ဒသကနိပါတ် - ၄၅၃။ မဟာမင်္ဂလဇာတ် မင်္ဂလာတရား ၈-ပါးကိုဟောကြားသော ဆရာရသေ့ကြီးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရူပါရုံမြင်မှု မင်္ဂလာပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရာဇဂြိုဟ်ပြည် စည်းဝေးရာစရပ်၌ လူအပေါင်းတို့စည်းဝေးကြရာမင်္ဂလာ ရှိ၏၊ မင်္ဂလာမရှိဟူသော စကားကိုစွဲ၍ ဘယ်အရာဝတ္ထု ဘယ်တရားသည် မင်္ဂလာမည်သနည်းဟု အမေးပြဿနာ တခုသည် ပေါ်ထွက်လာလေ၏။

လူအပေါင်းတို့တွင် လူတယောက်သည် “အချင်းတို့... ကောင်းသော ရူပါရုံကို မြင်ရခြင်းသည် မင်္ဂလာမည်၏၊ အမှန်အားဖြင့် နံနက် စောစောထ၍ ကိုယ်လုံး ပြုသော နွားလားဥဿဘကို၎င်း၊ ကိုယ်ဝန်ဆောင် မိန်းမကို၎င်း၊ ငါးကြင်းကို၎င်း၊ ရေပြည့်အိုးကို၎င်း၊ ဆီဦး, ထောပတ်, နွားနို့ ဃနာထမင်းကို၎င်း၊ အစာမချေသေးသော ပုဆိုးကို၎င်း မြင်ရ၏၊ ဤသို့မြင်ရခြင်းသည် မင်္ဂလာမည်၏”ဟု

ပြောဆိုလေ၏။

လူတယောက်သည် “အချင်းတို့... ကြားသိတွေ့မြင် မင်္ဂလာထင် ကောင်းသောရူပါရုံကို မြင်ရခြင်းသည် မင်္ဂလာမမည်၊ ကောင်းသော သဒ္ဒါရုံ ကိုကြားရခြင်းသာ မင်္ဂလာမည်၏၊ အမှန်မှာ ပြည့်ဝ၏၊ ပွါး၏၊ တက်၏၊ ချမ်းသာ၏၊ စားလော့၊ သောက်လော့ ဟူသောအသံကိုကြားရ၏၊ ဤသို့ကြားရခြင်းသည်မင်္ဂလာ မည်၏”ဟု ပြောဆိုပြန်၏။

တဖန် လူတယောက်သည် “အချင်းတို့...ကောင်းသောရူပါရုံကို မြင်ရခြင်း၊ ကောင်းသော သဒ္ဒါရုံကိုကြား ရခြင်းသည် မင်္ဂလာမမည်၊ ကောင်းသော ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိရခြင်းသည်သာ မင်္ဂလာမည်၏၊ အမှန်မှာ နံနက် စောစောကပင် မြေကြီးကို သုံးသပ်ရ၏၊ စိမ်းလန်းသော နေဇာမြက်ကို၎င်း၊ နွားချေးစိုကို၎င်း၊ စင်ကြယ် သန့်ရှင်းသောပုဆိုးကို၎င်း၊ ငါးကြင်းကို၎င်း၊ ရွှေခွက်ငွေခွက်ကို၎င်း၊ သုံးသပ်ထိတွေ့ရ၏၊ ဤသို့ သုံးသပ် ထိတွေ့ရခြင်းသည် မင်္ဂလာမည်၏”ဟုပြောဆိုပြန်၏။

မင်္ဂလာငြင်းခုန် သိကြားလျှောက်ပုံ

ဤသို့ဒိဋ္ဌမင်္ဂလာအယူရှိသောသူ၊ သုတမင်္ဂလာ အယူရှိသောသူ၊ မုတမင်္ဂလာ အယူရှိသောသူဟူ၍လူတို့သည် သုံးစုကွဲကြကုန်၏၊ အချင်းချင်း စေ့စပ်ခြင်းငှါ မတတ်နိုင်ကုန်၊ ဘူမစိုးနတ်မှစ၍ ဗြဟ္မာ့ဘုံတိုင်အောင်ကွဲကုန်၏၊ မင်္ဂလာ အမှန်ကို ဖြေရှင်းဆုံးဖြတ်နိုင်သူမရှိ၊ အမြဲငြင်းခုန်၍သာ နေကြကုန်၏။

