မာဂျရင်းခေါ် ထောပတ်တုသည် ထောပတ်စစ်နီးပါးမျှ ကောင်းသောအစာ ဖြစ်သည်။ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် အီတလီနိုင်ငံများတွင် ထောပတ်စစ်ကို စားသုံးနိုင်သူ အတော်ပင် ရှားပါးခဲ့၏။ ပစ္စည်းကုံလုံ ကြွယ်ဝသူများပင်လျှင် ထောပတ်စစ်ကို အနည်းငယ်မျှသာ စားနိုင်ကြသည်။ ဆင်းရဲသားများအဖို့ ထောပတ် ကို မစားသုံးနိုင်ကြချေ။

ထိုတိုင်းနိုင်ငံများ၌ ထောပတ်ကိုစည်းစိမ်ခံ ပစ္စည်းဟု သတ်မှတ်ထားလေသည်။ ပြင်သစ်နိုင်ငံတွင် ပေါင်မုန့် သည် အမြဲစားသုံးသောအစာဖြစ်၍ ပေါင်မုန့်တွင် ထောပတ်မပါ လျှင် အရသာမရှိဖြစ်သည်။ ထို့ကြောင့် ပြင်သစ်အစိုးရသည် ထောပတ်အစား ဈေးလည်းပေါ၍ ထောပတ်ကဲ့သို့ အာဟာရဓာတ် နှင့် ပြည့်စုံသည့် ထောပတ်တုကို ကြံစည်ပြုလုပ်နိုင်သူအား ဆုချီး မြှင့်မည်ဟု တိုင်းပြည်သို့ ကြေညာခဲ့သည်။ ၁၈၇ဝ ပြည့်နှစ်တွင် မေးဇမူးရီး အမည်ရှိ ပြင်သစ်ဓာတုဗေဒ ပညာရှင်တစ်ဦးသည် ထောပတ်တုကို ကြံစည်ပြုလုပ်နိုင်သောကြောင့် ထိုဆုကို ဆွတ်ခူး နိုင်ခဲ့လေသည်။ ထိုအခါမှစ၍ အခြားသော သိပ္ပံပညာရှင်များက လည်း ထိုထောပတ်တုကို လက်တွေ့စမ်းသပ်ကြည့်ကြပြီးလျှင် ဆင့် ကဲဆင့်ကဲ ပိုမိုကောင်းလာစေရန် ပြုပြင်ယူလာကြလေသည်။

ထိုကဲ့သို့ တစ်ဆင့်စီ အမွှမ်းတင်၍ လာခဲ့ကြရာ [[ဒုတိယ ကမ္ဘာစစ်]]ကြီး ပြီးသောအခါ၌ ထောပတ်နှင့် များစွာတူပြီးလျှင် အရသာမှာလည်း ထောပတ်နှင့် ခွဲခြားမရနိုင်အောင် ကောင်းသည့် ထောပတ်တုများကို ကြံစည်ပြုလုပ်နိုင်ကြပြန်လေသည်။ ယခုအခါ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှပင် တစ်နှစ်တစ်နှစ်လျှင် ဒေါ်လာငွေ သန်းပေါင်းမျးစွာတန်သည့် ထောပတ်တုများကို ပြုလုပ်ရောင်းချလျက်ရှိလေပြီ။ ဈေးလည်းအလွန်သက်သာသဖြင့် လူဆင်းရဲ များပင်လျှင် စားသုံးနိုင်ကြပြီဖြစ်လေသည်။

ထောပတ်တုအမျိုးမျိုးကို အိုလီယိုမာဂျရင်းဟူ၍ ခေါ်သည်။ သို့သော် အချို့ အိုလီယိုမာဂျရင်းများ၌သာ အိုလီယိုဆိုသည့် အမဲဆီ မှချက်၍ရသောဆီ ပါရှိသည်။ ထိုပစ္စည်းအားလုံးကိုပင် မာဂျရင်း ဟူ၍သာ ခေါ်ထိုက်ပေသည်။ မာဂျရင်းဆိုသည့် စကားသည် လက် တင်စကားဖြစ်၍ ပုလဲဟုအဓိပ္ပာယ်ရသည်။ ထိုကြောင့် မာဂျရင်း သည် ပုလဲကဲ့သို့ အရောင်အဆင်းရှိသည့် ထောပတ်တုပင် ဖြစ်လေ သည်။

