မာရီအန်တွာနတ်မိဖုရား
မာရီအန်တွာနတ်မိဖုရား (ခရစ် ၁၇၅၅ - ၁၇၉၃)
ပြင်ဆင်ရန်မာရီအန်တွာနတ်သည် ပြင်သစ်ပြည် ၁၆ ဆက်မြောက် လူဝီဘုရင်၏ မိဖုရားဖြစ်၏။ ဩစတြီးယန်းဧကရီဘုရင်မ မရီးယာ တရီးဇာနှင့် ဒုတိယဖရန်စစ်ဘုရင်တို့၏ စတုတ္ထသမီးတော်ဖြစ်၍ အသက် ၁၅ နှစ်အရွယ်၌ ပြင်သစ်အိမ်ရှေ့မင်းသား လူဝီ၏ ကြင်ယာတော်ဖြစ်လာလေသည်။ မရီးယာ တရီးဇားဘုရင်မ
မာရီအန်တွာနတ်သည် အပူအပင်မရှိဘဲ ပျော်ပျော်နေတတ် ၍ အသုံးအဖြုန်းကြီးသူ ဖြစ်၏။ ပြင်သစ်ထီးနန်းဓလေ့ထုံးစံများကို ဂရုမစိုက်သည့်ပြင် ယင်းတို့ကို ငြီးငွေ့လှသဖြင့် သူမိဖုရားကြီး ဖြစ် လာသည့်အခါ တစ်မျိုးတစ်ဖုံ ပြောင်းလဲပစ်မည်ဟူ၍ပင် ကြံစည် စိတ်ကူးခဲ့လေသည်။ ၁၇၄၄ ခုနှစ်၌ မိဖုရားကြီး ဖြစ်လာလေသည်။ ထိုအခါ အသုံးအဖြုန်းကို လျှော့ရန် ကြိုးပမ်းနေခဲ့သော ဝန်ကြီး တာဂိုးနှင့် ဝန်ကြီး နက်ကာတို့ကို ရန်သူပမာ သဘောထားကာ 0x100သစတြီးယား၏ အကျိုးစီးပွားကိုလိုလားသော လက္ခဏာများ အထင် အရှား ပြလာပြီးလျှင် နိုင်ငံရေးတွင် ဝင်၍ ခြေရှုပ်လာသည်နှင့် သူ့ကို လူများက အယုံအကြည် ကင်းမဲ့လာကြလေသည်။ မိဖုရားကြီး သည် ပြင်သစ်နိုင်ငံကို ကောင်းကျိုးအနည်းငယ်မျှ ပေးမည် မဟုတ်သည့် ဩစတြီးယန်း သူလျှိုဖြစ်သည်ဟုလည်း တီးတိုးပြော ဆိုကြလေသည်။ သို့ဖြစ်၍ ၁၇၈၉ ခုနှစ်၌ ပြင်သစ်တော်လှန်ရေး မဖြစ်ပွားမီကလေးတွင် ဆင်းရဲသားများက သူတို့ငတ်ပြတ်နေခြင်း၏ အကြောင်းရင်းတစ်ခုမှာ မိဖုရားကြီး အန်တွာနတ် အသုံးအဖြုန်း ကြီးခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆို ကြလေသည်။
သူသည် သက်ဦးဆံပိုင်စံနစ်ကို နှစ်သက်သူဖြစ်၍ သမ
မျှတသော ဘုရင့်ဂိုဏ်းသားများနှင့်ပင် သဘောကွဲလွဲခဲ့လေသည်။
ပြောင်းလဲလှုပ်ရှားနေသော နိုင်ငံရေးအခြေအနေကို သူနားမလည်
ချေ။ ထိုသို့ အခြေအနေ ပြောင်းလဲလာသဖြင့်
သူရင်ဆိုင်ရမည်ဖြစ် သော ဘေးအန္တရာယ်များကိုလည်း
သူမသိမမြင်ချေ။ စိတ်သဘော ထားပျော့ညံ့သော ဘုရင်မှာ
သူကြိုးဆွဲတိုင်း ကနေရလေသည်။ သူ သည် ဘုရင့်အား
အခွင့်အရေးများ မပေးရန် ကြိုးဆွဲခဲ့၏။ သို့ဖြစ် ၍ တိုင်းပြည်ကို
အုပ်ချုပ်ပုံညံ့ဖျင်းသည်ဟု ဘုရင်ကိုစွပ်စွဲသည်ထက် သူ့ကိုသာ
စွပ်စွဲသင့်လေသည်။ ထို့ပြင် အကယ်၍သာ သူသည် မျှတသော
သဘောရှိသည့် တော်လှန်ရေးခေါင်းဆောင်များနှင့် ပူးပေါင်း
ဆောင်ရွက်ခဲ့လျှင် အခြေအနေမှာ တစ်မျိုးတစ်ဖုံ ကောင်းလာ
ဦးမည် ဖြစ်လေသည်။
