မိုးချုန်းသံ
သုက္ခာသနီ (ပါ)
မိုးရွာနေခိုက်ပင်ဖြစ်စေ မီးတောက်မီးလျှံထွက်၍ပစ်သော လောင်မီးမိုးကြိုး ( မိုးကြိုးကိုးမျိုးရှိသည် ။
- အသံမြပုဘဲ ကျသော မိုးကြိုး
- စက်ဝန်းကဲ့သို့ကျသော မိုးကြိုး
- ပိုင်းဖြတ်သကဲ့သို့ကျသော မိုးကြိုး
- ဂျက်ဂျက် မြည်လျက်ကျသော မိုးကြိုး
- မျောက်မျက်နှာမော်သကဲ့သို့ကျသောမိုးကြိုး
- ငါးမြူးသကဲ့သို့ကျသောမိုးကြိုး
- ကြက်တောင်ဖြန့်သကဲ့သို့ ကျသောမိုးကြိုး
- ထွန်တုံးကဲ့သို့ကျသောမိုးကြိုး
- လောင်မီးမိုးကြိုး [၁]
မိုးကြိုးပစ်လျှင် လိုက်နာရန်အချက်များ
ပြင်ဆင်ရန်မိုးကြိုးအန္တရာယ်သည် ဆိုးဝါးသော ဘေးအန္တရာယ် တစ်မျိုးဖြစ်သည်။ ထို့ကြောင့် ၎င်းအန္တရာယ်နှင့် ကြုံတွေ့ ခဲ့သော် လုပ်ဆောင်ရန် အချက်များကို သိရှိထားသင့်ပါသည်။ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်းများ ဖြစ်လာပါက အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာသင့်ပါသည်။
အိမ်အပြင်တွင် ရောက်ရှိနေပါက
- အိမ်ထဲသို့ ချက်ချင်းပြေးဝင်ပါ။ သံ၊ သတ္ထုပစ္စည်းများကို လက်တွင်မကိုင်ထားပါနှင့်။
- သစ်ပင်၊ ဓာတ်တိုင်နှင့် သံ/သတ္ထုပစ္စည်းများအနီးတွင် မနေပါနှင့်။ နိမ့်သောနေရာတွင် နေပါ။
- ရေကူးကန်၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင် စသည့်နေရာများတွင် ရှိနေခဲ့လျှင် ရေထဲမှ ချက်ချင်းတက်ပြီး လုံခြုံ သည့်အခိုအကာ နေရာရှာ၍ နေပါ။
- အိမ်အပြင်ဘက်တွင် လူစုလူဝေးနှင့် ဖြစ်နေပါက သီးခြားစီ ဖြန့်ခွဲနေပါ။
- ကွင်းပြင်တွင် ထီးတည်းကြီး မနေပါနှင့်။
- လျှပ်စီးလက်သည်ကို မြင်သည်နှင့် ၁ မှ ၃၀ အထိ ရေတွက်ကြည့်ပါ။ ၃၀ မပြည့်မီ မိုးကြိုးပစ်သံကြားရပါက အိမ်ထဲသို့ အမြန်ဆုံးပြေးဝင်ပါ။ (ဤသည်မှာ မိမိ၏အပေါ်တည့်တည့်တွင် မိုးကြိုးရောက်ရှိနေခြင်းကြောင့် ဖြစ်သည်။
- သင့်ဆံပင်များ ထောင်နေသည်ဟု စတင်ခံစားရပါက မိုးကြိုးပစ်တော့မည့် လက္ခဏာဖြစ်သည်။ ထိုသို့ ဖြစ်ပွားပါက ဒူးထောက်ချလိုက်ပြီး သင့်လက်နှစ်ဖက်ကို ဒူးပေါ်သို့ယှက်တင်၍ ခန္ဓာကိုယ်ကို ကွေးညွှတ်ထားပါ။ မြေပေါ်တွင် ပြားပြားဝပ်မှောက်မနေပါနှင့်။ ထိုသို့ မှောက်နေပါက သင့်ခန္ဓာကိုယ်သည် ပို၍ကြီးမားသော မိုးကြိုးပစ်ကွက် ဖြစ်သွားနိုင်သည်။
- လှေသမား၊ ရေကူးသမားများအနေဖြင့် ဖြစ်နိုင်သမျှ ကမ်းသို့ကပ်ပါ။
အိမ်တွင်း၌ ရောက်ရှိနေပါက
- အဆောက်အအုံ၏ အလယ်တွင်သာ နေပါ။ ရေပိုက်များနှင့် ရေဆေးခွက်များအနီးတွင် မနေပါနှင့်။ မိုးကြိုးလျှပ်စီးမှ တစ်ဆင့် ဓာတ်လိုက်တတ်သည်။
- ပြတင်းပေါက်များနှင့် ဝေးကွာသောနေရာတွင် နေပါ။
- တယ်လီဖုန်းဆက်သွယ်ပါက ဖုန်းလိုင်းမှတစ်ဆင့် မိုးကြိုးထိမှန်နိုင်သဖြင့် ဖုန်းများမသုံးပါနှင့်။
- တီဗီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူ၊ လျှပ်စစ်မီးဖိုနှင့် ကွန်ပျူတာစသည့် လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကို ခလုတ်ပိတ်၍ ပလပ်ဖြုပ်ထားပါ။
- လျှပ်စီးလက်သောအခါ အိမ်တွင်းရှိ သံ/သတ္ထုနှင့် ဆက်စပ်သော ပစ္စည်းများအတွင်းသို့ လျှပ်စီးဝင်နေနိုင်၍ ရေမချိုးပါနှင့်။ မည်သည့် သံ/သတ္ထုပစ္စည်းကိုမျှ မကိုင်ပါနှင့်။
- အဆောက်အအုံများတွင် မိုးကြိုးလွှဲများ ကြိုတင်တပ်ဆင်ထားပါ။
- မိုးကြိုးအပစ်ရပ်ပြီး နာရီဝက်ကျော်ကြာမှ အိမ်ပြင်သို့ ထွက်ပါ။
- မီးပျက်သွားပါက ဓာတ်မီး သို့မဟုတ် အရေးပေါ်မီးများကိုသာ အသုံးပြုပါ။
ကားမောင်းနေပါက
- အရှိန်ကိုလျှော့ပါ။ လမ်းဘေးသို့ချရပ်ပါ။ ကားထဲတွင်သာ ဆက်နေပါ။
- ကားရပ်ထားစဉ် အရေးပေါ်အချက်ပြမီးကို ဖွင့်ထားပါ။
- သစ်ပင်စသော ရှည်လျားမြင့်မားသည့် အရာများနှင့် ဝေးရာတွင်နေပါ။ ၎င်းတို့သည် လေပြင်းဒဏ်ကြောင့် လည်းကောင်း၊ မိုးကြိုးပစ်သည့်ဒဏ်ကြောင့်လည်းကောင်း လဲကျနိုင်၍ ဖြစ်သည်။
- ကားထဲတွင် မည်သည့် သံ/သတ္ထုပစ္စည်းကိုမျှ မကိုင်ပါနှင့်။
- ရေလွှမ်းနေသောလမ်းပေါ်တွင် ကားမမောင်းပါနှင့်။