[၁] မိမိကိုယ်ကို အမြတ်ဆုံးဟု-မှတ်ထင်ခြင်း-မှတ်ထင်တတ်သော သဘော၊ ထောင်လွှား တက်ကြွခြင်း၊ မာန။

မာနသည် ထောင်လွှား တက်ကြွခြင်း လက္ခဏာရှိ၏၊

ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်းကိစ္စ ရှိ၏၊

ထူးကဲမြင့်ချွန် တံခွန်ပမာ အရာရာဝယ် ကဲသာခြင်းကို လိုလားသူ၏အဖြစ်ဖြင့် ယောဂီတို့ ဉာဏ်အား ထင်လာတတ်၏။

ဒိဋ္ဌိနှင့်မယှဉ်သော လောဘလျှင် နီးစွာသော အကြောင်းရှိ၏။

လောက ပုဂ္ဂိုလ်ကို အမျိုးအစားခွဲလျှင် သေယျပုဂ္ဂိုလ် = မြတ်သော ပုဂ္ဂိုလ်၊ သဒိသပုဂ္ဂိုလ် = သူများ နှင့် တန်းတူပုဂ္ဂိုလ်၊ ဟီနပုဂ္ဂိုလ် = သူများ အောက်ကျသောပုဂ္ဂိုလ်ဟု ၃-မျိုး တွေ့နိုင်ပေသည်။

ပုဂ္ဂိုလ်တစ်မျိုး တစ်မျိုး၌ သေယျမာန် = ပစ္စည်းဥစ္စာ ဂုဏ်သိန် ပညာ အဆင်း စသည်အားဖြင့် တဖက်ဖက်က သူများထက်သာ၏ဟု မှတ်ထင်ခြင်း၊ သဒိသမာန် = ပစ္စည်းဥစ္စာ စသည်အားဖြင့် သင်တို့နှင့် ဘာထူးသလဲဟု မှတ်ထင်ခြင်း၊ ဟီနမာန် = သူတို့အောက်ကျတော့ ဘာအရေးစိုက်ရမှာလဲဟု မှတ်ထင်ခြင်း၊ ဤသို့ ၃-မျိုးစီ ကွဲပြားနိုင်၏။

သေယျပုဂ္ဂိုလ်အား သေယျမာန်, သဒိသမာန်, ဟီနမာန်၊

သဒိသပုဂ္ဂိုလ်အားလည်း သေယျမာန်, သဒိသမာန်, ဟီနမာန်၊

ဟီနပုဂ္ဂိုလ်အားလည်း သေယျမာန်, သဒိသမာန်, ဟီနမာန် ၃-မျိုးစီ ဖြစ်ပေါ်နိုင်သည်ဟူလို။

သေယျပုဂ္ဂိုလ်အား သေယျမာန်သည် ယာထာဝ = မှန်ကန်သော မာန်မည်၏၊ သဒိသပုဂ္ဂိုလ်အား သဒိသမာန်၊ ဟီနပုဂ္ဂိုလ်အား ဟီနမာန်သည် ယာထာဝမာန် မည်၏။ မိမိနှင့် ဖက်မတန်သော အခြားမာန် ၂-မျိုးစီကိုကား အယာထာဝမာန်ဟု ခေါ်လေသည်။ ယာထာဝမာန်ကို အရဟတ္တမဂ်ကသာ ပယ်နိုင်၏။ အယာထာဝမာန်ကိုကား သောတာပတ္တိမဂ်ကပင် ပယ်နိုင်လေသည် [၂]

ယင်းမာနကို အာရုံ၌ ပြင်းစွာ စွဲလမ်း ဖမ်းယူတတ်သောကြောင့် ဂါဟ [၃]

သံသရာ၌ ရှည်ကြာစေ တတ် သံသရာကို ချဲ့ထွင်တတ်သောကြောင့် ပပဉ္စ [၄]

မဟုတ်သည်ကို အဟုတ်ထင်မှတ်တတ် အထင်မှားတတ်သောကြောင့် မညနာ [၅]

မဂ်ဖိုလ် နိဗ္ဗာန်ကို ပိတ်ဆို့ကာကွယ်တတ် နှောင့်ယှက်တတ်သောကြောင့် ပလိဗောဓ [၆]

