ရုရှားဇာဘုရင်များထဲတွင် အကြီးကျယ်ဆုံးသော၊ ပဒေသရာဇ်ရုရှားကို ခေတ်မှီရေးအတွက် စွမ်းဆောင်ခဲ့သော ဇာဘုရင်အဖြစ် မဟာပီတာ(ရုရှား: Пётр I Алексе́евич)(၁၆၇၂-၁၇၂၅)ကို လူတို့က အမှတ်ရကြသည်။ ပထမမြောက် ပီတာဘုရင်သည် မေလ ၃၀ ရက်နေ့ ၁၆၇၂ ခုနှစ်တွင် ဖခင် ဇာဘုရင် အလက်ဆီ မီခိုင်းလော့ဗစ်ချ်နှင့် ဒုတိယမိဖုရား မိခင် နာတာလျာ ကီယီးလ်လော့ဘ်နာ တို့မှ ဖွားမြင်ခဲ့သည်။ ခမည်းတော် နတ်ရွာလားသဖြင့် မင်းညီမင်းသားများ အချင်းချင်း နန်းလုသတ်ဖြတ်ကြပြီး အဆုံးသတ်တွင် အသက် ၄ နှစ်မပြည့်မှီသေးသည့် ပီတာလေးတစ်ယောက် ပလ္လင်ပေါ်သို့ မျက်စိသူငယ်၊နားသူငယ်ဖြင့် တက်ရသည်။ အဖတူအမိကွဲ အမတော် ဆိုဖီယာက အထိန်းတော်အဖြစ် တာဝန်ယူပြီး ပီတာလေးကို ၁၀ နှစ်သားအရွယ်ကပင် ရင်ခွင်ပိုင်ဘုရင်အဖြစ် တင်မြှောက်ခြင်း ခံထားခဲရသူ ဖြစ်သည်။ ၁၆၈၉ အသက် ၁၇ နှစ် အရွယ်တွင် အမတော် ဆိုဖီယာကို ဖယ်ရှားပြီးကာမှ ဘုရင် အစစ်အမှန်အဖြစ် အုပ်ချုပ်သည်။ ပီတာဘုရင်သည် ငယ်စဉ်ကပင် သိပ္ပံနည်းပညာနှင့် နိုင်ငံရပ်ခြား လူနေမှုဘဝကို စိတ်ဝင်တစား လေ့လာခဲ့သူဖြစ်ပြီး ရုရှားဘုရင်များအနက် အနောက်ဥရောပနိုင်ငံများသို့ လေ့လာရေး ခရီးထွက်ရန် ကြိုးပမ်းခဲ့သော ပထမဆုံး ရုရှားဘုရင်လည်း ဖြစ်ပေသည်။

မဟာပီတာ (၁၆၇၂-၁၇၂၅)

ပီတာဘုရင်၏ ငယ်ဘဝ

ပြင်ဆင်ရန်

ပီတာဘုရင်သည် ၁၆၇၂ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဖခင်ဇာဘုရင် အလက်ဆီ မီခိုင်းလော့ဗစ်ချ်၏ ဒုတိယမြောက် မိဖုရားကြီး နာတာလျာ နာရီးရှ်ကီးနာ မှ ဖွားမြင်ခဲ့သည်။ ဇာဘုရင်၏ ၁၄ ယောက်မြောက်သားတော် ဖြစ်ပြီး ဒုတိယမြောက် မိဖုရားကြီး၏ အကြီးဆုံးသား လည်းဖြစ်သည်။ ပီတာဘုရင် ဖွားမြင်ခဲ့ရာနေရာကိုမူ တိကျစွာ မသိရှိရပေ။ သမိုင်းမှတ်တမ်း အချို့က ကျယ်ရယ်မနွေးနန်းတော် ( Теремной дворец) တွင် မွေးဖွားခဲ့သည်ဟု ဆိုကြပြီး လက်ဆင့်ကမ်း သမိုင်းမှတ်တမ်းများကမူ ကာလာမျန်းစကားရဲ (Коломенское) ရွာတွင် မွေးဖွားခဲ့သည်ဟု ဆိုကြပြီး အချို့ကမူ အီဇမိုင်အိလော့ဗာ (Измайлово) ရွာဟု ဖော်ပြကြသည်။ ပီတာ ဟုသော အမည်သည် ရိုမန်နော့ မင်းဆက်တွင် ရှားပါးသော အမည်တစ်ခုဖြစ်ပြီး အခြား ပီတာ ပါသော ဘုရင်တစ်ပါးမှာ ပီတာ ဒမီသရော့ဗစ်ချ် (၁၄၂၈ ကွယ်လွန်) ဖြစ်သည်။ ၁၆၇၆ ခုနှစ် ပီတာမင်းသား ၄ နှစ်သားအရွယ်တွင် ဖခင် ဇာဘုရင် နတ်ရွာစံခဲ့ပြီးနောက် မိဖုရား မာရီယာ အီလျီညီးချနာမှ ဖွားမြင်သော သားကြီး ဖရိုဒါ (Фёдор) မင်းသားသည် တတိယမြောက် ဖရိုဒါ ဘုရင်အဖြစ် နန်းတက်ခဲ့သည်။

