(၄)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့တော်အနီး မဟာဝုန်တော ကူဋာဂါရသာလာ ကျောင်းတော်ဝယ် သီတင်းသုံးနေတော်မူစဉ် ကောသလနိုင်ငံသား ဗြာဟ္မဏဒူတနှင့် မဂဓ နိုင်ငံသား ဗြာဟ္မဏဒူတတို့ ကိစ္စတစ်ခုဖြင့် ဝေသာလီမြို့တော်သို့ရောက်နေသည့် အခါ ဘုရားရှင်၏ကိတ္တိသဒ္ဒကြောင့် ဘုရားဖူးရန်ရောက်လာကြပြီး အရှင်နာဂိတ မထေရ်အား ခွင့်ပန်လျှောက်ထားကြသည်။ အရှင်နာဂိတမထေရ်က ခေတ္တအစောင့် ခိုင်း၍ စောင့်နေကြလေသည်။

ဩဋ္ဌဒ္ဓလိစ္ဆဝီမင်းသည်လည်း လိစ္ဆဝီမင်းပရိသတ်နှင့်အတူ ရောက်ရှိလာပြီး ဘုရားဖူးရန်စောင့်နေကြလေသည်။

အရှင်နာဂိတထေရ်၏ စေခိုင်းချက်အရ သီဟသာမဏေသည် ပရိသတ်များစွာ ဘုရားဖူးရန်ရောက်ရှိနေပါကြောင်း ဘုရားရှင်အားလျှောက်ထားရာ ဘုရားရှင်၏ခွင့်ပြုတော်မူချက်အရ ကျောင်းအရိပ်၌ ဘုရားရှင်သီတင်းသုံးရန် နေရာခင်းထားပါသည်။

ဘုရားရှင်ကြွတော်မူလာပြီး နှုတ်ခွန်းဆက်စကား လျှောက်ထားကြပါသည်။ ဩဋ္ဌဒ္ဓလိစ္ဆဝီမင်းက “သုနက္ခတ္တ၏ ဒိဗ္ဗစက္ခုအဘိညာဉ်ရပြီး ဒိဗ္ဗသောတအဘိညာဉ်ကို မရခြင်းသည် ဒိဗ္ဗသောတအဘိညာဉ်မရှိခြင်းကြောင့် ဖြစ်ပါသလောဟူသော မေးလျှောက် ချက်ကို အရပ်ဆယ်မျက်နှာတို့၌ ဒိဗ္ဗစက္ခုအဘိညာဉ်တစ်မျိုးအတွက်သာ သမာဓိကို ပွားများလျှင် ဒိဗ္ဗစက္ခု အဘိညာဉ်သာသိရှိပြီး ဒိဗ္ဗသောတအဘိညာဉ်မဖြစ်ပုံ၊ ဒိဗ္ဗသောတ အဘိညာဉ်အတွက်သာ သမာဓိကိုပွားများလျှင် ဒိဗ္ဗသောတအဘိညာဉ် ဖြစ်ပြီး ဒိဗ္ဗစက္ခုအဘိညာဉ်မဖြစ်ပုံ၊ အရပ်ဆယ်မျက်နှာတို့၌ နှစ်ပါးစုံအတွက် သမာဓိကို ပွားများလျှင် ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတအဘိညာဉ် နှစ်ပါးဖြစ်ပုံ မရှိခြင်းကြောင့် မဟုတ်ပုံကို အရပ်မျက်နှာတစ်ခုစီ တစ်ခုစီ ရှင်းလင်း၍ မိန့်ကြားတော်မူပါသည်။

ဤသမာဓိဘာဝနာတို့ကို ကိုယ်ထိလက်ရောက် မျက်မှောက်ပြုရန်အတွက် ရဟန်းတော်များ မြတ်စွာဘုရားအထံတော်၌ ဗြဟ္မစရိယကို ကျင့်သုံးကြပါသလောဟု မေးလျှောက်ပါသည်။ ဤဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ သမာဓိဘာဝနာထက် ထူးခြားမွန်မြတ်သော မဂ္ဂဖလဘာဝနာတို့ကို ကိုယ်ထိလက်ရောက် မျက်မှောက်ပြုနိုင်ရန်အတွက် ဘုရားရှင်အထံတော်၌ ရဟန်းတော်များ ဗြဟ္မစရိယကျင့်သုံးကြပုံကို မိန့်ကြားတော်မူပြီး “စတုအရိယဖလ” ဒေသနာတော်ကို ဟောတော်မူပါသည်။ ထိုစတုအရိယဖလ ကိုရရှိရန် လမ်းစဉ် ကျင့်စဉ် ရှိပါသလောဟု မေးလျှောက်သဖြင့် “အဋ္ဌင်္ဂိက အရိယာမဂ္ဂ”ဒေသနာတော်ကို ဟောတော်မူပါသည်။