ကပ်ငြိတတ်, ကပ်ငြိစေတတ်သောကြောင့် သင်္ဂ [၇]

ညှဉ်းပန်းနှိပ်စက်တတ် အတွင်း၌ ထိုးဆွတတ်, နုတ်နိုင်, ပယ်ရှားနိုင်ခဲသောကြောင့်သလ္လ [၈]

နှောင်ဖွဲ့တတ်သောကြောင့် ဗန္ဒန = သံယောဇန [၉]

တုန်လှုပ်တတ်သောကြောင့် ကိဉ္စန [၁၀]

ရှုပ်ထွေးသော တောကဲ့သို့ အသိခက်သောကြောင့် ဂဟန [၁၁]

ကုသိုလ်တရားကို ဖုံးလွှမ်း ပိတ်ဆို့ ကာကွယ်တတ်သောကြောင့် ဆဒ [၁၂]

သတ္တဝါတို့ သန္တာန်၌ အမြဲကိန်းဝပ်တတ်သောကြောင့် အနုသယ[၁၃]

ပူလောင်စေတတ် နှိပ်စက်တတ်သောကြောင့် ကိလေသာ[၁၄]

အနှစ်မပါ အကာသာ ဖြစ်သောကြောင့် ကျူပင်နှင့်တူရကား နဠှ[၁၅]

ဘဝင်မြင့်သော သဘောရှိ၍ အရူးနှင့် တူရကား ဥမ္မာဒ [၁၆] စသည်ဖြင့် အမည်အမျိုးမျိုးဟောတော်မူသည်။

ကုသိုလ်မာန, အကုသိုလ်မာနဟု ၂-မျိုးရှိ သေး၏၊ ထိုတွင် မာနကို အမှီပြု အခြေခံထား၍ သမထ ဝိပဿနာတရား အားထုတ်ရာ မာနကို ပဟာန်တမျိုးမျိုးဖြင့် ပယ်နိုင်သည့် အဆင့်သို့ ရောက်လျှင် ထိုမာနသည် ကုသိုလ် မာနမည်၏။ ဤ၌ အပြစ်ကင်းသောကြောင့် ကုသိုလ်မာနဟု သုံးနှုန်းခြင်း ဖြစ်သည်။ ကုသိုလ်သဘော ဖြစ်သောကြောင့် ကုသိုလ် မာနဟု သုံးနှုန်းခြင်း မဟုတ် [၁၇]။ မိမိအားလည်းကောင်း, သူတပါးအားလည်းကောင်း ဆင်းရဲမှုကို ဖြစ်စေသောမာနသည် အကုသိုလ် မာနမည်၏ [၁၈]

သေဝိတဗ္ဗမာန, အသေဝိတဗ္ဗမာနဟု ၂-မျိုးရှိသေး၏၊ ကုသိုလ်မာနကို သေဝိတဗ္ဗမာန၊ အကုသိုလ်မာနကို အသေဝိတဗ္ဗမာနဟု မှတ်ရမည် [၁၉]။ သဒ္ဓါ, သီလ, သုတ, စာဂ စသော ကုသိုလ် တရားများကို အကြောင်းခံ၍လည်းကောင်း၊ ရာဂ, ဒေါသ မောဟ, ဒိဋ္ဌိ, ပတ္ထနာစသော အကုသိုလ်တရားများကို အကြောင်းခံ၍လည်းကောင်း မာန ဖြစ်ပေါ်လာတတ်သည် [၂၀]။ ဇာတ်မြင့်ခြင်း, အမျိုးအနွယ်မြင့်မြတ်ခြင်း, လာဘ်ပေါခြင်း စသည်ကို အကြောင်း ခံ၍လည်း မာနဖြစ်ပေါ်လာတတ်သည် [၂၁]။ ထမ်းပိုးဖြင့် သယ်ဆောင်အပ်သော လေးလံသည့် ဝန်ထုပ်ဝန်ပိုးသည် ပခုံးဖြင့် ထမ်းဆောင်သည့်အခါ ပခုံးထက်၌ တည်ရှိသော်လည်း ခြေလှမ်းလိုက်တိုင်း ထမ်းပိုးက ပျော့ညွှတ်သွားသည်ဖြစ်၍ မြေကြီးနှင့် ထိမိသကဲ့သို့ ဇာတ်စသည်ကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော မာနသည်လည်း ထိုထိုဇာတ်စသည်၌ ငြူစူခြင်းကို ဖြစ်စေလျက် အပါယ်လေးပါးသို့ နစ်မြုပ်စေတတ်၏ [၂၂]

