မေသန်း (ရုပ်ရှင်သရုပ်ဆောင်)

ဒေါ်မေသန်း၏ အမည်ရင်းမှာ ဂရေစီ ခေါ် မသန်းတင်ဖြစ်၏။ မြင်းခြံမြို့ မီးပေါင်(မီးအာမခံ) ကိုယ်စားလှယ် မစ္စတာတီအမ် တာတီယပ်စ်နှင့် ဒေါ်စောနန်းညွှန့် (ရှမ်းအမျိုးသမီး) တို့မှ ၁၉၁၆ ခုနှစ်တွင် မွေးဖွားသည်။ သားသမီး ခြောက်ယောက်အနက် စတုတ္ထမြောက်သမီးဖြစ်သည်။ မြင်းခြံမြို့ အေဘီအမ်ကျောင်းမှ အင်္ဂလိပ်မြန်မာ ခုနှစ်တန်းအောင်မြင်ခဲ့သည်။

မြန်မာအဆွေ အေဝမ်းရုပ်ရှင်ကုမ္ပဏီတွင် ရုပ်ရှင်မင်းသမီးလျှောက်ရာတွင် ရွေးချယ်ခြင်းခံရပြီး ဒါရိုက်တာဆရာရွှေ ရိုက်ကူးသည့် စိုးပါနှင့်မေ အသံတိတ် ရုပ်ရှင်ကားတွင် မင်းသားကျော်အေးနှင့်တွဲ၍ ခေါင်းဆောင်မင်းသမီးအဖြစ် မေသန်းအမည်ခံယူကာ စတင်သရုပ်ဆောင်ခဲ့သည်။ ထိုစဉ်က အသက်(၁၃) နှစ်ကျော်ကျော်သာ ရှိသေးသည်။ ရုပ်ရှင်တစ်ကားလျှင် (၃၅၀) ကျပ်ရရှိသည်။

စိုးပါနှင့်မေ ရုပ်ရှင်ဖြင့် နာမည်တစ်ဟုန်ထိုး ကျော်ကြားသွားခဲ့သည်။ အေဝမ်းရုပ်ရှင်တွင် မင်းသားမောင်မောင်လေးနှင့် တွဲဖက်၍ ခိုင်သစ္စာ ၊ တောင်ညိုညို ၊ မင်းသားကျော်အေး နှင့် တွဲဖက်လျက် ရွှေတံငါ ၊ မင်းသားဘမြင့် နှင့်တွဲဖက်ပြီး စမ်းရေယဉ်၊ ချစ်မယ်ဆို၊ ဝေဘာဂီ၊ မင်းသားဘချစ် နှင့် အတူမှော်စက်ရောင် စသည့် အသံတိတ်ဇာတ်ကားများ ရိုက်ကူးခဲ့သည်။

ထို့နောက် အိစတင်းရုပ်ရှင်ကုမ္ပဏီတွင် ဒါရိုက်တာဆရာရွှေ၏ တို့အောင်လံ ဇာတ်ကား၌ မင်းသားဘချစ်နှင့်လည်းကောင်း၊ ဒါရိုက်တာဦးချစ်ဖေ၏ ဇာတိမျိုးဇာတ်ကား၌ မင်းသားကျော်အေး နှင့် လည်းကောင်း၊ တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ဇာတိမျိုးဇာတ်ကားရိုက်ကူးနေစဉ်တွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာပါမေက္ခ ဦးအောင်လှ နှင့် အိမ်ထောင်ကျသည်။

မေသန်းသည် စစ်ကြိုခေတ်ရုပ်ရှင်လောကတွင် နာမည်ထင်ရှားလူကြိုက်များသလို ဂီတလောက၌လည်း ဓာတ်ပြားများသွင်းပြီး အဆိုတော်အဖြစ် အောင်မြင်ကျော်ကြားခဲ့သည်။ ၁၉၃၈ ခုနှစ်မှစ၍ ကိုလံဘီယာဓာတ်ပြားကုမ္ပဏီတွင် အင်္ကျီပါး၊ ရွှေချိုးဖြူ၊ I Love You၊ ညီအစ်မခုနှစ်ဖော်၊ နွယ်သိင်္ဂီ၊ မြသီတာ၊ ဇာတ်လိုက်၊ ပျို့ချစ်ဆွေ၊ ဖိုးရွှေလှ၊ ချစ်ပန်းပင် ၊ ဆီမီးပွဲတော် သီချင်းများ ဓာတ်ပြားသွင်းခဲ့သည်။ အင်္ကျီပါးသီချင်းမှာ စာရေးဆရာ ရွှေတိုင်ညွန့်၏ လက်ရာဖြစ်ပြီး ကျန်သီချင်းအားလုံးကို အလင်္ကာကျော်စွာ ရွှေပြည်အေး ရေးစပ်ပေးသည်။

ဂျပန်ခေတ် ရုပ်ရှင်လုပ်ငန်းများ ရပ်ဆိုင်းသွားချိန် ပြဇာတ်များတွင် ပါဝင်သရုပ်ဆောင်ကပြခဲ့ပြီး စစ်ပြီးခေတ်တွင် အောင်ဇေယျရုပ်ရှင်မှ သူပုန်မ၊ ရွှေမြင်းမိုရ် ရုပ်ရှင်မှ ဂျမဒါကိုကိုကြီး၊ ကန်တော်မိတ်ရုပ်ရှင်မှ ရွှေဘိုသား အသံတိတ်ရုပ်ရှင်များတွင်လည်း သရုပ်ဆောင်ခဲ့သေးသည်။

ဒေါ်မေသန်းသည် (၁၉၃၈) ခုနှစ်ကတည်းကပင် ဆရာမကြီး ဒေါ်ဒေလီညွှန့်ထံ၌ မဟာဂီတသီချင်းကြီးများကို သင်ယူခဲ့သည့်အလျောက် စစ်ပြီးခေတ်နောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူ ဦးအောင်လှ(စောင်း) ဒေါ်မေသန်းသီချင်းကြီး တူရိယာအဖွဲ့အမည်ဖြင့် မြန်မာ့အသံမှနေ၍ မဟာဂီတသီချင်းအများအပြား သီဆိုအသံလွှင့်ခဲ့သည်။

(၁၉၈၃) ခုနှစ် ခင်ပွန်းဖြစ်သူ ဦးအောင်လှ ကွယ်လွန်ပြီးနောက် သားသမီးမြေးများနှင့် အတူ အမှတ်(၁၆) ရွှေတောင်ကြားနေအိမ်တွင် နေထိုင်ခဲ့သည်။(၂၀၀၁) ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ [၁]

ရည်ညွှန်းကိုးကား ပြင်ဆင်ရန်

  1. သပြေမဂ္ဂဇင်း၊ တက္ကသိုလ် ခင်မောင်ဇော်၏ နှောင်းအတိတ်က မဟောင်းသောပုံရိပ်လွှာများ ဆောင်းပါးမှ