သည် မမည်သေး၊ ပသသည် မမည်သေး၊ အာနန္ဒာ အကြင်ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ ဥပါသကာဖြစ်စေ ဥပါသိကာမ ဖြစ်စေ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကိုကျင့်လျက်နေ၏၊ လျော်သော အကျင့်ကိုကျင့်လျက်နေ၏၊ တရားနှင့်လျော်စွာ ကျင့်လျက်နေ၏၊ ထိုသူသည် အမြတ်ဆုံး ပူဇော်ခြင်းဖြင့်မြတ်စွာဘုရားကို အရိုအသေပြုသည် မည်၏၊ အလေးပြုသည် မည်၏၊ မြတ်နိုးသည် မည်၏၊ ပူဇော်သည် မည်၏၊ ပသသည် မည်၏။

အာနန္ဒာ ထို့ကြောင့် ဤ (သာသနာတော်) ၌ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကိုကျင့်လျက် နေကုန်အံ့၊ လျော်သော အကျင့်ကို ကျင့်လျက် နေကုန်အံ့၊ တရားနှင့် လျော်စွာ ကျင့်လျက်နေကုန်အံ့ဟု ဤသို့ နှလုံးသွင်းလျက် သင်တို့ ကျင့်ကြံအားထုတ်ရမည် အာနန္ဒာ”ဟု (မိန့်တော်မူ၏)။

ဥပဝါဏမထေရ်

၂ဝဝ။ ထိုအခါ အသျှင် ဥပဝါဏသည် မြတ်စွာဘုရားကို ယပ်ခပ်လျက် မြတ်စွာဘုရား၏ ရှေ့တော်၌ရပ်တည်လျက် ရှိ၏။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်း ဖဲသွားလော့၊ ငါ့ရှေ့၌ ရပ်မနေလင့်”ဟု (မိန့်လျက်) အသျှင်ဥပဝါဏအား ဖဲစေတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာအား ဤသို့သော အကြံသည် ဖြစ်၏—

“ဤအသျှင်ဥပဝါဏသည် ကာလရှည်မြင့်စွာ မြတ်စွာဘုရား၏ ထံပါး၌ နေ၍ အနီး၌ အမြဲရှိသောအလုပ်အကျွေးဖြစ်ခဲ့၏၊ သို့ဖြစ်ပါလျက် မြတ်စွာဘုရားသည် နောက်ဆုံးကာလ၌ ‘ရဟန်း ဖဲသွားလော့၊ ငါ့ရှေ့၌ ရပ်မနေလင့်’ဟု (မိန့်လျက်) အသျှင်ဥပဝါဏကို ဖဲစေတော်မူ၏။

မြတ်စွာဘုရားသည် ‘ရဟန်း ဖဲသွားလော့၊ ငါ့ရှေ့၌ ရပ်မနေလင့်’ဟု (မိန့်လျက်) အသျှင်ဥပဝါဏ ကိုဖဲသွားစေတော်မူရာ၌ အကြောင်းကား အဘယ်နည်း၊ အထောက်အပံ့ကား အဘယ်နည်း”ဟု (အကြံဖြစ်၏)။

ထို့နောက် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤသို့ မေးလျှောက်၏—

“အသျှင်ဘုရား ဤအသျှင်ဥပဝါဏသည် ကာလရှည်မြင့်စွာ မြတ်စွာဘုရား၏ ထံပါး၌ နေ၍ အနီး၌အမြဲရှိသော အလုပ်အကျွေးဖြစ်ခဲ့ပါ၏၊ သို့ဖြစ်ပါလျက် မြတ်စွာဘုရားသည် နောက်ဆုံး ကာလ၌ ‘ရဟန်းဖဲသွားလော့၊ ငါ့ရှေ့၌ ရပ်မနေလင့်’ဟု အသျှင်ဥပဝါဏကို ဖဲစေတော်မူဘိ၏။

မြတ်စွာဘုရားသည် ‘ရဟန်း ဖဲသွားလော့၊ ငါ့ရှေ့၌ ရပ်မနေလင့်’ဟု အသျှင်ဥပဝါဏကို ဖဲစေတော်မူရာ၌ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု (မေးလျှောက် ၏)။

အာနန္ဒာ တစ်သောင်းသော လောကဓာတ်၌ (ရှိသော) နတ်အပေါင်းတို့သည် မြတ်စွာဘုရားကိုဖူးမြော်ရန် များသောအားဖြင့် စည်းဝေးလာကြကုန်၏၊ အာနန္ဒာကုသိနာရုံပြည် (မြို့ဝင်ခါနီး) လမ်းကွေ့မလ္လမင်းတို့ အင်ကြင်းဥယျာဉ်၏ ထက်ဝန်းကျင် တစ်ဆယ့်နှစ်ယူဇနာအတွင်း၌ တန်ခိုးကြီးသောနတ်တို့နှင့်မပြည့်သော အရပ်မည်သည် သားမြီးဖျားထိုးလောက်ရုံမျှသော်လည်း မရှိချေ။

အာနန္ဒာ နတ်တို့သည် (ဤသို့) ကဲ့ရဲ့နေကုန်၏—

“ငါတို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် အဝေးမှ လာခဲ့ရကုန်၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားတို့သည်လောက၌ တစ်ရံတစ်ခါသာ ပွင့်တော်မူကုန်၏၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် ယနေ့ညဉ့်သန်းလွဲ (ပစ္ဆိမယာမ်) ၌ပင်လျှင် ဖြစ်လတ္တံ့၊ တန်ခိုးကြီးသော ဤ (ဥပဝါဏ) ရဟန်းသည် လည်းမြတ်စွာဘုရား၏ ရှေ့တော်၌ ကွယ်လျက် ရပ်တည်နေဘိ၏။ ငါတို့သည် နောက်ဆုံးကာလ၌မြတ်စွာဘုရားအား ဖူးမြော်ခွင့်ကို မရကြတော့ပါတကား”ဟု (ကဲ့ရဲ့နေကုန်၏) ဟူ၍ မိန့်တော်မူ၏။

၂ဝ၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား နတ်တို့သည် အဘယ်သို့ အခြေအနေရှိလျက် စိတ်ဖြစ်နေပါကုန်သနည်းဟု (လျှောက်၏)။

အာနန္ဒာ ကောင်းကင်၌ မြေပြင်ဟု အမှတ်ရှိလျက် တည်နေသော နတ်တို့သည် “ဘုန်းတော်ကြီးသောမြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန်ပြု တော်မူလတ္တံ့၊ ပညာမျက်စိ ရှိတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ လောကမှ ကွယ်ပျောက်တော်မူလတ္တံ့”ဟု ဆံပင်တို့ကို ဖြန့်၍ ငိုကြွေးကုန်၏၊ လက်မောင်းတို့ကို မြှောက်၍ ငိုကြွေးကုန်၏၊ ကမ်းပါးပြတ်၌ ကျသကဲ့သို့လဲကျကုန်၏၊ ရှေးရှုလူးလှိမ့်ကုန်၏၊ ထိုထိုဤ လူးလှိမ့်ကုန်၏။

အာနန္ဒာ မြေပြင်၌ မြေပြင်ဟု အမှတ်ရှိလျက် တည်နေသော နတ်တို့သည် “ဘုန်းတော်ကြီးသောမြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန်ပြု တော်မူလတ္တံ့၊ ပညာမျက်စိရှိတော်မူသောမြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ လောကမှ ကွယ်ပျောက်တော်မူလတ္တံ့”ဟု ဆံပင်တို့ကို ဖြန့်၍ငိုကြွေးကုန်၏၊ လက်မောင်းတို့ကို မြှောက်၍ ငိုကြွေးကုန်၏၊ ကမ်းပါးပြတ်၌ ကျသကဲ့သို့ လဲကျကုန်၏၊ ရှေးရှု လူးလိမ့်ကုန်၏၊ ထိုထိုဤ လူးလိမ့်ကုန်၏။

ကာမရာဂကင်းပြီးသော နတ်တို့သည်ကား “ပြုပြင်ရသော ‘သင်္ခါရ’ တရားတို့သည် မမြဲသောသဘောရှိကုန်၏၊ ဤပြုပြင်ရသော ‘သင်္ခါရ’ တရားထဲ၌ ထို (မြဲခြင်း) ကို အဘယ်မှာ ရနိုင်ပါအံ့နည်း”ဟုအောက်မေ့ ဆင်ခြင်လျက်သည်းခံနိုင်ကုန်၏ဟု (မိန့်တော်မူ၏)။

သံဝေဂ ရစေတတ်သော ဌာနလေးပါး

၂ဝ၂။ အသျှင်ဘုရား အရပ်မျက်နှာတို့၌ (ဝါကပ်၍) ဝါကျွတ်ပြီးသော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ ကြွလာပါကုန်၏၊ ထိုသို့ ကြွလာသော ကြည်ညိုမြတ်နိုးဖွယ်ဖြစ်သော ရဟန်းတို့အား ဖူးမြော်ခွင့် ဆည်းကပ်ခွင့်ကို ရှေးအခါ၌ အကျွန်ုပ်တို့ ရပါကုန်၏၊ အသျှင်ဘုရား မြတ်စွာဘုရားကွယ်လွန်သွားသော နောက်အခါ၌ကား ကြည်ညိုမြတ်နိုးဖွယ်ဖြစ်သော ရဟန်းတို့အား ဖူးမြော်ခွင့် ဆည်းကပ်ခွင့်ကို အကျွန်ုပ်တို့ရကြတော့မည်မဟုတ်ပါဟု (လျှောက်၏)။

အာနန္ဒာ သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်ကုန်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်ကုန်သော ဌာနတို့သည် လေးပါးရှိကုန်၏။ အဘယ်လေးပါးတို့နည်းဟူမူ—

“ဤ (လုမ္ဗိနီ) ဌာန၌ မြတ်စွာဘုရားသည် ဖွားတော်မူ၏” ၊ အာနန္ဒာ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနပေတည်း။

“ဤ (မဟာဗောဓိ) ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကိုရတော်မူ၏” ၊ အာနန္ဒာ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနပေတည်း။

“ဤ (မိဂဒါဝုန်) ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော တရားတော်ဓမ္မစက်ကိုဟောကြားလည်စေတော်မူ၏” ၊ အာနန္ဒာ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသားသည်ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနပေတည်း။

“ဤ (ကုသိနာရုံ) ဌာန၌ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော ‘အနုပါဒိသေသနိဗ္ဗာနဓာတ်’ ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏” ၊ အာနန္ဒာ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနပေတည်း။

အာနန္ဒာ သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနတို့သည် ဤလေးပါးတို့ပေတည်း။

အာနန္ဒာ သဒ္ဓါတရားရှိကုန်သော ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့သည် “ဤ (လုမ္ဗိနီ) ဌာန၌ မြတ်စွာဘုရား ဖွားမြင်တော်မူ၏” ဟူ၍လည်းကောင်း၊ “ဤ (မဟာဗောဓိ) ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏” ဟူ၍လည်းကောင်း၊ “ဤ (မိဂဒါဝုန်) ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော တရားတော်ဓမ္မစက်ကိုဟောကြားလည်စေတော်မူ၏” ဟူ၍လည်းကောင်း၊ “ဤ (ကုသိနာရုံ) ဌာန၌ မြတ်စွာဘုရားသည်ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော ‘အနုပါဒိသေသနိဗ္ဗာနဓာတ်’ ဖြင့်ပရိနိဗ္ဗာန်ပြုတော်မူ၏” ဟူ၍လည်းကောင်း (အောက်မေ့လျက်) လာရောက် ကုန်လတ္တံ့၊ အာနန္ဒာစေတီပုထိုးတို့ကို ဖူးမြော်ရန် သွားလာလှည့်လည်သော သူတို့သည် ကြည်ညို သော စိတ်ရှိလျက်သေကုန်ငြားအံ့၊ ထိုသူအားလုံးတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရကုန်လတ္တံ့ဟု (မိန့်တော်မူ၏)။

အသျှင်အာနန္ဒာ၏ မေးခွန်း

၂ဝ၃။ “အသျှင်ဘုရား အကျွန်ုပ်တို့သည် မာတုဂါမနှင့် စပ်လျဉ်း၍ အဘယ်သို့ ကျင့်သုံးရပါမည်နည်း”ဟု (မေးလျှောက်၏)။

အာနန္ဒာ မတွေ့မြင်ရအောင် ကျင့်သုံးရမည်ဟု (မိန့်တော်မူ၏)။

“မြတ်စွာဘုရား တွေ့မြင်ခဲ့သော် အဘယ်သို့ ကျင့်သုံးရပါမည်နည်း”ဟု (မေးလျှောက်ပြန်၏)။

အာနန္ဒာ စကားမပြောဘဲ နေရမည်ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား (မလွှဲသာ၍) စကားပြောရသော် အဘယ်သို့ ကျင့်သုံးရပါမည်နည်း”ဟု (မေးလျှောက်ပြန်၏)။

အာနန္ဒာ (အမိရင်းစသည်ကဲ့သို့) အမှတ် (သတိ) ထား၍ ပြောဆိုရမည်ဟု (မိန့်တော်မူ၏)။

၂ဝ၄။ “အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ အလောင်းတော်နှင့် စပ်လျဉ်း၍ အဘယ် သို့ဆောင်ရွက်ရပါမည်နည်း”ဟု (မေးလျှောက်ပြန်၏)။

အာနန္ဒာ မြတ်စွာဘုရား၏ အလောင်းတော်ကို ပူဇော်မှု၌ သင်တို့ကြောင့်ကြမစိုက်ကုန်လင့်၊ အာနန္ဒာငါ တိုက်တွန်း၏၊ မြတ်သော အကျင့်၌သာ အားထုတ်ကြကုန်လော့၊ မြတ်သော အကျင့်၌ မမေ့မလျော့ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စိတ်ကို စေလွှတ်၍ နေကြကုန်လော့။

အာနန္ဒာ မြတ်စွာဘုရားကို အလွန်ကြည်ညိုကုန်သော မင်းမျိုးပညာရှိ ပုဏ္ဏားမျိုးပညာရှိ သူဌေးသူကြွယ်မျိုး ပညာရှိတို့သည် မြတ်စွာဘုရား၏ အလောင်းတော်အား ပူဇော်မှုကို ပြုကြကုန်လတ္တံ့ဟု (မိန့်တော်မူ၏)။

၂ဝ၅။ “အသျှင်ဘုရား မြတ်စွာဘုရား၏ အလောင်းတော်၌ အဘယ်သို့ ဆောင်ရွက်အပ်ပါသနည်း”ဟု (မေးလျှောက်ပြန်၏)။

အာနန္ဒာ စကြဝတေးမင်း၏ အလောင်း၌ ဆောင်ရွက်သကဲ့သို့ မြတ်စွာဘုရား၏ အလောင်းတော်၌ဆောင်ရွက်အပ်ပေ၏ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား စကြဝတေးမင်း၏ အလောင်း၌ အဘယ်သို့ ဆောင်ရွက်ကြပါသနည်း”ဟု (မေးလျှောက်ပြန်၏)။

အာနန္ဒာ စကြဝတေးမင်း၏ အလောင်းကို (ကာသိတိုင်းဖြစ်) အဝတ်သစ်ဖြင့် ရစ်ပတ်ကုန်၏၊ (ကာသိတိုင်းဖြစ်) အဝတ်သစ်ဖြင့် ရစ်ပတ်ပြီးလျှင် ဝါဂွမ်းနုဖြင့် ရစ်ပတ်ကုန်၏၊ ဝါဂွမ်းနုဖြင့် ရစ်ပတ်ပြီးလျှင် (ကာသိတိုင်းဖြစ်) အဝတ်သစ်ဖြင့် ရစ်ပတ်ပြန်ကုန်၏၊ ဤနည်းအတိုင်း ပုဆိုးအစုံငါးရာတို့ဖြင့်စကြဝတေးမင်း၏ အလောင်းကို ရစ်ပတ်ပြီးလျှင် ဆီနှင့်တကွသော ရွှေတလား၁၌ ထည့်၍ အခြားရွှေတလားဖုံးဖြင့် အုပ်ပြီးသော် အလုံးစုံသော နံ့သာ (ထင်း) တို့ကို ထင်းပုံပြု၍ စကြဝတေးမင်း၏ အလောင်းကို မီးသင်္ဂြိုဟ်ကုန်၏၊ လမ်းမလေးခွဆုံရာ၌ စကြဝတေးမင်း၏ စေတီကို တည်ထားကုန်၏။

အာနန္ဒာ ဤသို့လျှင် စကြဝတေးမင်း၏ အလောင်း၌ ဆောင်ရွက်ကုန်၏။

အာနန္ဒာ စကြဝတေးမင်း၏ အလောင်း၌ ဆောင်ရွက်ကုန်သကဲ့သို့ ထို့အတူ မြတ်စွာဘုရား၏အလောင်းတော်၌လည်း ဆောင်ရွက်အပ်ပေ၏၊ လမ်းမလေးခွဆုံရာ၌ မြတ်စွာဘုရား၏စေတီကို (တည်ထား) အပ်ပေ၏။