ထိုအခါ သိကြားမင်းသည် ဤမင်္ဂလာ ပြဿနာကို အမှန်အားဖြင့် လောကသုံးပါး၌ မြတ်စွာဘုရားမှတပါး ဖြေကြားနိုင်သူမရှိ၊ မြတ်စွာဘုရားကို လျှောက်ထားမည်ဟု ကြံစည်လျက် ညအခါ မြတ်စွာဘုရားထံ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင်– “ဗဟူဒေဝါမနုဿာစ”အစရှိသော ဂါထာစကားဖြင့် မြတ်စွာဘုရားအား မင်္ဂလာပြဿနာကို လျှောက်ထားလေ၏။

ဘုရားဟောကြား မင်္ဂလာတရား

ထိုအခါ မြတ်စွာဘုရားသည် အသေဝနာစဗာလာနံ” အစရှိသော ဂါထာ စကားတို့ဖြင့် သုံးဆယ့် ရှစ်ပါးသော မင်္ဂလာတရားတော်တို့ကို ဟောကြားတော်မူ၏၊ သိကြားမင်းလည်း မင်္ဂလာတရားတော်ကို ကြားနာပြီးလျှင် မိမိနေရာ တာဝတိံသာနတ်ပြည်သို့ သွားလေ၏။

ရဟန်းတို့သည် တရားသဘင်၌ မင်္ဂလာ ပြဿနာကို ဖြေကြားတော်မူခြင်းနှင့်စပ်၍ ပညာတော်ကိုချီးကျူးအံ့ဩ၍ နေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍သိတော်မူလျှင်– “ရဟန်းတို့...ယခုအခါ မင်္ဂလာပြဿနာ ဖြေကြားခြင်းကား အံ့ဩဘွယ်မဟုတ်သေး၊ ရှေးအခါ အလောင်းတော်ရက္ခိတ ရသေ့ဖြစ်စဉ် အကျဉ်းဖြေကြားဘူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်

မူသတည်း။

အတိတ်ဝတ္ထု

လောကဖြစ်ရှု တောပျော်မှု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် တခုသော ရွာငယ်တွင် စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသော ပုဏ္ဏားမျိုး၌ ဖြစ်၍ ရက္ခိတဟူသော အမည်ကို မှည့်ကြကုန်၏၊ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာသင်ကြားပြီးလျှင် စည်းစိမ်ဥစ္စာတို့ကို သိမ်းဆည်း သားမယား မွေးမြူလျက်နေရာ မိဘတို့သေလွန်သဖြင့် စည်းစိမ်ဥစ္စာတို့ကို ကြည့်ရှုလတ်သော် ထိတ်လန့်သော စိတ်ရှိသည်ဖြစ်၍ အလှူကြီးပေးပြီးလျှင် ကာမဂုဏ်တို့ကို စွန့်ပယ်၍ ဟိမဝန္တာသို့ဝင်ကာ ရသေ့ရဟန်းပြုပြီးလျှင် ဈာန်အဘိညာဉ်ကို ဖြစ်စေလျက် သစ်သီးကြီးငယ်တို့ဖြင့် မျှတကာနေ၏၊ တဖြည်းဖြည်း တိုးပွါးလာသဖြင့် ငါးရာသော တပည့် အခြံအရံတို့သည် ဖြစ်ကုန်၏။

မင်္ဂလာပြောကြား အငြင်းပွါး

တနေ့သ၌ တပည့်ငါးရာတို့သည် ဆရာ ရသေ့ကို ခွင့်ပန်ကာ ချဉ်ဆား မှီဝဲအံ့သောငှါ ဒေသစာရီ သွားကြသည်ရှိသော် ဗာရာဏသီပြည်သို့ရောက်၍ မင်းဥယျာဉ်၌နေကြကုန်၏၊ ဆရာဖြစ်သောရက္ခိတရသေ့ကြီးကားဟိမဝန္တာ ဗာရာဏသီပြည်သားတို့သည် ရသေ့ငါးရာ၌ပင်နေရစ်၏၊