နန်းရရှိခြင်း

ပြင်ဆင်ရန်

ဖရိုဒါ ဘုရင်သည် ကျန်းမာရေး ဆိုးရွားခဲ့ပြီး နန်းသက် ၆ နှစ်အကြာ ၁၆၈၂ ခုနှစ်တွင် ကံကုန်ခဲ့ပြီး ထီးမွေဆက်ခံမည့်သူ မကျန်ခဲ့ရာ နန်းတင်ရန်အတွက် ဘုရင့်မိသားစုအတွင်း အားပြိုင်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အဓိကမှာ အကြီးဆုံးဖြစ်သူ မင်းသား အီဗန် (Иван) နှင့် မင်းသား ပီတာ တို့အား မည်သူ့ကို ရွေးချယ်ရန် ဖြစ်လာခဲ့သည်။ မင်းသား အီဗန်သည် အသက်အရွယ်အရ သင့်တော်ပြီ ဖြစ်သော်လည်း ကျန်းမာရေး ကောင်းမွန်ခြင်းမရှိဖြစ်နေပြီး မင်းသား ပီတာမှာလည်း အသက်အရွယ်အရ ငယ်ရွယ်သေးနေသည် ဖြစ်သည်။ နောက်ဆုံးတွင် မိဖုရား နာရီရှ်ကီးနီနှင့် လူကြီးမင်း အီအူအာကီးမာ (Иоакима) တို့၏ ထောက်ပံ့မှုဖြင့် ပီတာမင်းသား သည် ၁၆၈၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပထမမြောက် ပီတာဘုရင် အဖြစ် နန်းတက်ခဲ့လေသည်။ စင်စစ်အားဖြင့်မူ ပီတာဘုရင်သည် အသက် ၁၀ နှစ်သာ ရှိသေးပြီး ငယ်ရွယ်လွန်းနေသောကြောင့် ဘုရင့်အာဏာကို ရင်ခွင်ပိုက် အစိုးရအနေဖြင့် မိဖုရား နာရီးရှ်ကီးနီး ၏ အဖွဲ့ဝင်များက ရယူထားလေသည်။

ပီတာဘုရင်သည် ငယ်စဉ်အခါက ငြိမ်းအေး သက်သာစွာ နန်းစံခဲ့ရသည်တော့ မဟုတ်ခဲ့ပေ။ နန်းမွေမှ လွဲခဲ့ရသော မင်းဆွေမင်းမျိုးတချို့၏ နန်းလုရန် ကြံစည်ခြင်းကို ခံခဲ့ရသည်. ၁၆၈၂ ခုနှစ်တွင် မော်စကိုမြို့တော်တွင် အင်အား ၂၀၀၀၀ ခန့်ရှိသော စသရဲလ်စီး (стрельцы) ခေါ် သက်တော်စောင့်တပ်ဖွဲ့များ၏ သူပုန်ထမှုကို ကြုံခဲ့ရသည်။ ပုံကန်မှုကို အဓိက ထောက်ပံပေးသူမှာ ပီတာမင်းသား နှင့် အမတော်စပ်သူ ဆိုဖီယာမင်းသမီးဖြစ်သည်။ ဆိုဖီယာသည် ပီတာမင်းသား၏ ခမည်းတော်နှင့် အခြားမိဖုရားတစ်ပါးတို့မှ ဖွားမြင်သူဖြစ်သည်။ မိဖုရား နာရီးရှ်ကီးနာသည် အကြပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် အီဗန်မင်းသားကြီးကို ပီတာဘုရင်နှင့်အတူ ထီးနန်းစိုးစံရ် သဘောတူခဲ့ရသည်။ ပီတာမင်းသားသည် အားလပ်သော အချိန်တိုင်းတွင် စစ်မှုရေးရာများတွင်သာ စိတ်ဝင်တစားရှိခဲ့သည်။ ပီတာမင်းသား ၁၇ နှစ်သား အရွယ်တွင် မိခင် နာတာရှာ ကီးရီလော့ဘ်နာ၏ စီစဉ်မှုဖြင့် ပီတာမင်းသားသည် မျိုးရိုးအဆင့်အတန်း မြင့်မားသောမိသားစုမှ ရဲဘဒိုကီယာ လာပူဟီနာ (Евдокия Лопухуна) နှင့် လက်ဆက်ထိမ်းမြားခဲ့သည်။ သို့သော် အိမ်ထောင်ရေးမှာ ကြာရှည်ခိုင်မြဲခဲ့ခြင်းမရှိပဲ ကွာရှင်းပြတ်စဲခဲ့သည်။ သား ၂ ယောက်ထွန်းကားခဲ့ပြီး အကြီးဖြစ်သူ အလက်ဆီသည် ၁၇၁၈ ခုနှစ်အထိ အိမ်ရှေ့မင်းသားဖြစ်ခဲ့သည်။ သားအငယ် အလက်ဇန်းဒါး မှာမူ ငယ်စဉ်ဘဝကပင် ကွယ်လွန်ခဲ့သည်။

