မာတောဝါဒ ဆုံးမစာ ကို ရွှေကျောင်းဆရာတော် ဦးပညာ (မြန်မာ ၁၁၄၀-၁၂၀၀)က ရေးသားခဲ့သည်။

၁။ “ရိုညွတ်ကြည်စွာ”၊ မြတ်ဆရာ၌၊ မကွာထံပါး၊ ပျပ်ဝပ်တွားလျက်၊ တည်ကြားကျုံ့ကျုံ့၊ မယွင်းယုံ့လျှင်၊ နှုတ်တုံ့မလှန်၊ ပန်းသို့ပန်၍၊ နေဟန်ကျစ်ကျစ်၊ ကြောက်ချစ်ရိုသေ၊လုပ်ကျွေးထွေဖြင့်၊ မြုတေလျှံပြေး၊ ကျောက်ကောင်းသွေးသို့၊ ပြန်မေးပျော်မွေ့၊ မငြီးငွေ့ဘဲ၊ တစ်နေ့သုံးခေါက်၊ ဝင်ရောက်ခစား၊ ဝတ်ငါးပါးလည်း၊ မမှားကျင့်နေ၊ ပြည့်စုံစေမှ၊ ခွဲဝေစိတ်ဘန်၊ အတန်တန်ကို၊ မကျန်ထိုးထွင်း၊ သိစေလျင်းသော်၊ မယွင်းမချွတ်၊ ပုဒ်ပါဌ်ဂါထာ၊ အလင်္ကာနှင့်၊ ကဗျာရတု၊ ဖတ်ရွတ်မူလည်း၊ ငါးခုရပ်ဌာန်၊ ကာရန်ပိုက်ပြည့်၊ ဓိပ္ပာယ်ရှည်လျက်၊ မျှော်ကြည့်ဉာဏ်မြူး၊ သူ့ထက်ထူးအောင်၊ မလူးမတွန့်၊ စက်နှယ်ရွန့်၍။ ။ “ကွန့်ကွန့်နှုတ်ဝယ်၊ ပြတ်စေမင်း”

၂။ “လူမှုရေးရာ”၊ အဖြာဖြာ၌၊ လိမ္မာသိစေ၊ တတ်ကြောင်းဖွေ၍၊ မနေကြိုးကုတ်၊ အားအန်ထုတ်လျက်၊ မယုတ်စေထ၊ ဝီရိယနှင့်၊ လုံ့လပင်ခိုင်၊ သံကျောက်တိုင်သို့၊ ခက်ဆိုင်ပညာ၊ ချိုမြတ်စွာသား၊ ချမ်းသာသီးပွင့်၊ ထူးထက်မြင့်တည့်၊ ထပ်ဆင့်ပွားလှောင်၊ သားထွေးမောင်လျင်၊ မရှောင်မပြေး၊ ကြိုးနှယ်ထွေးလော့၊ လက်ရေးလက်သား၊ စသည်များလည်း၊ မလျားမထောင့်၊ မမျှောင့်မယွန်း၊ မချွန်းမရှည်၊ မလည်မယိမ်း၊ မတိမ်းမငဲ့၊ မယွဲ့မစောင်း၊ မပျောင်းမယွတ်၊ မပွတ်မတွန့်၊ မလွန့်မထွတ်၊ မယှက်မမြှေး၊ မထွေးမပူး၊ မလူးမနွဲ့၊ မကျဲမစိတ်၊ မလိပ်မခွေ၊ တင့်ကြောင်းဝေမှ၊ အနေရှုအိ၊ ရွဲလုံးစီသို့၊ တညီသေချာ၊ အက္ခရာနှင့်၊ ရှေ့လာအမြစ်၊ အရစ်အပင့်၊ အဆင့်အတင်၊ အငင်အဆွဲ၊ တံခွန်ဝှဲလည်း၊ မလွှဲနှိုင်းညှိ၊ စက်ဖြင့်တိသို့၊ တရှိပုံတူ၊ တက်ကြောင်းမူ၍။ ။ “မြင်သူနှလုံး ဆွတ်စေမင်း”