အခါတစ်ပါး ဝံသနိုင်ငံ ကောသမ္ဗီမြို့တော်အနီး ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မုဏ္ဍိယပရိဗိုဇ်နှင့် ဒါရုပတ္တိကန္တိဝါသီ ဇာလိယတို့၏ “တံ ဇီဝံ တံ သရီရံ၊ အညံ ဇီဝံ အညံ သရီရံ-ဟူသော မေးခွန်းနှင့်ဆက်စပ်၍ သာမည ဖလသုတ် ဒေသနာတော်အတိုင်း သီလသမ္ပန္ဒဖြစ်ပုံ၊ ရူပါဝစရဈာန်လေးပါးကိုရရှိပုံ၊ မဂ်, ဖိုလ်ရရှိပုံ၊ ထိုပုဂ္ဂိုလ်များသည် ဈာန်-မဂ်-ဖိုလ်ကို အသီးအသီးရရှိခြင်းကြောင့် “တံ ဇီဝံ တံ သရီရံ အညံ ဇီဝံ အညံ သရီရံ-ဟု မပြောကြပုံကို မိန့်ကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များစွာရှိပါသည်။


[၂] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ကူဋာဂါရသာလာကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် မဟာလိလိစ္ဆဝီမင်း၏ မေးလျှောက်ချက်အရ

-သိကြားမင်းကို မြင်ဖူးကြောင်း၊ ငါဘုရားသည် သိကြားနတ်မင်းကိုလည်းကောင်း၊ သိကြားဖြစ်ကြောင်း ဓမ္မတို့ကိုလည်းကောင်း၊ ပိုင်းခြားထင်ထင် သိမြင်တော်မူ၏ဟုလည်းကောင်း မိန့်ကြားတော်မူပြီး သိကြားနတ်မင်း နာမည်ခုနစ်မျိုးကိုလည်းကောင်း၊ သိကြားနတ်မင်းဖြစ်နိုင်သော ကျင့်ဝတ်ခုနစ်မျိုးကိုလည်းကောင်း ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။


[၃] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် မဟာလိ လိစ္ဆဝီမင်းက ပုရာဏကဿပ၏ နတ္ထိကဝါဒကို မြတ်စွာဘုရား အဘယ်သို့ဟောပါသနည်းဟု မေးလျှောက်သဖြင့် ခန္ဓာငါးပါးသည် ဒုက္ခစင်စစ်၊ ဒုက္ခသို့ကျရောက်၊ ဒုက္ခသို့သက်ဝင်၊ သုခသို့မသက်ဝင်ငြားအံ့၊ သတ္တဝါတို့သည် ခန္ဓာငါးပါး၌ ပြင်းထန်စွာ မတပ်မက် ကြရာ၊ ခန္ဓာငါးပါးသည် သုခ၊ သုခသို့ကျရောက်၊ သုခသို့သက်ဝင်၊ ဒုက္ခသို့ မသက် ဝင်ငြားအံ့၊ သတ္တဝါတို့၏ခန္ဓာငါးပါး၌ ပြင်းထန်စွာတပ်မက်ကြကုန်၏။ ပြင်းထန်စွာ တပ်မက်ခြင်းကြောင့် ယှဉ်စပ်ကြကုန်၏။ ယှဉ်စပ်ကြခြင်းကြောင့် ညစ်နွမ်းကြကုန်၏။ ဤသည်ကား သတ္တဝါတို့ ညစ်နွမ်းခြင်း၏ အကြောင်းပေတည်း။ ဤသို့လျှင် သတ္တဝါတို့သည် အကြောင်းအထောက်အပံ့ကြောင့် ညစ်နွမ်းကြကုန်၏။

ခန္ဓာငါးပါးသည် ဧကန္တသုခ၊ သုခသို့ကျရောက်၊ သုခသို့သက်ဝင် ဒုက္ခသို့ မသက်ဝင်ကြကုန်ငြားအံ့၊ သတ္တဝါတို့သည် ခန္ဓာငါးပါး၌ မငြီးငွေ့ စိတ်မပျက်ကြကုန်ရာ၊ ခန္ဓာငါးသည် ဒုက္ခ, ဒုက္ခသို့ကျရောက် ဒုက္ခသို့သက်ဝင် သုခသို့မသက်ဝင်ခြင်းကြောင့် သတ္တဝါတို့သည် ခန္ဓာငါးပါးတို့၌ ငြီးငွေ့ စိတ်ပျက်(သည့်ဉာဏ်ဖြစ်)ကုန်၏။ ငြီးငွေ့ခြင်းကြောင့် တပ်မက်မှုကင်း (သည့်မဂ်ဉာဏ်ဖြစ်)ကုန်၏။ တက်မက်မှုကင်း (သည့်မဂ်ဉာဏ်ဖြစ်)ခြင်းကြောင့် စင်ကြယ်ကြကုန်၏။ ဤသည်ကား သတ္တဝါတို့ စင်ကြယ်ခြင်း၏ အကြောင်းအထောက်အပံ့ပေတည်း၊ ဤသို့လျှင် သတ္တဝါတို့သည် အကြောင်းအထောက်အပံ့ကြောင့် စင်ကြယ်ကြကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်အနည်းငယ်ရှိပါသည်။


