[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဟိမဝန္တာတောင် မင်းကို အမှီပြု၍ သစ်ပင်ကြီးတို့သည် အကိုင်းအခက်အရွက်, အခေါက်, အပွေး အကာ, အနှစ်ဟူသောငါးမျိုးတို့ဖြင့် ကြီးပွားကြကုန်သကဲ့သို့၊ ထို့အတူ သဒ္ဓါတရား ရှိသော အမျိုးကောင်းသားကိုအမှီပြု၍ အိမ်သူအိမ်သားအပေါင်းသည် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဟူသော ကြီးပွားခြင်းငါးမျိုးတို့ဖြင့် ကြီးပွားကြကုန်၏-ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂]


မဟာသာလပုတ္တသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ဟိမဝန္တာတောင်မင်းကို အမှီပြု၍ သစ်ပင်ကြီးတို့သည် ကြီးပွားခြင်း ငါးမျိုးတို့ဖြင့် ကြီးပွားကုန်သကဲ့သို့ သဒ္ဓါတရားရှိသော အမျိုးကောင်းသားကို မှီ၍ အိမ်တွင်းနေ လူအပေါင်းတို့သည် ကြီးပွားခြင်း ငါးမျိုးတို့ဖြင့် ကြီးပွားကြကြောင်းကို ဟောကြားတော်မူခဲ့သည်။[၃]

မဟာသာလပုတ္တသုတ် ပြင်ဆင်ရန်

ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို မှီ၍ သစ်ပင်ကြီးတို့သည် ကြီးပွားခြင်း ငါးမျိုးတို့ဖြင့် ကြီးပွားကြကုန်၏။ အဘယ်ငါးမျိုးတိုနည်းဟူမူ - [၃]

  • အကိုင်း အခက် အရွက်တို့ဖြင့် ကြီးပွားကြကုန်၏။
  • အခေါက်ဖြင့် ကြီးပွားကြကုန်၏။
  • အပွေးဖြင့် ကြီးပွားကြကုန်၏။
  • အကာဖြင့် ကြီးပွားကုန်၏။
  • အနှစ်ဖြင့် ကြီးပွားကုန်၏။[၃]

ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို မှီ၍ သစ်ပင်ကြီးတို့သည် ဤကြီးပွားခြင်း ငါးမျိုးတို့ဖြင့် ကြီးပွားကုန်သကဲ့သို့ ဤအတူသာလျှင် သဒ္ဓါတရားရှိသော အမျိုးကောင်းသားကို မှီ၍ အိမ်တွင်းနေ လူအပေါင်းတို့သည် ကြီးပွားခြင်း ငါးမျိုးတို့ဖြင့် ကြီးပွား၏။ [၃]အဘယ်ငါးမျိုးတို့နည်း ဟူမူ -

  • သဒ္ဓါတရားဖြင့် ကြီးပွား၏။
  • သီလဖြင့် ကြီးပွား၏။
  • အကြားအမြင်ဖြင့် ကြီးပွား၏။
  • စွန့်ကြဲခြင်းဖြင့် ကြီးပွား၏။
  • ပညာဖြင့် ကြီးပွား၏။[၃]

ရဟန်းတို့ သဒ္ဓါတရားရှိသော အမျိုးကောင်းသားကို မှီ၍ အိမ်တွင်းနေ လူအပေါင်းသည် ဤကြီးပွားခြင်းငါးမျိုးတို့ဖြင့် ကြီးပွား၏ ဟု(မိန့်တော်မူ၏)။[၃]

တောအုပ်ကြီး၌ ရှိသည့် ကျောက်တောင်ကို အမှီပြု၍ တောစိုးသစ်ပင်ကြီးတို့သည် ကြီးပွားစည်ပင်ကြကုန်သကဲ့သို့။[၃]

ထို့အတူ သီလနှင့် ပြည့်စုံ၍ သဒ္ဓါတရားရှိသော ဤအမျိုးကောင်းသားကို မှီ၍ သားမယားတို့သည်၎င်း အဆွေအမျိုးတို့သည်၎င်း မိတ်ဆွေ ခင်ပွန်းတို့သည်၎င်း ဆွေမျိုးအပေါင်းတို့သည်၎င်း ထိုအမျိုးသားကို အမှီပြု၍ အသက်မွေးသူတို့သည်၎င်း သီလစသည်ဖြင့် ကြီးပွားကြကုန်၏။[၃]

ထိုသီလရှိသူ၏ သီလကို၎င်း စွန့်ကြဲခြင်းကို၎င်း ကောင်းသောအကျင့်စရိုက်တို့ကို၎င်း ကောင်းစွာမြင်ကြရကုန်သည်ဖြစ်၍ အတုလိုက်၍ ပြုလုပ်ကြကုန်၏။[၃]

ပညာရှိသူတို့သည် ဤသာသနာတော်၌ ကောင်းသော လားရာ(ဂတိ) သို့ သွားရောက်သူတို့၏ လမ်းကြောင်းခရီးသဖွယ်ဖြစ်သော တရားကို ကျင့်ကြကုန်၍ နတ်လောက၌ ကာမဂုဏ်တို့ကို လိုတိုင်းရကုန်လျက် နှစ်နှစ်သက်သက် ဝမ်းမြောက်ရလေကုန်သတည်း။[၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၃၇-၈။ အံ၊မြန်၊၂၊၄၈-၉။ အံ၊ဋ္ဌ၊၃၊၂၂။ အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ ၁-ပဌမပဏ္ဏာသက၊ ၄-သုမနဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀၀ ၃.၀၁ ၃.၀၂ ၃.၀၃ ၃.၀၄ ၃.၀၅ ၃.၀၆ ၃.၀၇ ၃.၀၈ ၃.၀၉ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသက - ပဌမသုတ်ငါးဆယ်၊ ၄-သုမနဝဂ် ၁၀- မဟာသာလပုတ္တသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။