၃။ “လောကလူတွင်”၊ လမ်းသို့ထင်သည်၊ ဂုဏ်အင်ပညာ၊ မရှိရှာက၊ စေပါလက်သုတ်၊ လွန်ယုတ်ညံ့သား၊ မှိတ်တုတ်မီးခဲ၊ မပြောင်ရဲသို့၊ ဖန်လဲခေါက်ခေါက်၊ သူ၏နောက်ဝယ်၊ ချွေးပေါက်ကျယို၊ ဖတ်ဖတ်စိုမျှ၊ သက်ဖိုပန်းပင်၊ မရွှင်ပြောင်းနွမ်း၊ တသမ်းသမ်းနှင့်၊ ဝန်ထမ်းလှေခတ်၊ ဖြစ်တို့တတ်ရှင့်၊ တမှတ်မယွင်း၊ ပညာကင်းက၊ ရွှေဟင်္သာလယ်၊ ဗျိုင်းသဖွယ်လျှင်၊ ပွဲလယ်မတ်လတ်၊ မလျှောက်မတ်ရှင့်၊ မြဝတ်ဆံရည်၊ သို့ဖြစ်သည်ကြောင့်၊ အရှည်အတို၊ တတ်ထိုထိုဝယ်၊ ကော်ကျိုသောလား၊ မှုန့်မှုန့်တွားအောင်၊ ကြိုးစားမပျင်း၊ သင်မှတ်ခြင်းဖြင့်၊ ရှင်းလင်းသေချာ၊ အရာရာကို။ ။ “လိုခါစမ်းတိုင်း ရစေမင်း”

၄။ “မကောင်းမှုညစ်”၊ သုမိုက်စစ်နှင့်၊ အချစ်ဖွဲ့ငြား၊ ပေါင်းယှက်မှား၍၊ ကျေထွားပျက်စီး၊ ထုံးတသီးလည်း၊ အစီးငါးရာ၊ လှည်းများစွာတင်၊ ဘဏ္ဍာရောင်းဝယ်၊ ကုန်စလယ်နှင့်၊ မကျယ်ဉာဏ်သား၊ ရှေ့တည့်သွားသည်၊ ယောက်ျားလှည်းမှူး၊ ငရဲဘူးကို၊ ဘီလူးဖမ်းစား၊ ရွတ်ရွတ်ဝါး၍၊ လှည်းသားငါးရာ၊ တူမကွာလျှင်၊ ခန္ဓာပျက်ရုံး၊ အသက်ဆုံး၏၊ နှလုံးကြွပ်ဆတ်၊ ဇာတသတ်ကား၊ ဒေဝဒတ်ကြီး၊ ခင်ပွန်းမီးကို၊ ထံနီးတစိ၊ ပေါင်းယှက်မိ၍၊ သက်ရှိစိုးရိမ်၊ ခန္ဓာငြိမ်လည်း၊ ပါယ်အိမ်ခေါင်းသို့၊ မီးလျှံဖုံး၏၊ ရှေးထုံးလမ်းပြ၊ သာဓကကို၊ ယူဆမျှော်ထောက်၊ ထိပ်လန့်ကြောက်၍။ ။ “ထပ်လှောက်တုန်ဧ မြစေမင်း”


  1. ရင်နှစ်သည်းချာ နိုင်ငံရတနာ ဆုံးမစာများ - အခြေခံပညာဦးစီးဌာန (ဒုတိယအကြိမ် ed.)။ ၁၈၁-၁၈၃၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်မြို့: မြဝတီပုံနှိပ်တိုက်၊။ စက်တင်ဘာ ၁၉၉၂ ခုနှစ်။ pp. ၁၂၉။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)