မိန်းမရှစ်ဦး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

မောင်းထောင်ရွာရှိ ဧသံရပ်နေ ကောက်စိုက်မ ရှစ်ဦးတို့က သီချင်းဆို၍ အလှူခံရာ ရရှိသောငွေနှင့် ကြေးစည်ဝယ်၍ လှူသည့်အကြောင်းကို ဖွဲ့ဆိုထားသည်။

မိန်းမရှစ်ဦး ပြင်ဆင်ရန်

မြေပဝရံ ဧသံ၊ ရပ်တွင်မှ၊ ကံစပ်ခါ ဂဟေဆော်ကြ၊ သူငယ်ဖော်အရွယ် ကောင်းတွေမို့၊ ဆယ်ချောင်းစီ ဆလံမြှောက်ပေကြ၊ ပေါင်းရှစ်ယောက် ကောက်စိုက်သူ။

ဧချိုချို တေးဆိုလိုက်တဲ့ ကြေးပိုက်ဆံငွေ ကျပ်ပြားတို့၊ မှတ်သားကာ မယူငင်ကြနှင့်၊ ဘုရားဝင် ဝတ်တော်ထက်တော့၊ ဆော်နှက်ကာ ကြေးစည်တီးလို့၊ မကြီးလာ မမယ်တိုးက၊ သယ်ပိုးကာ ဖော်အပေါင်းငယ်နှင့်၊ အကြောင်းခံအခြေပြုပေကြ၊ ကောင်းမှုဖို့လှူ။

ဘုရားရတနာနှင့်၊ အများတကာ စားရာဖို့က၊ တချို့တဝက်ခူးလို့၊ လက်ဦးပင်၊ တင်ဝေမျှခဲ့၊ ပြည့်ဝ သီကရီနှင့်၊ ဗိရဏီ နတ်ဘုံမှာဖြစ်ပါသတဲ့၊ ကသစ်ပင် သာသည့်အောက်တွင်မှ၊ ရှစ်ယောက်ပြိုင်ဆွေလုံမီးတို့၊ ဘုံဗိမာန်ပြဿဒ်ကြီးနှင့်၊ နတ်သမီးတွေ ဖြစ်စေကြောင်းဖြင့်၊ တကောင်းတိုင် ကြေးစည် နှက်ပါလို့၊ လောင်းရေစက် အရေးယူ၊ သွေးတူတဲ့ စိတ်ကူး။

သုဒဿနာ နတ်ရွာသို့ရောက်တော့၊ ဗလချာနောက်အောင် စိတ်ပျော်ပိုက်လို့၊ ကောက်စိုက်သလို ကိုယ်တို့မကုန်းရပေဘူ့၊ ဟိုထုံးစံ ဝတိန်ဓလေ့ဟာမို့ သိမ်မွေ့စွာ မာဏဝီတို့၊ အာသာဝတီ ဆိုတဲ့ ပန်းငယ်နှင့်၊ ကိုယ်လျှမ်းအောင် ထိန်ထိန်ညီးတဲ့၊ စိန်ဘီးတင် စိန်ဆံပတ်ကဲ့ပြင်၊ နားကပ်ခွေ စိန်ရတနာနှင့်၊ နံ့ရွှေသာ ချေကာလိမ်းလို့၊ ဇာကတီ ကြာခြည်၊ စိမ်းငယ်နှင့်၊ ကမ္ဗာလာ အထည်ပေါ်တာရှည်ပျော်လို့၊ ငြိမ်းကြပါလိမ့်၊ မိန်းမရှစ်ဦး။

ခက်ဆစ် ပြင်ဆင်ရန်

၁။ မြေပဝရံ = မြင့်မြတ်သောမြေ။

၂။ ဧသံ = မောင်းထောင်ရွာရှိ ရပ်ကွက်တစ်ခုအမည်။

၃။ ပြည့်ဝ = အိမ်စေမိန်းမ။

၄။ သီကရီ = ဆင်းရဲငြိုငြင်စွာဖြင့်။

၅။ ဗိရဏီ = ကဿဖ ဘုရားရှင်လက်ထက်က အိမ်စေမတစ်ဦးသည် သံဃာတော်ရှစ်ပါးအား ဆွမ်းလုပ်ကျွေး၍ သေသောအခါ ဗိရဏီနတ်ဘုံတွင် နတ်သမီး ဖြစ်ခဲ့သည်။

၆။ ကသစ်ပင် = တာဝတိံသာနတ်ပြည်တွင် ပေါက်သော သစ်ပင်။

၇။ ဆွေလုံမီး = လုံမအရွယ်၊ သမီးအရွယ်။

၈။ သုဒဿနာ = သိကြားမင်း စံရာမြို့။

၉။ မာဏဝီ = လုံမပျို။

၁၀။ အာသာဝတီ = တာဝတိံသာနတ်ပြည် စိတ္တလတာ ဥယျာဉ်တွင် ပွင့်သည့်ပန်း။

၁၁။ ဇာကတီ = နူးညံ့သော ကတ္တီပါသား။

၁၂။ ကြာချည် = ပိုးမျှင်တို့ဖြင့် ရက်လုပ်သော အထည်။

၁၃။ ကမ္ဗလာ = သားမွေးဖြင့် ရက်လုပ်သော အထည်။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

[၁]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။