[၄] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် မဟာလိလိစ္ဆဝီမင်း၏ ယုတ်မာညစ်ကျ မကောင်းမှုကိုပြုခြင်း၊ ဖြစ်စေခြင်း၏အကြောင်း အထောက်အပံ့ကို လျှောက် ခြင်းကြောင့် လောဘ၊ ဒေါသ၊ မောဟ အယောနိသော မနသိကာရ၊ မိစ္ဆာပဏိဟိတစိတ္တတို့သည် ယုတ်မာညစ်ကျူ မကောင်းမှုကိုပြုလုပ်ခြင်း ဖြစ်စေခြင်း၏ အကြောင်းအထောက်အပံ့ဖြစ်ပုံ၊ အလောဘ၊ အဒေါသ၊ အမောဟ ယောနိသော မနသိကာရ၊ သမ္မာပဏိဟိတစိတ္တတို့သည် ကောင်းမှုကုသိုလ်ကို ပြုလုပ်ခြင်းဖြစ်စေ ခြင်း၏ အကြောင်းအထောက်အပံ့ဖြစ်ပုံ။

ဤအကြောင်းဆယ်ပါးတို့ လောက၌မရှိလျှင် “အဓမ္မစရိယာ ဝိသမစရိယာ ဟူ၍လည်းကောင်း၊ “ဓမ္မစရိယာ သမစရိယာ”ဟူ၍လည်းကောင်း မရှိကုန်တော့ရာ-

ဤအကြောင်းဆယ်ပါးတို့ ထင်ရှားရှိနေခြင်းကြောင့်သာ “အဓမ္မစရိယာ ဝိသမစရိယာ”ဟူ၍လည်းကောင်း၊ “ဓမ္မစရိယာ သမစရိယာ”ဟူ၍လည်းကောင်း ထင်ရှား ပေ၏-ဟု ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ အနည်းငယ်မျှသာ ဖွင့်ဆိုထားပါသည်။ [၅]


ဤသုတ်သည် ဒိဗ္ဗစက္ခုနှင့် ဒိဗ္ဗသောတဟူသော အဘိဉာဏ်တို့နှင့် သက်ဆိုင်သည်။ အိုးအိမ်စွန့်ခွာကာ တောထွက်ပြီးလျှင် သာသနာဘောင်သို့ ကူးဝင်ကြခြင်းသည်ကား အထက်ပါ အဘိဉာဏ်နှစ်ပါးကို ရရန်အတွက် မဟုတ်။ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို လိုက်နာကျင့်သုံးပြီးကာလ၌ မဂ်ဖိုလ်ပေါက်ကာ ရဟန္တာအဖြစ်သို့ရောက်ရန်အတွက်သာ ဖြစ်ကြောင်းကို ဘုရားမြတ်စွာက ဤသုတ်တွင်ရှင်းလင်းပြတော်မူခဲ့သည်။[၆]

အကိုးအကား ပြင်ဆင်ရန်

  1. -ဒီ၊၁၊၁၄၃-၁၅၀။ ဒီ၊မြန်၊၁၊ဒီ၊ဋ္ဌ၊၁၊၂၇၆-၂၈၂။ ဒီ၊ဋီ၊၁၊၃၃-၃၄၀။ သီ၊ဋီ၊သစ်၊၂၊၃၂၉-၃၄၀။ -ဒီဃနိကာယ၊ သီလက္ခန္ဓဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. -သံ၊၁၊၂၃၁-၃။ သံ၊မြန်၊၁၊၂၁၆-၇။ သံ၊ဋ္ဌ၊၁၊၃၁၈။ သံ၊ဋီ၊၁၊၃၃၇-၈။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁၁-သက္ကသံယုတ္တ၊ ၂-ဒုတိယဝဂ္ဂ၊ တတိယသုတ်။
  3. -သံ၊၂၊၅၇-၈။ သံ၊မြန်၊၂၊၅၅-၆။ သံ၊ဋ္ဌ၊၂၊၂၅၆။ သံ၊ဋီ၊၂၊၂၂၇။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၆) ၁-ဥပယဝဂ္ဂ၊ အဋ္ဌမသုတ်။
  4. -အံ၊၃၊၃၂၄၊ အံ၊မြန်၊၃၊၃၂၃-၄။ အံ၊ဋ္ဌ၊၃၊၃၁၃။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ ၁-ပဌမပဏ္ဏာသက၊ ၅-အက္ကောသဝဂ္ဂ၊ သတ္တမသုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  6. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။