တို့အား ကိုးကွယ်ဆည်းကပ်ကြကုန်၏။ ထိုအခါ ဗာရာဏသီပြည်ဝယ် မင်းတို့ စုဝေးတိုင်ပင်ရာ စရပ်၌ မင်္ဂလာပြဿနာသည် ဖြစ်လေ၏၊ အချို့ကားဒိဋ္ဌ မင်္ဂလာကို အယူရှိကုန်၏၊ အချို့ကားသုတမင်္ဂလာကိုအယူ ရှိကုန်၏၊ အချို့ကား မုတမင်္ဂလာကိုအယူရှိကုန်၏၊ မည်သည့်အရာဝတ္ထုသည် မင်္ဂလာမည်၏ဟု အမှန်အကန် ရှင်းဆုံးဖြတ်နိုင်သူမရှိ၊ သူတဖုံငါတခြား အမျိုးမျိုးအငြင်း ပွါး၍သာနေကုန်၏။

ဆရာအထံသွား မင်္ဂလာမေးကြား

မင်းနှင့်တကွ လူတို့သည် ရသေ့ငါးရာ တို့ထံသွား၍ မင်္ဂလာပြဿနာကို မေးလျှောက်ကြကုန်၏၊ ရသေ့ တို့လည်း “မြတ်သောမင်းကြီး... ငါတို့ကား မင်္ဂလာပြဿနာကို မဖြေဆိုနိုင်ကုန်၊ သို့သော်လည်း ဟိမဝန္တာ၌ နေသော ငါတို့ဆရာ ရက္ခိတ ရသေ့ကြီးကား ပညာရှိ၏၊ နတ်လူတို့ စိတ်နှလုံးကိုယူကာ မင်္ဂလာပြဿနာကို ဖြေဆိုနိုင်လတ္တံ့” ဟုပြော၏၊ “အရှင်တို့...အကျွန်ုပ်တို့သွား၍ မနာယူနိုင် ပါကုန်၊ အရှင်တို့သာသွား၍ သင်ကြား နာယူခဲ့ပြီးလျှင် အကျွန်ုပ်တို့ကိုလည်း ဖြေဆိုဟောကြားတော်မူပါ” ဟု လျှောက်ထားတောင်းပန်၏။

ဆရာတောင်းပန် မင်္ဂလာဟောရန်

ရသေ့ငါးရာတို့သည် မင်းကြီးတောင်းပန်ခြင်းကို အရင်းပြုကာ ဟိမဝန္တာသို့ သွား၍ ဆရာရသေ့ကြီးထံ ရောက်လျှင် ရိုသေစွာ ရှိခိုးကုန်၍ မင်္ဂလာပြဿနာ ဖြစ်ပေါ်လာခြင်းကို အစမှလျှောက်ထားပြီးလျှင် ဗာရာဏသီမင်းကြီး တောင်းပန်၍ လာခဲ့ရကြောင်း၊ မည်သည့်အရာဝတ္ထုသည် မင်္ဂလာ မည်ကြောင်း ဖြေဆို ဟောကြားတော်မူပါမည့် အကြောင်း လျှောက်ထားကြကုန်၏၊ ရသေ့တို့တောင်း ပန်ပြီးသောနောက်မှ တပည့်ကြီးသည်–

“အရှင်ဘုရား... အကြင်သူသည် မင်္ဂလာကို တောင်းပန်သောအခါ၌ အဘယ် အတတ်ကို ရွတ်ဖတ်သရဇ္ဈာယ်လျက် ဘယ်ဗေဒင်ကို သင်၍ သင်ကြားအပ်သော အတွင်း အဘယ်အတတ်ကို သင်၍ ထိုသူသည် ပစ္စုပ္ပန် တမလွန် လောက၌ စင်ကြယ် ခြင်းသို့ ရောက်သဖြင့် စောင့်ရှောက် အပ်သည်ဖြစ်၍ အဘယ်မည်သော အမှတ်ဖြင့် ပြုလုပ် ရသနည်း ဟောကြားတော်မူပါ” ဟု မင်္ဂလာပြဿနာကို မေးလျှောက်လေ၏။

