မာလာကန်ညင်နန်းတော်

ဖိလစ်ပိုင်နိုင်ငံသမ္မတ ရုံးထိုင်ရာ​နေရာနှင့် ​နေထိုင်ရာအိမ်​တော်

မာလာကန်ညင်နန်းတော်[၃] (အင်္ဂလိပ်: Malacañang Palace)သည် ဖိလစ်ပိုင်နိုင်ငံသမ္မတ၏ တရားဝင် နေထိုင်ရာအိမ်တော်နှင့် ရုံးထိုင်ရာ ရုံးဖြစ်သည်။ပြည်ပနိုင်ငံများမှ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံခြင်း၊ အဆင့်မြင့်ဧည့်သည်တော်များကို ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခြင်း စသည်တို့ကို ဤနေရာတွင် ပြုလုပ်လေ့ရှိသည်။မနီလာမြို့တွင် တည်ရှိကာ ပါဆစ်မြစ်ကမ်းဘေးတွင်ဖြစ်သည်။နန်းတော်နယ်နိမိတ်တွင် အိမ်တော်များ၊ ရုံးအဆောက်အဦးများ စသည်ဖြင့် များပြားစွာ ပါဝင်သည်။

မာလာကန်ညင်နန်းတော်
Malacañan Palace
Palasyo ng Malakanyang (Filipino)
Map
အခြားအမည်များMalacañan Palace
Malacañang
အထွေထွေ အချက်အလက်များ
အမျိုးအစားအိမ်တော်နှင့် ရုံး
တည်နေရာမနီလာမြို့
နိုင်ငံ ဖိလစ်ပိုင်
ကိုဩဒိနိတ်14°35′38″N 120°59′40″E / 14.5939°N 120.9945°E / 14.5939; 120.9945ကိုဩဒိနိတ်: 14°35′38″N 120°59′40″E / 14.5939°N 120.9945°E / 14.5939; 120.9945
လက်ရှိ အငှားနေထိုင်သူဘွန်ဘွန်မားကို့စ်
သမ္မတ
တည်ဆောက်မှု စတင်၁၇၅၀[၁]
ပိုင်ဆိုင်သူဖိလစ်ပိုင်နိုင်ငံအစိုးရအဖွဲ့[၂]
ဝဘ်ဆိုဒ်
malacanang.gov.ph

မူလပုံစံမှာ ၁၇၅၀ပြည့်နှစ်တွင် တည်ဆောက်ခဲ့ပြီး ပါဆစ်မြစ်ဘေးရှိ နွေရာသီစံအိမ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ထိုစဉ်က ကျေးလက်ဒေသရှိ ခေတ်မီအဆောက်အဦးပုံစံဖြစ်ကာ ကျောက်တုံးများဖြင့် တည်ဆောက်ခဲ့သည်။ဓနိမိုးပြီး ဝါးများဖြင့် ကာရံထားသည့် တံတားတစ်စင်းလည်း ပါဝင်သည်။၁၈၂၅ခုနှစ်တွင် စပိန်ဘုရင်ခံချုပ်အတွက် ​နွေရာသီစံအိမ်အဖြစ် အစိုးရအိမ်​တော်ဖြစ်လာခဲ့သည်။[၄]

၁၈၆၃ခုနှစ် ဇွန်လ ၃ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘုရင်ခံချုပ်နေထိုင်ရာ အိမ်တော်ပြိုကျမှု ဖြစ်ပွားခဲ့သည်။ထို့ကြောင့် မာလာကန်ညင်တွင် ပြောင်း၍နေထိုင်ရာ စပိန်နယ်ချဲ့တို့၏ အုပ်ချုပ်မှုဆိုင်ရာ နေရာဖြစ်လာခဲ့သည်။၁၈၉၈ခုနှစ် အမေရိကန်နိုင်ငံက ဖိလစ်ပိုင်ကျွန်းများ၏ အချုပ်အခြာအာဏာကို ထိန်းထားချိန်တွင် မာလာကန်ညင်နန်းတော်ကို ဆက်လက်အသုံးပြုခဲ့ကြသည်။

