မေနု (ရုပ်ရှင်သရုပ်ဆောင်)

မေနု၏ အမည်ရင်းမှာ မကျင်နု ဖြစ်သည်။ ၁၉၂၀ ခုနှစ်တွင် ပဲခူးမြို့ အဘဦးရွှေလှ အမိဒေါ်သိန်းတို့မှ မွေးဖွားသည်။ သားသမီး ငါးယောက်အနက် စတုတ္ထမြောက်သမီးဖြစ်သည်။ ခုနှစ်တန်းအထိ ကျောင်းပညာသင်ကြားခဲ့သည်။ ၁၆ နှစ်အရွယ်တွင် ဒါရိုက်တာဦးပါကြီး ဇနီးဒေါ်ရင်ရင်တို့နှင့် ပတ်သက်ပြီး အေဝမ်းရုပ်ရှင်ကုမ္ပဏီတွင် တစ်လ(၃၀)ကျပ်ဖြင့် သုံးနှစ်စာချုပ်ချုပ်၍ ရုပ်ရှင်မင်းသမီးအဖြစ် ခန့်ထားခြင်းခံရသည်။

မေနုသည် ဒါရိုက်တာဦးလွန်းဖေ ရိုက်ကူးသော အိမ်တွင်းမင်းမဟာဂီရိ အသံတိတ် ဇာတ်ကားတွင် မင်းသားညွှန့်မောင်၊ မင်းသမီးမေမြင့်၊ မေညွှန့်တို့နှင့် တွဲဖက်၍ စတင်ကာ ဇာတ်ရံသရုပ်ဆောင်သာ ပါဝင်ရ၏။ ဆက်လက်ပြီး မိုးကြိုးဇာတ်ကားအပါအဝင် အသံတိတ်ရုပ်ရှင်ကား(၅)ကားတွင် ဇာတ်ရံအဖြစ် ပါဝင်ရိုက်ကူးပြီးမှ ဒါရိုက်တာဦးချင်းစိန်(ရွှေညာမောင်) ရိုက်ကူးသော ကေလာသ အသံတိတ်ဇာတ်ကား၌ ခေါင်းဆောင်မင်းသမီး အဖြစ် ပထမဆုံးသရုပ်ဆောင်ခွင့်ရသည်။ ဆက်လက်၍ ဒါရိုက်တာ ဦးဘရှင်၏ ကေလာသဇာတ်ကားတွင် သဘင်ဝန်ခင်မောင်နှင့်လည်းကောင်း၊ ဒါရိုက်တာ ဦးလွန်းဖေ၏ မြတ်ဂုဏ်တော်ဇာတ်ကားတွင် ဖာတစ်လုံးခင်မောင်နှင့် လည်းကောင်း တွဲဖက်သရုပ်ဆောင်ခဲ့သည်။ သည့်နောက်ပိုင်း မနှင်းစိန်၊ မြစိမ်းတောင် စသည့် အသံတိတ် ဇာတ်ကားပေါင်း(၁၀)ကားကျော် အေဝမ်းရုပ်ရှင်ကုမ္ပဏီတွင် စာချုပ်ဖြင့်ရိုက်ကူးခဲ့သည်။

စစ်ပြီးခေတ်တွင် တွေးရခက်ကြီး၊ မြဟေဝန်၊ ယျလေးလုံး၊ ချစ်ခွင့်မကြုံ၊ ချစ်စေတနာ၊ ဝေဘူဝေဘာ၊ စလေမင်းခွေး၊ သားရွှေဒေါင်းတောင်၊ ဖိုးကော် စသည့်အသံတိတ်၊ အသံထွက်ကားများ ဆက်လက်ရိုက်ကူးပြီး ၁၉၆၀ပြည့်နှစ်ခန့်တွင် စူဠာသမ္ဘဝ မဟာသမ္ဘဝ ဇာတ်ကားကို နောက်ဆုံးရိုက်ကူးပြီးခဲ့သည်။

အသက်(၅၀) ကျော်အရွယ်တွင်လည်း ဒါရိုက်တာရုပ်ရှင်မင်းသား ဝင်းဦး ရိုက်ကူးသော မုန်းပါတယ်မောင့်ကို၊ တစ်ကျော့နှစ်ကျော့တေးကိုသီ၊ အတွယ်အတာ၊ နွေမှာဝေသောနှင်း၊ လယ်လယ်၊ စေ့စပ်ကြောင်းလမ်းလက်ထပ်ခြင်း ဇာတ်ကားများတွင် ဇာတ်ရံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သေးသည်။

စစ်ကြိုခေတ်ရိုက်ကူးနေစဉ်အတွင်း ၁၉၄၀ - ၄၁ ခုနှစ် အသက် (၂၀) အရွယ်တွင် အေဝမ်းရုပ်ရှင်ကုမ္ပဏီမှ စာရေးဆရာ ကြယ်တံခွန် (လူရွှင်တော် ရွဲ့ကြီး) ရေးသည့် လိပ်ပြာမောင်နှံ၊ တက္ကသိုလ်စိုးရေးသည့် အုံးစက်ရာ၊ စန်းသော်တာရေးသည့် သစ္စာနွယ် သီချင်းများ သီဆိုအသံသွင်းခဲ့ရာ ဂီတလောက၌လည်း ထင်ရှားကျော်ကြားခဲ့သည်။

၁၉၄၁ခုနှစ် ဒုတိယကမ္ဘာစစ်ဖြစ်ခါနီး စန္ဒရား အေဝမ်းခင်မောင်၊ ပြည်လှဖေ တို့နှင့်အတူ မြဗိမာန် သီချင်းကို ဓာတ်ပြားသွင်းခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထွက်မလာခဲ့ပေ။

၁၉၅၀ ပြည့်နှစ်တွင် မြန်မာ့အသံ ဦးဇော်ဝင်း(ကွယ်လွန်)နှင့် အိမ်ထောင်ကျပြီး သမီးတစ်ယောက်ထွန်းကားခဲ့သည်။ ဒေါ်မေနုသည် ၁၉၉၉ ခုနှစ် ဇွန်လတွင် ကွယ်လွန်ခဲ့သည်။