မဟာသီလဝဇာတ်
ဧကကနိပါတ် - ၆။ အာသီသဝဂ် -၅၁ - မဟာသီလဝဇာတ်။ ။ မေတ္တာတရားကျင့်သုံးသဖြင့် နတ်ဘီလူး စောင့်ရှောက်၍ တိုင်းပြည်ပြန်ရသော သီလဝမင်းအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်လုံ့လဟူက မလျှော့ရ
ပြင်ဆင်ရန်နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းတစ်ပါး ရှိသတတ်။
ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ဆောင်ယူ၍ သွားကြရာ မြတ်စွာဘုရားသည်“ချစ်သား ရဟန်း ... သံသရာ ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ငါဘုရား သာသနာတော်ဝယ်ရဟန်းပြုပါလျက် အဘယ်ကြောင့် လုံ့လဝီရိယ ယုတ်လျော့ဘိသနည်း၊ ရှေးပညာရှိတို့သည်လုံ့လဝီရိယ ရှိသည့်အတွက် ဆုံးရှုံး လက်လွှတ်လေပြီသော မင်းစည်းစိမ်ကိုပင် ပြန်၍ရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်အမတ်ဆိုးညစ် လူယုံဖြစ်
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် မဟာသီလဝမင်းသည်မင်းပြုလေ၏။ ထိုမင်းသည် အကျင့်သီလရှိ၏။ ဥပုသ်သီတင်း ဆောက်တည်၏၊ တရားသဖြင့်မင်းပြု၏၊ သတ္တဝါတို့အပေါ်မှာ ခန္တီ၊ မေတ္တာ၊ ကရုဏာနှင့် ပြည့်စုံ၏။ မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော် တံခါး ဤခြောက်ဌာနဝယ် အလှူတင်းကုတ် ခြောက်ဆောင်ဆောက်လုပ်၍ ကိုးကွယ်ရာမဲ့သူ၊ ခရီးသွားတို့အား လှူဒါန်း ပေးကမ်းလေ့ရှိ၏။
ထိုအခါ နန်းတွင်း၌ ပြစ်မှား၍ မတရား ပြုကျင့်သော အမတ်တစ်ယောက်ကို မဟာသီလဝမင်းသိတော်မူလျှင် “ဟယ် အမတ်မိုက် ... ငါ့ နိုင်ငံမှာ မနေနှင့်၊ သားမယားနှင့် တကွအမြန်သွားလော့” ဟု နှင်ထုတ်လေ၏။ အမတ်မိုက်လည်း ကောသလတိုင်းသို့ သွား၍ကောသလမင်းကြီးထံ ခစားသဖြင့် မကြာမီ နန်းတွင်းသား လူယုံတော်အဖြစ်သို့ ရောက်လေ၏။
ဇနပုဒ်ဖျက်ရန်စေခိုင်းပြန်
ပြင်ဆင်ရန်တစ်နေ့သ၌ အမတ်မိုက်သည် ကောသလမင်းကြီးကို“အရှင်မင်းကြီး ... ဗာရာဏသီပြည်ကား ပျားကောင်မရှိသော ပျားလဘို့နှင့် တူ၏။ မင်းလည်းအလွန် နူးညံ့၏။ စစ်သည်ဗိုလ်ပါ အနည်းငယ်နှင့် သိမ်းယူလျှင် ရနိုင်မည်” ဟုလျှောက်လေ၏။