၁၈၆၃ခုနှစ်မှစ၍ မာလာကန်ညင်နန်းတော်တွင် စပိန်ဘုရင်ခံချုပ် (၁၈)ဦး၊ အမေရိကန် စစ်ဖက်နှင့် အရပ်ဖက် အုပ်ချုပ်သူ (၁၄)ဦး နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဖိလစ်ပိုင်သမ္မတများ နေထိုင်ခဲ့ကြသည်။စပိန်နှင့် အမေရိကန်တို့ လက်ထက်တွင် နန်းတော်အကျယ်အဝန်းကို တိုးချဲ့ခဲ့ပြီး အဆောက်အဦးများလည်း တိုး၍တည်ဆောက်ခဲ့သည်။၁၉၇၈မှ ၁၉၇၉ခုနှစ်များအတွင်း ဖာဒီနန်မားကို့စ်လက်ထက်တွင် သမ္မတကတော် အမ်မယ်ဒါမားကို့စ်က နန်းတော်ကို အကြီးအကျယ်ပြန်လည်ပြင်ဆင်ခဲ့ပြီး အကျယ်တဝင့် ပြန်လည်တည်ဆောက်ခဲ့သည်။

မာလာကန်ညင်နန်းတော်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးဒဏ်အကြီးအကျယ်ခံရခြင်းမှ လွတ်မြောက်ခဲ့သည့် တစ်ခုတည်းသော မနီလာမြို့ရှိ အဓိကရုံးအဆောက်အဦးဖြစ်သည်။ယခုလက်ရှိ ပဉ္စမမြောက်သမ္မတနိုင်ငံခေတ်တွင် ၁၄ယောက်မြောက်သမ္မတ ဂလိုရီရာ မာဂါပါကယ် အာရိုယိုတစ်ဦးတည်းသာ ပင်မနန်းတော်ကို ရုံးနှင့် အိမ်တော်အဖြစ်အသုံးပြုခဲ့သည်။[၅]အခြားသမ္မတများသည် နန်းတော်နယ်နိမိတ်အတွင်းရှိ အခြားသော အဆောက်အဦးများတွင် နေထိုင်ခဲ့ကြသည်။

အမည်နာမ ပြင်ဆင်ရန်

အဆောက်အဦးနှင့်ပက်သက်၍ ဖော်ပြထားသည့် အစောဆုံးသော မှတ်တမ်းမှာ ၁၈၇၇ခုနှစ်တွင် စပိန်သမိုင်းပညာရှင် Felipe de Govantes ရေးသားခဲ့သော Compendio de la Historia de Filipinas ဖြစ်သည်။ထိုမှတ်တမ်းတွင် Malacañán ဟူသောအသုံးကို ငါးဖမ်းသမား၏နေရာဟု ဖော်ပြခဲ့သည်။ဤအဓိပ္ပါယ်ကို ၁၈၉၅ခုနှစ်တွင် José Montero y Vidal ရေးသားသော Historia general de Filipinas နှင့် ၁၉၁၆ခုနှစ်တွင် Manuel Artigas y Cuerva ရေးသားသော Historia de Filipinasတို့တွင် ထပ်မံဖော်ပြခဲ့သည်။နောက်ပိုင်းတွင်စပိန်ကိုလိုနီအာဏာပိုင်များကMalacañánအဖြစ်ရိုးရှင်းအောင်လုပ်ပြီးစပိန်အက္ခရာသင်္ကေတများနှင့်အညီလိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ခဲ့သည်။ချမ်းသာသော စပိန်စီးပွားရေးသမားတစ်ဦး၏ အဆိုအရ may lakan diyanဟူသော စာစုသည် ဘုရင် (သို့မဟုတ် ခေါင်းဆောင်) သည် ထိုနေရာတွင်ရှိသည်ဟု အဓိပ္ပါယ်ရသည်။