ဥရုဝေလကဿပသည် သူ့ကိုယ်သူ ဂဏပါမောက္ခဟု အထင်ကြီးနေမှု မာနအလှည့် အပတ်ခံရသဖြင့် ဘုရားရှင်ကို ဦးမညွတ်ခဲ့ [၂၃]။ ဗေဒင်သုံးပုံကို ပါရဂူရောက် တတ်မြောက်ကြပြီးသော ပုဏ္ဏား ၅၀၀ သည် ဘုရားရှင်တရားတော်ကို နာကြားကြရသဖြင့် ကာမဂုဏ်၌ အပြစ်မြင်ပြီး ရဟန်းပြုကြ၏၊ ပိဋကသုံးပုံကို သင်ယူရာ မကြာမီပင် တတ်မြောက်ကြလေသည်။ ရဟန်း ၅၀၀သည် မိမိတို့တတ်မြောက်ပြီး ပရိယတ္တိကို အမှီပြု၍ မာနတက်နေကြ၏၊ ဘုရားရှင်သည်လိင် ၃-ပါး, ပုဒ် ၄-ပါး, ဝိဘတ် ၇-သွယ်ကို လွှတ်၍ တစ်စုံတစ်ခုသော တရားကို မဟော၊ လိင် ၃-ပါး, ပုဒ် ၄-ပါး, ဝိဘတ် ၇-သွယ်ကိုချည်း တဝဲလည်လည်ဟောနေသမျှ တို့အဖို့ ခက်ဆစ်မည်သည် မရှိ၊ ဘုရားဟောတော်မူတိုင်း လျင်လျင်မြန်မြန် သိကြသည်သာဟု အထင်ကြီး နေကြ၏။ ဘုရားရှင်သည် “ထိုရဟန်းတို့၏ မာနကို ချိုးနှိမ်ရန် သဗ္ဗဓမ္မမူလပရိယာယ ဒေသနာကို ဟောတော်မူသည် [၂၄] အမ္ဗဋ္ဌသည် သူတတ်မြောက်ထားသည့် ပညာရပ်ကို အမှီပြု၍ မာနတက်နေ၏၊ ဘုရားရှင်က အမ္ဗဋ္ဌ၏ မာနကို ချိုးနှိမ်ရန် “အဝုသိတဝါယေဝ ခေါ ပန ဝုသိတမာနီ = ဆရာသမားထံ ကောင်းစွာ မသင်ကြားဖူးဘဲ သင်ကြားဖူးသူဟု ထင်နေသူ”စသည်ဖြင့် ဟောတော်မူရသည် [၂၅]စူဠကမ္မဝိဘင်္ဂသုတ် (မ၊၃၊၂၄၇)၌ ထဒ္ဓ = ခက်ထန်ကြမ်းကြုတ်သူ, အတိမာနီ = မာနကြီးသူသည်သေသည်၏ အခြားမဲ့၌ ငရဲကျတတ်ကြောင်း၊ လူဖြစ်ပြန်လျှင်လည်း အမျိုးယုတ်၌ ဖြစ်တတ်ကြောင်း ဟောတော်မူသည်။ အနာထပိဏ် သေဋ္ဌေး၏ ကျွန်မ ပုဏ္ဏာသည် ဝိပဿီ, သိခီ, ကကုသန်, ကောဏာဂုမ်, ကဿပ ဘုရားရှင်တို့ လက်ထက်၌ ထေရီမဝတ်၍ တိပိဋကဓရ ဓမ္မကထိက အကျော်အမော်ကြီး ဖြစ်ခဲ့ဖူး၏၊ မာနကြီးသောကြောင့် ကိလေသာကို အကြွင်းမဲ့ မဖြတ်နိုင်ခဲ့၊ ဤဘုရားရှင် လက်ထက် ပစ္ဆိမဘဝ၌ပင် မာနကြောင့် ကျွန်မ ဖြစ်ရရှာသေးသည် [၂၆] [၂၇]

