ကေဆွန်
မြစ်ကူး ချောင်းကူး တံတား ကြီးများ ကို ဆောက်လုပ်ရာ၌ တံတား အုတ်တိုင်ကျောက်တိုင်ကြီးများ ကို ရေပြင်အောက် မြေကြီးထဲသို့ အတော်နက်အောင် စိုက်၍ ဆောက်လုပ် ထားရလေသည်။ ယင်းသို့ ရေပြင်အောက်ရှိ မြေကြီးထဲတွင် အုတ်မြစ်ချ၍ တိုင်စိုက်ထူရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။ အလုပ်သမားများသည် ရေအောက် မြေကြီးထဲတွင် အုတ်မြစ်ချ၍ တိုင်စိုက်ထူ နိုင်အောင် ကေဆွန်ခေါ် ရေလုံသေတ္တာများ သို့မဟုတ် ပြွန်ခေါင်းများ ထိုးချပြီးသော် ထိုပြွန်ခေါင်းထဲ တွင် ဝင်ရောက် လုပ်ကိုင်မှ ဖြစ်နိုင်ပေသည်။

ရှေးအခါက ရေထဲ၌ တိုင်စိုက်လိုသည့်အခါတွင် သစ်သား မြေစေးတို့ဖြင့် ရေကာရိုင်ပတ် ပြုလုပ်၍ ရေထုတ်ပြီးမှ တိုင် စိုက်ထူလေ့ရှိသည်။ ယခုအခါတွင်လည်း ထိုနည်းအတိုင်း လိုက်နာနေကြ ပေသေးသည်။ သို့သော် ရေနက်လျှင် သာမန် ရေကာရိုင်ပတ်ဖြင့် တိုင်စိုက်ထူရန် မဖြစ်နိုင်သောကြောင့် ကေဆွန် ခေါ် ပြွန်ခေါင်းများကို အသုံးပြုရလေသည်။ ထိုသို့ အသုံးပြုသော ကေဆွန်များမှာ အများအားဖြင့် လေအားသုံးကေဆွန်များ ဖြစ်သည်။ အလုပ်သမားများ ဆင်း၍ အလုပ်လုပ်နေသော အောက်ဆုံး အဖျားပိုင်းသည် အောက်ပိတ် မရှိဘဲ သဲထဲရွှံ့ထဲသို့ ထိုးစိုက် စူးဝင်နိုင်ရန်အတွက် ချွန်ထက်ရ၏။ ဤသို့ဖြင့် ကေဆွန်ကို တဖြည်းဖြည်း မြေမာ သို့မဟုတ် အောက်ခံ ကျောက်ပျဉ်ထိအောင် ထိုးစိုက်နိုင်သည်။ ကေဆွန် အတွင်းရှိ မြေများ သဲများ စသည်တို့ကို တူးခြစ်ပြီးသော် ကွန်ကရစ် လောင်းထည့်ပေးခြင်းဖြင့် တံတားတိုင်ကြီးများကို အုတ်မြစ်ချ စိုက်ထူနိုင်ခဲ့လေသည်။

သို့သော် ဤသို့ ရေအောက်မြေထဲတွင် အလုပ်လုပ်ကိုင်ရသည် မှာ လွယ်ကူသည်မဟုတ်ပေ။ ကေဆွန်၏အောက်ဆုံး အကန့်တွင် အလုပ်သမားများ မြေကြီးကို တူးခြစ် ထုတ်ပစ်နေဆဲမှာပင် ထို

အကန့်အထက်ရှိ အပိုင်းတွင် ကွန်ကရစ် လောင်းထည့်ပေးရသည်။