စပိန်ခေတ်တွင်ထုတ်ဝေသော စပိန်ဘာသာစကားစာအုပ်တွင် Malacañang ဟုစာလုံးပေါင်းသည်။၁၈၉၈မှ ၁၉၄၆အထိ အမေရိကန်မှ အာဏာရယူထားချိန်တွင် Malacañanဟု ပြောင်းခဲ့သည်။သို့သော် ၁၉၅၃ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့ သမ္မတ ရာမွန် မက်ဆေးဆေး လက်ထက်တွင် Malacañangဟု ပြန်ပြောင်းခဲ့သည်။သမ္မတ ကိုရာဇွန် အကွီနိုလက်ထက်တွင် Malacañan Palace ဟူသောအသုံးသည် သမ္မတနေထိုင်ရာအိမ်အဖြစ် ရည်ညွှန်းရာတွင်သုံးပြီး Malacañang Palaceသည် သမ္မတရုံးထိုင်ရာနေရာအဖြစ် ရည်ညွှန်းရာတွင် အသုံးပြုခဲ့သည်။လက်ရှိအချိန်တွင် Malacañan Palace ဟူသောအသုံးသည် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်သော စာရွက်စာတမ်းများတွင် အသုံးပြုပြီး Malacañang Palace ဟူသော အသုံးသည် အခြားသူများ လက်မှတ်ရေးထိုးသော စာရွက်စာတမ်းများတွင် အသုံးပြုသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

စပိန်ကိုလိုနီခေတ် ပြင်ဆင်ရန်

ယခင်က စပိန်လူမျိုးအုပ်ချုပ်သူများသည် မနီလာမြို့ရှိ Palacio del Gobernador တွင် နေထိုင်ခဲ့ကြသည်။မာလာကန်ညင်နန်းတော်ကို ၁၇၅၀ပြည့်နှစ်တွင် ကျေးလက်အိမ်ပုံစံဖြင့် တည်ဆောက်ခဲ့သည်။ဤအိမ်တော်မှာ စပိန်မင်းမျိုးမင်းနွယ်ဖြစ်သူ Don Antonio V. Rocha ပိုင်ဆိုင်သော ၁၆ဟက်တာ အကျယ်အဝန်းရှိ မြေပေါ်တွင် တည်ဆောက်ထားသည်။၁၈၀၂ခုနှစ် နိုဝင်ဘာ ၁၆ရက်နေ့တွင် စပိန်ဗိုလ်မှူးကြီး José Miguel Formento ထံသို့ ပီဆိုတစ်ထောင်ဖြင့် ရောင်းချခဲ့သည်။၁၈၂၅ခုနှစ်တွင် ၎င်းကွယ်လွန်ပြီး ဤအိမ်တော်ကို အစိုးရသို့ ရောင်းချခဲ့သည်။အိမ်တော်ရှိ ဈေးကြီးသော ဥယျာဉ်ခြံနှင့် ပါဆစ်မြစ်ကို မြင်ရသည့် ဝရန်တာတို့ကြောင့် ဤအိမ်ကို နွေရာသီစံအိမ်အဖြစ် အသုံးပြုခဲ့ကြသည်။

၁၈၆၃ခုနှစ် ဇွန်လ ၃ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့်  Palacio del Gobernador အဆောက်အဦးမှာ ပျက်စီးခဲ့သဖြင့် မာလာကန်ညင်သည် ဘုရင်ခံချုပ်၏ တရားဝင်အိမ်တော် ဖြစ်လာခဲ့သည်။Rafael de Echague y Berminghan သည် ဤအိမ်တော်တွင် နေထိုင်သည့် ပထမဆုံးသော စပိန်ဘုရင်ခံချုပ်ဖြစ်လာခဲ့သည်။အိမ်တော်သည် အလွန်သေးငယ်သဖြင့် မူလအိမ်တော်၏ အနောက်တွင် ၂ထပ်တိုးချဲ့ဆောင်ကို တစ်ဆက်တည်း ဆောက်လုပ်ခဲ့သည်။ထို့အပြင် မြင်းစောင်း၊ ဆိပ်ခံတံတားများ တည်ဆောက်ခဲ့သည်။ထို့အပြင် လက်ထောက်များ၊ အစောင့်များ၊ အစေခံများအတွက်လည်း အဆောက်အဦးများ တည်ဆောက်ခဲ့သည်။ ၁၈၆၉ ငလျင်ကြောင့် ပြန်လည်ပြုပြင်ရေးများ လုပ်ခဲ့ရပြီး ၁၈၇၅ခုနှစ်မှ ၁၈၇၉ခုနှစ်အတွင်းတွင် ငလျင်များ၊ တိုင်ဖွန်းမုန်တိုင်းများနှင့် မီးလောင်မှုများကြောင့် အကြီးစား ပြန်လည် ပြင်ဆင်ခဲ့ရသည်။

