မဟာပိင်္ဂလဇာတ်
ဒုကနိပါတ် - ၉။ ဥပါဟနဝဂ် -(၂၄၀) မဟာပိင်္ဂလဇာတ်။ ။ သေရွာမှ ပြန်လာမည်ကို ကြောက်၍ တံခါးစောင့်ကို ငိုကြွေးရလောက်အောင် အလွန်နှိပ်စက်သော မဟာပိင်္ဂလမင်း အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်ရန်သူသေပျက် ဝမ်းမြောက်ချက်
ပြင်ဆင်ရန်နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကို ရန်ငြိုးဖွဲ့ကာ ကိုးလလွန်သဖြင့် ဇေတဝန်ကျောင်းတော်တံခါးမုခ်ဦး၌ မြေမြိုလေ၏။
ထိုအခါ ဇေတဝန်ကျောင်းတော်၌ နေကုန်သောသူတို့သည် လည်းကောင်း၊ တိုင်းပြည်အလုံး၌ နေကုန်သောသူတို့သည် လည်းကောင်း၊ မြတ်စွာဘုရား၏ ရန်ဆူးရန်ငြောင့် ဖြစ်သော ဒေဝဒတ် မြေမျို၍ ယခုအခါ မြတ်စွာဘုရားအား ရန်ဆူးရန်ငြောင့် မရှိတော့ပြီ” ဟု နှစ်သက်ဝမ်းမြောက်ကြကုန်၏။ လူတို့ထံမှ သတင်းစကား အဆင့်ဆင့်ကြားကုန်သော ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သော နတ်တို့သည်လည်း နှစ်သက်ဝမ်းမြောက်ကြကုန်၏။
တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ဒေဝဒတ်သေ၍ လူအပေါင်း နှစ်သက်ဝမ်းမြောက်ကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ယခုအခါ၌သာ ဒေဝဒတ် သေသည်ရှိသော် လူအများ နှစ်သက်ဝမ်းမြောက်ကြသည်မဟုတ်၊ ရှေးအခါ၌လည်း နှစ်သက်ဝမ်းမြောက်ကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်မင်းဆိုးလက်ထက် လွန်နှိပ်စက်
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် မဟာပိင်္ဂလမည်သော မင်းသည် မင်းပြုလု၏။ ထိုမင်းသည် မင်းကျင့်တရား ဆယ်ပါးနှင့် မညီညွတ်လေ။ ဆန္ဒာဂတိ စသော အဂတိလေးပါးသို့ လိုက်စားလေ့ရှိ၏။ မတရားသဖြင့် အပြစ်ဒဏ်ပေးခြင်း၊ မတရားသဖြင့် အခွန်အတုတ်ကို ကောက်ခံခြင်း စသည်တို့ကိုပြုကာ မန္တရားစက်ဖြင့် ကြံကို ညှစ်သကဲ့သို့ လူတို့ နှိပ်စက်ညှဉ်းပန်း၏။ ရုန့်ရင်းကြမ်းကြုတ်၏။ နိုင်ထက်ကလူ ပြုမူတတ်၏။ အနည်းငယ်မျှ ကြင်နာသနားခြင်း မရှိ။
အိမ်၌နေသော မယား၊ သား၊ သမီး၊ ကျေးကျွန်အမှုလုပ်တို့သည် လည်းကောင်း၊ တိုင်းပြည်၌နေကုနသော သူဌေး သူကြွယ်၊ အမတ်၊ ပုဏ္ဏားစသော သူတို့သည် လည်းကောင်း၊ မချစ်မနှစ်သက်ကြကုန်။ မျက်စိထဲသို့ဝင်သော မြူအမှိုက်ကဲ့သို့ လည်းကောင်း၊ ထမင်းတွင်ပါသော ကျောက်စရစ်ခဲကဲ့သို့ လည်းကောင်း၊ ခြေဖနောင့်တွင် စူးဝင်သော ဆူးငြောင့်ကဲ့သို့ လည်းကောင်း ထိုမင်းကြီးအပေါ်၌ မှတ်ထင်အောက်မေ့ကြကုန်၏။ ဘုရားအလောင်းသည် ထိုမင်း၏ သားတော် ဖြစ်လေ၏။
မင်းဆိုးသေပြန် အောင်ပွဲခံ
ပြင်ဆင်ရန်ထိုမဟာပိင်္ဂလမင်းသည် အခါလေးမြင့် မင်းပြုပြီသော် သေလွန်ခဲ့၏။ ထိုအခါ ဗာရာဏသီပြည်၌ နေကုန်သောသူတို့သည် အလွန်နှစ်သက်ဝမ်းမြောက်ကြကုန်သည် ဖြစ်၍ သည်းထန်စွာ ရယ်မောကုန်၏။ ထိုမဟာပိင်္ဂလမင်း၏အလောင်းကို လှည်းအစီးတစ်ထောင်တိုက်မျှသော ထင်းတို့ဖြင့် မီးသင်္ဂြိုဟ်ပြီးလျှင် ရေအိုးတစ်ထောင်မျှတို့ဖြင့် သင်္ချိုင်းမီးကို ငြိမ်းသတ်ကြကုန်၏။
