မိမိကိုယ်သာမြတ်နိုးခြင်း

မိမိကိုယ်သာမြတ်နိုးခြင်း (ပါဠိ: အတ္တပေမဝါဒ; အင်္ဂလိပ်: Narcissism) ဆိုသည်မှာ ဂုဏ်မာနမှဖြစ်လာသော အားရကျေနပ်ခြင်း (သို့) စံသတ်မှတ်ထားသော မိမိ၏ ရုပ်အသွင်၊ အရည်အချင်းများကို အတ္တဖက်၍ နှစ်သက်အားရကျေနပ်ခြင်းကို ရှာဖွေလိုက်စားမှုဖြစ်သည်။ Narcissism ဝေါဟာရသည် ဂရိဒဏ္ဍာရီမှဆင်းသက်လာကာ ထိုဇာတ်လမ်းတွင် နားဆစ်ဆပ်ခေါ်သော လူငယ်တစ်ဦးသည် ရေ၌ထင်သော မိမိ၏ရုပ်အဆင်းကို ချစ်ကြိုက်မိသွားခြင်းဖြစ်သည်။

အီတလီပန်းချီဆရာ ကာရာဗာဂျိုရေးဆွဲသော 'နားဆစ်ဆပ်' ပန်းချီ၊ ပုံတွင် နားဆစ်ဆပ်သည် မိမိပုံရိပ်ကို ငေးမောကြည့်နေ၏။

ပါဠိဘာသာအားဖြင့် ပုဒ်နှစ်ခုပေါင်းဆက်ထားသည်။ "အတ္တ" သည် ဤ၌ ကိုယ် (သို့) ကိုယ်ကာယ နှင့် "ပေမ" သည် ချစ်မြတ်နိုးခြင်း" (ဦးဟုတ်စိန်) အနက်ရရှိသည်။

"မိမိကိုယ်သာမြတ်နိုးခြင်း" (သို့) ရောဂါဗေဒဆိုင်ရာ "ကိုယ့်အတွက်သာ သိခြင်း၊ စိတ်ဝင်စားခြင်းကို" မူမမှန်မှုတစ်ခုအဖြစ် ဟဗ်လာ့ခ် အဲလစ်က ၁၈၉၈ တွင် ပထမဆုံး ဖော်ထုတ်တင်ပြခဲ့သည်။[၁] ထို့နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုပုံစံအချို့၌ ပါဝင်ခဲ့သည်။ ဥပမာအနေဖြင့် ဆစ်ဂ်မန်း ဖရွိုက်၏ On Narcissism (၁၉၁၄) တွင် ပါဝင်ဖော်ပြထားသည်။ အမေရိကန် စိတ်ရောဂါကုသရေး အဖွဲ့က မိမိကိုယ်သာ မြတ်နိုးခြင်း ပင်ကိုစရိုက် မူမမှန်မှု (narcissistic personality disorder) ကို ၎င်းတို့၏ "စိတ်ရောဂါ (စိတ်မူမမှန်ခြင်း) ရှာဖွေဖော်ထုတ်ခြင်းနှင့် စာရင်းဇယား" (Diagnostic and Statistical Manual of Mental Disorders) လက်စွဲစာအုပ် တွင် စာရင်းတစ်ခုအဖြစ် ပြုစုထားပေသည်။ ၁၉၆၈ မှစတင်ပြုစုခဲ့ပြီး megalomania ခေါ် စိတ်ကြီးဝင်သည့်ရောဂါ နှင့်ပတ်သက်သော ရရှိထားသည့် သမိုင်းဆိုင်ရာ အယူအဆတစ်ခုကို အသုံးချထား၏။

egocentrism ဟုခေါ်သော အတ္တဗဟိုပြုဝါဒ (သို့) egoism ခေါ် အတ္တနောဝါဒ နှင့်လည်းမတူ ကွဲပြား၍ မိမိကိုယ်ကို ကျန်းမာရေးအရ ဂရုတစိုက်ပြုမှုလုပ်ဆောင်ခြင်း ဆိုသည်နှင့်လည်း ကွဲပြားပြန်သည်။ (ထိုကျန်းမာရေးကဲ့သို့ လုပ်ဆောင်ခြင်းကို ဖရွိုက်က "ပထမအဆင့် မိမိကိုယ်သာ မြတ်နိုးခြင်း" (primary narcissism) ဟူ၍ ဆိုသည်။) ဤဝါဒသဘောတရားသည် ကိုယ့်ကိုကိုယ် ဆက်ဆံရေး (သို့) အခြားသူများနှင့် ဆက်ဆံရေးအတွက် ပြဿနာတစ်ရပ်၊ လက်တွေ့ကျကျ လည်ပတ်နေသော ယဉ်ကျေးမှုတစ်ရပ်ကို ထိန်းသိမ်းတည်တန့်စေခြင်းအတွက် ပြဿနာတစ်ရပ်ဟု သတ်မှတ်ကြသည်။ ပင်ကိုစရိုက် ဉာဉ် (ဗီဇ) သီအိုရီ (trait personality theory) တွင် မိမိကိုယ်ကို စမ်းစစ်သည့် စစ်တမ်း (self-report personality inventories) များ၌ ဤအတ္တပေမဝါဒသဘောတရားများ ပါဝင်ကြသည်။ ယခုဆိုသော မိမိကိုယ်သာမြတ်နိုးခြင်းသည် ပင်ကိုစရိုက်နှင့်ပတ်သက်သည့် မကောင်းသည့် ထောက်သုံးခုထဲမှ တစ်ခုဖြစ်လေသည်။ အခြားနှစ်ခုမှာ Machiavellianism ခေါ် မသမာသော၊ စဉ်းလဲသော၊ မရိုးဖြောင့်သော သဘော နှင့် psychopathy ခေါ် စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုဝေဒနာတစ်မျိုးတို့ ဖြစ်ကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. Millon၊ Theodore; Grossman၊ Seth; Million၊ Carrie; Meagher၊ Sarah; Ramnath၊ Rowena (2004)။ Personality Disorders in Modern Life (PDF)။ Wiley။ p. 343။ ISBN 978-0-471-23734-1