မိညို
ညို၊ မိ
ပြင်ဆင်ရန်အင်းဝခေတ်သည် မြန်မာစာပေလောကတွင် ပျို့နှင့် မော်ကွန်းအရေးအသား၌ တိုးတက်သော ခေတ်ဖြစ်၏။ ထိုခေတ်က ထွန်းကားခဲ့သော စာဆိုပုဂ္ဂိုလ်တို့သည်လည်း အများအားဖြင့် ရဟန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထိုသို့ရဟန်း ပုဂ္ဂိုလ်စာဆိုများ ထင်ရှားနေသောခေတ်တွင် ကိုယ်ရည်သွေးရတု ပိုဒ်စုံတစ်ပုဒ်ကို ရေးသားခြင်းဖြင့် ထူးကဲစွာနာမည်ကျော်ကြား လာသော အမျိုးသမီးစာဆိုတစ်ဦးကား မိညိုပင်ဖြစ်လေသည်။ မိညိုသည် ရခိုင်အမျိုးသမီးဖြစ်၏။ သက္ကရာဇ် ၉၁၃ ခုနှစ် တွင် အင်းဝ၌နန်းတက်သော နရပတိစည်သူ မင်းလက်ထက် နန်းတွင်းစာဆိုတော်အဖြစ်ဖြင့် အမှုထမ်းရွက်ရသည်။ သူနှင့် အပြိုင် စာဆိုအမျိုးသမီး တစ်ဦးမှာကား နန်းတွင်းသူမိဖြူ ဖြစ် လေသည်။ မိဖြူ မိညို ယခုအခါ မိညိုရေးသားသော အထက်ဖော်ပြပါပိုဒ်စုံရတု တစ်ပုဒ်တည်းကိုသာ တွေ့ရပေသည်။ သူ၏ ပိုဒ်စုံရတုမှာ ကိုယ်ရည်သွေး ဖြစ်လေသည်။ ကိုယ်ရည်သွေးရခြင်းမှာလည်း ယှဉ်ပြိုင်စာဆိုဖက်ဖြစ်သော မိဖြူနှင့်ဖက်ပြိုင်၍ ကိုယ်ရည်သွေး ရခြင်းဖြစ်သည်။ ယင်းသို့ ကိုယ်ရည်သွေးရာ၌ မိညိုသည် ရှေးဦးစွာ မြင်းမိုရ်တောင်ကို ချီးကျူးလိုသောကြောင့်၊ 'တောင်တွင်မြင်းမိုရ်၊ ကျွန်ုပ်ဆိုသား၊ ရေညိုရစ်သန်း၊ ရံလျက်ဝန်း၍၊ လေးကျွန်းအလယ်၊ လေးသွယ်ခြည်ရောင်၊ တပြောင်ပြောင်လျှင်၊ ဘုန်းခေါင်အထွတ်၊ သုံးလူ့နတ်တို့၊ မချွတ်မေတ္တာ၊ ဘိဓမ္မာကို၊ မှန်စွာအခေါင်၊ ကြားလွှမ့်ဆောင် သည်၊ တောင်တွင်မြင်းမိုရ်သာတကား။'ဟု ရေးသားဖွဲ့ဆိုလိုက် ၏။ ထိုနောက် ပဟိုရ်စည်၏ အံ့ဩဖွယ်များကို ဖော်ပြလိုပြန် သောကြောင့်၊'စည်တွင်ပဟိုရ်၊ ကျွန်ုပ်ဆိုသား၊ ခါကိုသိစေ၊ ရှစ်ကြိမ် နေဖြင့်၊ ချက်ရေမရွေ့၊ တီးဓလေ့ကား၊ ညဉ့်နေ့နာရီ၊ ခြောက် ဆယ်စီလျှင်၊ ချက်ချီလှည့်ကျူး၊ ညဉ့်ဦးသန်ကောင်၊ သောက် ရောင်မိုးသောက်၊ မွန်းတည့်ရောက်က၊ ဝမ်းမြောက်ရွှင်လန်း၊ လူရဟန်းတို့၊ ထက်ဝန်းဖူးမြင်၊ သိစီရင်သည်။ စည်တွင်ပဟိုရ် သာတကား။'ဟု ရေးသားစီကုံးပြန်လေသည်။ နောက်ဆုံးပိုဒ်တွင် မိညိုသည် သူ၏သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို အထက်က ချီးကျူးခဲ့သည့် မြင်းမိုရ်တောင် ကြီးများသောဂုဏ် နှင့်၎င်း၊ ပဟိုရ်စည်၏ အံ့ဩဖွယ်ရာမြည်ဟည်းလှသော ဂုဏ် နှင့်၎င်း နှိုင်းခိုင်းကာ အောက်ပါအတိုင်း စပ်ဆိုလေသည်။ 'နန်းတွင်မိညို၊ ကျွန်ုပ်ဆိုသား၊ မှောင်ကိုပယ်လင်း၊ ဆီမီး ဝင်းသို့၊ သီတင်းငါးမည်၊ သီလတည်လျက်၊ လှရည်ညက်သေး၊ ပြေး၍မဆို၊ သူ့ကိုနှိပ်စက်၊ မာန်မထွက်တည့်၊ ဝှန်တက်ပညာ၊ လင်္ကာရတု၊ ဆိုမှုရွရွ၊ ကြားကစိတ်ဝမ်း၊ သူ့နားချမ်းလိမ့်၊ စွဲ လမ်းထိုတွင်၊ တောင်နှယ်ထင်သည်။ နန်းတွင်မိညိုသာတကား။'[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)