ထို (စေတီ) ၌ အကြင်သူတို့သည် ပန်းကိုဖြစ်စေ နံ့သာကိုဖြစ်စေ နံ့သာမှုန့်ကိုဖြစ်စေ တင်မူလည်းတင်ကုန်လတ္တံ့၊ ရှိခိုးမူလည်း ရှိခိုးကုန်လတံ္တ့၊ စိတ်ဖြင့်မူလည်း ကြည်ညိုကုန်လတ္တံ့၊ ထိုသို့ပြုခြင်းသည်ကြာမြင့်စွာသော ကာလပတ်လုံး ထိုသူတို့အား စီးပွားချမ်းသာအလို့ငှါ ဖြစ်လတ္တံ့။

၁။ အာယသာယ—ဟူသော ပါဠိရင်းအတိုင်းဆိုလျှင် သံတလားဟု ပြန်ဆိုသင့်၏၊ သို့ရာတွင် သောဝဏ္ဏာယ—ဟူသော အဋ္ဌကထာနှင့်အညီ ရွှေတလားဟု ပြန်ဆိုထားသည်။

စေတီထိုက်သော ပုဂ္ဂိုလ်

၂ဝ၆။ အာနန္ဒာ ဤလေးပါးသော ပုဂ္ဂိုလ်တို့ကို စေတီတည်ထိုက်ကုန်၏။ အဘယ်လေးပါးတို့နည်း ဟူမူ—

ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောမြတ်စွာဘုရားကို စေတီတည်ထိုက်၏။

ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏။

မြတ်စွာဘုရား၏ (အရိယာ) သာဝကကို စေတီတည်ထိုက်၏။

စကြဝတေးမင်းကို စေတီတည်ထိုက်၏။ (ဤလေးပါးတို့တည်း)။

အာနန္ဒာ အဘယ်သို့သော အကျိုးထူးကို စွဲ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို စေတီတည်ထိုက်သနည်း။

အာနန္ဒာ “ဤ (စေတီ) သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား၏ စေတီတည်း”ဟု လူအများတို့သည် စိတ်ဖြင့် ကြည်ညိုကုန်၏၊ ထိုသူတို့သည် ထို (စေတီ) ၌ စိတ်ဖြင့် ကြည်ညိုပြီးသော် ခန္ဓာကိုယ်ပျက်စီး၍ သေပြီး သည်မှ နောက်၌ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရကုန်၏။

အာနန္ဒာ ဤအကျိုးထူးကို စွဲ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို စေတီတည်ထိုက်၏။

အာနန္ဒာ အဘယ်သို့သော အကျိုးထူးကို စွဲ၍ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်သနည်း။

အာနန္ဒာ “ဤ (စေတီ) သည် ကိုယ်တိုင် သစ္စာလေးပါးကို သိတော်မူသော ပစ္စေကဗုဒ္ဓါ၏ စေတီတည်း”ဟု လူအများတို့သည် စိတ်ဖြင့် ကြည်ညိုကုန်၏၊ ထိုသူတို့သည် ထို (စေတီ) ၌ စိတ်ဖြင့် ကြည်ညိုပြီးသော် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရကုန်၏။

အာနန္ဒာ ဤအကျိုးထူးကို စွဲ၍ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏။

အာနန္ဒာ အဘယ်သို့သော အကျိုးထူးကို စွဲ၍ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ ကို စေတီတည်ထိုက်သနည်း။

အာနန္ဒာ “ဤ (စေတီ) သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ ၏ စေတီတည်း”ဟု လူအများတို့သည် စိတ်ဖြင့် ကြည်ညိုကုန်၏၊ ထိုသူတို့သည် ထို (စေတီ) ၌ စိတ်ဖြင့် ကြည်ညိုပြီးသော် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရကုန်၏။

အာနန္ဒာ ဤအကျိုးထူးကို စွဲ၍ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ ကို စေတီတည်ထိုက်၏။

အာနန္ဒာ အဘယ်သို့သော အကျိုးထူးကို စွဲ၍ စကြဝတေးမင်းကို စေတီတည်ထိုက်သနည်း။

အာနန္ဒာ “ဤ (စေတီ) သည် တရားစောင့်သော ထိုတရားမင်း၏ စေတီတည်း”ဟု လူအများတို့သည်စိတ်ဖြင့် ကြည်ညိုကုန်၏၊ ထိုသူတို့သည် ထို (စေတီ) ၌ စိတ်ဖြင့် ကြည်ညိုပြီးသော် ခန္ဓာကိုယ် ပျက်စီး၍သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရကုန်၏။

အာနန္ဒာ ဤအကျိုးထူးကို စွဲ၍ စကြဝတေးမင်းကို စေတီတည်ထိုက်၏။

အာနန္ဒာ “စေတီတည်ထိုက်သော ပုဂ္ဂိုလ်တို့သည် ဤလေးပါးတို့ပေတည်း”ဟု (မိန့်တော်မူ၏)။

အသျှင်အာနန္ဒာ၏ အံ့ဖွယ်လေးပါး

၂ဝ၇။ ထိုအခါ အသျှင်အာနန္ဒာသည် ကျောင်းတွင်းသို့ ဝင်၍ တံခါးတိုင်ကို မှီပြီးလျှင် “ငါသည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်မျှသာဖြစ်၍ (အထက်မဂ်အလို့ငှါ) ပြုဖွယ်ကိစ္စရှိချေသေး၏၊ ငါ့အား အစဉ်သနားတော်မူသော ဆရာသခင် မြတ်စွာဘုရားသည်လည်း ပရိနိဗ္ဗာန်ပြုချေတော့မည်”ဟု ငိုကြွေးလျက် ရပ်တည်နေ၏။

ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ အာနန္ဒာ အဘယ်မှာနည်း”ဟု ရဟန်းတို့အား မိန့်တော် မူ၏။

အသျှင်ဘုရား ဤအာနန္ဒာသည် ကျောင်းတွင်းသို့ ဝင်၍ တံခါးတိုင်ကို မှီပြီးလျှင် “ငါသည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်မျှသာဖြစ်၍ (အထက်မဂ်အလို့ငှါ) ပြုဖွယ်ကိစ္စရှိချေသေး၏၊ ငါ့အားအစဉ်သနားတော်မူသော ဆရာသခင် မြတ်စွာဘုရားသည်လည်း ပရိနိဗ္ဗာန်ပြုချေတော့မည်တကား”ဟုငိုကြွေးလျက် ရပ်တည်နေပါ ၏ဟု လျှောက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို “ရဟန်း လာလော့၊ သင်သည် ငါ၏ စကားဖြင့် ‘ငါ့သျှင်အာနန္ဒာ သင့်ကို မြတ်စွာဘုရားသည် ခေါ်တော်မူ၏’ဟု အာနန္ဒာကို ခေါ်ချေလော့”ဟု (မိန့်တော် မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ “ငါ့သျှင်အာနန္ဒာ သင့်ကို မြတ်စွာဘုရားသည် ခေါ်တော်မူ၏”ဟုအသျှင်အာနန္ဒာအား ဤစကားကို ပြောကြား၏။

“ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် ထိုရဟန်းအား ဝန်ခံပြီးလျှင် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

“အာနန္ဒာ တန်တော့၊ မစိုးရိမ် မပူဆွေးလင့်၊ မငိုကြွေးလင့်၊ ‘ချစ်ခင်မြတ်နိုးအပ်သောသူ အားလုံးတို့နှင့် ရှင်လျက် ကွဲကွာခြင်း, သေ၍ ကွဲကွာခြင်း, ဘဝခြားလျက် ကွဲကွာခြင်းများကို’ ရှေးမဆွက ပင်ငါဟောကြား ခဲ့ပြီးမဟုတ်လော၊ အာနန္ဒာ ဤအရာ၌ ‘အကြင်တရားသည် အသစ် ဖြစ်ပေါ် လာခြင်းထင်ရှားဖြစ်ပေါ်ခြင်း ပြုပြင်ပေးရခြင်း သဘောရှိ၍ ပျက်စီးခြင်း သဘောရှိ၏၊ ထိုတရား ကိုမြတ်စွာဘုရား၏ ကိုယ်တော်ပင်ဖြစ်သော်လည်း မပျက်စီးပါစေလင့်’ဟု လိုလား တောင့်တချက် အတိုင်းအဘယ်မှာ ရနိုင်ပါအံ့နည်း၊ ဤသို့ ရနိုင်ရန် အကြောင်းမရှိချေ။

အာနန္ဒာ သင်သည် (မြတ်စွာဘုရား၏) အကျိုးစီးပွားကို လိုလားလျက် ချမ်းသာကို လိုလားလျက်မျက်မှောက်မျက်ကွယ် ခြားနားခြင်း မရှိဘဲ ပြုသော အတိုင်းမသိ များပြားသော မေတ္တာကာယကံ ဖြင့်ကြာမြင့်စွာသော ကာလပတ်လုံး မြတ်စွာဘုရားကို လုပ်ကျွေးခဲ့၏၊ (မြတ်စွာဘုရား၏) အကျိုး စီးပွားကိုလိုလားလျက် ချမ်းသာကို လိုလားလျက် မျက်မှောက်မျက်ကွယ် ခြားနားခြင်း မရှိဘဲ ပြုသောအတိုင်းမသိ များပြားသော မေတ္တာဝစီကံဖြင့် ကြာမြင့်စွာသော ကာလပတ်လုံး မြတ်စွာ ဘုရားကိုလုပ်ကျွေးခဲ့၏၊ (မြတ်စွာဘုရား၏) အကျိုးစီးပွားကို လိုလားလျက် ချမ်းသာကို လိုလား လျက်မျက်မှောက်မျက်ကွယ် ခြားနားခြင်း မရှိဘဲ ပြုသော အတိုင်းမသိ များပြားသော မေတ္တာ မနောကံဖြင့်ကြာမြင့်စွာသော ကာလပတ်လုံး မြတ်စွာဘုရားကို လုပ်ကျွေးခဲ့၏။ အာနန္ဒာ သင်သည် ပြုထားပြီးသောကောင်းမှုများစွာရှိသူ ဖြစ်၏၊ ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ရစ်လော့၊ လျင်စွာပင် ရဟန္တာဖြစ်လတ္တံ့”ဟု (မိန့်တော်မူ၏)။

၂ဝ၈။ ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ “ရဟန်းတို့ ရှေးကာလ၌ (ပွင့်တော်မူကုန်သော) ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူကုန်သော မြတ်စွာဘုရားတို့၏ အလုပ်အကျွေးတို့သည်လည်း ငါ၏ (အလုပ်အကျွေး) အာနန္ဒာကဲ့သို့သာ (ဂုဏ်) အတိုင်းအရှည် ရှိကုန်၏။

ရဟန်းတို့ နောက်ကာလ၌ (ပွင့်လတ္တံ့ကုန်သော) ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံ့သောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့၏ အလုပ်အကျွေးတို့သည်လည်း ငါ၏ (အလုပ်အကျွေး) အာနန္ဒာကဲ့သို့သာ (ဂုဏ်) အတိုင်းအရှည် ရှိကုန်လတ္တံ့။

ရဟန်းတို့ အာနန္ဒာသည် ပညာရှိပေ၏၊ ထက်မြက်သော ဉာဏ်ရှိပေ၏၊ ‘ဤအခါကား မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ ရဟန်းတို့ ချဉ်းကပ်ရန် အခါတည်း၊ ဤအခါကား ရဟန်းမိန်းမတို့ (ချဉ်းကပ်ရန်) အခါတည်း၊ ဤအခါကား ဥပါသကာတို့ (ချဉ်းကပ်ရန်) အခါတည်း၊ ဤအခါကား ဥပါသိကာမတို့ (ချဉ်းကပ်ရန်) အခါတည်း၊ ဤအခါကား မင်းနှင့် အမတ်ကြီးတို့ တိတ္ထိနှင့် တိတ္ထိတပည့်တို့ (ချဉ်းကပ်ရန်) အခါတည်း’ဟု သိပေ၏” ဟူ၍ (မိန့်တော်မူ၏)။

အသျှင်အာနန္ဒာ၏ အံ့ဖွယ်ဂုဏ်လေးပါး

၂ဝ၉။ ရဟန်းတို့ အာနန္ဒာ၌ မဖြစ်ဖူးမြဲဖြစ်သော ဤလေးပါးသော အံ့ဖွယ်ဂုဏ်တို့သည် ရှိကုန်၏၊ အဘယ်လေးပါးတို့နည်းဟူမူ—

ရဟန်းတို့ ရဟန်းပရိသတ်သည် အာနန္ဒာကို ဖူးမြော်ခြင်းငှါ အကယ်၍ ချဉ်းကပ်ငြားအံ့၊ ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထို (ပရိသတ်) ၌ အာနန္ဒာသည် အကယ်၍တရားဟောငြားအံ့၊ ထို (ပရိသတ်) သည် ဟောသော တရားဖြင့်လည်း နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့အာနန္ဒာသည် (တရားကို ရုပ်သိမ်း၍) ဆိတ်ဆိတ်နေသည့်တိုင်အောင် ရဟန်းပရိသတ် သည် (တရားနာ၍) မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤလည်း အံ့ဖွယ်ဂုဏ်တစ်ပါး)။

ရဟန်းတို့ ရဟန်းမိန်းမပရိသတ်သည် အာနန္ဒာကို ဖူးမြော်ခြင်းငှါ အကယ်၍ ချဉ်းကပ်ငြားအံ့၊ ထို (ပရိသတ်) သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထို (ပရိသတ်) ၌ အာနန္ဒာသည် အကယ်၍တရားဟောငြားအံ့၊ ထို (ပရိသတ်) သည် ဟောသော တရားဖြင့်လည်း နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့အာနန္ဒာသည် (တရားကို ရုပ်သိမ်း၍) ဆိတ်ဆိတ်နေသည့်တိုင်အောင် ရဟန်းမိန်းမ ပရိသတ်သည် (တရားနာ၍) မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤလည်း အံ့ဖွယ်ဂုဏ်တစ်ပါး)။

ရဟန်းတို့ ဥပါသကာပရိသတ်သည် အာနန္ဒာကို ဖူးမြော်ခြင်းငှါ အကယ်၍ ချဉ်းကပ်ငြားအံ့၊ ထို (ပရိသတ်) သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထို (ပရိသတ်) ၌ အာနန္ဒာသည် အကယ်၍တရားဟောငြားအံ့၊ ထို (ပရိသတ်) သည် ဟောသော တရားဖြင့်လည်း နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့အာနန္ဒာသည် (တရားကိုရုပ်သိမ်း၍) ဆိတ်ဆိတ်နေသည့်တိုင်အောင် ဥပါသကာပရိသတ် သည် (တရားနာ၍) မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤလည်း အံ့ဖွယ်ဂုဏ်တစ်ပါး)။

ရဟန်းတို့ ဥပါသိကာမပရိသတ်သည် အာနန္ဒာကို ဖူးမြော်ခြင်းငှါ အကယ်၍ ချဉ်းကပ်ငြားအံ့၊ ထို (ပရိသတ်) သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထို (ပရိသတ်) ၌ အာနန္ဒာသည် အကယ်၍တရားဟောငြားအံ့၊ ထို (ပရိသတ်) သည် ဟောသော တရားဖြင့်လည်း နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့ အာနန္ဒာသည် (တရားကိုရုပ်သိမ်း၍) ဆိတ်ဆိတ်နေသည့်တိုင်အောင် ဥပါသိကာမပရိသတ် သည် (တရားနာ၍) မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤလည်း အံ့ဖွယ်ဂုဏ်တစ်ပါး)။

ရဟန်းတို့ အာနန္ဒာ၌ မဖြစ်ဖူးမြဲဖြစ်သော အံ့ဖွယ်ဂုဏ်တို့သည် ဤလေးပါးတို့တည်း။

စကြဝတေးမင်း၏ အံ့ဖွယ်ဂုဏ်လေးပါး

ရဟန်းတို့ စကြဝတေးမင်း၌ မဖြစ်ဖူးမြဲဖြစ်သော ဤလေးပါးသော အံ့ဖွယ်ဂုဏ်တို့သည် ရှိကုန်၏၊ အဘယ်လေးပါးတို့နည်းဟူမူ—

ရဟန်းတို့ မင်းပရိသတ်သည် စကြဝတေးမင်းကို ဖူးမြော်ခြင်းငှါ အကယ်၍ ချဉ်းကပ်ငြားအံ့၊ ထို (ပရိသတ်) သည် ဖူးမြော်ရသဖြင့်လည်း နှစ်သက်ဝမ်းမြောက်၏။ ထို (ပရိသတ်) ၌ စကြဝတေးမင်း သည့်အကယ်၍ စကားပြောငြားအံ့၊ ထို (ပရိသတ်) သည် ပြောသော စကားဖြင့်လည်း နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့ စကြဝတေးမင်းသည် (စကားကို ရုပ်သိမ်း၍) ဆိတ်ဆိတ်နေသည့်တိုင် အောင်မင်းပရိသတ်သည် မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤလည်း အံ့ဖွယ်ဂုဏ်တစ်ပါး)။