ခေါင်းဆောင် တစ်ဦးဖြစ်သော ကောင့်မီးရာဗိုးသည် အင်္ဂလန်ပြည်တွင်ကဲ့သို့သော စည်းမျဉ်းခံ ဘုရင့်အစိုးရစနစ်ကိုလို လားသည်ဟု ဆိုလေသည်။ သို့သော် မိဖုရားကြီးကား ခေါင်းမာ စွာနှင့် မီးရာဗိုး၏ အုပ်ချုပ်ရေးကို ပြုပြင်ရန် အကြံကို လက်မခံခဲ့ ချေ။ ၁၇၈၉ ခုနှစ် ဆောင်းရာသီတွင် ဗာဆေးနန်းတော်၌ နေထိုင်ခဲ့ စဉ်က အငတ်ငတ် အမွတ်မွတ် ဖြစ်နေသော လူအုပ်ကြီး၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ပါရစ်မြို့သို့ ပြောင်းရွှေ့နေထိုင် သည်မှ အစပြု၍ မိဖုရားကြီး အန်တွာနတ်မှာ ယခင်ကထက်ပင် ခေါင်းမာလာခဲ့လေသည်။
ထိုကြောင့် တော်လှန်ရေးသမားတို့ကို အနည်းငယ်မျှပင် လျှော့ပေးရန် ငြင်းဆန်ခဲ့၏။ ထိုမျှမကသေး သူ၏ မောင်တော် ဩစတြီးယားဘုရင် ဒုတိယဂျိုးဇက်ထံသို့ပင် လူသူလက်နက် အကူအညီပေးရန် တောင်းခဲ့သေးသည်။
၁၇၉၁ ခုနှစ်တွင် ဘုရင်ကို သွေးဆောင်ပြီးနောက် သူတို့ မိသားစု ညဉ့်အချိန် ပါရစ်မြို့မှ တိတ်တဆိတ် ထွက်ပြေးခဲ့ရာ၊ ပြင်သစ်နယ်စပ် ဗာရင်းမြို့တွင် ဖမ်းမိသွား၍ သူတို့ကို ပါရစ်မြို့သို့ ပြန်လည်ခေါ်ဆောင်သွားလေသည်။ ထိုသို့ ထွက်ပြေးရန် ကြံစည်ခဲ့ သဖြင့် အခြေအနေမှာ ပို၍ ဆိုးခဲ့လေသည်။
၁၇၉၂ ခုနှစ် ဇွန်လအတွင်းတွင် တစ်ကြိမ်၊ ထိုနှစ် ဩဂုတ်လ အတွင်းတွင် တစ်ကြိမ် ပါရစ်လူထုသည် နန်းတော်ကိုလာရောက်တိုက်ခိုက်ခဲ့၏။ ဒုတိယအကြိမ်တွင် ဘုရင်၊ မိဖုရားနှင့်တကွ ဆွေမျိုးတစ်စုကို ဖမ်းဆီးပြီးလျှင် ထောင်သွင်းအကျဉ်းထားခဲ့လေ သည်။ ၁၇၉၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် လူဝီဘုရင် ခေါင်းဖြတ် အသတ်ခံရလေသည်။
မာရီအန်တွာနတ်မိဖုရားကြီးမှာ ဩစတြီးယားနှင့် စစ်ဖြစ် စဉ်က ပြင်သစ်တို့၏ အကြံအစည်များကို သစ္စာဖောက်ကာ ရန်သူ ဘက်သို့ ပေးပို့မှုဖြင့် စွပ်စွဲခံရ၍၊ သာမန်အကျဉ်းသားများထားရှိ သော ထောင်အတွင်း ချုပ်ထားခြင်းခံရသည်။
သူတို့ သစ္စာဖောက်မှုနှင့် တရားစွဲဆို စစ်ဆေးနေခဲ့စဉ် လူအများက ပြက်ရယ်ပြောဆို လှောင်ပြောင်ကျိန်ဆဲ ကြသည်များကို သဘောထားကြီးကြီးနှင့် သည်းခံကာ အမူအရာမပျက်ဘဲ ရှိနေခဲ့လေ သည်။ သူ့ကို အပြစ်ထင်ရှားသည်ဟု သေဒဏ်ပေးလိုက်သောအခါတွင်လည်း တည်ငြိမ်ခန့်ညားသော အမူအရာနှင့် ဣန္ဒြေမပျက် လူသတ်စင်ပေါ်သို့ တက်ရောက်ခဲ့လေသည်။ သို့ဖြင့် ၁၇၉၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဥရောပတိုက်တွင် အလှပဆုံး နှင့် အပျော်ရွင်ဆုံး ဖြစ်ခဲ့သော မိဖုရားသည် လူ့ဘဝကို စွန့်ခွာသွား ရလေတော့သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)