နှုတ်တော်ဖွင့်ဟ မင်္ဂလာဓမ္မ

ထိုအခါ ရက္ခိတရသေ့ကြီးသည် နတ်လူတို့ ယုံမှားကို ဖြတ်လျက် ဤမည်ဤမည်သော အရာဝတ္ထု အကြောင်းသည် မင်္ဂလာမည်၏ဟု ဘုရား၏ တင့်တယ်ခြင်းဖြင့်-

ပဌမ မင်္ဂလာ

“တပည့်တို့...ဘူမဇိုဝ်းနတ်အစရှိသော ကာမာဝစရနတ်တို့ကို၎င်း, ရူပါဝစရဗြဟ္မာ, အရူပါဝစရ ဗြဟ္မာတို့ကို၎င်း, ကျောရှည် သတ္တဝါတို့ကို၎င်း, ဆိုအပ်ခဲ့ပြီးသည်မှ ကြွင်းသော သတ္တဝါတို့ကို၎င်း မေတ္တာဖြင့် အခါခပ်သိမ်း လေ့ကျက် ပွါးများကုန်၏၊ ခပ်သိမ်းသောသတ္တဝါတို့၌ မေတ္တာပွါးစေခြင်းကို အပြစ်မရှိ စင်ကြယ်သော မင်္ဂလာ ဟူ၍ ပညာရှိတို့ ဟောကုန်၏”—

ဟုပဌမ မင်္ဂလာကို ဟောကြားတော်မူ၏၊ ထို့နောက် တဖန်-

ဒုတိယ မင်္ဂလာ

“တပည့်တို့...ခပ်သိမ်းသောလူအပေါင်းတို့အား နှိမ်ချသော ဖြစ်ခြင်းရှိ၏၊ သူငယ် မိန်းမ ယောက်ျားတို့၏ မကောင်းသဖြင့် ဆိုအပ်သော ဖရုသဝါစာကို သည်းခံလေ့ရှိ၏၊ သူတော်ကောင်းတို့အားလျော်သော စကားကိုသာ ဆိုလေ့ရှိ၏၊ ထိုသည်းခံခြင်းကို အပြစ်မရှိ စင်ကြယ်သော မင်္ဂလာဟူ၍ ပညာရှိတို့ ဟောကုန်၏” ဟု ဒုတိယမင်္ဂလာကို ဟောကြားတော်မူ၏၊ ထို့နောက်-

တတိယမင်္ဂလာ

“တပည့်တို့... မြဲသောအဆွေ ခင်ပွန်းတို့ကို အတတ်ပညာဖြင့်၎င်း၊ အမျိုး၏ ပြည့်စုံခြင်းဖြင့်၎င်း၊ ဥစ္စာဖြင့်၎င်း၊ ဇာတ်ဖြင့်၎င်း မထေမဲ့မြင် မပြု၊ အကျိုးအကြောင်း ဖြစ်လာသောအခါ နှစ်သက် အပ်ကောင်းမြတ်သောပညာအကျိုးအကြောင်းကို ပိုင်းခြား စီရင်နိုင်သော ပညာရှိဖြစ်၍ အဆွေ ခင်ပွန်းတို့ကို မထေမဲ့မြင်မပြု၊ ထိုအဆွေ ခင်ပွန်းတို့၌ မထေမဲ့မြင်မပြုခြင်းကို အပြစ်မရှိ စင်ကြယ် သောမင်္ဂလာဟူ၍ ပညာရှိတို့ဟောကုန်၏”—

ဟု တတိယမင်္ဂလာကိုဟောကြားတော်မူ၏၊ ထို့နောက်-

စတုတ္ထ မင်္ဂလာ

“တပည့်တို့...မချွတ်ယွင်းစေတတ်သောအလေ့ ရှိသူအား အကျွမ်းဝင်ခြင်းသို့ရောက်သော ပညာရှိ သူတော်ကောင်းတို့သည် စင်စစ် အဆွေ ခင်ပွန်း ဖြစ်ကုန်၏၊ အဆွေခင်ပွန်းတို့အကျိုးစီးပွားကိုမဖျက် ဆီးတတ်၊ မိမိဥစ္စာဖြင့် အဆွေခင်ပွန်းတို့အား ခွဲခြမ်းဝေဘန်လေ့ရှိ၏၊ အဆွေခင်ပွန်းရှိခြင်း အဆွေခင်ပွန်းတို့အား ဥစ္စာဆက်ဆံ ဝေဘန်ခွဲခြမ်းခြင်းကို အပြစ်မရှိ စင်ကြယ်သောမင်္ဂလာဟူ၍ ပညာရှိတို့ ဟောကုန်၏”—