မာဂျရင်း နှစ်မျိုးနှစ်စားရှိရာ တစ်မျိုးနှင့်တစ်မျိုး အလွန်တူ ၍ အရသာလည်းအတူတူပင်ဖြစ်ကြသည်။ တစ်မျိုးမှာ တိရစ္ဆာန် အဆီများဖြင့် ပြုလုပ်၍ အိုလီယိုအမဲဆီပါသောကြောင့် အိုလီယို မာဂျရင်းဟု ခေါ်သည်။ အခြားတစ်မျိုးမှာ ဟင်းသီးဟင်းရွက်ဆီများမှပြုလုပ်၍ နို့နှင့် ထောပတ် အနည်းငယ်မှတစ်ပါး အခြားမည်သည့် တိရစ္ဆာန် အဆီမျှ မပါချေ။ အမေရိကန်ပြည်ထောင်စုရှိ မာဂျရင်း အလုပ်ရုံ ကြီးများတွင် တစ်နှစ်တစ်နှစ်လျှင် ပေါင်ချိန် သန်းပေါင်း များစွာသော မာဂျရင်းကို ပြုလုပ်လျက်ရှိသည်။ မာဂျရင်းကို ပစ္စည်းအမျိုးမျိုးမှ နည်းအမျိုးမျိုးဖြင့် ပြုလုပ်ကြသည်။

ထိုပစ္စည်းများမှာ အမဲဆီ၊ ဝက်ဆီ၊ နို့၊ ထောပတ်၊ အုန်းဆီ၊ ဝါစေ့ဆီ၊ ပဲဆီနှင့် ဆား အပြင် ဗီတာမင်ဓာတ်လည်း ပါဝင်လေသည်။ သို့သော် နို့နှင့် ထောပတ်သည် ရာခိုင်နှုန်း ၁ဝ မျှသာ ပါဝင်ရမည်ဟု ဥပဒေဖြင့် ကန့်သတ်ထားလေသည်။ ထိုပစ္စည်းများထဲတွင် ပဲဆီသည် အာဟာရ ဓာတ်များစွာ ပါဝင်သောပစ္စည်းဖြစ်သည်။

မာဂျရင်း ပြုလုပ်ရာတွင် နို့သည် အရေးကြီးသောပစ္စည်း တစ်ခုပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နို့ခဲနှင့်ဆီတို့ပေါင်းစပ်မှ သာလျှင် ထောပတ်နှင့် တထေရာတည်းတူသော မာဂျရင်းကို ရနိုင် သောကြောင့် ဖြစ်သည်။ ကျိုပြီးသားနို့ကို အချဉ်ဖောက်လိုက်သော အခါတွင် နို့ခဲဖြစ်လာသည်။ ထိုနောက် အဆီ၊ သို့မဟုတ် ဆီများ ကိုထည့်ရော၍ ခပ်နာနာ ခေါက်ပေးပြီးလျှင် အအေးခံထားသည်။

ထိုအခါ လတ်ဆတ်သည့် ထောပတ်ကဲ့သို့ ပစ္စည်းသည် အပေါ်သို့ ပေါလောပေါ်၍ တက်လာသည်။ ယင်းကို စစ်ထုတ်၍ နယ်ပေးပြီး လျှင် လိုသလိုပျစ်ခဲလာသည့်တိုင်အောင် လှိမ့်စက်ဖြင့် ကြိတ်ချေ ပေးရသည်။ ထိုနောက် ဆားရော၍ နယ်ပြီးလျှင်စက်ဖြင့် သေတ္တာ များ၊ ဗူးများတွင် ထည့်လေသည်။ မာဂျရင်း၏ အရောင်သည် ဖြူ၍ ထောပတ်အစစ်၏ အရောင်မှာ အလွန်ဖျော့သည်။ ထိုကြောင့် မာဂျရင်းကို ထောပတ် အစစ်ကဲ့သို့ အသွင်တူစေရန် တစ်ခါတစ်ရံ အရောင်ထည့်ပေးတတ် ၏။ အရောင်ထည့်သောကြောင့်လည်း အကောက်ဆောင်ရလေသည်။

မာဂျရင်းသည် ထောပတ်အစစ်ကဲ့သို့ပင် အနံ့အရသာမှာ အစစ တူသောကြောင့် အရောင်မထည့်ဘဲလည်း စားသုံးနိုင်လေသည်။ မာဂျရင်းထောပတ်လုပ်ရာတွင် ပစ္စည်းများ၏ လတ်ဆတ်မှုသည် အလွန်ပင်အရေးကြီးသည်။ မာဂျရင်းလုပ်ငန်းပိုင်ရှင်ကြီးများသည် အစိုးရအား အချို့သော ပစ္စည်းကြမ်းများ မဝယ်မီကပင် တင်ကြို၍ စစ်ဆေးပေးရန် အကြောင်းကြားလေ့ ရှိကြသည်။

ထိုကြောင့် မာဂျရင်းသည် သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ် သောပစ္စည်းဖြစ် ကြောင်းကို စိတ်ချယုံကြည်နိုင်သည်။ ထို့ပြင် မာဂျရင်းသည် ထောပတ်ကဲ့သို့ အာဟာရဓာတ် အပြည့်အစုံပါ၍ အစာကြေလွယ် သောကြောင့် လူအများပင် ကြိုက်နှစ်သက်ကြ သည်။ မာဂျရင်းသည် အလွန်လတ်ဆတ်သောအခါ ထောပတ်၏ အနံ့အရသာတစ်မျှ ရှိလေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)