၁၈၈၀ပြည့်နှစ် ငလျင်လှုပ်ပြီးနောက်လည်း ပြန်လည်ပြုပြင်ခဲ့ရသည်။ဤတစ်ကြိမ်တွင် မျက်နှာစာ၌ ဆင်ဝင် တည်ဆောက်ခဲ့သည်။၁၈၈၅ခုနှစ်တွင် အဆောက်အဦးရှေ့၌ အလံတိုင် တပ်ဆင်ခဲ့သည်။ ပြင်ဆင်မှုများအတွက် ဖိလစ်ပိုင်ပီဆို ၂၂,၀၀၀ ကုန်ကျခဲ့သည်။

၁၈၉၈ခုနှစ်တွင် စပိန်တို့၏ အုပ်ချုပ်မှု ပြီးဆုံးချိန်၌ မာလာကန်ညင်နန်းတော်သည် သစ်သားအဆောက်အဦးများ ပြန့်ကျဲကာ တည်ဆောက်ထားသော ခြံဝန်းကြီးအဖြစ် ကျန်ရှိခဲ့သည်။

အမေရိကန်ကိုလိုနီခေတ် ပြင်ဆင်ရန်

စပိန် - အမေရိကန် စစ်ပွဲအပြီးတွင် ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်လက်အောက်သို့ ရောက်ရှိခဲ့သည်။ထိုအချိန်မှစ၍ မာလာကန်ညင်သည် အမေရိကန်ဘုရင်ခံချုပ်များအတွက် ဖြစ်လာခဲ့သည်။ပထမဆုံးသော ပုဂ္ဂိုလ်မှာ ၁၈၉၈ခုနှစ်တွင် ရောက်ရှိလာသည့် ဗိုလ်ချုပ်ကြီး ဝက်စလေ မဲရစ်ဖြစ်သည်။၁၉၀၁ခုနှစ်တွင် စတင်အုပ်ချုပ်သည့် ဝီလျံဟောင်းဝပ်သည် ပထမဆုံးသော အရပ်သားအုပ်ချုပ်သူ ဖြစ်ခဲ့သည်။အစဉ်အဆက် အုပ်ချုပ်သူများသည် မာလာကန်ညင်၏ အကျ်းအဝန်းကို ဆက်တိုက်တိုးချဲ့ခဲ့ကြသည်။ပင်မအဆောက်အဦးကိုလည်း အကြီးစား ပြင်ဆင်လာကြသည်။သစ်သားများနေရာတွင် ကွန်ကရိများဖြင့် အစားထိုးလာကြသည်။အတွင်းပိုင်းကို သစ်သားများဖြင့် အလှဆင်ပြီး မီးဆိုင်းကြီးများလည်း တပ်ဆင်လာခဲ့ကြသည်။

အမ်မီလီယို အာဂွီနယ်လ်ဒိုသည် စပိန်ခေတ်က ဖိလစ်ပိုင်တော်လှန်ရေးအတွင်း ဖွဲ့စည်းသောအစိုးရအဖွဲ့တွင် သမ္မတဖြစ်လာကာ ဖိလစ်ပိုင်နိုင်ငံ၏ ပထမဆုံးသမ္မတအဖြစ် မှတ်ယူခံရသည်။၎င်းသည် မာလာကန်ညင်နန်းတော်တွင် မနေထိုင်ခဲ့သော်လည်း ၁၉၀၁ခုနှစ် အမေရိကန်တို့လက်ထက်တွင် ဖမ်းဆီးခံခဲ့ရပြီး မာလာကန်ညင်တွင် နိုင်ငံရေးအကျဉ်းသားအဖြစ် ထိန်းသိမ်းခံခဲ့ရသည်။သူသည် ကာဗိုက်နယ်၊ ကာဝစ်မြို့ရှိ ၎င်း၏နေအိမ်တွင်ပင် ရုံးစိုက်ခဲ့သည်။