ရဟန်းတို့ ပုဏ္ဏားပရိသတ်သည်။ပ။

ရဟန်းတို့ သူဌေး သူကြွယ်ပရိသတ်သည်။ပ။

ရဟန်းတို့ သူတော်သူမြတ်ပရိသတ်သည် စကြဝတေးမင်းကို ဖူးမြော်ခြင်းငှါ အကယ်၍ ချဉ်းကပ်ငြားအံ့၊ ထို (ပရိသတ်) သည် ဖူးမြော်ရသဖြင့်လည်း နှစ်သက်ဝမ်းမြောက်၏။ ထို (ပရိသတ်) ၌စကြဝတေးမင်းသည် အကယ်၍ စကားပြောငြားအံ့၊ ထို (ပရိသတ်) သည် ပြောသော စကားဖြင့် လည်းနှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့ စကြဝတေးမင်းသည် (စကားကို ရုပ်သိမ်း၍) ဆိတ်ဆိတ်နေသည့်တိုင်အောင် သူတော်သူမြတ်ပရိသတ်သည် မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤ လည်းအံ့ဖွယ်ဂုဏ်တစ်ပါး)။ (ဤလေးပါးတို့ပင်တည်း)။

ရဟန်းတို့ ဤအတူ အာနန္ဒာ၌ မဖြစ်ဖူးမြဲဖြစ်သော ဤလေးပါးသော အံ့ဖွယ်ဂုဏ်တို့သည် ရှိကုန်၏။

ရဟန်းတို့ ရဟန်းပရိသတ်သည် အာနန္ဒာကို ဖူးမြော်ခြင်းငှါ အကယ်၍ ချဉ်းကပ်ငြားအံ့၊ ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထို (ပရိသတ်) ၌ အာနန္ဒာသည် အကယ် ၍တရားဟောငြားအံ့၊ ထို (ပရိသတ်) သည် ဟောသော တရားဖြင့်လည်း နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့ အာနန္ဒာသည် (တရားကိုရုပ်သိမ်း၍) ဆိတ်ဆိတ်နေသည့်တိုင်အောင် ရဟန်းပရိသတ် သည် (တရားနာ၍) မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤလည်း အံ့ဖွယ်ဂုဏ်တစ်ပါး)။

ရဟန်းတို့ ရဟန်းမိန်းမပရိသတ်သည်။ပ။

ရဟန်းတို့ ဥပါသကာပရိသတ်သည်။ပ။

ရဟန်းတို့ ဥပါသိကာမပရိသတ်သည် အာနန္ဒာကို ဖူးမြော်ခြင်းငှါ အကယ်၍ ချဉ်းကပ်ငြားအံ့၊ ထို (ပရိသတ်) သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထို (ပရိသတ်) ၌ အာနန္ဒာသည် အကယ်၍တရားဟောငြားအံ့၊ ထို (ပရိသတ်) သည် ဟောသော တရားဖြင့်လည်း နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့ အာနန္ဒာသည် (တရားကို ရုပ်သိမ်း၍) ဆိတ်ဆိတ်နေသည့်တိုင်အောင် ဥပါသိကာမပရိသတ်သည် (တရားနာ၍) မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤလည်း အံ့ဖွယ်ဂုဏ်တစ်ပါး)။

ရဟန်းတို့ အာနန္ဒာ၌ မဖြစ်ဖူးမြဲ ဖြစ်သော ဤလေးပါးသော အံ့ဖွယ်ဂုဏ်တို့သည် ရှိကုန်၏ဟု (မိန့်တော်မူ၏)။

မဟာသုဒဿနသုတ်ကို ဟောတော်မူခြင်း

၂၁ဝ။ ဤသို့ မိန့်တော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

“အသျှင်ဘုရား မြတ်စွာဘုရားသည် ကျေးတောကျသောမြို့လက်ဖြစ်သော ဤမြို့သိမ်မြို့ငယ်၌ပရိနိဗ္ဗာန်ပြုတော်မမူပါလင့်၊ အသျှင်ဘုရား တစ်ပါးသော စမ္ပာပြည် ရာဇဂြိုဟ်ပြည် သာဝတ္ထိပြည်သာကေတမြို့ ကောသမ္ဗီပြည် ဗာရာဏသီပြည်ကြီးတို့သည် ရှိပါကုန်၏၊ ထို (ပြည်ကြီး) တို့၌မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါ၊ ထို (ပြည်ကြီး) တို့၌ မြတ်စွာဘုရားကို အလွန်ကြည်ညိုကုန်သော မင်း၊ သူဌေး၊ ပုဏ္ဏားသူဌေး၊ သူကြွယ်သူဌေးတို့သည် များစွာရှိပါကုန်၏။ ထို (သူဌေး) တို့သည် မြတ်စွာဘုရား အလောင်းတော်ကို ပူဇော်ကြပါကုန်လတ္တံ့”ဟု (လျှောက်၏)။

အာနန္ဒာ “ကျေးတောကျသောမြို့လက်ဖြစ်သောမြို့သိမ်မြို့ငယ်”ဟု ဤသို့ မဆိုလင့်၊ အာနန္ဒာဤသို့ မဆိုလင့်။

အာနန္ဒာ ရှေး၌ဖြစ်ဖူးသည်ကား တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း့အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော မဟာသုဒဿနမည်သော စကြဝတေးမင်းသည် ရှိ၏၊ (ထိုမင်းသည်) ရန်အပေါင်းကို အောင်၏၊ တိုင်းနိုင်ငံကို တည် ငြိမ်စေ၏၊ ရတနခုနစ်ပါးနှင့် ပြည့်စုံ၏။ အာနန္ဒာ ဤ (ကုသိနာရုံ) မြို့သည် မဟာသုဒဿနမင်း၏ ကုသာဝတီမည်သော နေပြည်တော် ဖြစ်ခဲ့ဖူး၏၊ အရှေ့ အနောက် အလျား တစ်ဆယ့်နှစ်ယူဇနာ ရှိ၏၊ တောင်မြောက် အနံ ခုနစ်ယူဇနာ ရှိ၏။

အာနန္ဒာ ကုသာဝတီနေပြည်တော်သည် ပြည့်စုံကြွယ်ဝ၏၊ စည်ပင်ဝပြော၏၊ များသော လူ (ဦးရေ) ရှိ၏၊ လူ (မျိုးစုံ) တို့ဖြင့် ပြွမ်း၏၊ အစားအစာ ပေါများ၏။

အာနန္ဒာ ဥပမာအားဖြင့် အာဠကမန္ဒာမည်သော နတ်မြို့တော်သည် ပြည့်စုံကြွယ်ဝသကဲ့သို့ စည်ပင်ဝပြော သကဲ့သို့ များသော နတ် (ဦးရေ) ရှိသကဲ့သို့ နတ်ဘီလူး (မျိုးစုံ) တို့ဖြင့် ပြွမ်းသကဲ့သို့ အစားအစာပေါများသကဲ့သို့ အာနန္ဒာ ဤအတူ ကုသာဝတီနေပြည်တော်သည် ပြည့်စုံကြွယ်ဝ၏၊ စည်ပင်ဝပြော၏၊ များသော လူ (ဦးရေ) ရှိ၏၊ လူ (မျိုးစုံ) တို့ဖြင့် ပြွမ်း၏၊ အစားအစာ ပေါများ၏။

အာနန္ဒာ ကုသာဝတီနေပြည်တော်သည် ဆင်သံ၊ မြင်းသံ၊ ရထားသံ၊ စည်ကြီးသံ၊ မုရိုးစည်သံ၊ စောင်းသံ၊ သီချင်းသံ၊ ခရုသင်းသံ၊ ကြေးနင်းခွက်ခွင်းသံ၊ “စားကြပါ သောက်ကြပါ ခဲကြပါ”ဟုဆိုသော ဆယ်ခုမြောက်အသံ၊ ဤဆယ်ပါးသော အသံတို့ဖြင့် နေ့ရောညဉ့်ပါ မစဲမဆိတ်သည်သာ ဖြစ်၏။

အာနန္ဒာ သင်သွားချေလော့၊ ကုသိနာရုံပြည်သို့ ဝင်ပြီးလျှင် “ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ ယနေ့ညဉ့်သန်းလွဲ (ပစ္ဆိမယာမ်) ၌ပင် မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် ဖြစ်လတ္တံ့၊ ဝါသေဋ္ဌ အနွယ် (မလ္လမင်း) တို့လာကြကုန်လော့၊ ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ လာကြကုန်လော့၊ ‘ငါတို့၏ နယ်ပယ်အတွင်း၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပါလျက် ငါတို့သည် နောက်ဆုံးကာလ၌ မြတ်စွာဘုရားကိုဖူးမြော်ခွင့် မရလိုက်ကြ’ဟု နောင်အခါ နှလုံးမသာ မဖြစ်ကြပါကုန်လင့်” ဟူ၍ ကုသိနာရုံပြည်သားမလ္လမင်းတို့အား ပြောကြားချေလော့ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် သင်္ကန်းကိုပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် မိမိလျှင် နှစ်ယောက်မြောက်ရှိသည်ဖြစ်၍ (အဖော်တစ်ပါးနှင့်တကွ) ကုသိနာရုံပြည်သို့ ဝင်လေ၏။

မလ္လမင်းတို့ ရှိခိုးခြင်း

၂၁၁။ ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့သည် တစ်စုံတစ်ခုသော ကိစ္စဖြင့် မင်းကွန်း၌စည်းဝေးနေကုန်၏။

ထိုအခါ အသျှင်အာနန္ဒာသည် ကုသိနာရုံပြည်သား မလ္လမင်းတို့၏ လွှတ်တော်သို့ ချဉ်းကပ်ပြီးလျှင် “ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ ယနေ့ ညဉ့်သန်းလွဲ (ပစ္ဆိမယာမ်) ၌ပင် မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် ဖြစ်လတ္တံ့၊ ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ လာကြကုန်လော့၊ ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ လာကြကုန်လော့၊ ‘ငါတို့၏ နယ်ပယ်အတွင်း၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြု တော်မူပါလျက် ငါတို့သည်နောက်ဆုံး ကာလ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့် မရလိုက်ကြ’ဟု နောင်အခါ နှလုံးမသာမဖြစ်ကြပါစေကုန် လင့်”ဟု ကုသိနာရုံပြည်သား မလ္လမင်းတို့အား ပြောကြားလေ၏။

အသျှင်အာနန္ဒာ၏ ဤ (စကား) ကို ကြားကုန်သည်ရှိသော် မလ္လမင်းတို့သည်လည်းကောင်း မလ္လမင်း တို့၏သား သမီး ချွေးမ မိဖုရားတို့သည်လည်းကောင်း အလွန်ကြေကွဲဝမ်းနည်းလျက် စိတ်ဆင်းရဲကုန်သည် ဖြစ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့၊ ကောင်း သောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့၊ ပညာမျက်စိရှိတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ လောကမှ ကွယ်ပျောက်တော်မူလတ္တံ့”ဟု အချို့သောသူတို့သည် ဆံပင်တို့ကို ဖြန့်၍ ငိုကြွေးကုန်၏၊ လက်မောင်းတို့ကို မြှောက်၍့ငိုကြွေးကုန် ၏၊ ကမ်းပါးပြတ်၌ ကျသကဲ့သို့ လဲကျကုန်၏၊ ရှေးရှု လူးလှိမ့်ကုန်၏၊ ထိုထို ဤလူးလှိမ့်ကုန်၏။

ထိုအခါ မလ္လမင်းတို့သည်လည်းကောင်း မလ္လမင်းတို့၏ သား သမီး ချွေးမ မိဖုရားတို့သည်လည်းကောင်း အလွန်ကြေကွဲဝမ်းနည်းလျက် စိတ်ဆင်းရဲကုန်သည်ဖြစ်၍ မလ္လမင်းတို့၏ (မြို့ဝင်ခါနီး) လမ်းကွေ့ဖြစ်သော အင်ကြင်းဥယျာဉ်ရှိ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကုန်၏။

ထိုအခါ အသျှင်အာနန္ဒာအား ဤသို့သော အကြံသည် ဖြစ်၏—

“ငါသည် ကုသိနာရုံပြည်သား မလ္လမင်းတို့ကို တစ်ယောက်စီ တစ်ယောက်စီ မြတ်စွာဘုရားအားကန်တော့စေလျှင် မလ္လမင်းတို့ ကန်တော့၍ မပြီးသေးမီပင် ဤညဉ့်သည် ကုန်ဆုံးသွားလတံ့္တ၊ ငါသည်ကုသိနာရုံပြည်သား မလ္လမင်းတို့ကို အမျိုးတူ အစုလိုက် အစုလိုက်ထား၍ ‘အသျှင်ဘုရား ဤမည်သောမလ္လမင်းသည် သား သမီး မိဖုရား အမတ် ပရိသတ်နှင့်တကွ မြတ်စွာဘုရားအား ခြေတော်ဦးခိုက်လျက်ကန်တော့ပါသည်’ဟု (လျှောက်ကာ လျှောက်ကာ) မြတ်စွာဘုရားအား ကန်တော့စေရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။

ထို့နောက် အသျှင်အာနန္ဒာသည် ကုသိနာရုံပြည်သား မလ္လမင်းတို့ကို အမျိုးတူ အစုလိုက် အစုလိုက်ထား၍ “အသျှင်ဘုရား ဤမည်သော မလ္လမင်းသည် သား သမီး မိဖုရား အမတ်ပရိသတ်နှင့် တကွမြတ်စွာဘုရားအား ခြေတော်ဦးခိုက်လျက် ကန်တော့ပါသည်”ဟု (လျှောက်ကာ လျှောက်ကာ) ကန်တော့စေ၏။

ထိုအခါ အသျှင်အာနန္ဒာသည် ဤနည်းဖြင့် ကုသိနာရုံပြည်သား မလ္လမင်းတို့ကို မြတ်စွာဘုရားအားကန်တော့စေရာ ညဉ့်ဦးယံ၌ပင်လျှင် ပြီးဆုံးလေ၏။

သုဘဒ်ပရိဗိုဇ် ဝတ္ထု

၂၁၂။ ထိုအခါ သုဘဒ္ဒပရိဗိုဇ်သည် ကုသိနာရုံပြည်၌ တည်းခိုလျက်ရှိ၏။ သုဘဒ္ဒပရိဗိုဇ်သည် “ယနေ့ညဉ့် သန်းလွဲ (ပစ္ဆိမယာမ်) ၌ ရဟန်းဂေါတမ၏ ပရိနိဗ္ဗာန်ပြုခြင်းသည် ဖြစ်လတ္တံ့”ဟု ကြားလေ၏။ ထိုအခါ သုဘဒ္ဒပရိဗိုဇ်အား ဤသို့ အကြံဖြစ်၏—

“(အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ပရိဗိုဇ်တို့ပြောသောစကားကို ကြားဖူး၏၊ ‘ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားတို့သည် လောက၌ တစ်ရံတစ်ခါသာ ပွင့်တော်မူကြကုန်၏”ဟု (ကြားဖူး၏)။ ယနေ့ ညဉ့်သန်းလွဲ (ပစ္ဆိမယာမ်) ၌ပင်လျှင် ရဟန်းဂေါတမ၏ ပရိနိဗ္ဗာန်ပြုတော်မူခြင်းသည် ဖြစ်လတ္တံ့၊ ဤငါ့အားလည်း ယုံမှားတစ်ခု ဖြစ်ပေါ်လျက် ရှိ၏၊ ‘ဤယုံမှားကို ငါပယ်ဖျောက်နိုင်အောင် ရဟန်းဂေါတမသည် ငါ့အား တရားဟောခြင်းငှါ စွမ်းနိုင်၏၊ ငါသည် ရဟန်းဂေါတမကိုယုံကြည်၏” ဟူ၍ (အကြံဖြစ်၏)။

ထိုအခါ သုဘဒ္ဒပရိဗိုဇ်သည် (မြို့ဝင်ခါနီး) လမ်းကွေ့ဖြစ်သော မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်ရှိအသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏၊ “အသျှင်အာနန္ဒာ (အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ပရိဗိုဇ်တို့ပြောသောစကားကို အကျွန်ုပ် ကြားဖူးပါ၏၊ ‘ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားတို့သည် လောက၌ တစ်ရံတစ်ခါသာပွင့်တော်မူကြ ကုန်၏’ဟု (ကြားဖူးပါ၏)။ ‘ယနေ့ ညဉ့် သန်းလွဲ (ပစ္ဆိမယာမ်) ၌ပင်လျှင်ရဟန်းဂေါတမ၏ ပရိနိဗ္ဗာန်ပြု တော်မူခြင်းသည် ဖြစ်လတ္တံ့’ဟု ဆိုပါသည်၊ အကျွန်ုပ်အားလည်းယုံမှားတစ်ခု ဖြစ်ပေါ်လျက် ရှိ၏၊ ‘ဤယုံမှားကို အကျွန်ုပ် ပယ်ဖျောက်နိုင်အောင် ရဟန်းဂေါတမသည့်အကျွန်ုပ်အား တရားဟောခြင်းငှါ စွမ်းနိုင်ပါသည်’ဟု ရဟန်းဂေါတမကို အကျွန်ုပ် ယုံကြည်ပါသည်။ အသျှင်အာနန္ဒာ တောင်းပန်ပါ၏၊ အကျွန်ုပ်သည် ရဟန်းဂေါတမကို ဖူးမြော်ခွင့်ရလိုပါသည်”ဟု (လျှောက်၏)။