အာဏာရယူခြင်း

ပြင်ဆင်ရန်

နောက်ပိုင်းကာလများတွင် ပီတာမင်းသားသည် အမတော် ဆိုဖီယာ ရယူထားသော ဘုရင့်အာဏာကို ပြန်လည်ရရှိရန် စတင်စီစဉ် ကြိုးပမ်းလာခဲ့သည်။ ဆိုဖီယာမင်းသမီး၏ အခြေအနေမှာလည်း ကရိုင်းမီယားဒေသတွင် ဖြစ်ပွားခဲ့သော စစ်ပွဲနှစ်ခဒ ရှုံးနိမ့်မှုကြောင့် အင်အားချည့်နဲ့လျက်ရှိသည်။ နောက်ဆုံးတွင် ပီတာမင်းသားသည် ဆိုဖီယာမင်းသမီး၏ လက်အောက်ခံ သက်တော်စောင့် တပ်ဖွဲ့ဝင်များ၏ ထိန်းသိမ်းထားမှုမှ လွတ်မြောက်ခဲ့ပြီး သူအားထောက်ခဲ့သူများ၏ အကူအညီဖြင့် အမတော် ဆီုဖီယာအား အာဏာသိမ်းနိုင်ခဲ့သည်။ နောင်တော် အီဗန်ဘုရင်ကလည်း ပီတာအား ပူးတွဲဘုရင်အဖြစ် အသိအမှတ်ပြုခဲ့သည်။ စင်စစ်အားဖြင့် အာဏာအရပ်ရပ်သည် ပီတာမင်းသား၏ လက်ဝယ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်ပေသည်။ အမတော် ဆိုဖီယာအား နိုဗာဂျဲဗင့်စကီး မယ်သီလရှင်ကျောင်းတွင် ထိန်းသိမ်းထားရှိခဲ့သည်။

နန်းတက်စ နှစ်များ

ပြင်ဆင်ရန်

ပီတာဘုရင်သည် ရုရှားနိုင်ငံ ခေတ်မှီတိုးတက်ရန် ပြုပြင်ပြောင်းလဲမှုများစွာကို ကြံဆောင်ခဲ့သည်။ ရုရှားတပ်မတော်နှင့် ရေတပ်ကို ခေတ်မီ ပုံစံဖြစ်အောင် တိုးတက်ချဲ့ထွင်ခဲ့သည်။ ထိုသို့ ပြောင်းလဲမှုများ ပြုလုပ်နေစဉ်အတွင်း ပီတာဘုရင်သည် ဆန့်ကျင်မှုများကို ရင်ဆိုင်ခဲ့ရသည်။ သို့သော် ပီတာဘုရင်သည် ဆန့်ကျင်မှုတိုင်းကို ကြမ်းတမ်းစွာပင် ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ပီတာဘုရင်သည် ရုရှားလူမျိုးတို့၏ ခေတ်မမှီတော့သော ဝတ်စားဆင်ယဉ်မှု ပုံစံကစ၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ပီတာဘုရင်သည် ရုရှားနိုင်ငံအတွက် ကောင်းမွန်သော ပင်လယ်ထွက်ပေါက်များ ရရှိရေးကိုလည်း ဦးစားပေး ဆောင်ရွက်ခဲ့ရသည်။ ဆိပ်ကမ်းကောင်းဟူ၍ အာဟန်ဂဲစကီးမြို့ တစ်ခုသာ ရှိနေချိန်တွင် ဘော်လ်တစ်ပင်လယ်သည် ဆွီဒင်၏ ထိန်းချုပ်မှု အောက်တွင်လည်းကောင်း၊ ပင်လယ်နက်ကမ်းခြေဒေသနှင့် ကက်စပီယန်ပင်လယ်ကမ်းခြေတို့သည် အော်တိုမန်အင်ပါယာ၏ ထိန်းချုပ်မှုအောက်တွင် လည်းကောင်း အသီးသီးရှိနေချိန်ဖြစ်သည်။

ဦးစွာ ပီတာဘုရင်သည် ပင်လယ်နက်ကမ်းခြေဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့ရာ ထိုဒေသတွင် ခြေကုပ်ယူထားသော တာတာ (Tatars) လူမျိုးများနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ရသည်။

ပိုလန်နှင့် သဘောတူညီချက် ရရှိခဲ့ပြီး ကီးယက်ဖ် (Киев) ကို ရုရှားပိုင်နက်အတွင်း သွတ်သွင်းနိုင်ခဲ့သည်။ ပီတာဘုရင်သည် ဒွန်းမြစ်အနီးရှိ အော်တိုမန်အင်ပါယာ၏ အာဇော့ဘ်ခံတပ်စခန်းကို သိမ်းပိုက်ရန် ကြံခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ပီတာသည် မော်စကိုသို့ ပြန်လာခဲ့ပြီး ၁၆၉၅ ခုနှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းထားသော ရေတပ်မတော်ဖြစ် ပြန်လည်တိုက်ခိုက်ရာ ၁၆၉၆ ခုနှစ် ဇူလိုင်လတွင် အာဇော့ဘ်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ၁၆၉၈ ခုနှစ်တွင် ပီတာဘုရင်သည် သာဂန်ရော့ဆိပ်ကမ်းမြို့တွင် ရုရှားရေတပ်အခြေစိုက်စခန်းကို တည်ထောင်ခဲ့သည်။