 
၁၉၁၀ပြည့်နှစ်က​တွေ့ရစဉ်

ဓနသဟာယခေတ် ပြင်ဆင်ရန်

၁၉၃၅ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့တွင် ဖိလစ်ပိုင်ဓနသဟာယနိုင်ငံ ထူထောင်ခဲ့ပြီး မာလာကန်ညင်သည် ဖိလစ်ပိုင်သမ္မတများအတွက် ရုံးစိုက်ရာ ဖြစ်လာခဲ့သည်။ဒုတိယမြောက်သမ္မတ ကွီဇုန်သည် ပထမဆုံးသော ရုံးထိုင်သူဖြစ်သည်။အမေရိကန်လက်ထက်နှင့် မတူညီသည်မှာ မာလာကန်ညင်န်းတော်အတွင်း ရေကြီးမှုကို ထိန်းချုပ်နိုင်ခဲ့သည်။သမ္မတကွီဇုန်သည် ၁၅ပေမြင့်သော တာရိုးကို တည်ဆောက်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက မနီလာမြို့တွင် ဗုံးကျဲချမှု ဖြစ်ပွားခဲ့သော်လည်း မာလာကန်ညင်သည် လွတ်မြောက်ခဲ့သည်။မနီလာမြို့ရှိ အဓိကကျသော အစိုးရအဆောက်အဦးများတွင် လွတ်မြောက်ခဲ့သည့် တစ်ခုတည်းသော အဆောက်အဦးဖြစ်သည်။နန်းတော်၏ အနောက်တောင်ဘက်ခြမ်းရှိ နိုင်ငံတော်အဆင့်ထမင်းစားခန်းမသာလျှင် ပစ်ခတ်မှုများကြောင့် ထိခိုက်ခဲ့သည်။၁၉၄၂ခုနှစ်တွင် ဂျပန်တို့သိမ်းပိုက်ထားပြီးနောက် မာလာကန်ညင်ကို အကျဉ်းထောင်အဖြစ် အသုံးပြုခဲ့သည်။ထိုအတောအတွင်း သမ္မတကွီဇုန်သည် အခြားနေရာသို့ ပြောင်း၍ ရုံးထိုင်ခဲ့သည်။

 
၁၉၄၀ပြည့်နှစ်က​တွေ့ရစဉ်

နောက်ပိုင်းနှစ်များ ပြင်ဆင်ရန်

သမ္မတ မာဂါပါကယ်လက်ထက်တွင် မာလာကန်ညင်ကို အကြီးစား ပြုပြင်ခဲ့ရသည်။သမ္မတကတော် အီဗာမာဂါပါကယ်က နန်းတော်ပြုပြင်ရေးများအတွက် ကြီးကြပ်ခဲ့သည်။မာလာကန်ညင်နန်းတော်တွင် အရှည်ကြာဆုံး နေထိုင်သူများမှာ သမ္မတ ဖာဒီနန်မားကို့စ်နှင့် သမ္မတကတော် အီမယ်ဒါတို့ဖြစ်ကာ ၁၉၆၅ ဒီဇင်ဘာလမှ ၁၉၈၆ ဖေဖော်ဝါရီအထိ နေထိုင်ခဲ့သည်။၁၉၇၀ကာလများတွင် ကျောင်းသားအုံကြွမှုများ ဖြစ်ပွားခဲ့ပြီး မာလာကန်ညင်နန်းတော်၏ ဝင်ပေါက်များ ကျိုးပျက်လုနီးပါး ဖြစ်ပွားခဲ့သည်။ထို့ကြောင့် မာရှယ်လော ထုတ်ပြန်ခဲ့ပြီး နန်းတော်ပတ်ဝန်းကျင်သို့ အများပြည်သူ သွားလာခွင့်ကို ပိတ်ပင်ခဲ့သည်။