ဤသို့ လျှောက်သော် အသျှင်အာနန္ဒာသည် သုဘဒ္ဒပရိဗိုဇ်ကို “ငါ့သျှင်သုဘဒ္ဒ ခွင့်မပြုနိုင်ပါ၊ မြတ်စွာဘုရားသည် ပင်ပန်းတော်မူလျက်ရှိ၏၊ မြတ်စွာဘုရားကို မညှဉ်းဆဲပါလင့်”ဟု ပြန်ကြား၏။

သုဘဒ္ဒပရိဗိုဇ်သည် နှစ်ကြိမ်မြောက်လည်း။ပ။

သုဘဒ္ဒပရိဗိုဇ်သည် သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏။ “အသျှင်အာနန္ဒာ (အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သောပရိဗိုဇ်တို့ ပြောသောစကားကို အကျွန်ုပ်ကြားဖူး၏၊ ‘ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားတို့သည် လောက၌ တစ်ရံတစ်ခါသာပွင့်တော်မူကြကုန်၏’ဟု (ကြားဖူးပါ၏)။ ‘ယနေ့ ညဉ့် သန်းလွဲ (ပစ္ဆိမယာမ်) ၌ပင်လျှင် ရဟန်းဂေါတမ၏ပရိနိဗ္ဗာန်ပြုတော်မူခြင်းသည် ဖြစ်လတ္တံ့’ဟု ဆိုပါသည်၊ အကျွန်ုပ်အားလည်း ယုံမှားတစ်ခု ဖြစ်ပေါ်လျက်ရှိ၏၊ ‘ဤယုံမှားကို အကျွန်ုပ်ပယ် ဖျောက်နိုင်အောင် ရဟန်းဂေါတမသည် အကျွန်ုပ်အား တရားဟောခြင်းငှါ စွမ်းနိုင်ပါသည်’ဟု ရဟန်းဂေါတမကို အကျွန်ုပ် ယုံကြည်ပါသည်။ အသျှင်အာနန္ဒာ တောင်းပန်ပါ၏၊ အကျွန်ုပ်သည် ရဟန်းဂေါတမကို ဖူးမြော်ခွင့်ရလိုပါသည်”ဟု (လျှောက်၏)။

အသျှင်အာနန္ဒာသည် သုံးကြိမ်မြောက်လည်း သုဘဒ္ဒပရိဗိုဇ်အား ဤစကားကို ပြောဆို၏၊ “ငါ့သျှင်သုဘဒ္ဒ ခွင့်မပြုနိုင်ပါ၊ မြတ်စွာဘုရားသည် ပင်ပန်းတော်မူလျက် ရှိ၏၊ မြတ်စွာဘုရားကို မညှဉ်းဆဲပါလင့်”ဟု (ပြန်ကြား၏)။

၂၁၃။ မြတ်စွာဘုရားသည် သုဘဒ္ဒပရိဗိုဇ်နှင့် အသျှင်အာနန္ဒာ စကားပြောဆိုနေသည်ကို ကြားတော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို မိန့်တော်မူ၏—

“အာနန္ဒာ တားမြစ်ရန် မသင့်၊ သုဘဒ္ဒကို မတားမြစ်ပါလင့်၊ အာနန္ဒာ သုဘဒ္ဒသည် မြတ်စွာ ဘုရားကိုဖူးမြော်ခွင့်ရပါစေလော့၊ သုဘဒ္ဒသည် ငါ့အား မေးလျှင် ထိုမေးသမျှသည် ညှဉ်းဆဲလို၍ မဟုတ်ဘဲ သိလို၍မေးခြင်းသာ ဖြစ်ပါလိမ့်မည်၊ သူမေးသည်ကို ငါဖြေလိုက်လျှင် ထို (အဖြေ) ကို လျင်မြန်စွာသူသိပါလိမ့်မည်”ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်အာနန္ဒာသည် “ငါ့သျှင်သုဘဒ္ဒ မြတ်စွာဘုရားသည် သင့်အား ခွင့်ပြုတော်မူနေပြီ၊ သွားပေတော့”ဟု (သုဘဒ္ဒပရိဗိုဇ်အား ဆို၏)။

ထိုအခါ သုဘဒ္ဒပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

“အသျှင်ဂေါတမ အကြင်သမဏဗြာဟ္မဏတို့သည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံကုန်၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံကုန်၏၊ ဂိုဏ်းဆရာလည်း ဖြစ်ကုန်၏၊ ထင်ရှားကုန်၏၊ ကျော်စောကုန်၏၊ အယူဝါဒတီထွင်သူတို့ ဖြစ်ကုန်၏၊ သူတော်ကောင်းဟု လူအများက သမုတ်ထားသူများ ဖြစ်ကုန်၏၊ ဤသူတို့ကားအဘယ်သူတို့နည်း။ ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလ၊ ပကုဓကစ္စာယန၊ ဗေလဋ္ဌ၏သား သဉ္စယ၊ နာဋ၏သား နိဂဏ္ဌတို့ပင်တည်း။

ထို (သမဏဗြာဟ္မဏ) အားလုံးတို့သည်ပင် မိမိတို့၏ ဝန်ခံချက်အတိုင်း သိပါကုန်သလော၊ (သို့မဟုတ်) အားလုံးတို့သည်ပင် (မိမိတို့ ဝန်ခံချက်အတိုင်း) မသိပါကုန်သလော၊ သို့မဟုတ် အချို့တို့သည်သာ သိ၍အချို့တို့သည် မသိပါကုန်သလော”ဟု (လျှောက်၏)။

သုဘဒ္ဒ မမေးလင့်၊ “ထို (သမဏဗြာဟ္မဏ) အားလုံးတို့သည်ပင် မိမိတို့၏ ဝန်ခံချက်အတိုင်း သိကုန့်သလော၊ သို့မဟုတ် အားလုံးတို့သည်ပင် မသိကုန်သလော၊ သို့မဟုတ် အချို့တို့သည်သာ သိ၍အချို့တို့သည် မသိကုန်သလော” ဟူသော အမေးကို ထားလိုက်ဦးလော့။

သုဘဒ္ဒ သင့်အား ငါတရားဟောအံ့၊ ထို (တရား) ကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့ ဟောပေအံ့ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု သုဘဒ္ဒပရိဗိုဇ်သည် မြတ်စွာဘုရားအား ဝန်ခံ၏။ မြတ်စွာဘုရား သည်ဤတရားကို ဟောတော်မူ၏။

၂၁၄။ “သုဘဒ္ဒ အကြင်ဓမ္မဝိနယဟူသော သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ် (တရား) သည် မရှိ၊ ထို (အရိယမဂ်တရားမရှိသော သာသနာ) ၌ (သောတာပန်) ရဟန်းသည်လည်း မရှိ၊ ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်းသည်လည်း မရှိ၊ တတိယအဆင့် (အနာဂါမ်) ရဟန်းသည်လည်း မရှိ၊ စတုတ္ထအဆင့် (ရဟန္တာ) ရဟန်းသည်လည်း မရှိ။

သုဘဒ္ဒ အကြင်တရားဝိနည်း (ဓမ္မဝိနယ) ဟူသော သာသနာတော်၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ် (တရား) သည် ရှိ၏၊ ထို (အရိယမဂ်တရားရှိသော သာသနာတော်) ၌ (သောတာပန်) ရဟန်းသည်လည်းရှိ၏၊ ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်းသည်လည်း ရှိ၏၊ တတိယအဆင့် (အနာဂါမ်) ရဟန်းသည်လည်းရှိ၏၊ စတုတ္ထ အဆင့် (ရဟန္တာ) ရဟန်းသည်လည်း ရှိ၏။

သုဘဒ္ဒ (ငါ၏) တရားဝိနည်း (ဓမ္မဝိနယ) ဟူသော ဤသာသနာတော်၌ အင်္ဂါရှစ်ပါးရှိသော အရိယ မဂ် (တရား) သည် ရှိပေ၏၊ ဤ (အရိယမဂ်တရားရှိသော သာသနာတော်) ၌သာလျှင် (သောတာပန်) ရဟန်းသည် ရှိပေ၏၊ ဤ (သာသနာတော်) ၌သာလျှင် ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်းသည် ရှိပေ၏၊ ဤ (သာသနာတော်) ၌သာလျှင် တတိယအဆင့် (အနာဂါမ်) ရဟန်းသည် ရှိပေ၏၊ ဤ (သာသနာတော်) ၌သာလျှင် စတုတ္ထအဆင့် (ရဟန္တာ) ရဟန်းသည် ရှိပေ၏။ (ဤငါ၏ သာသနာတော်မှ) တစ်ပါးသော အယူဝါဒ (သာသနာ) တို့သည် တရားကို သိမြင်သော ရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်၁) တို့မှ ဆိတ်ကုန်၏၊ သုဘဒ္ဒ ဤရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်) တို့သည် မှန်စွာ (အဆင့်ဆင့် ဟောပြောလျက်) နေကုန်ငြားအံ့၊ လောကသည် ရဟန္တာတို့မှ မဆိတ်မသုဉ်းသည်သာ ဖြစ်ရာ၏—

သုဘဒ္ဒ (ငါသည်) သဗ္ဗညုတဉာဏ်ကို ရှာလိုသည်ဖြစ်၍ နှစ်ဆယ့်ကိုးနှစ် အရွယ်က ရဟန်းပြုခဲ့၏၊ သုဘဒ္ဒ ငါ ရဟန်းပြုသည်မှစ၍ အနှစ်ငါးဆယ်ကျော်ခဲ့လေပြီ၊ ဤ (ငါ၏ သာသနာတော်) မှ အပ၌အရိယမဂ်တရား၏ ရှေ့ပိုင်းဖြစ်သော ဝိပဿနာမဂ်ကို ပွါးစေသောသူသည်လည်း မရှိချေ၊ (သောတာပန်) ရဟန်းသည် လည်း မရှိချေ၊ ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်းသည်လည်း မရှိချေ၊ တတိယ အဆင့် (အနာဂါမ်) ရဟန်းသည်လည်း မရှိချေ၊ စတုတ္ထအဆင့် (ရဟန္တာ) ရဟန်းသည်လည်း မရှိချေ။ (ဤ ငါ၏သာသနာ တော်မှ) တစ်ပါးသော အယူဝါဒ (သာသနာ) တို့သည် တရားကို သိမြင်သော ရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်) တို့မှ ဆိတ်ကုန်၏။

သုဘဒ္ဒ ဤရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်) တို့သည် မှန်စွာ (အဆင့်ဆင့် ဟောပြောလျက်) နေကုန်ငြားအံ့၊ လောကသည် ရဟန္တာတို့မှ မဆိတ်မသုဉ်းသည်သာ ဖြစ်လေရာ၏”ဟု (ဟောတော် မူ၏)။

၂၁၅။ ဤသို့ ဟောတော်မူသည်ရှိသော် သုဘဒ္ဒပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏၊ “အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကိုလှန်ဘိသကဲ့သို့လည်းကောင်း ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း မျက်စိလည်သောသူအား လမ်းမှန်ကိုပြောကြား ဘိသကဲ့သို့လည်းကောင်း ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကိုမြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဘုရား) ဤအတူပင်လျှင် အသျှင်ဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို့ပြတော်မူပါပေ၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏အထံ၌ ရှင့်အဖြစ်ကို ရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏”ဟု (လျှောက် ၏)။

“သုဘဒ္ဒ (သာသနာတော်မှ) တစ်ပါးသော အယူရှိသည့် တိတ္ထိဖြစ်ဖူးသောသူသည် ဤတရားဝိနည်း (ဓမ္မဝိနယ) သာသနာတော် ၌ အကယ်၍ ရှင့်အဖြစ်ကို ရလိုမူ၊ ရဟန်းအဖြစ်ကို ရလိုမူ လေးလပတ်လုံးအစမ်းကျင့်သုံးရ၏၊ လေးလလွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိကြလျှင် ရှင်ပြုပေးကုန်လတ္တံ့၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးကုန်လတ္တံ့၊ သို့သော် ဤအရာ၌ ငါသည်ကား ပုဂ္ဂိုလ်တို့၏ခြားနားသည်၏ အဖြစ်ကို သိသေး၏”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား သာသနာတော်မှ တစ်ပါးသော အယူရှိသည့် တိတ္ထိဖြစ်ဖူးသောသူတို့သည် ဤတရားဝိနည်း (ဓမ္မဝိနယ) သာသနာတော်၌ အကယ်၍ ရှင့်အဖြစ်ကို ရလိုကုန်မူ၊ ရဟန်းအဖြစ်ကိုရလိုကုန်မူ လေးလတို့ပတ်လုံး အစမ်းကျင့်သုံးရကုန်ငြားအံ့၊ လေးလလွန်သောအခါ ရဟန်းတို့သည် ကျေနပ်သောစိတ်ရှိကြလျှင် ရှင်ပြုပေးကုန်ငြားအံ့၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးကုန်ငြားအံ့၊ အကျွန်ုပ်သည် လေးနှစ်ပတ်လုံး အစမ်းကျင့်သုံးပါမည်၊ လေးနှစ်လွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိကြလျှင်ရှင်ပြုပေးတော်မူကြပါစေ၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးတော်မူကြပါစေဟု (လျှောက်၏)၊

ထိုအခါ မြတ်စွာဘုရားသည် “အာနန္ဒာ သို့ဖြစ်လျှင် သုဘဒ္ဒကို ရှင်ပြုရဟန်းပြုပေးလော့”ဟုအသျှင်အာနန္ဒာအား မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။

ထို့နောက် သုဘဒ္ဒပရိဗိုဇ်သည် အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏—

“ငါ့သျှင် အာနန္ဒာ သင်တို့သည် ဤသာသနာတော်ဝယ် မြတ်စွာဘုရား၏ မျက်မှောက်တော်၌တပည့်အဖြစ်ဖြင့် အဘိသိက်သွန်းခြင်းကို ရရှိပါပေကုန်၏၊ ငါ့သျှင်အာနန္ဒာ သင်တို့သည် လာဘ်ကောင်းပါပေကုန်စွ၊ အရတော်ပါပေကုန်စွ”ဟု (လျှောက်၏)။

သုဘဒ္ဒပရိဗိုဇ်သည် မြတ်စွာဘုရားအထံ၌ ရှင့်အဖြစ်ကို ရလေ၏၊ ရဟန်းအဖြစ်ကို ရလေ၏၊ ရဟန်းဖြစ်၍ မကြာသေးသော အသျှင်သုဘဒ္ဒသည် တစ်ယောက်တည်း ဆိတ် ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စိတ်ကို စေလွှတ်၍ နေ၏။

ထိုသို့နေသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာ ဝင်သော အမျိုးသားတို့ လိုလားအပ်သော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ (အသျှင်သုဘဒ္ဒသည်) မကြာမီ ယခုဘဝ၌ ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါတစ်ပါးသော ပြုဖွယ်ကိစ္စမရှိတော့ပြီ”ဟု သိ၏။ အသျှင်သုဘဒ္ဒသည် ရဟန္တာတို့တွင်တစ်ပါး (အပါအဝင်) ဖြစ်၍ မြတ်စွာ ဘုရား၏ နောက်ဆုံး မျက်မှောက်တပည့် ဖြစ်လေ၏။

ပဉ္စမအခန်း ပြီး၏။

၁။ ရဟန်းမြတ် တစ်ကျိပ်နှစ်ယောက် ဟူသည်မှာ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်၊ ဖလဋ္ဌာန်ပုဂ္ဂိုလ်လေးယောက်တို့နှင့် လေးပါးကို ရရန် အားထုတ်ဆဲ ဝိပဿကပုဂ္ဂိုလ် လေးယောက်တို့ပေတည်း။

ဆဋ္ဌမအခန်းအပိုင်းပြင်ဆင်

မြတ်စွာဘုရား၏ နောက်ဆုံးစကားတော်

၂၁၆။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို ဤသို့ မိန့်တော်မူ၏—

“အာနန္ဒာ ‘တရားစကားတော်သည် ဟောကြားသော ဆရာ (ဘုရား) မှ ကင်းကွာခဲ့ပြီ၊ ငါတို့၏ဆရာ (ဘုရား) သည် မရှိတော့ပြီ’ဟု သင်တို့အား ဤသို့သော ထင်မှတ်ခြင်းဖြစ်သော်လည်း ဖြစ်ရာ၏၊ အာနန္ဒာ ဤအရာကို ဤသို့ မထင်မှတ်အပ်။ အာနန္ဒာ ငါ ဟောကြားပညတ်ထားသော တရားတော်နှင့်ဝိနည်းတော်သည် ငါကွယ်လွန်သောအခါ၌ သင်တို့၏ ဆရာ (ဘုရား) ပင် ဖြစ်ပေ၏။