မင်းကြီးလည်း အမတ်စကားကို ကြားလျှင် “အို အမတ် ...ဗာရာဏသီပြည်ကား ကြီးကျယ်၍ဗိုလ်ပါများလှ၏၊ သင် မဖြစ်နိုင်သော စကားကို ပြောဆိုဘိ၏၊ သင်သည် သူလျှိုလော” ဟုမေးလေ၏။ အမတ်မိုက်သည် မဟုတ်ပါ ဆို၍ “မယုံလျှင် ပစ္စန္တရာဇ်ကို ဖျက်ဆီးရန် လူတို့ကိုစေလွှတ်၍ စုံစမ်းပါ၊ မင်းကြီးထံ ဖမ်းသွားလျှင် ပစ္စည်းဥစ္စာပေး၍ လွှတ်ပါလိမ့်မည်” ဟုလျှောက်ပြန်၏။
မင်းကြီးလည်း လျှောက်ဖန်များလတ်သော် မင်းချင်း တို့ကို စေလွှတ်ကာ တိုင်းစွန်ဖြစ်သောပစ္စန္တရာဇ်ကို ဖျက်ဆီးစေ၏။ ပစ္စန္တရာဇ်သားတို့သည် ဗာရာဏသီမင်းကြီးထံ ဖမ်းဆီး၍ ပို့ရာအနူးညွတ်ဆုံးမကာ ပစ္စည်းဥစ္စာပေး၍ လွှတ်လိုက်၏။ နောက်တစ်ဖန် တိုင်းအလယ်ဖြစ်သောပစ္စန္တရာဇ်ကို ဖျက်ဆီးစေပြန်၏။ နောက်တစ်ဖန်လည်း ပစ္စည်းဥစ္စာပေး၍ လွှတ်လိုက်ပြန်၏။ နောက်တစ်ဖန် မြို့တွင်း လမ်းခရီးကို ဖျက်ဆီးစေပြန်၏။ ရှေးအနည်းအတူ ပစ္စည်းဥစ္စာ ပေး၍လွှတ်လိုက်ပြန်၏။
လူစွမ်းကောင်းများတားမြစ်ထား
ပြင်ဆင်ရန်ထိုအခါ ကောသလမင်းသည် အလွန်းနူးညံ့လျက်တရားစောင့်သော မင်းအဖြစ်ကိုသိ၍ မကြောက်ရွံ့ဘဲ ဗာရာဏသီပြည်ကြီးကို သိမ်းယူရန်စစ်သည်ဗိုလ်ပါနှင့် ထွက်လေ၏။
ထိုအခါ မဟာသီလဝမင်း၏ အလွန်ရဲရင့်လျက် ဇမ္မူဒိပ် တစ်ကျွန်းလုံးကိုပင်သိမ်းယူနိုင်အောင် အစွမ်းသတ္တိရှိသော အမတ်တစ်ထောင်တို့သည် ထိုအကြောင်းကိုကြား၍မင်းကြီးထံ ခစားကာ “အရှင်မင်းကြီး ... ရန်သူ ကောသလမင်း နိုင်ငံစပ်မရောက်မီအကျွန်ုပ်တို့ သွားဖမ်းပါမည်” ဟု လျှောက်လေသော် “အမောင်တို့ ... ငါ့ အတွက် သူတစ်ပါးဆင်းရဲပင်ပန်းခြင်းကိစ္စ မရှိစေလင့်၊ တိုင်းပြည်ကို လိုချင်လျှင် ယူပါစေ၊မသွားကြနှင့်” ဟု တားမြစ်လေ၏။
တိုင်းပြည်အပ်နှင်းသီလဝမင်း
ပြင်ဆင်ရန်ကောသလမင်းသည် ခုခံသူ မရှိသဖြင့် အစဉ်အတိုင်းလာခဲ့ရာ မြို့တံခါးသို့ ရောက်၍ “ တိုင်းပြည်ကိုလည်း ပေးမည်လော၊ စစ်သော်လည်းတိုက်မည်လော” ဟု မဟာသီလဝမင်းအား သတင်းစကား ပေးပို့လိုက်၏။ မဟာသီလဝမင်းလည်းသတင်းစကား ကြားလျှင် “စစ်မတိုက်လိုပါ၊ တိုင်းပြည်ကို ယူပါလော့” ဟုစကားတုံ့ပြန်လိုက်၏။