ပါဆစ်မြစ်သည် ၁၉၇၀နှစ်များတွင် အနံ့ဆိုးများ ဖြစ်လာပြီး ခြင်များ ပေါက်ဖွားရာနေရာ ဖြစ်လာခဲ့သည်။၁၉၇၈ နှင့် ၁၉၇၉ခုနှစ်များတွင် သမ္မတကတော် အီမယ်ဒါက အကြီးစားပြင်ဆင်မှုများ စိတ်ကြိုက် ဆောင်ရွက်ခဲ့သည်။နန်းတော်နယ်နိမိတ်ကို အရပ်လေးမျက်နှာသို့ လေးဖက်လေးတန် တိုးချဲ့ခဲ့သည်။သမ္မတမိသားစု၏ ဆန္ဒကို ဖြည့်စည်းရန်အတွက်သာမက ရာစုနှစ်တစ်ဝက်နီးပါး ပြန်လည်ပြုပြင်ရေးများ မကြာခဏ ပြုလုပ်ခဲ့၍ နန်းတော်မှာ အားနည်းလာခဲ့ရာ နန်းတော်ကို အကြီးစား ပြန်လည်တည်ဆောက်ခဲ့သည်။ဤတည်ဆောက်မှုများကို အီမယ်ဒါက အနီးကပ် ကြီးကြပ်ကာ ညွှန်ကြားသည်။အဆောက်အဦးအသစ်သည် ကွန်ကရိ ကြမ်းခင်းများ၊ နံရံများ၊ သံမဏိများဖြင့် တည်ဆောက်ထားကာ ၎င်းကို သစ်သားများဖြင့် ဖုံးအုပ်ထားသည်။နန်းတော်သည် ကျည်ကာလာနိုင်ပြီး လေအေးပေးစက်စနစ်လည်း ပါဝင်သည်။ကိုယ်ပိုင် ဓာတ်အားပေးစနစ်လည်း တပ်ဆင်ခဲ့သည်။

ပါဆစ်မြစ် တစ်ဖက်ကမ်းရှိ မာလာကန်ညင်ဂေါက်ကွင်းနယ်နိမိတ်တွင် Bahay Pangarap (အိပ်မက်နန်းတော်) ဟူသော ဧည့်ဂေဟာကို တည်ဆောက်ခဲ့သည်။

၁၉၈၆ခုနှစ် လူထုတော်လှန်ရေးအပြီး ဖာဒီနန်မားကို့စ် ပြုတ်ကျချိန်တွင် ဆန္ဒပြသူများသည် မာလာကန်ညင်ကို ဝင်ရောက် စီးနင်းခဲ့သည်။သမ္မတမိသားစုသည် ဟာဝိုင်ယီသို့ ထွက်ပြေးသွားခဲ့သည်။ဝင်ရောက်စီးနင်းမှုမှတစ်ဆင့် မားကို့စ်မိသားစု၏ ကြွယ်ဝချမ်းသာမှုများကို မြင်တွေ့ခဲ့ရသည်။ထိုအထဲတွင် သမ္မတကတော် အီမယ်ဒါ၏ မြောက်မြားလှစွာသော ဖိနပ်များလည်း ပါဝင်သည်။

စတုတ္ထသမ္မတနိုင်ငံခေတ်၏ခေါ်တွင်သော ဖာဒီနန်မားကို့စ်ခေတ်၏ သရုပ်ပျက်မှုမှ ခပ်ခွာခွာနေရန်အတွက် သမ္မတအသစ်ဖြစ်သူ ကိုရာဇွန် အကွီနိုသည် အနီးရှိ အာလဂွီအိမ်တော်ကြီးတွင်သာ နေထိုင်ခဲ့သည်။သို့ရာတွင် မာလာကန်ညင်နန်းတော်သည် အစိုးရလုပ်ငန်းများဆောင်ရွက်ရာ အဆောက်အဦးအဖြစ် ကျန်ရှိခဲ့သည်။၎င်းကို ဆက်ခံသော သမ္မတ ဖီဒယ်ရာမို့စ်သည်လည်း ဤကဲ့သို့ပင်ဖြစ်သည်။EDSA IIအပြီးတွင် အစိုးရဆန့်ကျင်မှုများကြောင့် မာလာကန်ညင်၏ လုံခြုံရေးမှာ တင်းကြပ်ခဲ့သည်။

သမ္မတ အာရိုယိုလက်ထက်ရောက်သောအခါ မာလာကန်ညင်နန်းတော်တွင် ပြန်လည် နေထိုင်ခဲ့သည်။၎င်းသည် ဖခင်ဖြစ်သူ သမ္မတ ဒီရိုစတာဒို မာဂါပါကယ်လက်ထက်က မာလာကန်ညင်တွင် နေထိုင်ခဲ့ဖူးသည်။