အာနန္ဒာ ယခုအခါ ရဟန်းတို့သည် အချင်းချင်း ငါ့သျှင် ‘အာဝုသော’ ဟူသော စကားဖြင့် (ကြီးငယ်မရွေး) ခေါ်ကုန်သကဲ့သို့ ငါကွယ်လွန်သောအခါ၌ကား ဤနည်းဖြင့် မခေါ်အပ်။ အာနန္ဒာမထေရ်ကြီးဖြစ်သော ရဟန်းသည် သီတင်းငယ်ရဟန်းကို အမည်ဖြင့် ဖြစ်စေ၊ အနွယ်ဖြင့်ဖြစ်စေငါ့သျှင် ‘အာဝုသော’ ဟူသောစကားဖြင့်ဖြစ်စေ ခေါ်အပ်၏၊ သီတင်းငယ်ရဟန်းသည်ကား မထေရ်ကြီးဖြစ်သော ရဟန်းကို အသျှင်ဘုရား ‘ဘန္တေ’ ဟူ၍သော်လည်းကောင်း အသျှင် ‘အာယသ္မာ’ ဟူ၍သော်လည်းကောင်း (ဤသို့သာ) ခေါ်အပ်၏။

အာနန္ဒာ သံဃာတော်သည် ငါကွယ်လွန်သောအခါ၌ အသေးအနုပ် (ခုဒ္ဒါနုခုဒ္ဒက) သိက္ခာပုဒ်တို့ကိုနုတ်ပယ်လိုခဲ့သော် နုတ်ပယ်လေလော့။ အာနန္ဒာ ငါကွယ်လွန်သောအခါ၌ ဆန္နရဟန်းအား ဗြဟ္မဒဏ်ပေးအပ်၏”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဗြဟ္မဒဏ် ဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။

အာနန္ဒာ ဆန္နရဟန်းသည် ပြောဆိုလိုရာ (စကား) ကို ပြောဆိုနိုင်၏၊ (သို့ရာတွင်) ရဟန်းတို့သည် ကားထို (ဆန္နရဟန်း) ကို မပြောဆိုအပ်၊ မဆုံးမအပ်၊ မကံမြစ်အပ် ဤကား (ဗြဟ္မဒဏ်တည်း)။

၂၁၇။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား မိန့်တော်မူ၏—

“ရဟန်းတို့ ဘုရား၌ဖြစ်စေ တရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ ဖြစ်စေယုံမှားတွေးတောခြင်းသည် တစ်စုံတစ်ယောက်သော ရဟန်းအား ဖြစ်လျက်ရှိ ငြားအံ့၊ ရဟန်းတို့ (ငါ့အား) မေးကြကုန်လော့၊ ‘မြတ်စွာဘုရားသည် ငါတို့၏ မျက်မှောက်၌ ထင်ရှားရှိခဲ့ ပါလျက် ငါတို့သည်မြတ်စွာဘုရားကို ရှေ့တော်၌ ပြန်၍မေးခြင်းငှါ မစွမ်းနိုင်ခဲ့ကြပါတကား’ဟု သင်တို့သည် နောင်တတစ်ဖန် ပူပန်ခြင်း မဖြစ်ကြစေကုန်လင့်”ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် ထိုရဟန်းတို့သည် ဆိတ်ဆိတ်နေကြကုန်၏။ မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက်လည်း။ပ။ မြတ်စွာဘုရားသည် သုံးကြိမ်မြောက်လည်း ရဟန်းတို့အား မိန့်တော်မူပြန်၏—

“ရဟန်းတို့ ဘုရား၌ဖြစ်စေ တရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ ဖြစ်စေယုံမှားတွေးတောခြင်းသည် တစ်စုံတစ်ယောက်သော ရဟန်းအား ဖြစ်လျက်ရှိငြားအံ့၊ ရဟန်း တို့ (ငါ့အား) မေးကြကုန်လော့၊ ‘မြတ်စွာဘုရားသည် ငါတို့၏ မျက်မှောက်၌ ထင်ရှားရှိခဲ့ပါလျက် ငါတို့သည်မြတ်စွာဘုရားကို ရှေ့တော်၌ ပြန်၍ မေးခြင်းငှါ မစွမ်းနိုင်ခဲ့ကြပါတကား’ဟု သင်တို့ သည်နောင်တတစ်ဖန် ပူပန်ခြင်း မဖြစ်ကြစေကုန်လင့်”ဟု (မိန့်တော်မူ၏)။

သုံးကြိမ်မြောက်လည်း ထိုရဟန်းတို့သည် ဆိတ်ဆိတ်နေကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့ မိန့်တော်မူ၏—

“ရဟန်းတို့ သင်တို့သည် ဘုရား၌ ရိုသေသဖြင့် မမေးကြသည်သော်လည်း ဖြစ်ငြားအံ့၊ ရဟန်း တို့အဖော်ရဟန်း အချင်းချင်းအားမူလည်း (မိမိ၏ ယုံမှားတွေးတောခြင်းကို) ပြောကြားလော့”ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော်လည်း ထိုရဟန်းတို့သည် ဆိတ်ဆိတ်ပင် နေကြကုန်၏။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

“အံ့ဖွယ်ဖြစ်ပါပေ၏ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏ အသျှင်ဘုရား၊ အသျှင်ဘုရား ဤ ရဟန်း့သံဃာထဲ၌ ‘တစ်ပါးသော ရဟန်းမျှသော်လည်း မြတ်စွာဘုရား၌ဖြစ်စေ တရားတော်၌ ဖြစ်စေသံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ဖြစ်စေ ယုံမှားတွေးတောခြင်းမရှိ’ဟု အကျွန်ုပ်ယုံကြည်ပါသည်”ဟု (လျှောက်၏)။

အာနန္ဒာ သင်သည် ယုံကြည်ခြင်းကြောင့်သာလျှင် ဆိုပေ၏၊ အာနန္ဒာ ဤရဟန်းသံဃာထဲ၌ တစ်ပါးသော ရဟန်းမျှသော်လည်း ဘုရား၌ဖြစ်စေ တရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေအကျင့်၌ဖြစ်စေ ယုံမှားတွေးတောခြင်း မရှိကြောင်းကို မြတ်စွာဘုရားအား သိပြီးပင် ဖြစ်ပေ၏။

အာနန္ဒာ ဤရဟန်းငါးရာတို့တွင် အောက်ထစ်ဆုံးဖြစ်သော ရဟန်းသည်ပင် အပါယ်သို့ကျခြင်း သဘောမရှိသော ကိန်းသေမြဲသော၁ အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။

၂၁၈။ ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏—

“ရဟန်းတို့ သင်တို့အား ယခု (ငါဘုရား) မိန့်မှာတော်မူခဲ့အံ့၊ ပြုပြင်ပေးရသော ‘ရုပ်နာမ်ဓမ္မ’ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကုန်၏၊ မမေ့သော သတိတရားဖြင့်၂ ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့”ဟု (မိန့်တော်မူ၏)။

ဤကား မြတ်စွာဘုရား၏ နောက်ဆုံးမိန့်ခွန်းတော်ပေတည်း။

၂၁၉။ ထို့နောက် မြတ်စွာဘုရားသည် ပဌမဈာန်ကို ဝင်စားတော်မူ၏၊ ပဌမဈာန်မှ ထတော်မူ၍ဒုတိယဈာန်ကို ဝင်စားတော်မူ၏၊ ဒုတိယဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ဝင်စားတော်မူ၏၊ တတိယဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏၊ စတုတ္ထဈာန်မှ ထတော်မူ၍ အာကာသာနဉ္စာယတန (သမာပတ်) ကို ဝင်စားတော်မူ၏၊ အာကာသာနဉ္စာယတနသမာပတ်မှ ထတော်မူ၍ဝိညာဏဉ္စာယတန (သမာ ပတ်) ကို ဝင်စားတော်မူ၏၊ ဝိညာဏဉ္စာယတနသမာပတ်မှ ထတော်မူ၍အာကိဉ္စညာယတန (သမာပတ်) ကို ဝင်စားတော်မူ၏၊ အာကိဉ္စညာယတနသမာပတ်မှ ထတော်မူ၍နေဝသညာနာသညာယတန (သမာပတ်) ကို ဝင်စားတော်မူ၏၊ နေဝသညာနာသညာယတနသမာပတ်မှထတော်မူ၍ သညာဝေဒနာတို့၏ချုပ်ရာ နိရောဓ သမာပတ်ကို ဝင်စားတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် “အသျှင်အနုရုဒ္ဓါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါပြီလော”ဟုအသျှင်အနုရုဒ္ဓါအား မေးလျှောက်၏။

ငါ့သျှင်အာနန္ဒာ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မမူသေး၊ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓ (သမာပတ်) ကို ဝင်စားတော်မူလျက် ရှိ၏ဟု (ပြန်ကြားတော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် သညာဝေဒနာတို့၏ချုပ်ရာ နိရောဓသမာပတ်မှ ထတော်မူ၍နေဝသညာနာသညာယတန (သမာပတ်) ကို ဝင်စားတော်မူ၏၊ နေဝသညာနာသညာယတနသမာပတ်မှ ထတော်မူ၍ အာကိဉ္စညာယတန (သမာပတ်) ကို ဝင်စားတော်မူ၏၊ အာကိဉ္စညာယတနသမာပတ်မှထတော်မူ၍ ဝိညာဏဉ္စာယတန (သမာပတ်) ကို ဝင်စားတော်မူ၏၊ ဝိညာဏဉ္စာယတနသမာပတ်မှထတော်မူ၍ အာကာသာ နဉ္စာယတန (သမာပတ်) ကို ဝင်စားတော်မူ၏၊ အာကာသာနဉ္စာယတနသမာပတ်မှထတော်မူ၍ စတုတ္ထ ဈာန်ကို ဝင်စားတော်မူ၏၊ စတုတ္ထဈာန်မှ ထတော်မူ၍ တတိယဈာန်ကိုဝင်စားတော်မူ၏၊ တတိယဈာန်မှ ထတော်မူ၍ ဒုတိယဈာန်ကို ဝင်စားတော်မူ၏၊ ဒုတိယဈာန်မှထတော်မူ၍ ပဌမဈာန်ကို ဝင်စားတော်မူ၏၊ ပဌမဈာန်မှ ထတော်မူ၍ ဒုတိယဈာန်ကို ဝင်စားတော်မူ၏၊ ဒုတိယဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ဝင်စားတော်မူ၏၊ တတိယဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကိုဝင်စားတော်မူ၏၊ စတုတ္ထဈာန်မှ ထတော်မူ ပြီးသည်၏ အခြားမဲ့၌ မြတ်စွာဘုရားသည်ပရိနိဗ္ဗာန်ပြုတော်မူလေသတည်း။

၂၂ဝ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် ကြက့်သီးမွေးညင်းထစေလျက် ကြောက်မက်ဖွယ်ရာ ကြီးစွာသော မြေငလျင်လှုပ်ခြင်းသည် ဖြစ်လေ၏၊ တော်လည်းသံ (နတ်စည်) တို့သည်လည်း တခြိမ့်ခြိမ့်မြည်ဟည်းကုန်၏။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် သဟမ္ပဟိံဗြဟ္မာသည်ဤဂါထာကို ရွတ်ဆို၏—

“ကိုယ်တိုင် (အလုံးစုံကို) သိတော်မူသော အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော ဤသို့သော ဆရာသခင်အတုမဲ့ဘုရားသျှင်သော်မှလည်း အကြင်လောက၌ ပရိ နိဗ္ဗာန်ပြုတော်မူရချေသေး၏၊ ထိုလောကထဲ၌ (ရှိသမျှ) သတ္တဝါအားလုံးတို့သည် ရုပ်နာမ်အစု အတ္တဘောကို စွန့်ပစ်ကြရကုန်မည်ချည်းသာတည်း”ဟု (ရွတ်ဆို၏)။

၂၂၁။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် နတ်တို့ အရှင်သိကြားမင်းသည် ဤဂါထာကို ရွတ်ဆို၏—

“ဖြစ်ခြင်း ပျက်ခြင်းသဘောရှိ၍ ပြုပြင်ရသော ‘သင်္ခါရ’ တရားတို့သည် မမြဲလေ ကုန်စွတကား၊ ဖြစ်ပေါ်ပြီးနောက် ချုပ်ပျောက်လေကုန်စွတကား၊ ထို (သင်္ခါရတရား) တို့၏ ငြိမ်းခြင်းသည်သာလျှင်ချမ်းသာပေလိမ့်မည်တကား”ဟု (ရွတ်ဆို၏)။

၂၂၂။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် အသျှင်အနုရုဒ္ဓါသည် ဤဂါထာတို့ကို ရွတ်ဆို၏—

“တဏှာကင်းတော်မူသော မြတ်စွာဘုရားသည် (ငြိမ်းအေးသော) နိဗ္ဗာန်ကို (ကြွရန်) ရည်စူး၍ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ (ထို့ကြောင့်) စိတ်ဓာတ်ကြံ့ခိုင်၍ ကောင်းဆိုးနှစ်ပါးကို အတူထားလျက်ရှုတော်မူနိုင်သော မြတ်စွာဘုရား၏ ထွက် လေဝင်လေတို့သည် မရှိတော့ပြီတကား။ (မြတ်စွာဘုရားသည်) ညှိုးငယ်ခြင်းမရှိသော စိတ်ဖြင့် ဝေဒနာကို သည်းခံတော်မူ လေပြီ၊ ထိုမြတ်စွာဘုရား၏ စိတ်တော်သည် ဆီမီးလျှံ ငြိမ်းသကဲ့သို့ပင် (ချုပ် ငြိမ်း) လွတ်မြောက်တော်မူလေပြီတကား”ဟု (ရွတ်ဆို၏)။

၂၂၃။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုတော်မူသည်ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် အသျှင်အာနန္ဒာသည် ဤဂါထာကို ရွတ်ဆို၏—

“မွန်မြတ်သော ဂုဏ်တော်အားလုံးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်ပရိနိဗ္ဗာန်ပြုတော်မူလတ်သော် ထိုအခိုက်ဝယ် ကြောက်မက်ဖွယ် (မြေလှုပ်ခြင်း) သည် ဖြစ်လေပြီတကား၊ ကြက်သီးမွေးညင်းထဖွယ် (မြေလှုပ်ခြင်း) သည် ဖြစ်လေပြီ တကား”ဟု (ရွတ်ဆို၏)။

၂၂၄။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုတော်မူသည်ရှိသော် ထိုမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူရာ အရပ်၌ (ရှိသော) ရာဂမကင်းသေးသည့် အချို့သော ရဟန်းတို့သည် “ဘုန်းတော်ကြီးသော မြတ်စွာ ဘုရားသည်အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ ပညာမျက်စိရှိတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ လောကမှ ကွယ်ပျောက်တော်မူလေပြီ”ဟု (ဆိုကာ) လက်မောင်းတို့ကိုမြှောက်ချီ၍ ငိုကြွေးမြည်တမ်းကုန်၏၊ ပြတ်ကျသကဲ့သို့ လဲကျကုန်၏၊ ရှေးရှု လူးလှိမ့်ကုန်၏၊ ထိုထိုဤလူးလှိမ့်ကုန်၏။

ရာဂကင်းပြီးသော ရဟန်းတို့သည်ကား “ပြုပြင်ရသော ‘သင်္ခါရ’ တရားတို့သည် မမြဲသော သဘောရှိကုန်၏၊ ဤ (သင်္ခါရတရားထဲ) ၌ ထို (မြဲခြင်း) ကို အဘယ်မှာ ရနိုင်အံ့နည်း”ဟု အောက်မေ့ဆင်ခြင်လျက် သည်းခံနိုင်ကုန်၏။

၂၂၅။ ထိုအခါ အသျှင်အနုရုဒ္ဓါသည် ရဟန်းတို့ကို မိန့်တော်မူ၏—

“ငါ့သျှင်တို့ တန်ကြလော့၊ မစိုးရိမ် မပူဆွေးကြလင့်၊ မငိုကြွေးကြလင့်၊ ‘ချစ်ခင်မြတ်နိုးသော သူအားလုံးတို့နှင့် (ရှင်လျက်) ကွဲကွာခြင်း (သေ၍) ကွဲကွာခြင်း ဘဝခြားလျက် ကွဲကွာခြင်းများကို’ ရှေးမဆွကပင် မြတ်စွာဘုရား ဟောကြားခဲ့ပြီ မဟုတ်ပါလော၊ ငါ့သျှင်တို့ ဤအရာ၌ ‘အကြင်တရားသည် အသစ်ဖြစ်ပေါ်လာခြင်း ထင်ရှားဖြစ်ပေါ်လာခြင်း ပြုပြင်ရခြင်း သဘောရှိ၍ ပျက်စီးခြင်းသဘောရှိ၏၊ ထိုတရားကို မပျက်စီးပါစေလင့်’ဟု လိုလားတောင့်တချက်အတိုင်း အဘယ်မှာ ရနိုင်ပါအံ့နည်း၊ ဤသို့ ရနိုင်ရန်အကြောင်းသည် မရှိချေ၊ ငါ့သျှင်တို့ နတ်တို့သည် ကဲ့ရဲ့နေကြကုန်၏”ဟု (မိန့်တော်မူ၏)။

အသျှင်အနုရုဒ္ဓါ နတ်တို့သည် အဘယ်သို့ အခြေအနေရှိလျက် စိတ်ဖြစ်နေကြပါကုန်သနည်းဟု (လျှောက်ကြကုန်၏)။