ကောသလမင်းလည်း စကားတုံ့ကို ကြားရလျှင် ဗာရာဏသီပြည် တစ်ပြည်လုံးကို သိမ်းယူကာမင်းပြုလျက် အပြစ်မရှိသော မဟာသီလဝမင်းကြီးကို အမတ်တစ်ထောင်နှင့် တကွ ဖမ်းဆီးကာသူသေပစ်ရာ သုသာန်သို့ ပို့ဆောင်၍ လည်ပင်းပမာဏရှိ တွင်းတို့ကို တူးစေပြီးလျှင်မဟာသီလဝမင်းကြီးကို အလယ်ကထားကာ အမတ်တို့ကို ဝန်းရံစေလျက် လည်ပင်းတိုင်အောင်တင်းကျပ်စွာ မြေမြှုပ်၍ ထားစေ၏။
သုသာန်ကျက်စားမြေခွေးများ
ပြင်ဆင်ရန်မဟာသီလဝမင်းကြီးလည်း အမတ်တို့အား “ အမောင်တို့ ....ရန်သူမင်းအပေါ် အမျက်မထွက်ကြနှင့်၊ မေတ္တာပွားကြကုန်လော့” ဟု ဆုံးမလေ၏။
လူသားကိုသာ စားနေကျဖြစ်သော မြေခွေး (ခွေးအ)တို့သည် သန်းခေါင်အခါတွင် သုသာန်သို့လာကြကုန်၏။ မြေခွေးတို့ကို မြင်လျှင် မင်းကြီးနှင့် အမတ်တို့သည် ညာသံပေးကာတစ်ပြိုင်နက် အော်ကုန်၏။ ထိုအခါ မြေခွေးတို့သည် ကြောက်ရွံ့သဖြင့် ပြေးကြကုန်၏။နောက်တစ်ကြိမ် လာပြန်ရာ ထိုနည်းအတူ အော်ကြသဖြင့် ပြေးကြပြန်၏။
သုံးကြိမ်မြောက် လာကြသောအခါ အော်ကြသော်လည်း နောက်မှ တစ်စုံတစ်ရာ လိုက်လာသူကိုမမြင်သဖြင့် သတ်ရန်ထားသူများ ဖြစ်လိမ့်မည်ဟု မကြောက်ရွံ့ဘဲ အနားသို့ ကပ်ကြ၏။ထိုသို့ ကပ်ကြရာတွင် မြေခွေးကြီးသည် မင်းကြီးထံသို့၊ ကြွင်းသော မြေခွေးငယ်တို့သည်အမတ်တို့ထံသို့ ကပ်ကြကုန်၏။
သီလဝမင်းကြံ ဥပါယ်ဉာဏ်
ပြင်ဆင်ရန်မဟာသီလဝမင်းကြီးလည်း ဥပါယ်ဤ လိမ္မာရကား မြေခွေးကြီးလာသောအခါ ကိုက်ရန် ခွင့်ပေးသကဲ့သို့ လည်ပင်းကို မော့၍ထားနှင့်၏။ မြေခွေးကြီးသည်ဝင်၍ လည်းပင်းကို ကိုက်သောအခါ မေးရိုးဖြင့် မြဲမြံစွာညှပ်၍ ထားလေ၏။မြေခွေးကြီးလည်း လွတ်အောင် မရုန်းနိုင်တော့ဘဲ သေဘေးမှ ကြောက်ရွံ့ရကားခြေလေးဖက်တို့ဖြင့် မြေကိုယက်ကာ တအားရုန်းကန်လျက် အော်လေ၏။ မြေခွေးကြီး အော်သံကိုကြား၍ ကြောက်ရွံ့သဖြင့် တခြား မြေခွေးငယ်တို့လည်း ပြေးကြကုန်၏။
ထိုအခါ မဟာသီလဝမင်းကြီးလည်း မြေကြီးလျော့လာသည်ကိုသိ၍ မြေခွေးကြီးကို လွှတ်ကာကိုယ်ကို လူးလွန့်လျက် အပေါ်သို့ တက်ပြီးလျှင် အမတ်တို့ကို ကျင်းထဲမှ ဖော်ယူ၍ အမတ်အပေါင်း ခြံရံလျက် သုသာန်တွင် နေလေ၏။