သင်္ဂြိုဟ်ခြင်းကိစ္စပြီးလျှင် သားတော်ကို အဘိသိက်သွန်းကာ မင်းမြှောက်ကြကုန်၏။ “ငါတို့မှာ တရားစောင့်သော မင်းကောင်း မင်းမြတ်ကိုရပေပြီ” ဟု နှစ်သက်ရွှင်လန်းကုန်သည်ဖြစ်၍ တစ်မြို့လုံး စည်လည်စေပြီးလျှင် မြို့ကို တန်ဆာဆင်ကာ အောင်ပွဲခံစေကုန်၏။ တံခါးတိုင်း၊ တံခါးတိုင်းတို့၌ မဏ္ဍပ်ဆောက်လုပ်ကာ တံခွန်ကုက္ကားတို့ကို စိုက်ထောင်ကြကုန်လျက် ပန်းပေါက်ပေါက်တို့ကို ကြဲကြကုန်၏။ ထမင်း၊ အဖျော်၊ မုန့်ခဲဖွယ်တို့ကို ကျွေးမွေး စားသောက်ကြကုန်၏။
မင်းကြီးလည်း တစ်နန်းတော်လုံး တန်ဆာဆင်လျက် ထီးဖြူဖြန့်မိုးအပ်သော မြတ်သာ ရာဇပလ္လင်ပေါ်တွင် နေလျက် မင်းစည်းစိမ်ကို ခံစားကာနေ၏။ အမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ မင်းချင်းယောကျ်ား၊ တံခါးစောင့်မှစ၍ တိုင်းသူပြည်သားတို့လည်း မင်းကြီးကို ခြံရံကာ တည်နေကြကုန်၏။
ပြန်လာမည်ကြောက် တံခါးစောင့်
ပြင်ဆင်ရန်ထိုအခါ မင်းကြီး၏ မနီးမဝေးတွင် တည်ရှိသော တံခါးစောင့် တစ်ယောက်သည် သက်ပြင်းချကာ ငိုကြွေးလေ၏။ မင်းကြီးသည် ထိုတံခါးစောင့် ငိုသံကြားလျှင် ခေါ်စေ၍ -
“အို - တံခါးစောင့် ... မဟာပိင်္ဂလမင်းကား အလုံးစုံသော လူတို့ကို နှိပ်စက်ညှဉ်းဆဲအပ်၏။ မဟာပိင်္ဂလမင်း သေလွန်သည်ရှိသော် အလုံးစုံသောလူတို့သည် နှစ်သက်ဝမ်းမြောက်ခြင်း အရသာကို ခံစားကြရ၏။ သင်ကား မဟာပိင်္ဂလမင်းကို ချစ်ခင်သလော၊ အဘယ့်ကြောင့် ငိုကြွေးဘိသနည်း”
ဟု မေးလေ၏။ တံခါးစောင့်သည် မင်းကြီး၏ စကားကို ကြားလျှင် -
“အရှင်မင်းကြီး ... အကျွန်ုပ်သည် မဟာပိင်္ဂလမင်းကို ချစ်ခင်၍ ငိုကြွေးသည်မဟုတ်ပါ၊ ထိုမဟာပိင်္ဂလမင်းကား ပြာသာဒ်မှဆင်းတိုင်း၊ တက်တိုင်း အကျွန်ုပ်၏ ဦးခေါင်းကို ရှစ်ချက်၊ ရှစ်ချက် ရိုက်နှက်၍ သွားလေ့ရှိပါ၏။ ယခုအခါ အကျွန်ုပ်၏ ဦးခေါင်း ချမ်းသာပေပြီ၊ စင်စစ်သော်ကား တမလွန်ဘဝဝယ် ငရဲထိန်းတို့ကို သတ်ပုတ်ညှဉ်းဆဲသည်ရှိသော် ငရဲထိန်းတို့က ဤအရပ်သို့ ပြန်ပို့သဖြင့် တန်ဖန်ပြန်ရောက်လာမည်ကို ကြောက်ရွံ့သဖြင့် ငိုကြွေးပါ၏”
ဟု လျှောက်ထားလေ၏။
မင်းကြီးပြောပြ သက်သာရ
ပြင်ဆင်ရန်ထိုအခါ မင်းကြီးသည် တံခါးစောင့်အား -
“အို-တံခါးစောင့် ... ပိင်္ဂလမင်းကို လှည်းအစီးတစ်ထောင်မျှလောက်သောထင်းဖြင့် မီးတိုက်အပ်ပြီ၊ မီးကို ရေအိုးတစ်ရာမျှလောက်ဖြင့် ငြိမ်းသက်အပ်ပြီ၊ သင်္ချိုင်းမြေကိုလည်း တူးဆွအပ်ပြီ၊ သင်မကြောက်လင့်၊ ပိင်္ဂလမင်း မလာနိုင်တော့ပေ၊ ပကတိအားဖြင့်လည်း သေသောသူသည် ပြန်လာရိုးမရှိ” –
ဟု ပြောဆိုကာ တံခါးစောင့်ကို သက်သာရာရစေ၏။ မင်းကြီးလည်း တရားသဖြင့် မင်းပြုလျက် ဒါန၊ သီလ၊ ဘာဝနာ စသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ သေလွန်သည်၏ အခြားမဲ့၌ ကံအားလျော်စွာ လားလေ၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ပိင်္ဂလမင်းသည် - ယခုအခါ ဒေဝဒတ်။
ပိင်္ဂလမင်း၏ သားသည် - ငါဘုရားဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) တရားလွတ်ကင်း၊ ယုတ်သည်မင်း၊ ညှဉ်းပန်းလူတစ်တွေ။
(၂) မင်းယုတ်နေရာ၊ လူများစွာ၊ ဝမ်းသာနှစ်သက်လေ။
(၃) ပြန်လာလိမ့်နိုး၊ တံခါးစိုး၊ နွမ်းညှိုးငိုကြွေးပေ။
မဟာပိင်္ဂလဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။