ဆာဦးမောင်ကြီး အမ်အေသည် ၂၁ ဖေဖော်ဝါရီလ၊ ၁၈၈၆ (၁ ဩဂုတ် ၁၈၉၆)ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးရွှေကျင်မြို့ ၌ အဖ ဦးကြာဉာဏ်၊ အမိ ဒေါ်ကြည်ကြည်(အဖ ဦးစံဦး၊ အမိ ဒေါ်လှိုင်)တို့မှ မွေးဖွားခဲ့သည်။ ရန်ကုန် ကာလကတ္တားနှင့် အောက်စ်ဖို့တက္ကသိုလ်များတွင် ပညာသင်ကြားခဲ့သည်။ ၁၉၁၁-ခုနှစ်တွင် ရှေ့နေလောကသို့ ဝင်ရောက်ခဲ့သည်။ (၁၉၁၈-၁၉)ခုနှစ်တွင် ရန်ကုန်တရားလွှတ်တော်ချုပ်၌ လက်ထောက်မှတ်ပုံတင်အရာရှိ၊ (၁၉၂၁-၂၂)ခုနှစ်တွင် ရန်ကုန်အစိုးရ ကောလိပ်ကျောင်း၌ ဥပဒေသရုပ်ပြဆရာ၊ အမျိုးသား ပညာရေးကောင်စီ ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၂၃-ခုနှစ်တွင် တောင်ငူတောင်ပိုင်း ဥပဒေပြုကောင်စီလူကြီးအဖြစ် ရွေးချယ်ခြင်းကို ခံခဲ့ရသည်။ ၁၉၃၁-ခုနှစ်တွင် ပညာရေးဝန်ကြီး၊ မြန်မာ့အရေး မျက်နှာချင်းဆိုင် ကွန်ဖရင့်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၃၇-ခုနှစ်တွင် အထက်လွှတ်တော်အမတ် ဥက္ကဋ္ဌ၊ ၁၉၄၀-ပြည့်နှစ်တွင် မြန်မာနိုင်ငံဘုရင်ခံ၏ အကြံပေး၊ တရားသူကြီးချုပ်အဖြစ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၄၂-ခုနှစ်တွင် ငွေဓားဆုကို ရရှိခဲ့သည်။ လွတ်လပ်ရေးရပြီး ၁၆၊ ဒီဇင်ဘာ ၁၉၄၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရသည်။ ၁၉၅၂-ခုနှစ်တွင် ယူနိုက်တက် ကင်းဒမ်းဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၈၊ စက်တင်ဘာ ၁၉၅၈-ခုနှစ်တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပြီး ဗုဒ္ဓဒီမိုကရက်ပါတီ (နောင်တွင် ပြည်သူ့ဆန္ဒပါတီ) ကို ထူထောင်ခဲ့ပြီး ပထမဆုံး ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်းကို ခံခဲ့ရသည်။ ဒေါ်အေးရီနှင့် လက်ထပ်ခဲ့ပြီး အမှတ်(၃၁၃) ပြည်လမ်းတွင်နေထိုင်ခဲ့သည်။ ၁၆၊ ဇူလိုင် ၁၉၇၁-ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. သမိုင်းသုတေသနဦးစီးဌာနထုတ် ခေတ်ရေစီးထဲက ပုဂ္ဂိုလ်များ