ကိုးကား ပြင်ဆင်ရန်

  1. သေယျာဒိဝသေန မညတီတိ မာနော။ နီတိ၊ဓာ၊၂၃၂၊ ၃၂၁။ သေယျောဟမသ္မိံတျာဒိနာ မညတီတိ မာနော။ ဝိဘာဝိနီ၊၁၀၈။
  2. (အဘိ၊ဋ္ဌ၊၁၊၄၀၄)။
  3. (မ၊ဋ္ဌ၊၁၊၁၈၇။ သံ၊ဋ္ဌ၊၂၊၉၁)၊
  4. (နေတ္တိ၊၃၂။ အံ၊ဋ္ဌ၊၃၊၃၆။ ဥဒါန၊ဋ္ဌ၊၃၃၈။ နေတ္တိ၊ဋ္ဌ၊၁၀၁)၊
  5. (မဟာနိ၊၆။ မ၊ဋ္ဌ၊၁၊၂၇)၊
  6. (ပဋိသံ၊၉၉၊ ၁၂၃။ ပဋိသံ၊ဋ္ဌ၊၁၊၂၉၁။ ပဋိသံ၊ဋ္ဌ၊၂၊၂၀)။
  7. (မဟာနိ၊၇၀၊ ၃၄၂။ သံ၊ဋ္ဌ၊၁၊၂၃)၊
  8. (မဟာနိ၊၄၅။ မဟာနိ၊ဋ္ဌ၊၁၆၃)၊
  9. (အဘိ၊ဓ၊၂၂၄။ မဟာနိ၊၃၄၂ )၊
  10. (မဟာနိ၊၃၄၃။ မဟာနိ၊ဋ္ဌ၊၃၈၄)၊
  11. (မဟာနိ၊၃၅၃)၊
  12. (ဒီ၊ဋ္ဌ၊၁၊၂၂၃။ ဒီ၊ဋ္ဌ၊၂၊၃၆)၊
  13. (အဘိ၊ဝိ၊၃၉၇)
  14. (အဘိ၊၁၊၂၄၃)
  15. (ဥဒါန၊ဋ္ဌ၊၂၁၆)
  16. (အဘိ၊ဋ္ဌ၊၁၊၂၉၇)
  17. (နေတ္တိ၊၇၃။ နေတ္တိ၊ဋ္ဌ၊၁၄၇-၈။ နေတ္တိ၊ဝိ၊၂၂၉)
  18. (နေတ္တိ၊ဝိ၊၂၂၉)
  19. (နေတ္တိ၊ဋ္ဌ၊၁၄၇)
  20. (ပဋ္ဌာန၊၁၊၁၄၇-၈)
  21. (အဘိ၊ဝိ၊၃၆၃)
  22. (သံ၊ဋ္ဌ၊၁၊၂၁၇။ သံ၊ဋီ၊၁၊၂၆၂)
  23. (ထေရ၊ဋ္ဌ၊၂၊၈၃)
  24. (မ၊ဋ္ဌ၊၁၊၁၇-၈)။
  25. (ဒီ၊ဋ္ဌ၊၁၊၂၆-၇)
  26. ( အပ၊၂၊၂၉၅။ ထေရီ၊ဋ္ဌ၊၂၀၇-၈)။ မာန ဇပ္ပေတိ ယော ဧဝရူပေါ မာနော မညနာ မညိတတ္တံ။ အဘိ၊ဝိ၊၃၆၆။ မာနံ ဘိက္ခဝေ ဧကဓမ္မံ ပဇဟထ။ ဣတိဝုတ်၊၁၉၇။ မာနန္တိ ဇာတိအာဒိဝတ္ထုကံ စေတသော ဥန္နမနံ။ သော ဟိ သေယျောဟမသ္မိံတိ အာဒိနာ နယန မညန္တိ တေန, သယံ ဝါ မညတိ, မာနနံ သမဂ္ဂဟောတိ ဝါ မာနောတိ ဝုစ္စတိ။ ဣတိဝုတ်၊ဋ္ဌ၊၄၇။ မညတီတိ မာနော။ အဘိ၊ဋ္ဌ၊၁၊၂၉၇။ (၂၈၂၊ ၄၀၄။)
  27. တိပိဋကအဘိဓာန် အတွဲ-၁၆