မီရာပီ မီးတောင်
မီရာပီ မီးတောင် (အင်ဒိုနီးရှားဘာသာဖြင့် မီးလျှံများနှင့်တောင်ဟု အဓိပ္ပာယ်ရသည်။) သည် အင်ဒိုနီးရှားနိုင်ငံ ဂျဗားအလယ်ပိုင်းနှင့် ယိုဂျာကာတာ အကြား နယ်နမိတ် အနီးတွင် တည်ရှိသည့် မီးတောင်ဖြစ်သည်။ မီရာပီသည် အင်ဒိုနီးရှားရှိ ပေါက်ကွဲမှု အများဆုံးဖြစ်သည့် မီးတောင်ဖြစ်ပြီး ၁၅၄၈ ခုနှစ်မှစ၍ မကြာခဏ ပေါက်ကွဲလေ့ ရှိသည်။ ယိုဂျာကာတာမြို့ မြောက်ဘက် ၂၈ ကီလိုမီတာ အကွာတွင် ရှိကာ တောင်ခါးပန်းတလျှောက်တွင် လူထောင်ပေါင်းများစွာ နေထိုင်လျက်ရှိသည်။ အချို့ရွာများမှာ ပင်လယ်မျက်နှာပြင်အထက် မီတာ ၁၇၀၀ ကျော်တွင် တည်ရှိကြသည်။
တစ်နှစ်လျှင် ရက်ပေါင်း ၃၀၀ နီးပါးခန့် တောင်ထိပ်မှ မီးခိုးများ အူထွက်နေသည်ကို မြင်နိုင်သည်။ ပေါက်ကွဲမှု အတော်များများကြောင့် အသေအပျောက်များ ရှိသည်။ ၁၉၉၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပေါက်ကွဲမှုမှ ထွက်လာသော လေပူများကြောင့် လူ ၂၇ ဦးသေဆုံးခဲ့သည်။ ကြီးမားသည့် နောက်ပေါက်ကွဲမှု တစ်ရပ်မှာ ၂၀၀၆ ခုနှစ် ယိုဂျာကာတာငလျင် လှုပ်ရှားပြီး မကြာမှီတွင် ဖြစ်သည်။
၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် အင်ဒိုနီးရှား အာဏာပိုင်များက မီရာပီ မီးတောင် သတိပေးချက်ကို အမြင့်ဆုံးအဖြစ် တိုးမြှင့်ခဲ့ပြီး အနီးဝန်းကျင်ရှိ ရွာသားများအား ဘေးကင်းမည့်နေရာသို့ ရွှေ့ပြောင်းကြရန် သတိပေးခဲ့သည်။ ၁၂ မိုင်ပတ်လည်အတွင်းရှိ လူထုအား ပြောင်းရွှေ့ခဲ့သည်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မီရာပီ မီးတောင်၏ တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်း တောင်စောင်းများမှ ချော်ရည်များ စီးဆင်းလာသည်။ နိုဝင်ဘာ ၅ ရက်နေ့တွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ရာ ဤအကြိမ်ပေါက်ကွဲမှုကြောင့် လူ ၁၃၅ ဦးသေဆုံး၊ ၄၀၀ ကျော် ဒဏ်ရာရခဲ့သည်။