ပီတာဘုရင်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ

ပြင်ဆင်ရန်

ရုရှားနိုင်ငံ၏ ထိုခေတ်အခြေအနေ

ပြင်ဆင်ရန်

ထိုအချိန်ထိ ရုရှားနိုင်ငံမှာ အခြားသော ဥရောပနိုင်ငံများနှင့် ယှဉ်လျှင်များစွာ နောက်ကျကျန်နေချိန်ဖြစ်သည်။ မြေကျွန်လူတန်းစားမှာလည်း အရေအတွက်အားဖြင့် လွန်စွာများပြားနေပြီး ပြည်သူတစ်ရပ်လုံးမှာ အတွေးအခေါ်အားဖြင့်လည်း နောက်ကျနေခဲ့ရသည်။ အနောက်တိုင်းတွင် နယူတန်၏ ကျမ်းစာများ၊ ဥပဒေသများ ထွန်းကားဆူပွက်နေချိန်၌ပင် ရုရှားမှာ သိပ္ပံ နှင့် ဒဿနိက ဘာသာရပ်များထွန်းကားခြင်းမရှိပဲ အလယ်ခေတ်ပုံစံ ဘဝမှ တိုးတက်လားခြင်းမရှိသေးပေ။ ဘာသာရေးနှင့် ပတ်သက်၍လည်း ရှေးရိုးစွဲဘာသာရေးစနစ်နှင့် အော်သိုဒေါ့ ကျောင်းတော်မှာ အာဏာကြီးမြဲဖြစ်သည်။

ခရီးရှည်ကြီးထွက်ခြင်း

ပြင်ဆင်ရန်

ထိုနောက်ကျမှုများကို ဖယ်ရှားတွန်းလှန်ရန်အတွက် ပီတာသည် အသက်ငယ်ငယ်ကပင် ပရော့ မီခေးလားဟူသောအမည်ကိုခံယူပြီး သာမန်အရပ်သားဘဝဖြင့် ဇာတ်မြုပ်ကာ ခရီးရှည်ကြီးထွက်လေသည်။ ပီတာသည် ရုရှားတစ်နိုင်ငံတည်းဖြင် အော်တိုမန် အင်ပါယာအား ရင်ဆိုင်ရန် မလွယ်ကူကြောင်း ကောင်းစွာ သိရှိထားရာ မဟာမိတ်များ ရရှိစေရန် ရည်ရွယ်ချက်ဖြစ် ၁၆၉၇ ခုနှစ်တွင် ဥရောပနိုင်ငံများသို့ ၁၈ လတာ ခရီးရှည်ကို စတင် ထွက်ခွဲခဲ့သည်။ ဤခရီးရှည်ကို မဟာသံအဖွဲ့ ( Grand Embassy) (Великое посольство) ဟုပင် ခေါ်ဆိုခဲ့ကြသည်။ ထို့သို့ အနောက်ဘက်သို့ ထွက်သည့် ခရီးရှည်ကြီးတွင် နောက်ပါအင်အား ၂၅၀ ကျော် ပါဝင်ခဲ့သည်။