ငါ့သျှင်အာနန္ဒာ ကောင်းကင်၌ မြေပြင်ဟု အမှတ်ရှိလျက် တည်နေသော နတ်တို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ၊ ပညာမျက်စိရှိတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ လောကမှ ကွယ်ပျောက်တော်မူလေပြီ”ဟု (ဆိုကာ) ဆံပင်တို့ကို ကြဲဖြန့်၍ ငိုကြွေးမြည်တမ်းကုန်၏၊ လက်မောင်းတို့ကို မြှောက်ချီ၍ ငိုကြွေးမြည်တမ်းကုန်၏၊ ပြတ်ကျသကဲ့သို့ လဲကျကုန်၏၊ ရှေးရှုလူးလှိမ့်ကုန်၏၊ ထိုထိုဤ လူးလှိမ့်ကုန်၏။

ငါ့သျှင်အာနန္ဒာ မြေပြင်၌ မြေပြင်ဟု အမှတ်ရှိလျက် တည်နေသော နတ်တို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ ကောင်းသော စကားကိုဆိုတော် မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ ပညာမျက်စိရှိတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ လောကမှကွယ်ပျောက်တော်မူလေပြီ”ဟု (ဆိုကာ) ဆံပင်တို့ကို ကြဲဖြန့်၍ ငိုကြွေးမြည်တမ်းကုန်၏၊ လက်မောင်းတို့ကို မြှောက်ချီ၍ ငိုကြွေးမြည်တမ်းကုန်၏၊ ပြတ်ကျ သကဲ့သို့ လဲကျကုန်၏၊ ရှေးရှုလူးလှိမ့်ကုန်၏၊ ထိုထိုဤ လူးလှိမ့်ကုန်၏။

ရာဂကင်းပြီးသော နတ်တို့သည်ကား “ပြု ပြင်ရသော ‘သင်္ခါရ’ တရားတို့သည် မမြဲသော သဘောရှိကုန်၏၊ ဤ (သင်္ခါရတရားထဲ) ၌ ထို (မြဲခြင်း) ကို အဘယ်မှာ ရနိုင်ပါအံ့နည်း”ဟုအောက်မေ့ဆင်ခြင်လျက် သည်းခံကုန်၏၊ ထိုအခါ အသျှင်အနုရုဒ္ဓါနှင့် အသျှင်အာနန္ဒာတို့သည်ထိုညဉ့်ကြွင်း (မိုးသောက်ယံ) ကို တရားစကားဖြင့် ကုန်လွန်စေကြကုန်၏။

၂၂၆။ ထို့နောက် အသျှင်အနုရုဒ္ဓါသည် “ငါ့သျှင်အာနန္ဒာ သွားချေလော့၊ ကုသိနာရုံပြည်သို့ဝင်၍ ကုသိနာရုံပြည်သား မလ္လမင်းတို့အား ‘ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ ယခုအခါ၌ ဆောင်ရွက်ရန်မှာ သင်တို့၏ အလိုအတိုင်းပင် ဖြစ်သည်’ဟု ပြောကြားချေလော့”ဟူ၍ အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် အသျှင်အနုရုဒ္ဓါအား ဝန်ခံပြီးလျှင် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် မိမိလျှင် နှစ်ယောက်မြောက်သည်ဖြစ်၍ (အဖော်တစ်ပါးနှင့်တကွ) ကုသိနာရုံပြည်သို့ ဝင်လေ၏။

ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့သည် ထို (ပရိနိဗ္ဗာန်ပြုခြင်းနှင့်စပ်သော) ကိစ္စဖြင့်ပင်လျှင်လွှတ်တော်၌ စည်းဝေးလျက် ရှိနေကြကုန်၏။ ထိုအခါ အသျှင်အာနန္ဒာသည် ကုသိနာရုံပြည်သား မလ္လမင်းတို့၏ လွှတ်တော်သို့ ချဉ်းကပ်ပြီးလျှင် ကုသိနာရုံပြည်သား မလ္လမင်းတို့အား “ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ ယခုအခါ၌ ဆောင်ရွက်ရန်မှာ သင်တို့၏ အလိုအတိုင်းပင် ဖြစ်သည်”ဟု ပြောကြားလေ၏။

အသျှင်အာနန္ဒာ၏ ဤ (စကား) ကို ကြားကုန်သည်ရှိသော် မလ္လမင်းတို့သည်လည်းကောင်း မလ္လမင်း့တို့၏ သား သမီး ချွေးမ မိဖုရားတို့သည်လည်းကောင်း အလွန်ကြေကွဲဝမ်းနည်းလျက် စိတ်ဆင်းရဲကုန်သည် ဖြစ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ ကောင်းသော စကားကို ဆိုတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ ပညာမျက်စိရှိတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ လောကမှကွယ်ပျောက်တော်မူလေပြီ”ဟု (ဆိုကာ) အချို့သူတို့သည် ဆံပင်တို့ကို ကြဲဖြန့်၍ငိုကြွေးမြည်တမ်းကုန်၏၊ လက်မောင်းတို့ကို မြှောက်ချီ၍ ငိုကြွေးမြည်တမ်းကုန်၏၊ ပြတ်ကျသကဲ့သို့လဲကျကုန်၏၊ ရှေးရှု လူးလှိမ့်ကုန်၏၊ ထိုထို ဤ လူးလှိမ့်ကုန်၏။

၁။ သုဂတိ၌သာ ဖြစ်ရန် ကိန်းသေမြဲသော၊ (တစ်နည်း) ဆင်းရဲ၏အဆုံးသို့ ရောက်ရန် ကိန်းသေမြဲသော။

၂။ အပ္ပမာဒေန သမ္ပာဒေထာတိ သတိအဝိပ္ပဝါသေန သဗ္ဗကိစ္စာနိ သမ္ပာဒေထ—ဟူသော အဋ္ဌကထာနှင့်အညီ သတိတရားဖြင့်ဟု ကရိုဏ်းအနက်ပြန်ဆိုထားသည်။

မြတ်စွာဘုရားအလောင်းတော်ကို ပူဇော်ခြင်း

၂၂၇။ ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့သည် “သို့ဖြစ်လျှင် အချင်းတို့ ကုသိနာရုံပြည်၌ပန်းနံ့သာကိုလည်းကောင်း၊ အတီးအမှုတ်တူရိယာ အလုံးစုံကိုလည်းကောင်း စုခဲ့ကြကုန်လေလော့”ဟုမင်းချင်းတို့အား အမိန့်ပေးကုန်၏။

ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့သည် ပန်းနံ့သာတို့ကိုလည်းကောင်း၊ အတီးအမှုတ်တူရိယာအလုံးစုံတို့ကိုလည်းကောင်း၊ ပုဆိုးအစုံငါးရာတို့ကိုလည်းကောင်း ယူ၍ မလ္လမင်းတို့၏ လမ်းကွေ့အင်ကြင်း ဥယျာဉ်ဝယ် မြတ်စွာဘုရား၏ အလောင်းတော်ရှိရာသို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရား၏အလောင်းတော် ကို ကခြင်း သီခြင်း တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊ ပန်းနံ့သာတို့ဖြင့်လည်းကောင်း အရိုအသေပြုကုန် လျက် အလေးပြုကုန်လျက် မြတ်နိုးကုန်လျက်ပူဇော်ကုန်လျက် အဝတ် (ဗိတာန်) မျက်နှာကြက်တို့ကို ပြုကုန်လျက် တန်ဆောင်းဝန်းတို့ကိုစီရင်ကုန်လျက် တစ်နေ့ကို ကုန်လွန်စေ၏။

ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းသားတို့အား “မြတ်စွာဘုရား၏ အလောင်းတော်ကို မီးသင်္ဂြိုဟ်ခြင်းငှါ ယနေ့အချိန် အလွန်နှောင်းလေပြီ၊ ငါတို့ မြတ်စွာဘုရားအလောင်းတော်ကို နက်ဖြန်မှ မီးသင်္ဂြိုဟ်ကုန်အံ့” ဟူ၍ (ကြံစည်ဆုံးဖြတ်ခြင်းသည် ဖြစ်၏)။

ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့သည် မြတ်စွာဘုရားအလောင်းတော်ကို ကခြင်း သီခြင်းတီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊ ပန်းနံ့သာတို့ဖြင့်လည်းကောင်း အရိုအသေပြုကုန်လျက် အလေးပြုကုန်လျက် မြတ်နိုးကုန်လျက် ပူဇော်ကုန်လျက် အဝတ် (ဗိတာန်) မျက်နှာကြက်တို့ကို ပြုကုန်လျက်တန်ဆောင်းဝန်းတို့ကို စီရင်ကုန်လျက် နှစ်ရက်မြောက်သော နေ့ကိုလည်း ကုန်လွန်စေပြန်၏၊ (ထို့အတူ) သုံးရက်မြောက်သော နေ့ကိုလည်း ကုန်လွန်စေပြန်၏၊ လေးရက်မြောက်သော နေ့ကိုလည်း ကုန်လွန်စေပြန်၏၊ ငါးရက်မြောက်သော နေ့ကိုလည်း ကုန်လွန်စေပြန်၏၊ ခြောက်ရက်မြောက်သော နေ့ကိုလည်းကုန်လွန်စေပြန်၏။

ထို့နောက် ခုနစ်ရက်မြောက်သော နေ့၌ ကုသိနာရုံပြည်သား မလ္လမင်းတို့အား ဤသို့သော ကြံစည်ဆုံးဖြတ်ခြင်းသည် ဖြစ်၏ —

“ငါတို့သည် မြတ်စွာဘုရား၏ အလောင်းတော်ကို ကခြင်း သီခြင်း တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊ ပန်းနံ့သာတို့ဖြင့်လည်းကောင်း အရိုအသေပြုကုန်လျက် အလေးပြုကုန်လျက် မြတ်နိုး့ကုန်လျက် ပူဇော်ကုန်လျက်မြို့၏အပြင် တောင်ဘက်လမ်းဖြင့်မြို့၏အပြင် တောင်အရပ်သို့ ဆောင်ယူ၍မြတ်စွာဘုရား၏ အလောင်းတော်ကိုမြို့၏ တောင်အရပ်၌ မီးသင်္ဂြိုဟ်ကုန်အံ့”ဟု (ကြံစည်ဆုံးဖြတ်ခြင်းသည် ဖြစ်၏)။

၂၂၈။ ထိုစဉ်အခါ မလ္လမင်းအကြီးအမှူး ရှစ်ယောက်တို့သည် ဦးခေါင်းဆေး၍ အသစ်စက်စက်အဝတ်တို့ကို ဝတ်ဆင်ကုန်လျက် “မြတ်စွာဘုရား၏ အလောင်းတော်ကို ငါတို့ ချီမကုန်အံ့”ဟု (ရည်ရွယ်၍ ချီမကုန်သည်ရှိသော်) ကြွစေခြင်းငှါ မစွမ်းနိုင်ကုန်၊ ထိုအခါ ကုသိနာရုံပြည်သားမလ္လမင်းတို့သည် အသျှင် အနုရုဒ္ဓါအား ဤသို့ မေးလျှောက်ကုန်၏—

“အသျှင်အနုရုဒ္ဓါ ဤမလ္လမင်းအကြီးအမှူး ရှစ်ယောက်တို့သည် ဦးခေါင်းဆေး၍ အသစ်စက်စက်အဝတ်တို့ကို ဝတ်ကြပြီးလျှင် “မြတ်စွာဘုရား၏ အလောင်းတော်ကို ငါတို့ ချီမကုန်အံ့”ဟု (ရည် ရွယ်၍ချီမကုန်သည်ရှိသော်) ကြွစေခြင်းငှါ မစွမ်းနိုင်ပါကုန်။ အသျှင်အနုရုဒ္ဓါ အကြောင်းအထောက် အပံ့ကားအဘယ်ပါနည်း”ဟု (မေးလျှောက်ကုန်၏)။

ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ အသင်တို့ အလိုကား တစ်မျိုး၊ နတ်တို့အလိုကား တစ်မျိုး ဖြစ်နေ၏ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား နတ်တို့အလိုကား အဘယ်သို့ပါနည်း”ဟု (မေးလျှောက်ကြပြန်၏)။

ဝါသေဋ္ဌအနွယ် (မလ္လမင်းတို့) သင်တို့၏ အလိုကား “ငါတို့သည် မြတ်စွာဘုရားအလောင်းတော်ကိုကခြင်း သီခြင်း တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊ ပန်းနံ့သာတို့ဖြင့်လည်းကောင်း အရိုအသေပြုကုန်လျက်အလေးပြုကုန်လျက် မြတ်နိုးကုန်လျက် ပူဇော်ကုန်လျက်မြို့၏အပြင် တောင်ဘက်လမ်းဖြင့် မြို့၏အပြင်တောင်အရပ်သို့ ဆောင်ယူပြီးလျှင် မြတ်စွာဘုရားအလောင်းတော်ကို မြို့၏တောင်ဘက်အရပ်၌ မီးသင်္ဂြိုဟ်ကုန်အံ့”ဟု ဤသို့ ဖြစ်၏။

ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ နတ်တို့အလိုကား “ငါတို့သည် မြတ်စွာဘုရား အလောင်းတော်ကို နတ်တို့၏ ကခြင်း သီခြင်း တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊ ပန်းနံ့သာတို့ဖြင့်လည်းကောင်း အရိုအသေပြုကုန်လျက် အလေးပြုကုန်လျက် မြတ်နိုးကုန်လျက် ပူဇော်ကုန်လျက်မြို့၏ မြောက်ဘက်လမ်းဖြင့်မြို့၏မြောက် အရပ်သို့ ဆောင်ယူပြီးလျှင် မြောက်ဘက်တံခါးမှ မြို့တွင်းသို့ သွင်းလျက် မြို့လယ်လမ်းဖြင့်မြို့လယ်သို့ ဆောင်ယူကာ အရှေ့တံခါးမှ ထွက်၍ မြို့၏အရှေ့အရပ် မလ္လမင်းတို့၏ မကုဋဗန္ဓန၁ မည်သော စေတီဌာန၌ မြတ်စွာဘုရားအလောင်းတော်ကို မီးသင်္ဂြိုဟ်ကုန်အံ့”ဟု ဤသို့ ဖြစ်၏။

“အသျှင်ဘုရား နတ်တို့အလိုအတိုင်းပင် ဖြစ်ပါစေလော့”ဟု (လျှောက်ကုန်၏)။

၂၂၉။ ထိုစဉ်အခါ မလ္လမင်းတို့၏ ကုသိနာရုံပြည်ဝယ် အိမ်ဝင်းခြံနှင့်စပ်၍ အညစ်အကြေးစွန့်ရာတံမြက်ချေး စွန့်ရာ အရပ်များပါမကျန် မန္ဒာရဝနတ်ပန်း (ထင်ရှားပန်း) တို့ဖြင့် ဒူးဆစ်မြုပ်လောက်အောင်ဖြန့်ခင်းထားလျက် ရှိ၏။ ထိုအခါ နတ်တို့သည်လည်းကောင်း၊ ကုသိနာရုံပြည်သား မလ္လမင်းတို့သည်လည်းကောင်း၊ နတ် လူတို့၏ ကခြင်း သီခြင်း တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊ ပန်းနံ့သာတို့ဖြင့်လည်းကောင်း အရိုအသေပြု ကြကုန်လျက် အလေးပြုကြကုန်လျက် မြတ်နိုးကြကုန်လျက် ပူဇော်ကြကုန်လျက်မြို့၏အပြင် မြောက်ဘက်လမ်းဖြင့်မြို့၏ မြောက်အရပ်သို့ ဆောင်ယူပြီးလျှင် မြောက်ဘက်တံခါးမှမြို့တွင်းသို့ သွင်းလျက်မြို့လယ်လမ်းဖြင့်မြို့လယ်သို့ ဆောင်ယူကာ အရှေ့တံခါးမှ ထွက်၍မြို့၏အရှေ့အရပ် မလ္လမင်းတို့၏ မကုဋဗန္ဓနမည်သော စေတီဌာန၌ မြတ်စွာဘုရားအလောင်းတော်ကို ချထားကုန်၏။

၂၃ဝ။ ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့သည် “အသျှင်အာနန္ဒာ အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ အလောင်းတော်၌ အဘယ်သို့ ဆောင်ရွက်ရပါကုန်အံ့နည်း”ဟု အသျှင်အာနန္ဒာအားမေးလျှောက် ကုန်၏။

ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ စကြဝတေးမင်း၏ အလောင်းတော်၌ ဆောင်ရွက်သကဲ့သို့ မြတ်စွာဘုရား၏ အလောင်းတော်၌ ဆောင်ရွက်အပ်ပေ၏ဟု (မိန့်တော်မူ၏)။

အသျှင်အာနန္ဒာ စကြဝတေးမင်း၏ အလောင်းတော်၌ အဘယ်သို့ ဆောင်ရွက်ပါကုန်သနည်းဟု (မေးလျှောက်ကြပြန်၏)။

ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ စကြဝတေးမင်း၏ အလောင်းကို အသစ်စက်စက် အဝတ်ဖြင့် ရစ်ပတ်ကုန်၏၊ အသစ်စက်စက် အဝတ်ဖြင့် ရစ်ပတ်ပြီးလျှင် ဝါဂွမ်းနုဖြင့် ရစ်ပတ်ကုန်၏၊ ဝါဂွမ်းနုဖြင့် ရစ်ပတ်ပြီးလျှင် အသစ်စက်စက် အဝတ်ဖြင့် ရစ်ပတ်ပြန်ကုန်၏၊ ဤနည်းအတိုင်း အစုံငါးရာတို့ဖြင့် စကြဝတေးမင်း၏ အလောင်းကို ရစ်ပတ်ပြီးလျှင် ဆီနှင့်တကွသော ရွှေတလား၌ ထည့်၍ အခြားရွှေတလားဖုံးဖြင့်အုပ်ပြီးသော် နံ့သာမျိုးစုံတို့ကို ထင်းပုံပြု ၍ စကြဝတေးမင်း၏ အလောင်းကို မီးသင်္ဂြိုဟ်ကုန်၏။ လမ်းမကြီးလေးခု ဆုံရာ၌ စကြဝတေးမင်း၏ စေတီကို တည်ထားကုန်၏။ ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ ဤသို့လျှင် စကြဝတေးမင်း၏ အလောင်း၌ ဆောင်ရွက်ကုန်၏။

ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ စကြဝတေးမင်း၏ အလောင်း၌ ဆောင်ရွက်သကဲ့သို့ပင် မြတ်စွာ ဘုရား၏အလောင်းတော်၌ ဆောင်ရွက်အပ်ပေ၏၊ လမ်းမကြီးလေးခု ဆုံရာ၌ မြတ်စွာဘုရား၏ စေတီတော် ကိုတည်ထားအပ်ပေ၏။

ထိုစေတီ၌ အကြင်သူတို့သည် ပန်းကိုဖြစ်စေ၊ နံ့သာကိုဖြစ်စေ၊ နံ့သာမှုန့်ကိုဖြစ်စေ တင်မူလည်းတင်ကုန်လတ္တံ့၊ ရှိခိုးမူလည်း ရှိခိုးကုန်လတ္တံ့၊ စိတ်ဖြင့်မူလည်း ကြည်ညိုကုန်လတ္တံ့၊ ထို (အမှုများ) သည်ကြာမြင့်စွာသော ကာလပတ်လုံး ထိုသူတို့အား စီးပွါးချမ်းသာအလို့ငှါ ဖြစ်ပေလတ္တံ့ဟု (အသျှင်အာနန္ဒာသည် မလ္လမင်းတို့အား) ပြန်ကြားပေ၏။ ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့သည် “အချင်းတို့သို့ဖြစ်လျှင် မလ္လမင်းတို့၏ ဝါဂွမ်းနုများကို စုခဲ့ကြကုန်လော့”ဟု မင်းချင်းတို့အား အမိန့်ပေးကုန်၏။

ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့သည် မြတ်စွာဘုရား၏ အလောင်းတော်ကို အသစ်စက်စက်အဝတ်ဖြင့် ရစ်ပတ်ပြီးလျှင် ဝါဂွမ်းနုဖြင့် ရစ်ပတ်ကုန်၏၊ ဝါဂွမ်းနုဖြင့် ရစ်ပတ်ပြီးလျှင် အသစ်စက်စက်အဝတ်ဖြင့် ရစ်ပတ်ပြန်ကုန်၏။ ဤနည်းအတိုင်း ပုဆိုးအစုံငါးရာတို့ဖြင့် မြတ်စွာဘုရား၏ အလောင်းတော်ကို ရစ်ပတ်ပြီးလျှင် ဆီနှင့်တကွသော ရွှေတလား၌ ထည့်၍ အခြား ရွှေတလားဖုံးဖြင့် အုပ်ပြီးသော်နံ့သာ မျိုးစုံတို့ကို ထင်းပုံပြု၍ မြတ်စွာဘုရား၏ အလောင်းတော်ကို ထင်းပုံ၌ တင်ကုန်၏။

၁။ မလ္လမင်းတို့ အဘိသိက်ခံသောအခါ မကိုဋ်ဖွဲ့ဆောင်းခြင်းစသည်ဖြင့် တန်ဆာဆင်ရာဌာန ဖြစ်သော မင်းကွန်းကို ရိုသေလေးစားရာ ဌာနဖြစ်သောကြောင့် ‘မကုဋဗန္ဓနစေတီ’ဟု ခေါ်ကြောင်း အဋ္ဌကထာ ဋီကာတို့၌ ဆို၏။

မဟာကဿပ မထေရ် ဝတ္ထု

၂၃၁။ ထိုစဉ်အခါ၌ အသျှင်မဟာကဿပသည် ငါးရာမျှသော ရဟန်းသံဃာများနှင့်အတူ ပါဝါပြည်မှကုသိနာရုံပြည်သို့ ကြွလာလျက် ရှိ၏။ ထိုအခါ အသျှင်မဟာကဿပသည် လမ်းခရီးမှဖဲ၍ တစ်ခုသောသစ်ပင်ရင်း၌ ထိုင်နေတော်မူ၏။ ထိုစဉ်အခါ၌ တစ်ယောက်သော တက္ကတွန်း ‘အာဇီဝက’ သည် ကုသိနာရုံပြည်မှ မန္ဒာရဝနတ်ပန်းကို ယူ၍ ပါဝါပြည်သို့ လာလျက် ရှိ၏။ အသျှင်မဟာကဿပသည် ထိုတက္ကတွန်း ‘အာဇီဝက’ ကို အဝေးမှ လာနေစဉ်ပင် မြင်တော်မူ၍ “ငါ့သျှင် ငါတို့ဆရာဖြစ်သော မြတ်စွာဘုရားကိုသိပါ ၏လော”ဟု ထိုအာဇီဝကအား မေးတော်မူ၏။

ငါ့သျှင် သြော် သိပါ၏၊ ရဟန်းဂေါတမ ပရိနိဗ္ဗာန်ပြုသည်မှာ ယနေ့ ခုနစ်ရက်ရှိပါပြီ၊ ထို (ပရိနိဗ္ဗာန်) ့ပြုရာအရပ်မှ ဤမန္ဒာရဝနတ်ပန်းကို အကျွန်ုပ် ယူလာခဲ့ပါသည်ဟု (တက္ကတွန်းသည်) ပြန်ကြား၏။ (ထိုအခါ) အသျှင်မဟာကဿပ၏ နောက်ပါ ရဟန်းငါးရာတို့တွင် ရာဂမကင်းသေးသော အချို့ရဟန်းတို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ ကောင်းသော စကားကို ဆိုတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ ပညာ မျက်စိရှိတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ လောကမှကွယ်ပျောက်တော်မူလေပြီ”ဟု လက်မောင်းတို့ကို မြှောက်ချီ၍ ငိုကြွေးမြည်တမ်းကုန်၏၊ ပြတ်ကျသကဲ့သို့လဲကျကုန်၏၊ ရှေးရှု လူးလှိမ့် ကုန်၏၊ ထိုထိုဤ လူးလှိမ့်ကုန်၏။

ရာဂကင်းပြီးသော ရဟန်းတို့ကား “ပြုပြင်ပေးရသော ‘သင်္ခါရ’ တရားတို့သည် အမြဲမရှိကုန်၊ ဤ (သင်္ခါရတရားထဲ) ၌ ထို (မြဲခြင်းသဘော) ကို အဘယ်မှာ ရနိုင်ပါအံ့နည်း”ဟု အောက်မေ့ဆင်ခြင်လျက်သည်းခံကုန်၏။

၂၃၂။ ထိုစဉ်အခါ၌ သုဘဒ္ဒမည်သော တောထွက်ရဟန်းကြီးသည် ထိုပရိသတ်၌ ပါဝင်လျက် ရှိ၏။ ထိုအခါ တောထွက်ရဟန်းကြီး သုဘဒ္ဒသည် ရဟန်းတို့အား ဤစကားကို ဆို၏—

“ငါ့သျှင်တို့ တန်ကြလော့၊ မစိုးရိမ် မပူဆွေးကြကုန်လင့်၊ မငိုကြွေးကြကုန်လင့်၊ ငါတို့သည် ထိုရဟန်းကြီးမှ ကောင်းစွာ လွတ်မြောက်ပေကုန်ပြီ၊ (ထိုရဟန်းကြီးသည်) ‘ဤကား သင်တို့အား အပ်၏၊ ဤကား သင်တို့အား မအပ်’ဟု ငါတို့ကို ချုပ်ချယ်ခဲ့၏၊ ယခုအခါ၌ကား ငါတို့သည် အလို ရှိသောအရာကို ပြုကုန်အံ့၊ အလိုမရှိသောအရာကို မပြုဘဲ နေကုန်အံ့”ဟု (ဆို၏)။

ထိုအခါ အသျှင်မဟာကဿပသည် ရဟန်းတို့ကို မိန့်တော်မူ၏—

“ငါ့သျှင်တို့ တန်ကြလော့၊ မစိုးရိမ် မပူဆွေးကြကုန်လင့်၊ မငိုကြွေးကြကုန်လင့်၊ ‘ချစ်ခင်မြတ်နိုး သောသူအားလုံးတို့နှင့် (ရှင်လျက်) ကွဲကွာခြင်း၊ (သေ၍) ကွဲကွာခြင်း၊ ဘဝခြားလျက် ကွဲကွာခြင်း များ’ ကိုရှေးမဆွကပင် မြတ်စွာဘုရား ဟောကြားခဲ့ပြီမဟုတ်ပါလော၊ ငါ့သျှင်တို့ ဤအရာ၌ ‘အကြင်တရားသည်အသစ်ဖြစ်ပေါ်လာခြင်း ထင်ရှားဖြစ်ပေါ်လာခြင်း ပြုပြင်ပေးရခြင်း သဘောရှိ၍ ပျက်စီးခြင်းသဘော ရှိ၏၊ ထိုတရားကို မပျက်စီးပါစေလင့်’ဟု လိုလားတောင့်တချက်အတိုင်း အဘယ်မှာ ရနိုင်ပါအံ့နည်း၊ ဤသို့ရနိုင်ရန် အကြောင်းမရှိချေဟု ဤစကားကို မြတ်စွာဘုရား သည် ကြိုတင်၍ ဟောတော်မူဖူးသည်မဟုတ်ပါလော”ဟု (မိန့်တော်မူ၏)။

၂၃၃။ ထိုစဉ်အခါ၌ မလ္လမင်းအကြီးအမှူး လေးယောက်တို့သည် ဦးခေါင်းဆေးကုန်၍ အသစ်စက်စက်အဝတ်တို့ကို ဝတ်ဆင်ကုန်လျက် “မြတ်စွာဘုရား၏ နံ့သာထင်းပုံကို ငါတို့ မီးတိုက်ကုန်အံ့”ဟု (ရည်ရွယ်၍ မီးတိုက်ကုန်သည်ရှိသော်) မီးစွဲလောင်ခြင်းငှါ မစွမ်းနိုင်ကုန်။ ထိုအခါ ကုသိနာရုံပြည်သားမလ္လမင်းတို့သည် အသျှင်အနုရုဒ္ဓါအား ဤသို့ မေးလျှောက်ကုန်၏ —

“အသျှင်အနုရုဒ္ဓါ မလ္လမင်းအကြီးအမှူး လေးယောက်တို့သည် ဦးခေါင်းဆေး၍ အသစ်စက်စက်အဝတ်တို့ကို ဝတ်ဆင်ကုန်လျက် ‘မြတ်စွာဘုရား၏ (နံ့သာ) ထင်းပုံကို ငါတို့ မီးတိုက်ကုန်အံ့’ဟု (ရည်ရွယ်၍ မီးတိုက်ကုန်သည်ရှိသော်) မီးစွဲလောင်ခြင်းငှါ မစွမ်းနိုင်ပါကုန်။ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း”ဟု (မေးလျှောက်ကုန်၏)။

ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ နတ်တို့၏ အလိုသည် တစ်မျိုးဖြစ်နေ၏ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား နတ်တို့၏ အလိုကား အဘယ်သို့ပါနည်း”ဟု (မေးလျှောက်ကြပြန်၏)။

ဝါသေဋ္ဌအနွယ် (မလ္လမင်း) တို့ “အသျှင်မဟာကဿပသည် ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ငါးရာ မျှသောရဟန်းသံဃာများနှင့်အတူ ကြွလာတော်မူလျက် ရှိ၏။ အသျှင်မဟာကဿပသည် မြတ်စွာဘုရား၏ခြေတော်တို့ကို ဦးခိုက်၍ ရှိမခိုးရသေးမီ မြတ်စွာဘုရား၏ နံ့သာထင်းပုံသည် မီးမတောက်လောင်စေသတည်း”ဟု နတ်တို့၏ အလိုသည် ဖြစ်လျက် ရှိ၏ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား နတ်တို့၏ အလိုအတိုင်းသာ ဖြစ်ပါစေလော့”ဟု (လျှောက်ကုန်၏)။

၂၃၄။ ထိုအခါ အသျှင်မဟာကဿပသည် ကုသိနာရုံပြည် မလ္လမင်းတို့၏ မကုဋဗန္ဓနမည်သောစေတီဌာန၌ မြတ်စွာဘုရား၏ နံ့သာထင်းပုံသို့ ချဉ်းကပ်ပြီးနောက် သင်္ကန်းကို ပခုံးတစ်ဖက်၌ လက်ကန်တော့တင်ကာ လက်အုပ်ချီပြီးလျှင် နံ့သာထင်းပုံကို လကျာ်ရစ် သုံးပတ်လှည့်ကာ မြတ်စွာဘုရား၏ခြေတော်တို့ကို ဦးခိုက်လျက် ရှိခိုးလေ၏။ ထို (နောက်ပါ) ရဟန်းငါးရာတို့သည်လည်း သင်္ကန်းကိုပခုံးတစ် ဖက်၌ လက်ကန်တော့တင်ကာ လက်အုပ်ချီပြီးလျှင် နံ့သာထင်းပုံကို လကျာ်ရစ်သုံးပတ်လှည့်ပြီး၍မြတ်စွာ ဘုရား၏ ခြေတော်တို့ကို ဦးခိုက်လျက် ရှိခိုးကြလေကုန်၏။ အသျှင်မဟာကဿပနှင့်ထိုရဟန်းငါးရာတို့ ရှိခိုးပြီးလတ်သော် မြတ်စွာဘုရား၏ (အလောင်းတော်တည်ရာ) နံ့သာထင်းပုံသည် အလိုလိုပင်၁လျှင် မီးတောက်လောင်လေ၏။

၂၃၅။ မီးတောက်လောင်သော မြတ်စွာဘုရား၏ အလောင်းတော်မှ အရေပါး အရေထူ အသား အကြောအစေးတို့၏ ပြာသည်လည်းကောင်း၊ မှိုင်းသည်လည်းကောင်း မထင်၊ သရီရဓာတ်တော်တို့သာ လျှင်ကြွင်းကျန်ကုန်၏။ ဥပမာအားဖြင့် မီးတောက်လောင်သော ထောပတ်ဆီတို့၏ ပြာသည်လည်း ကောင်း၊ မှိုင်းသည်လည်းကောင်း မထင်သကဲ့သို့ မီးတောက်လောင်သော မြတ်စွာဘုရား၏ အလောင်း တော်မှအရေပါး အရေထူ အသား အကြော အစေးတို့၏ ပြာသည်လည်းကောင်း မှိုင်းသည်လည်း ကောင်းမထင်။ သရီရဓာတ်တော်တို့သာလျှင် ကြွင်းကျန်ကုန်၏။ ထိုပုဆိုးအစုံငါးရာတို့တွင်လည်းအတွင်းအကျဆုံးပုဆိုးနှင့် အပြင်အကျဆုံးပုဆိုး နှစ်ထည်တို့ကိုသာလျှင် မီးမလောင်ကုန်။ မြတ်စွာဘုရား၏အလောင်းတော်ကို မီးလောင်ပြီးလတ်သော် ကောင်းကင်မှ ရေအလျဉ်သည် ထင်ရှားဖြစ်ပေါ်လာ၍ မြတ်စွာဘုရား၏ နံ့သာထင်းပုံကို ငြိမ်းစေ၏။ ရေရှိသော အင်ကြင်းပင်တို့မှလည်း (ရေအလျဉ်သည်) ပန်းထွက်၍မြတ်စွာဘုရား၏ နံ့သာထင်းပုံကို ငြိမ်းစေ၏။ ကုသိနာရုံ ပြည်သား မလ္လမင်းတို့သည်လည်း နံ့သာမျိုးစုံရေဖြင့် မြတ်စွာဘုရား၏ နံ့သာထင်းပုံကို ငြိမ်းစေကုန်၏။ ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့သည်မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို မင်းကွန်း (ထားလျက်) လှံချိုင့်ဖြင့် ကာရံ၍ လေးသည်တော်တပ်ဖြင့်ခြံရံစေပြီးလျှင် ခုနစ်ရက်ပတ်လုံး ကခြင်း သီခြင်း တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊ ပန်းနံ့သာတို့ဖြင့်လည်းကောင်း အရိုအသေပြုကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏။