ယခင်သမ္မတ ဘီနင်နို အကွီနို (၃)နှင့် ရော်ဒရီဂို ဒူတာတေးတို့သည် ပါဆစ်မြစ်တစ်ဖက်ကမ်းရှိ Bahay Pangarap (အိပ်မက်နန်းတော်)တွင် နေထိုင်ကြသည်။

အဆောက်အဦးများ ပြင်ဆင်ရန်

မာလာကန်ညင်နန်းတော် ပြင်ဆင်ရန်

မာလာကန်ညင်နန်းတော်သည် ပင်မအဆောက်အဦးဖြစ်ကာ လက်ရှိအချိန်တွင် ခန်းမ (၁၀)ခုပါဝင်သည်။

Entrance Hall ပြင်ဆင်ရန်

သမ္မတထံသို့ လာရောက်ကြသည့် ဧည့်သည်တော်များသည် ဤနေရာမှ ဝင်ရောက်ကြသည်။နံရံနှင့် ကြမ်းပြင်ကို အဝါရောင် စကျင်ကျောက်များနှင့် မွမ်းမံထားသည်။ဤခန်းမမှ တည့်တည့်သွားလျှင် နိုင်ငံတော်အဆင့် ဧည့်ကြိုခန်းမသို့ တက်ရောက်ရန် လှေခါးရှိသည်။ဤခန်းမ၏ ဘယ်ဘက်တွင် ချပယ်နန်းတော်၊ ညာဘက်တွင် သူရဲကောင်းခန်းမတို့ တည်ရှိသည်။

Heroes Hall ပြင်ဆင်ရန်

ဤခန်းမတွင် ဖိလစ်ပိုင်၏ နာမည်ကျော်သူရဲကောင်း ၄၀ခန့်၏ ပန်းချီကားများ ချိတ်ဆွဲထားသည်။ဤခန်းမကို သမ္မတကတော် အီဗာ မာဂါပါကယ်က အမည်ပြောင်းခဲ့ခြင်းဖြစ်သည်။

Grand Staircase ပြင်ဆင်ရန်

Entrance Hallမှလွန်လာလျှင် ဖိလစ်ပိုင်လက်ရာများဖြင့် မွမ်းမံထားသည့် သစ်သားလှေခါးကြီး တည်ရှိသည်။လှေခါးကို ကော်ဇောနီခင်းထားသည်။လက်ရမ်းများကို သေးငယ်သော သစ်သားအပိုင်းအစများဖြင့် ပုံဖော်ထားသည်။စပိန်အုပ်ချုပ်သူများ၊ အမေရိကန်အုပ်ချုပ်သူများနှင့် ဖိလစ်ပိုင်သမ္မတများသည် အစဉ်အဆက် ဤလှေခါးကို အသုံးပြုခဲ့ကြသည်။ဖာဒီနန်မားကိုစ့်က ပြန်လည်တည်ဆောက်ခြင်း မပြုမီတွင် ဤလှေခါးသည် ကျဉ်းမြောင်းခဲ့သည်။

လှေခါးထိပ်၏ ဘယ်ဘက်တွင် ၁၈၈၆ခုနှစ်က ရေးဆွဲခဲ့သော The Blood Compact ပန်းချီကားကို ချိတ်ဆွဲထားသည်။ဤပန်းချီကားသည် မူလဘောင်နှင့် ထားရှိထားဆဲဖြစ်သည်။ထိုပန်းချီကားရှေ့တွင် နိုင်ငံတော်အဆင့် ဧည့်သည်တော်များသည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြသည်။

ဘယ်ဘက်ရှိ တံခါးသည် သမ္မတမိသားစု၏ ကိုယ်ရေးကိုယ်တာ အခန်းများဖြစ်သည်။ထိုဘက်ခြမ်းတွင် ထမင်းစားခန်းများ၊ အိပ်ခန်းများ၊ ဧည့်ခန်းများ ပါဝင်သည်။သမ္မတ အာရိုယိုနှင့် မိသားစုသည် ထိုနေရာတွင် နေထိုင်ခဲ့သည်။အခြားသမ္မတများမှာမူ ဤပင်မအဆောက်အဦးတွင် နေထိုင်ခြင်းမရှိပေ။