ဥရောပနိုင်ငံအများစုထံမှ အကူအညီဖြင့် အော်တိုမန်အင်ပါယာအား တိုက်ထုတ်ရန် ဟူသော ပီတာ၏ မျှော်လင့်ချက်မှာ ပျက်ခဲ့ရသည်။ အကြောင်းမှာ ပြင်သစ်သည် အစဉ်အလာအရ အော်တိုမန်အင်ပါယာနှင့် မဟာမိတ် ဖြစ်နေခြင်း၊ ဩစတြီးယားမှာလည်း အနောက်ဘက်တွင် ဖြစ်နေသော စစ်ပွဲများကြောင့် အရှေ့ဘက် အော်တိုမန်တို့နှင့် ငြိမ်းချမ်းရေး ဆက်လက်ထိန်းသိမ်းထားလိုခြင်းတို့ကြောင့် ဖြစ်သည်။ ထို့အပြင် ထိုအချိန်က ဥရောပနိုင်ငံများသည် အော်တိုမန်တို့အား တိုက်ထုတ်ရန်ထက် စပိန် ထီးနန်း ဆက်ခံရေးပြဿနာအပေါ်တွင်သာ အာရုံစိုက်လျက်ရှိခဲ့ကြသည်။ ပီတာဘုရင် ဦးဆောင်သော မဟာသံအဖွဲ့သည် မူလ ရည်ရွယ်ချက် မအောင်မြင်ခဲ့သော်လည်း ဥရောပနိုင်ငံများသို့ ဆက်လက်ထွက်ခွဲ လည်ပတ်ခဲ့သ်ည။ ထိုခရီးစဉ်အတွင် လေ့လာဖွယ်ရာများကို စူးစိုက်လေ့လာခဲ့သည်။ ဟော်လန်နိုင်ငံသို့ သွားရောက်ပြီး ဒက်ချ် အရှေ့အိန္ဒိယ ကုမ္ပဏီ၏ သင်္ဘောကျင်းတွင် သင်္ဘောတည်ဆောက်သည့် လက်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ပီတာဘုရင်သည် သင်္ဘောတည်ဆောက်ခြင်းနှင့် ဆိုင်သော နည်းပညာများကို အဓိက လေ့လာနိုင်ခဲ့သည်။ အတက်ပညာရှင်၊ အသိပညာရှင်များစွာနှင့်လည်း တွေ့ဆုံရင်းနှီးခဲ့သည်။ ဒတ်ချ် အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် ကမ္ဘာ့အကြီးဆုံး သင်္ဘောကျင်းတွင် ပီတာဘုရင်အတွက် အတွေ့အကြုံများစွာ ရရှိခဲ့သည်။ ပီတာသည် အင်္ဂလန်သို့ ခရီးဆက်ခဲ့ပြီး အင်္ဂလန်ပြည့်ရှင် တတိယမြောက် ဝီလီယံနှင့် တွေ့ဆုံခဲ့ပြီး မန်ချက်စတာမြို့သို့ ရောက်ရှိခဲ့ပြီး မြို့ပြတည်ဆောက်ရေး နည်းပညာများကို လေ့လာသင်ယူခဲ့ပြီး နောက်ပိုင်း စိန့်ပီတာစဘတ်မြို့ ( Санкт Питербург) တည်ဆောက်ရာတွင် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ အင်္ဂလန်နိုင်ငံ၏ တော်ဝင်ရေတပ်သင်္ဘောကျင်း တစ်ခုတွင်လည်း အလားတူ လုပ်ကိုင်ခဲ့သည်။ အမြောက်ပစ်နည်းကို ပရပ်ရှားတွင် သင်ကြားခဲ့သည်။ အင်္ဂလန်တွင်ရှိနေစဉ် ပါလီမန်အစည်းအဝေးပွဲသို့လည်း တက်ရောက်နားထောင်သည်။ ရောက်လေရာဒေသတိုင်းတွင် စိတ်ဝင်စားဖွယ်ရှိသည့် လက်နက်တိုက်၊ ပြတိုက်၊ စက်ရုံအလုပ်ရုံနှင့် စာသင်ကျောင်း အစရှိသဖြင့် ဝင်ရောက်လေ့လာခဲ့သည်။ ပီတာဘုရင်သည် ဗီယင်နာမြို့နှင့် အခြားဥရောပမြို့ကြီးများသို့ ရောက်ရှိခဲ့ပြီး ဟိုးလီး ရောမ အင်ပါယာ ပြည့်ရှင် လီယိုပို (ပထမမြောက်)နှင့် တွေ့ဆုံခဲ့သည်။ အကျဉ်းဆိုရလျှင် အနောက်တိုင်း၏ ဓလေ့၊ထုံးစံ နှင့် သိပ္ပံပညာ၊ အုပ်ချုပ်ရေး၊ စက်မှုလုပ်ငန်း တို့ကို သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။ ၁၆၉၈ ခုနှစ်တွင် ပီတာဘုရင်သည် သူ၏ ခရီးစဉ်များကို ရုတ်တရက် ရပ်တန့်လိုက်ရပြီး ရုရှားနိုင်ငံသို့ ပြန်ခဲ့ရသည်။ အကြောင်းမှာ သက်တော်စောင့် တပ်ဖွဲ့ဝင်များ၏ သူပုန်ထမှုကြောင့် ဖြစ်သည်။ ပီတာသည် သူပုန်များကို အပြင်းအထန် နှိမ်နင်းခဲ့သည်။ ထို တပ်ဖွဲအားလုံးကို လုံးဝ ဖျက်သိမ်းခဲ့သည်။ သံသယရှိသူ အမတော် ဆိုဖီယာအားလည်း သီလရှင် ဝတ်ရန် ဖိအားပေးခဲ့သည်။

၁၆၉၈ ခုနှစ်တွင် ဘောရစ် ရှယ်ရယ်မင်ကျဲ့ဖ် (Борис Петрович Шереметев) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မော်လ်တာ(Malta) သို့ စေလွှတ်ပြီး မော်လ်တာရှိ သူရဲကောင်းများ လေ့ကျင့်ပုံနှင့် တပ်ဖွဲ့များ အကြောင်းကို လေ့လာစေခဲ့သည်။ ရှယ်ရယ်မင်ကျဲ့ဖ်သည် မော်လ်တာတွင် တပ်ဖွဲများအကြောင်း ကောင်းစွာ လေ့လာခဲ့ပြီး အနာဂတ် ရုရှားရေတပ်မတော်အတွက် အစီအစဉ်များ ကြံဆနိုင်ခဲ့သည်။