ဘီလူးစာဝေတတ် ကျေးဇူးဆပ်
ပြင်ဆင်ရန်မကြာမီ ဘီလူး နှစ်ယောက်တို့သည် သူသေကောင်တစ်ခုကိုရရာ အဝေမတည့်သဖြင့် မဟာသီလဝမင်းကြီးထံ ရောက်လာကြကုန်၏။ မင်းကြီးလည်းဘီလူးတို့အား “အမောင်တို့ ... ငါ ဝေဖန်ပေးလိုသော်လည်း ငါ့မှာ အညစ်အကြေးလိမ်းကျံလျက်နေသည်၊ သန်လျက်လည်း မရှိ၊ အဆင်သင့် စီမံပေးကြလော့” ဟု မိန့်ဆိုလေလျှင် ဘီလူးတို့သည် သူခိုးမင်းထံမှ အပြည့်အစုံယူကာ ရေချိုးစေခြင်း၊နံ့သာလိမ်းကျံစေခြင်း၊ အဝတ်တန်ဆာ ဆင်စေခြင်း၊ ပွဲတော်တည်စေခြင်းတို့ကိုပြုလုပ်စေပြီးလျှင် သန်လျက်အပ်ကြလေ၏။
မင်းကြီးလည်း လူသေကောင်ကို ဦးခေါင်းမှစ၍ သန်လျက်ဖြင့် နှစ်ခြမ်းခွဲကာ အညီအမျှဝေပေးသဖြင့် ဝမ်းမြောက် ဝမ်းသာ စားသောက်ပြီးလျှင် မင်းကြီးထံကပ်၍ “အရှင် မင်းကြီး... အကျွန်ုပ်တို့ ဘယ်အမှုကို ပြုရမည်နည်း” ဟု မေးလျှောက်လေ၏။ မင်းကြီးလည်း“အမောင်တို့ ... သင်တို့ အာနုဘော်ဖြင့် ငါ့ကို ငါအိပ်နေကျကျက်သရေတိုက်ခန်းသို့ ရောက်အောင်၊ အမတ်တို့ကိုလည်း အသီးသီး ၎င်းတို့အိမ်သို့ရောက်အောင် ပို့ကြလော့” ဟု မိန့်ဆိုလေ၏။ ဘီလူး တို့လည်း မိမိတို့ အာနုဘော်ဖြင့်မင်းနှင့်တကွ အမတ်တို့ကို နေရာတကျ ပြန်ပို့ကြသဖြင့် ညဉ့်တွင်းချင်းပင် မိမိတို့နေရာသို့ အသီးသီး ပြန်ရောက်ကြကုန်၏။
ကောသလမင်းကြောက်ဝန်ချလျှောက်
ပြင်ဆင်ရန်မဟာသီလဝမင်းကြီးလည်း သူခိုးမင်း အိပ်ပျော်နေစဉ်သန်လျက်ဖြင့် ဝမ်းဗိုက်ကို ခတ်လတ်သော် အိပ်ရာမှ နိုးကာ ဆီမီးရောင်တွင်တန်ဆာဆင်လျက် သန်လျက်လွယ်၍နေသော မဟာသီလဝမင်းကြီးကို မြင်လေ၏။ ထိုအခါ သူခိုးမင်းသည်အိပ်ရာမှထပြီးလျှင် “အရှင်မင်းကြီး ... အစောင့်အရှောက်တို့ဖြင့် လုံခြုံလှသော ဤနေရာသို့ ဘယ်လို ရောက်လာပါသနည်း” ဟု မေးလေ၏။
မဟာသီလဝမင်းကြီးသည် “ဘီလူးတို့ပို့၍ ရောက်လာပါသည်” ဟု မိမိ ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကို ပြောကြားလေ၏။ သူခိုးမင်းလည်း အလွန် ထိတ်လန့်တုန်းလှုပ်သော စိတ်ရှိသည်ဖြစ်၍ -