၂၃၆။ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရား ကုသိနာရုံ ပြည်၌ပရိနိဗ္ဗာန်ပြုတော်မူကြောင်း သိလေ၏။ ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် “မြတ်စွာဘုရားသည်လည်း မင်းမျိုးဖြစ်၏၊ ငါသည်လည်း မင်းမျိုးဖြစ်၏၊ ငါသည်လည်းမြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို တစ်စုတစ်ပုံ ရထိုက်၏၊ ငါသည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုး တည်ထားပူဇော်အံ့”ဟု ကုသိနာရုံပြည်သား မလ္လမင်းတို့ထံသို့ သံတမန်စေလွှတ်၏။

ဝေသာလီပြည်သား လိစ္ဆဝီမင်းတို့သည်လည်း မြတ်စွာဘုရား ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်ပြုတော်မူကြောင်းကို ကြားသိလေကုန်၏။ ထိုအခါ ဝေသာလီပြည်သား လိစ္ဆဝီမင်းတို့သည် “မြတ်စွာဘုရားသည်လည်း မင်းမျိုး ဖြစ်၏၊ ငါတို့သည်လည်း မင်းမျိုးဖြစ်၏၊ ငါတို့သည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို တစ်စု တစ်ပုံ ရထိုက်ကုန်၏၊ ငါတို့သည်လည်း မြတ်စွာဘုရား၏သရီရဓာတ်တော်တို့ကို စေတီပုထိုးတည်ထား ပူဇော်ကုန်အံ့”ဟု ကုသိနာရုံပြည်သား မလ္လမင်းတို့ထံသို့သံတမန်စေလွှတ်ကုန်၏။

ကပိလဝတ်ပြည်၌ နေကုန်သော သာကီဝင်မင်းတို့သည်လည်း မြတ်စွာဘုရား ကုသိနာရုံပြည်၌ပရိနိဗ္ဗာန်ပြုတော်မူကြောင်းကို ကြားသိလေကုန်၏။ ထိုအခါ ကပိလဝတ်ပြည်၌ နေကုန်သော သာကီဝင်မင်းတို့သည် “မြတ်စွာဘုရားသည် ငါတို့၏ ဆွေတော်မျိုးတော်များအနက် အထွဋ်အမြတ်ပေတည်း၊ ငါတို့သည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို တစ်စုတစ်ပုံ ရထိုက်ကုန်၏၊ ငါတို့သည်လည်းမြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုးတည်ထား ပူဇော်ကုန်အံ့”ဟု ကုသိနာရုံပြည်သားမလ္လမင်းတို့ထံသို့ သံတမန်စေလွှတ်ကုန်၏။

အလ္လကပ္ပပြည်သား ဗုလိမင်းတို့သည် မြတ်စွာဘုရား ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်ပြုတော်မူကြောင်းကိုကြားသိလေကုန်၏။ ထိုအခါ အလ္လကပ္ပပြည်သား ဗုလိမင်းတို့သည် “မြတ်စွာဘုရားသည်လည်းမင်းမျိုးဖြစ်၏၊ ငါတို့သည်လည်း မင်းမျိုးဖြစ်ကုန်၏၊ ငါတို့သည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို တစ်စုတစ်ပုံ ရထိုက်ကုန်၏၊ ငါတို့သည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကိုစေတီပုထိုး တည်ထားပူဇော်ကုန်အံ့”ဟု ကုသိနာရုံပြည်သား မလ္လမင်းတို့ထံသို့ သံတမန်စေလွှတ်ကုန်၏။

ရာမရွာသား ကောဠိယမင်းတို့သည် မြတ်စွာဘုရား ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်ပြုတော်မူကြောင်းကိုကြားကုန် သိလေကုန်၏။ ထိုအခါ ရာမရွာသား ကောဠိယမင်းတို့သည် “မြတ်စွာဘုရားသည်လည်းမင်းမျိုးဖြစ်၏၊ ငါတို့သည်လည်း မင်းမျိုးဖြစ်ကုန်၏၊ ငါတို့သည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို တစ်စုတစ်ပုံ ရထိုက်ကုန်၏၊ ငါတို့သည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုးတည်ထား ပူဇော်ကုန်အံ့”ဟု ကုသိနာရုံပြည်သား မလ္လမင်းတို့ထံသို့ သံတမန်စေလွှတ်ကုန်၏။

ဝေဋ္ဌဒီပတိုင်းသား ပုဏ္ဏားသည် မြတ်စွာဘုရား ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်ပြုတော်မူကြောင်းကို ကြားသိလေကုန်၏။ ထိုအခါ ဝေဋ္ဌဒီပတိုင်းသား ပုဏ္ဏားသည် “မြတ်စွာဘုရားသည်လည်း မင်းမျိုးဖြစ်၏၊ ငါသည်လည်း ပုဏ္ဏားမျိုးဖြစ်၏၊ ငါသည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို တစ်စုတစ်ပုံရထိုက်၏၊ ငါသည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီ ပုထိုးတည်ထား ပူဇော်အံ့”ဟုကုသိနာရုံပြည်သား မလ္လမင်းတို့ထံသို့ သံတမန်စေလွှတ်၏။

ပါဝါပြည်သား မလ္လမင်းတို့သည် မြတ်စွာဘုရား ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်ပြုတော်မူကြောင်းကိုကြားသိလေကုန်၏။ ထိုအခါ ပါဝါပြည်သား မလ္လမင်းတို့သည် “မြတ်စွာဘုရားသည်လည်း မင်းမျိုးဖြစ်၏၊ ငါတို့သည်လည်း မင်းမျိုးဖြစ်ကုန်၏၊ ငါတို့သည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို တစ်စုတစ်ပုံ ရထိုက်ကုန်၏၊ ငါတို့သည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီ ပုထိုးတည်ထားပူဇော်ကုန်အံ့”ဟု ကုသိ နာရုံပြည်သား မလ္လမင်းတို့ထံသို့ သံတမန်စေလွှတ်ကုန်၏။

ဤသို့ (သံတမန်စေလွှတ်၍) တောင်းဆိုကုန်သည်ရှိသော် ကုသိနာရုံပြည်သား မလ္လမင်းတို့သည် ထို (မင်း) ပေါင်းစုံတို့အား ဤစကားကို ဆိုကုန်၏၊ “မြတ်စွာဘုရားသည် ငါတို့၏ ပြည်နယ်၌ ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ငါတို့သည် မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို (သင်တို့အား) ခွဲဝေ၍ မပေးကုန်အံ့”ဟု (ဆိုကုန်၏)။

၂၃၇။ ဤသို့ ဆိုကုန်သည်ရှိသော် ဒေါဏပုဏ္ဏားသည် ထို (မင်း) ပေါင်းစုံတို့အား ဤစကားကို ဆို၏—

“အသျှင်တို့ အကျွန်ုပ်၏ တစ်ခွန်းသော စကားကို နားထောင်ကြပါဦး၊ အကျွန်ုပ် တို့၏မြတ်စွာဘုရားမှာ သည်းခံသောဝါဒရှိပါသည်၊ (မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူ သော) ထိုမြတ်စွာဘုရား၏သရီရဓာတ်တော်တို့ကို ခွဲဝေရေးအကြောင်းကြောင့် စစ်ဖြစ်ရန် မသင့်ပါ။

အသျှင်တို့ အလုံးစုံသော ငါတို့သည် တပေါင်းတည်း အညီအညွတ် ဝမ်းမြောက် ဝမ်းသာဖြစ်ကြ၍သရီရဓာတ်တော်တို့ကို ရှစ်စုရှစ်ပုံ ခွဲဝေကြပါကုန်စို့၊ မြတ်စွာ ဘုရားကို လူအများတို့ ကြည်ညိုလျက်ရှိကြပါသည်၊ အရပ်မျက်နှာတို့၌ စေတီ ပုထိုးများ အနှံ့အပြား တည်ရှိကြပါစေ”ဟု (ဆို၏)။

၂၃၈။ ပုဏ္ဏား သို့ဖြစ်လျှင် သင်သည်ပင် မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို ရှစ်စုရှစ်ပုံ အညီအမျှကောင်းစွာ ခွဲဝေပါလော့ဟု ဆိုကုန်၏။

“အသျှင်တို့ ကောင်းပါပြီ”ဟု ဒေါဏပုဏ္ဏားသည် ထို (မင်း) ပေါင်းစုံတို့အား ဝန်ခံ၍ မြတ်စွာဘုရား၏သရီရဓာတ်တော်တို့ကို ရှစ်စုရှစ်ပုံ အညီအမျှ ကောင်းစွာ ခွဲဝေပြီးလျှင် ထိုမင်းပေါင်းစုံတို့အား ဤ့စကားကို ဆို၏—

“အသျှင်တို့ အကျွန်ုပ်အား ဤ (ဓာတ်တော်ခြင်သော) ပြည်တောင်းကို ပေးပါကုန်လော့၊ အကျွန်ုပ်သည်လည်း (ဓာတ်တော်ခြင်သော) ပြည်တောင်းကို စေတီပုထိုးတည်ထား ပူဇော်ပါအံ့”ဟု (ဆို၏)။

ထို (မင်းပေါင်းစုံ) တို့သည် ဒေါဏပုဏ္ဏားအား (ဓာတ်တော်ခြင်သော) ပြည်တောင်းကို ပေးကုန်၏။

ပိပ္ပလိဝနတိုင်းသား မောရိယမင်းတို့သည် မြတ်စွာဘုရား ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်ပြုတော်မူကြောင်းကို ကြားသိလေကုန်၏။ ထိုအခါ ပိပ္ပလိဝနတိုင်းသား မောရိယမင်းတို့သည် “မြတ်စွာဘုရားသည်လည်း မင်းမျိုးဖြစ်၏၊ ငါတို့သည်လည်း မင်းမျိုးဖြစ်ကုန်၏၊ ငါတို့သည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို တစ်စုတစ်ပုံရထိုက်ကုန်၏၊ ငါတို့သည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကိုစေတီ ပုထိုးတည်ထား ပူဇော်ကုန်အံ့”ဟု ကုသိနာရုံပြည်သား မလ္လမင်းတို့ထံသို့ သံတမန်စေလွှတ်ကုန်၏။

မြတ်စွာဘုရား၏ သရီရဓာတ်တော်အဖို့သည် မရှိတော့ပြီ၊ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကိုခွဲဝေ၍ ပေးပြီးကုန်ပြီ၊ ဤ (မီးသင်္ဂြိုဟ်ရာ) အရပ်မှ မီးသွေးကို ယူကုန်လော့ဟု (မလ္လမင်းတို့ကဆိုသဖြင့်) ထို (မောရိယမင်း) တို့သည် ထို (မီးသင်္ဂြိုဟ်ရာ) အရပ်မှ မီးသွေးကို ယူဆောင်ကုန်၏။

၁။ နတ်တို့အာနုဘော်ကြောင့် တောက်လောင်သည်ကိုပင် မီးရှို့သူမထင်ရှားသောကြောင့် အလိုလိုတောက်လောင်သည်ဟု ဆိုကြောင်း အဋ္ဌကထာ၌ ဖွင့်ပြ၏။

ဓာတ်တော်စေတီကို ပူဇော်ခြင်း

၂၃၉။ ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ရာဇဂြိုဟ်ပြည်၌မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုးတည်ထားပူဇော်၏။ ဝေသာလီပြည်သား လိစ္ဆဝီမင်းတို့သည် ဝေသာလီပြည်၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုးတည်ထား ပူဇော်ကြကုန်၏။ ကပိလဝတ်ပြည်၌ နေကုန်သော သာကီဝင်မင်းတို့သည်လည်း ကပိလဝတ်ပြည်၌မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုးတည်ထား ပူဇော်ကုန်၏။ အလ္လကပ္ပပြည်သားဗုလိမင်းတို့သည်လည်း အလ္လကပ္ပပြည်၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုးတည်ထားပူဇော်ကြကုန်၏။ ရာမ ရွာသား ကောဠိယမင်းတို့သည်လည်း ရာမရွာ၌ မြတ်စွာဘုရား၏သရီရဓာတ်တော်တို့ကို စေတီပုထိုးတည် ထား ပူဇော်ကြကုန်၏။ ဝေဋ္ဌဒီပတိုင်းသား ပုဏ္ဏားသည်လည်းဝေဋ္ဌဒီပတိုင်း၌ မြတ်စွာဘုရား၏ သရီရ ဓာတ်တော်တို့ကို စေတီပုထိုးတည်ထား ပူဇော်၏။ပါဝါပြည်သား မလ္လမင်းတို့သည်လည်း ပါဝါပြည်၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကိုစေတီပုထိုးတည်ထားပူဇော်ကြကုန်၏။ ကုသိနာရုံပြည်သား မလ္လမင်းတို့သည်လည်း ကုသိနာရုံပြည်၌မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုးတည်ထား ပူဇော်ကြကုန်၏။ ဒေါဏပုဏ္ဏားသည်လည်း ပြည်တောင်းကိိုု စေတီပုထိုးတည်ထားပူဇော်၏။ ပိပ္ပလိဝန တိုင်းသားမောရိယမင်းတို့သည်လည်း (မီးသင်္ဂြိုဟ်ရာမှယူဆောင်ခဲ့သော) မီးသွေးတို့ကို ပိပ္ပလိတိုင်း၌စေတီပုထိုးတည်ထား ပူဇော်ကြကုန်၏။ ဤသို့လျှင် သရီရဓာတ် စေတီပုထိုးရှစ်ဆူနှင့် ကိုးခုမြောက်ပြည်တောင်းစေတီပုထိုးတစ်ဆူ ဆယ်ခုမြောက် မီးသွေးစေတီပုထိုးတစ်ဆူအားဖြင့် ဤစေတီပုထိုးတော်ဆယ်ဆူသည် ဖြစ်ပေါ်ခဲ့လေသတည်း။ဂါထာများ

၂၄ဝ။ စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရား၏ သရီရဓာတ်တော်သည် ရှစ်စိတ် (ရှစ်ဒေါဏ) ရှိ၏၊ ယောကျာ်းမြတ်ဖြစ်သော မြတ်စွာဘုရား၏ (သရီရဓာတ်တော်) ခုနစ်စိတ်ကို ဇမ္ဗုဒိပ်ကျွန်း၌ကိုးကွယ်ပူဇော်ကြကုန်၏။ တစ်စိတ်ကို မူကား ရာမရွာ၌ နဂါးမင်းသည် ကိုးကွယ်ပူဇော်၏။ (၁) တစ်ဆူသော စွယ်တော်ကို တာဝတိံသာ နတ်တို့သည် ကိုးကွယ်ပူဇော်ကုန်၏၊ တစ်ဆူသောစွယ်တော်ကိုကား ဂန္ဓာရပြည်၌ ကိုးကွယ်ပူဇော်ကုန်၏၊ တစ်ဆူသော စွယ်တော်ကိုကား ကာလိင်္ဂမင်း၏တိုင်းနိုင်ငံ၌ ကိုးကွယ်ပူဇော်ကုန်၏၊ တစ်ဆူသော စွယ်တော်ကိုမူကား နဂါးမင်းသည် ကိုးကွယ်ပူဇော်၏။ (၂)

ထိုသရီရဓာတ်တော်၏ တန်ခိုးကြောင့်ပင်လျှင် ဤမဟာပထဝီမြေပြင်သည် မြတ် သော ဓာတ်တော်ပူဇော်ပွဲတို့ဖြင့် တန်ဆာဆင်ထားသကဲ့သို့ တင့်တယ်နေပေ၏။ ဤသို့လျှင် မြတ်စွာဘုရား၏ဤသရီရဓာတ်တော်ကို မြတ်ထက်မြတ်ဖြစ်သော နတ်လူတို့သည် ကောင်းစွာ အရိုအသေပြုကြကုန်၏။ (၃)

(အကြင်) သရီရဓာတ်တော်ကို နတ်မင်း နဂါးမင်း လူမင်းတို့သည် ပူဇော်ကြ လေပြီ၊ ထိုအတူပင်မင်းထက်မင်းမြတ်တို့သည်လည်း ပူဇော်ကြလေပြီ၊ ထို (သရီရ ဓာတ်တော်) ကို ရရှိလတ်သော်လက်အုပ်ချီမိုး ရှိခိုးကြကုန်လော့၊ မြတ်စွာဘုရား ဟူသည် ကမ္ဘာအရာတို့ဖြင့်သော်လည်းစင်စစ်တွေ့ရခဲ၏။ (၄)

ညီညွတ်သော သွားတော် လေးဆယ်၁နှင့် အလုံးစုံသော ဆံတော် မွေးညင်းတော်တို့သည် ရှိကုန်၏၊ နတ်တို့သည် တစ်ဆူစီ တစ်ဆူစီ စကြဝဠာ အဆက်ဆက်သို့ ပင့်ဆောင်လေကုန်သတည်း။ (၅)

သုံးခုမြောက် မဟာပရိနိဗ္ဗာနသုတ် ပြီး၏။

၁။ သွားတော်လေးဆယ်ဟု ဆိုသော်လည်း စွယ်တော်လေးဆူမှ တစ်ပါးသော သွားတော် သုံးဆယ့်ခြောက်ဆူကိုသာလျှင် ယူရာ၏၊ ဤငါးဂါထာတို့ကို သီဟိုဠ်မထေရ်တို့ ထည့်သွင်းထားခဲ့သည်ဟု အဋ္ဌကထာ၌ ဆို၏။

အကိုးအကားပြင်ဆင်

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။