ပီတာဘုရင်သည် နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသာမက ရုရှားနိုင်ငံအတွင်း ဝတ်စားဆင်ယဉ်မှုများက အစ ပြောင်းလဲစေခဲ့သည်။ ယခင်က မုတ်ဆိတ်ရည်များ ထားလေ့ရှိသော ရုရှားအမျိုးသားများအား မုတ်ဆိတ်များကို ဖြစ်စေသည်။ အရှည်ထားပါက မုတ်ဆိတ်ခွန် (Bread Tax) အဖြစ် ရူဘယ် ၁၀၀ ကောတ်ခံသည်။ ခေတ်မှီသော အနောက်တိုင်းဝတ်စုံများကို ဝတ်ဆင်စေခဲ့သည် ၁၆၉၉ ခုနှစ်တွင် ပီတာသည် နှစ်သစ်ကူးနေ့ကို အရင်က သတ်မှတ်ထားခဲ့သော စက်တင်ဘာလ ၁ ရက်နေ့အစား အခြားနိုင်ငံများ နည်းတူ ဇန်နဝါရီ ၁ ရက်နေ့သို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။ ကမ္ဘာစဖန်ဆင်းသည်ဟု ယူဆသော နှစ်မှ စတင်ရေတွက်သည့် နှစ်ပေါင်း ၇၂၀၇ ရှိပြီးဖြစ်သည့် ပြက္ခဒိန်ဟောင်းအစား ဂျူလီယန်းပြက္ခဒိန်ကို ပြောင်းလဲသုံးစွဲခဲ့သည်။

မြောက်ပိုင်းစစ်ပွဲများ

ပြင်ဆင်ရန်

ပီတာသည် အာဇော့ ဆိပ်ကမ်းမြို့အား ရရှိနိုင်ရန်အတွက် အော်တိုမန်တို့နှင့် ခေတ္တငြိမ်းချမ်းရေး ယူထားပြီးနောက် ဘောလ်တစ်ပင်လယ်ဒေသတွင် ပင်လယ်ထွက်ပေါက်ရရှိရန် ကြိုးပမ်းလာခဲ့သည်။ ဘောလ်တစ်ဒေသအား ဆွီဒင်တို့ ထိန်းချုပ်လာခဲ့သည်မှာ ရာစုနှစ် တဝက်နီးပါးရှိပြီးဖြစ်သည်။ ပီတာဘုရင်သည် ဆွီဒင်အား စစ်ကြေညာပြီး တိုက်ခိုက်ခဲ့ရာ ဆွီဒင်ဘက်မှ ဒွါဒဿမမြောက် ချားဘုရင် (Charles XII) ဦးဆောင်တိုက်ခိုက်ခဲ့သည်။ တချိန်တည်းမှာပင် ဆွီဒင်သည် ဒိန်းမတ်-နော်ဝေး၊ ဆက်ဇုံနီ၊ ပိုလန်-လစ်သူရေးနီးယားတို့၏ ဝိုင်းဝန်း တိုက်ခိုက်မှုကိုလည်း ခံနေရသည်။

ရုရှားသည် စစ်အတွက် ကောင်းမွန်စွာ ပြင်ဆင်ထားခြင်း မရှိခဲ့သောကြောင့် ဘောလ်တစ်ပင်လယ် စိုးမိုးရေး အစီအစဉ်၏ ပထမခြေလှမ်းသည် ၁၇၀၀ ပြည့်နှစ် နာရ်ဗာတိုက်ပွဲတွင် အဆုံးသတ်ခဲ့ရသည်။ သို့သော် ချားလ်ဘုရင်သည် သူ၏ တပ်ဖွဲ့များကို စုစည်းပြီး ပိုလန်နှင့် လစ်သူရေးနီးယန်းတပ်များကို တိုက်ရန် ပြင်ဆင်ခဲ့ရာ ပီတာဘုရင်အတွက် တပ်ဖွဲ့များ ပြန်လည် စုဖွဲ့ရန် အချိန်ရရှိခဲ့သည်။

ဆွီဒင်များ ပိုလန်နှင့် လစ်သူရေးနီယားများအား တိုက်ခိုက်နေစဉ်တွင် ပီတာဘုရင်သည် ၁၇၀၃ ခုနှစ်၌ Ingermanland ဒေသတွင် နောင်အခါ စိန့်ပီတာစပါတ်ဟု အမည်တွင်မည့် မြို့တစ်မြို့ကို စတင်တည်ထောင်ခဲ့လေသည်။

ပိုလန်ဘုရင် ဒုတိယမြောက် ဩဂတ်စ် နန်းစွန့်သွားရပြီးနောက် ဆွီဒင်ဘုရင် ချားလ်သည် ရုရှားဖက်သို့ ပြန်လည်ဦးတည်လာခဲ့သည်။ ၁၇၀၈ ခုနှစ် ဂိုလော့ချင်းတိုက်ပွဲတွင် ပီတာဘုရင် အရေးနိမ့်ပြီး လက်စနားယား (Lesnaya) တိုက်ပွဲတွင်မူ ချားလ် ဘုရင် စတင်အရေးနိမ့်ခဲ့ရသည်။ ချားလ် ဘုရင်၏ မော်စကိုသို့ ချီတက်ရေး အစီအစဉ် ရပ်တန့်ခဲ့ရပြီး အထောက်အပံ့ ပြတ်တောက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ နောက်ဆုံးတွင် ချားလ် ဘုရင်သည် နန်းစွန့်ကာ အော်တိုမန်အင်ပါယာသို့ ထွက်ပြေးသွားခဲ့ရသည်။ ထိုနောက်တွင် ပီတာဘုရင်သည် ဘောလ်ကန်ဒေသ မဟာမိတ်များ၏ အကူအညီဖြင့် အော်တိုမန် အင်ပါယာအား စတင်တိုက်ခိုက်ခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပဲ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ရကာ ၁၆၉၇ ခုနှစ်က ရရှိထားပြီးဖြစ်သော ပင်လယ်နက် ဆိပ်ကမ်းမြို့များကို ပြန်လည် ပေးအပ်လိုက်ရသည်။