ဟု စတုတ္ထမင်္ဂလာကို ဟောကြားတော်မူ၏၊ ထို့နောက်-

ပဉ္စမ မင်္ဂလာ

“တပည့်တို့... အရွယ်တူ၏၊ အညီ အညွတ် ဝမ်းမြောက်ဝမ်းသာ နေလေ့ရှိ၏၊ လင်၏အလိုသို့ လိုက်၏၊ သုစရိုက်ဆယ်ပါးကို လိုလား နှစ်သက်၏၊ မိန်းမမြုံမဟုတ်၊ အမျိုးမြတ်၏၊ သီလရှိ၏၊ လင်ကို ရိုသေ၏၊ ဆိုခဲ့ပြီးသောဂုဏ်နှင့်ပြည့်စုံသော မယား ကောင်းရှိခြင်းကို အပြစ်မရှိစင်ကြယ်သော မင်္ဂလာ ဟူ၍ ပညာရှိတို့ ဟောကုန်၏”—

ဟု ပဉ္စမ မင်္ဂလာကို ဟောကြားတော်မူ၏၊ ထို့နောက်-

ဆဋ္ဌမ မင်္ဂလာ

“တပည့်တို့... စင်ကြယ်သော အဖြစ်၊ လုံ့လ ရှိသောအဖြစ်၊ နှစ်ဖြာ မကွဲလတံ့သော အဖြစ်ရှိသည်ဖြစ်၍ ဤသူကား စိတ်နှလုံး ကောင်း၏ဟု မင်းနှင့်တကွ လူအပေါင်းသည်သိ၏၊ ဆိုခဲ့ပြီးသော ဂုဏ်နှင့်ပြည့်စုံ၍ စိတ်နှလုံးကောင်းခြင်းကို အပြစ် မရှိစင်ကြယ်သော မင်္ဂလာဟူ၍ ပညာရှိတို့ ဟောကုန်၏”—

ဟု ဆဋ္ဌမ မင်္ဂလာကိုဟောကြားတော်မူ၏၊ ထို့နောက်-

သတ္တမမင်္ဂလာ

“တပည့်တို့...ကံ, ကံ၏အကျိုးကို ယုံကြည်သည် ဖြစ်၍ ထမင်း, အဖျော်, ပန်းနံ့သာ, နံ့သာပျောင်းတို့ကို ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍ ဝမ်းမြောက် ဝမ်းသာလှူဒါန်း၏၊ ထိုလှူဒါန်း ပေးကမ်းခြင်းကို အပြစ်မရှိ စင်ကြယ်သောမင်္ဂလာဟူ၍ ပညာရှိတို့ ဟောကုန်၏”—

ဟု သတ္တမ မင်္ဂလာကိုဟောကြားတော်မူ၏၊ ထို့နောက်-

အဋ္ဌမ မင်္ဂလာ

“တပည့်တို့ ပညာကြီးကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော အကြားအမြင် ရှိကုန်သော သီလရှိကုန်သော အရိယာတို့သည် နှစ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍ ကောင်းမြတ်သော အကျင့်ဖြင့် သုတ်သင်ကုန်၏၊ ထိုရဟန္တာတို့ အလယ်၌ရအပ်သော အရဟတ္တဖိုလ်ကို အပြစ်မရှိ စင်ကြယ်သော မင်္ဂလာဟူ၍ ပညာရှိတို့ ဟောကြားကုန်၏”—

ဟု အဋ္ဌမ မင်္ဂလာကို ဟောကြားတော်မူ၏။

မင်္ဂလာကျိုးတရား ဆရာဟောကြား

ဤသို့လျှင် အရဟတ္တဖိုလ်ကို အထွတ်တင်ကာ မင်္ဂလာကြီး ရှစ်ပါးတို့ကို ဟောကြားတော်မူပြီး၍ တဖန်—