Reception Hall ပြင်ဆင်ရန်

ပန်းချီကားမှဆက်၍လာလျှင် ဧည့်ခန်းမအတွင်းမဝင်မီတွင် ခန်းမအကျယ်ကြီးရှိသည်။ထိုခန်းမ၏ နံရံများတွင် ဖိလစ်ပိုင်သမ္မတများ၏ပုံများ ချိတ်ဆွဲထားသည်။အလယ်တွင်သမ္မတ၏အမှတ်တံဆိပ်ပါရှိသော ကော်ဇောတစ်ချပ်ခင်းထားသည်။ခန်းမ၏ဘယ်ဘက်တွင် စာကြည့်ခန်းရှိပြီး သမ္မတ (သို့မဟုတ်) သမ္မတကတော်အားတွေ့ဆုံရန်လာသောသူများသည် ဤခန်းမတွင် စောင့်ဆိုင်းရသည်။ခန်းမ၏ညာဘက်တွင် နိုင်ငံတော်အဆင့်ထမင်းစားခန်းမ တည်ရှိသည်။ထိုခန်းမတွင် နိုင်ငံတော်အဆင့် ဧည့်သည်တော်များအား တည်ခင်းဧည့်ခံလေ့ရှိသည်။

 
The Reception Hall

ဤဧည့်ကြိုခန်းမသည် ၁၉၇၉ပြန်လည်တည်ဆောက်မှုမတိုင်မီအထိ အကြီးဆုံးခန်းမဖြစ်ခဲ့သည်။ဤခန်းမ၏ အထူးခြားဆုံးသော အရာမှာ ၁၉၃၇ခုနှစ်တွင် သမ္မတကွီဇုန် ဝယ်ယူခဲ့သည့် ချက်နိုင်ငံမှ မီးဆိုင်းကြီး ၃ခုဖြစ်သည်။ဒုတိယကမ္ဘာစစ်အတွင်းက ဤမီးဆိုင်းများကို တစ်ဆင့်စီ ဖြုတ်သိမ်း၍ လုံခြုံရာတွင် ထိန်းသိမ်းထားခဲ့သည်။ဒုတိယကမ္ဘာစစ်ပြီးမှသာ ပြန်လည် တပ်ဆင်ခဲ့ရသည်။

Rizal Ceremonial Hall ပြင်ဆင်ရန်

နန်းတော်၌ ဤခန်းမသည် ယနေ့အချိန်တွင် အကြီးဆုံးခန်းမဖြစ်သည်။ဤခန်းမကို နိုင်ငံတော်အဆင့်ညစာစားပွဲများ၊ အဆင့်မြင့်စုဝေးပွဲများ၊ အဆင့်မြင့်အရာရှိကြီးများ၏ ကျမ်းကျိန်ဆိုခြင်းများ စသည်ဖြင့် အသုံးပြုသည်။အခမ်းအနားများတွင်အသုံးပြုရန် ခုံများပါရှိသည်။ညစာစားပွဲများကျင်းပရာတွင်မူ ခုံများကိုဖယ်ရှားပြီး စာပွဲဝိုင်းများ အစားထိုးထားသည်။

State Dining Room ပြင်ဆင်ရန်

နိုင်ငံတော်အဆင့် ဧည့်သည်တော်များကို ဧည့်ခံလေ့ရှိသော ခန်းမဖြစ်သည်။ဧည့်သည် ၅၀ခန့်ကို ဝန်ဆောင်မှုပေးနိုင်သည်။

ကိုးကား ပြင်ဆင်ရန်

  1. "Malacañan Palace Sesquicentennial" Archived 30 June 2013 at the Wayback Machine.. Presidential Museum & Library.
  2. Malacañan Palace။ 14 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 December 2021 တွင် ပြန်စစ်ပြီး။ “Situated in the old Manila district of San Miguel, over the 175 odd [sic] years that government has owned the place, the buildings have been remodeled, expanded, demolished and rebuilt, and adjoining lands bought.”
  3. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၄)
  4. Malacañan Palace | Presidential Museum and Library (in en-US)။ 14 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 December 2021 တွင် ပြန်စစ်ပြီး။
  5. "Malacañan Palace" Archived 14 November 2011 at the Wayback Machine.. Presidential Library and Museum. Retrieved on 2013-06-15.