ပီတာ၏ မြောက်ပိုင်းတပ်ဖွဲ့များသည် ဆွီဒင်နယ်မြေများဖြစ်သော လီဗိုနီယား (Livonia) (ယနေ့ခေတ် လတ်ဗီးယားနိုင်ငံတောင်ပိုင်းနှင့် အက်စတိုးနီးယားနိုင်ငံ မြောက်ပိုင်းနယ်မြေများ) ကို ရရှိခဲ့သည်။ ထို့အပြင် ဆွီဒင်တို့ကို ဖင်လန်နယ်မြေသို့ မောင်းထုတ်နိုင်ခဲ့သည်။ ၁၇၁၄ ခုနှစ်တွင် ရုရှားရေတပ်မတော်သည် ဂန်းဂွတ် (Gangut) တိုက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ဖင်လန်နယ်မြေအများစုကို ရုရှားတို့ ရရှိခဲ့သည်။ ၁၇၂၁ ခုနှစ် ဆွီဒင်သည် ရုရှားနှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့ပြီး ၁၇၂၁ နျူးစတက်ဒ် စာချုပ် ( Treaty of Nystad) အရ မဟာ မြောက်ပိုင်းစစ်ပွဲကြီး (Great Northern War) ပြီးဆုံးကြောင်း သတ်မှတ်ကြသည်။ ရုရှားသည် အင်ဂရီယာ (Ingria)၊ အက်စတိုးနီးယား၊ လီဗိုးနီးယားနှင့် ကာရဲလီယားဒေသအချို့ကို ရရှိခဲ့သည်။ ရလဒ်အားဖြင့် ပီတာဘုရင်သည် သူတည်ထောင်ထားသော မြို့တော် စိန့်ပီတာစပါတ်မြို့ ပတ်ဝန်းကျင်ရှိ နယ်မြေများကို ရရှိလိုက်ခြင်းပင် ဖြစ်သည်။

နန်းသက် နောက်ဆုံးနှစ်များ

ပြင်ဆင်ရန်

ပီတာဘုရင်သည် ၁၇၂၁ ခုနှစ် အောက်တိုက်ဘာလ ၂၁ ရက်နေ့တွင် ရုရှားနယ်ပယ်အားလုံး၏ ဧကရာဇ် (Emperor of All Russia) ဘွဲ့ကို ဆက်သခံခဲ့ရသည်။ ပီတာဘုရင်၏ ထိုဘွဲ့အမည်နာမကို ပိုလန်ဘုရင် ဩဂတ်စတပ်(၂)၊ ပရပ်ရှား ဘုရင် ဖရက်ဒရစ် ဝီလီယံ (၁) ၊ ဆွီဒင်ဘုရင် ဖရက်ဒရစ် (၁) တို့က ထောက်ခံ အသိအမှတ်ပြုခဲ့ကြသည်။ သို့သော် အခြားဥရောပနိုင်ငံများကမူ အသိအမှတ်မပြုခဲ့ကြပေ။ အကြောင်းမှာ Emperor ဟူသော ဧကရာဇ်ဘွဲ့သည် သူတို့၏ King ဟူသော ဘွဲ့ထက် သာလွန်သွားမည်ဟု မှတ်ထင်နေသောကြောင့်ဖြစ်သည်။

ပီတာဘုရင်သည် ဘာသာရေး ပြောင်းလဲမှုများကိုလည်း ပြုလုပ်ခဲ့သည်။ ရုရှားအော်သိုဒေါ့ကျောင်းတော်လည်း အသစ်ပြန်လည် ဖြစ်ပေါ်လာသည်။ သို့သော် ပီတာဘုရင်သည် ရုရှားအမျိုးသားများအား အသက် ၅၀ မပြည့်မီ ဘုန်းကြီးဝတ်ခြင်းကို တားမြစ်ခဲ့သည်။ အကြောင်းမှာ သူ၏ ခေတ်မှီတပ်မတော်သို့ ဝင်ရောက်အမှုထမ်း စေလိုသောကြောင့် ဖြစ်ပေးသည်။ ပီတာဘုရင်သည် ပညာရေး တိုးတက်မှုများအတွက်လည်း ဖော်ဆောင်ခဲ့သည်။