“တပည့်တို့...လောက၌ဤရှစ်ပါးသောမင်္ဂလာကြီးကိုသာ အပြစ်မရှိ စင်ကြယ်သော မင်္ဂလာ မည်ကုန်၏၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်၏၊ နိဗ္ဗာန် တိုင်အောင် မြတ်သောချမ်းသာကို ဖြစ်စေတတ်ကုန်၏၊ ဤလောက၌ ပညာရှိသောသူသည် ဤ ရှစ်ပါးသော မင်္ဂလာကြီးတို့ကိုသာလျှင် မှီဝဲရာ၏၊ အဘယ်ကြောင့်နည်း–ဒိဋ္ဌမင်္ဂလာ, သုတမင်္ဂ, မုတ မင်္ဂလာ၌ တခုသော မင်္ဂလာမျှလည်း ပရမတ္ထ သစ္စာ မည်သည်မရှိ၊ ထို့ကြောင့် ရှစ်ပါးသော မင်္ဂလာကြီးတို့ကိုသာ မှီဝဲရာ၏”—

ဟု ရှစ်ပါးသော မင်္ဂလာကြီးတို့ကို ချီးကျူးကာ နိဂုံး စကားမြွက်ကြားတော်မူပြန်၏။

မင်္ဂလာရှစ်ပါး ပြန်ဟောကြား

တပည့်အပေါင်းတို့လည်းရှစ်ပါးသော မင်္ဂလာကြီးတို့ကို သင်ကြား နာယူပြီးလျှင် ဆရာ ရသေ့ကြီးကို ပန်ကြား၍ ဗာရာဏသီပြည်သို့ သွားကာ မင်းအမှူးရှိသော ပရိသတ်အား ဆရာရသေ့ကြီးဟောသောနည်းအတိုင်း မင်္ဂလာကြီး ရှစ်ပါးကို ဟောကြားဖြေရှင်းပြီးလျှင် ဟိမဝန္တာသို့ တဖန် ပြန်၍လာကြကုန်၏၊ ထိုအခါမှစ၍ လောက၌ မင်္ဂလာတရားသည် ထင်ရှားဖြစ်လာ၏၊ မင်္ဂလာတရားကို ကောင်းစွာ ကျင့်ကုန်သောကြောင့် သေတိုင်းသေတိုင်းသော သူတို့သည် နတ်ပြည်၌ ဖြစ်ရကုန်၏၊ ရက္ခိတ ရသေ့ကြီးလည်း ဗြဟ္မဝိဟာရ တရားကို ပွားများလျက် သေလွန်သောအခါ တပည့်အပေါင်းနှင့်တကွ ဗြဟ္မာ့ပြည်၌ ဖြစ်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–

ရဟန်းတို့... .

*ထိုအခါ တပည့်အပေါင်းသည်-ယခုအခါ ဘုရားပရိသတ်။

*တပည့်ကြီးရသေ့သည်-သာရိပုတ္တရာ။

*ရက္ခိတရသေ့သည် ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သတ္တဝါအား၊ မေတ္တာပွား၊ မှတ်သားမင်္ဂလာ။

(၂) စိတ်ကိုနှိမ်ချ၊ သည်းခံက၊ မှတ်ကြမင်္ဂလာ။

(၃) မထေမဲ့ဝေး၊ ဆွေတဝေး၊ မှတ်ရေးမင်္ဂလာ။

(၄) ဆွေခင်ပွန်းတွေ၊ ဥစ္စာဝေ၊ မှတ်လေမင်္ဂလာ။

(၅) ပြည့်စုံဂုဏ်ကောင်း၊ မယားကောင်း၊ မှတ်ကြောင်းမင်္ဂလာ။

(၆) ပြည့်စုံဂုဏ်ကောင်း၊ နှလုံးကောင်း၊ မှတ်ကြောင်းမင်္ဂလာ။

(၇) ကံ, ကျိုးကိုယုံ၊ လှူဒါန်းတုံ၊ မှတ်ယုံမင်္ဂလာ။

(၈) သုတ်သင်ကျင့်ကို၊ နောက်ဆုံးဖိုလ်၊ မှတ်လိုမင်္ဂလာ။

(၉) ပြစ်မဲ့, စင်ကြယ်၊ ဤရှစ်သွယ်၊ မှီဘွယ်မင်္ဂလာ။

မဟာမင်္ဂလဇာတ် ပြီး၏။

***

[]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