မိဂသီနက္ခတ်
မာဂဓဘာသာ “မိဂသိရ”အား ရကျေနှင့် “မိဂသီ” မြန်မာမှု ပြုထားသော နက္ခတ်ကို ရာဇမတ္တဏ်နက္ခတ္တာဘိဓာနတွင် “သောမျောမိဂသိရော” အစချီလျက် နက္ခတ် ပရိယာယ် (၁၈) မျိုးဖြင့် ပြပါသည်။ ထိုပရိယာယ်အားလုံး ပင် “လဗိမာန်”ဟု အဓိပ္ပာယ်ရပေသည်။
အဘိဓာန်ဋီကာ၌ကား “မိဂသီသ သဏ္ဌာနတ္တာ၊ သမင် ဦးခေါင်းသဏ္ဌာန် ရှိသော။ တာရာပုဉ္စာ၊ ကြယ်အစုသည်။ မိဂသိရီ၊ မိဂသီနက္ခတ်မည်၏”ဟု ပြဆို၍ သမင်ဦးခေါင်း နှင့် တူသည့် ကြယ်စုဟု အဓိပ္ပာယ်ရပေသည်။
လုံးရေမှာ (၃)၊ “အုန်းသီးအညှာသဏ္ဌာန်၊ မင်းသား ဆိုင်းထမ်း” ပုံဟန်ရှိကြောင်း ပေါတ္တရသာဒိကျမ်းကဆိုပြီး ဂြဟသျှန္တီ၊ လဃုသင်္ဂြဟ၊ အာကာသသျှတ္တရ၊ ကပ္ပဝဏ္ဏာနာ၊ သိင်္ဃဗောဓကျမ်းနှင့် ရွှေမင်ရေး ပုရပိုက်ဖြူတွင်မူ (၃) လုံး နက္ခတ်၊ သမင်ဦးခေါင်းသဏ္ဌာန်ဟု တညီတညွတ် ဆိုကြပေသည်။ သေနင်္ဂဗျူဟာကျမ်း၌မူ လိပ်ခေါင်းသဏ္ဌာန် (၃) လုံးဟု တွေ့ရသည်။
မိဂသီနက္ခတ်ကို “သသီ” မည်သော လနတ်သားစောင့်၍ အစိုးရကြောင်း ရာဇမတ္တဏ်ကျမ်းက ဆိုပါသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက မုံရွာ