ပီတာဘုရင်သည် သူ၏ စိန့်ပီတာစပါတ်မြို့တော် တည်ဆောက်ရေးအတွက် ရန်ပုံငွေလိုသည် ဖြစ်ရာ အကောတ်ခွန် အချို့ကို အသစ် စတင် ကောတ်ခံခဲ့သ်ည။ အရင်က ကောတ်ခံခဲ့သော မြေခွန်နှင့် အိမ်ခွန်များကို ဖျက်သိမ်းခဲ့ပြီး လူခွန် (Poll Tax) ကို ကောတ်ခဲ့ခဲ့သည်။ ၁၇၂၂-၁၇၂၃ အတွင်း ရုရှား- ပါရှန်း စစ်ပွဲဖြစ်ပွားခဲ့ပြီး ရလဒ်အဖြစ် ကော့ကေးဆပ်ဒေသနှင့် ကတ်စပီယန်ပင်လယ်ဒေသများတွင် ရုရှား ဩဇာလွှမ်းမိုးမှု ပိုမိုတိုးချဲ့နိုင်ခဲ့သည်။

၁၇၂၅ ခုနှစ်တွင် ရုရှားနိုင်ငံ၏ ဗာဆိုင်းလ်နန်းတော်ဟု သမုတ်ရသော ပီတာ့ဘုရင့်နန်းတော် (Петергоф) (ဒတ်ချ်ဘာသာစကားမှ Peter hof) ကို စိန့်ပီတာစဘတ်မြို့အနီးတွင် တည်ဆောက်ခဲ့သည်။

ကိုယ်ရည်ကိုယ်သွေးနှင့် မိသားစု

ပြင်ဆင်ရန်

အရပ် ၆ပေ၆လက်မမြင့်ပြီး ရုပ်ရည်ချောမောကာ ပျော်ရွှင်ရီမောနေတတ်သည့် ပီတာကို လူချစ်လူခင်ပေါပါသည်။ သန်မာထွားကြိုင်းပြီး ကျန်းမာရေးလည်းကောင်းသည်။ အတတ်ပညာရပ်များစွာတတ်မြောက်သည်။ လက်သမား၊ ပန်းချီဆရာ၊ ပုံနှိပ်စက်ဆရာ၊ ရေကြောင်းလမ်းပြ နှင့် သင်္ဘောတည်ဆောက်ရေးဖက်တို့တွင် ထူးချွန်သည်။ အရက်အလွန်အကျွံသောက်တတ်ပြီး ထိခိုက်ခံစားလွယ်သည့်ပုံလည်းရှိသည်။

အိမ်ထောင် နှစ်ဆက်ရှိသည်။ ပထမမိဖုရား ယူဒိုဇီးယားကို အသက် ၁၇နှစ်တွင် လက်ထက်ပြီး တစ်ပတ်ကြာပေါင်းသင်းကာ အဲလက်ဇီ အမည်ရသားတစ်ယောက်ထွန်းကားသည်။ အသက် ၂၆နှစ်တွင် အဆိုပါမယားကို သီလရှင်ကျောင်းသို့ ပို့ကာ ၁၇၁၂တွင် အပြီးအပြတ် ကွာရှင်းခဲ့သည်။၁၇၁၈တွင် သားဖြစ်သူ အဲလက်ဇစ်က မိမိအားလုပ်ကြံရန် ကြံစီသည်ဟုဆိုပြီး ဖမ်းဆီးနှိပ်စက်သဖြင့် အဲလက်ဇစ်တစ်ယောက် ထောင်တွင်းတွင် သေဆုံးသွားခဲ့သည်။ ဒုတိယမိဖုရား ကတ်သရင်းမှာ သာမန်အရပ်သူဖြစ်သည်။ လစ်သူရေးနီးယားသူဖြစ်ပြီး ပီတာနောက် နန်းတက်သည်။

နတ်ရွာစံခြင်း

ပြင်ဆင်ရန်

၁၇၂၃ ခုနှစ် ဆောင်းရာသီတွင် ပီတာဘုရင်၏ ကျန်းမာရေးသည် ရုတ်တရက် ချို့ယွင်းလာခဲ့သည်။ ဆီးလမ်းကြောင်းနှင့် သည်းခြေအိတ် တို့တွင် ပြဿနာ ဖြစ်လာခြင်းဖြစ်သည်။ ၁၇၂၄ နွေရာသီတွင် တော်ဝင်ဆရာဝန်များအဖွဲ့သည် ခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့ရာ ဆီးလမ်းကြောင်းအတွင်း ခဲနေသော ဆီး (၄) ပေါင်မျှ တွေ့ရှိခဲ့ရသည်။ မဟာပီတာ ဘုရင်သည် ကာလရှည် အိပ်ယာပေါ်တွင် ဆေးဝါးကုသခံယူပြီးနောက် ၁၇၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ခင်းအချိန်တွင် သူတည်ထောင်ခဲ့သော ရုရှားအင်ပါယာ၊ ခေတ်မီရုရှားတပ်မတော်၊ မြို့တော် စိန့်ပီတာစဘတ် တို့နှင့်တကွ အရာအားလုံးကို ခွဲခွာကာ နတ်ရွာစံတော် မူသည်။ သူ၏ အသက် ၅၄ နှစ်၊ နန်းသက် ၄၂ နှစ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ပီတာဘုရင် ကံကုန်သောအခါ ပထမမြောက် မိဖုရား ကတ်သရင်းသည် ဧကရီ ဘုရင်မအဖြစ် နန်းတက်ခဲ့သည်။

ရည်ညွှန်းကိုးကား

ပြင်ဆင်ရန်