“အရှင်မင်းကြီး ... ကျွန်ုပ်ကား လူသားစင်စစ် ဖြစ်ပါလျက် အရှင်မင်းကြီးတို့ဂုဏ်ကျေးဇူးကို မသိလေ၊ သတ္တဝါတို့ အသား အသွေးကို စားသောက်ကာ ကြမ်းကြုတ်လှစွာသောဘီလူးတို့ပင် သိကြသေးသည်၊ သီလနှင့် ပြည့်စုံသော အရှင်မင်းကြီးအား အကျွန်ုပ် ပြစ်မှားမိသည်ကိုသည်းခံတော်မူပါ” –
ဟု ကန်တော့ ဝန်ချပြီးလျှင် သန်လျက်ကိုယူ၍ နောက် အရှင်မင်းကြီးကို မပြစ်မှားဝံ့ပါဟုကျိန်စာဆိုပြီးလျှင် မဟာသီလဝမင်းကြီးကို ညောင်စောင်းပေါ်မှာ အိပ်စေလျက် မိမိကားညောင်စောင်းငယ်တွင် အိပ်လေ၏။
လုံ့လမြဲက ချီးကျူးရ
ပြင်ဆင်ရန်နံနက် မိုးလင်းသောအခါ ကောသလမင်းသည် အမတ်တို့ကိုစည်းဝေးစေ၍ မဟာသီလဝမင်းကြီး၏ ဂုဏ်ကျေးဇူးကို ပြောဆိုပြီးလျှင် မင်းစည်းစိမ်ကိုပြန်လည်အပ်နှင်း၍ အရှင်းမင်းကြီးတို့ ဘေးရန်ကို အကျွန်ုပ် စောင့်ရှောက်ပါမည်၊တရားသဖြင့် မင်းပြုတော်မူပါဟု လျှောက်ထား၍ ကုန်းတိုက်သော အမတ်ကိုအပြစ်ဒဏ်ပေးစေပြီးလျှင် စစ်သည် ဗိုလ်ပါနှင့်တကွ မိမိတိုင်းပြည်သို့ ပြန်လေ၏။
မဟာသီလဝမင်းကြီးလည်း အမတ်တစ်ထောင်တို့ကို စည်းဝေးစေပြီးလျှင် “အမောင်တို့ ...ငါနှင့်တကွ အမတ်တစ်ထောင်တို့ အသက်ကို ရရှိခြင်း၊ ဆုံးရှုံးလေပြီးသောထီးနန်းစည်းစိမ်ကို ပြန်၍ ရရှိခြင်းမှာ ငါ အားထုတ်၍ မဟုတ်လော” ဟုမိန့်တော်မူပြီးလျှင် -
“အမောင်တို့ ... လောကမှာ ပညာရှိ ယောကျ်ားကောင်းမှန်လျှင် လုံ့လဝီရိယကို မလျှော့ရာ၊မပျင်းရိရာ၊ လုံ့လဝီရိယ ရှိသူမှာ စည်းစိမ်ချမ်းသာကို ရမြဲ ဖြစ်သည်” –
ဟု လုံ့လဝီရိယရှိသူကို ချီးကျူးကာ တရားဟောလေ၏။
ဤဒေသနာတော်၏ အဆုံး၌ လုံ့လဝီရိယ လျှော့သော ရဟန်းသည် အရဟတ္တဖိုလ်၌တည်၍ ရဟန္တာအဖြစ်သို့ရောက်လေ၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-
ရဟန်းတို့ -
ထိုအခါ ကောသလမင်းသည် - ယခုအခါ ဒေဝဒတ်။
အမတ်တစ်ထောင်သည် - ငါဘုရားပရိသတ်။
အဟာသီလဝမင်းသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) မပျင်းမရိ၊ လုံ့လရှိ၊ရ၏လိုလိုရာ။
(၂) စိတ်လိုရှိက၊ဉာဏ်လုံ့လ၊ ကူမပြီးကြောင်းသာ။
(၃) သက်, စည်းစိမ်ဆုံး၊ပြည်ရထုံး၊ မှတ်အုံးသီလဝါ။
မဟာသီလဝဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။