ဦးမောင်မောင်တင် (၁၂၂၈ - ၁၃ဝ၇) သည် ကိုလိုနီခေတ် မြို့အုပ်တာဝန်ထမ်းဆောင်ခဲ့သူနှင့် စာရေးဆရာတစ်ဦး ဖြစ်သည်။

အမရပူရ ပထမ မြို့တည် နန်းတည် နိဗ္ဗာန ပစ္စယ နာဂရာဇာ ဆဒ္ဒန် ဆင်မင်း သခင် ဘဝရှင် မင်းတရားကြီး၏ သားတော်၊ ဝန်းသိုမြို့စား မင်းသား မင်းရဲမြတ်စွာကို ကုန်းဘောင် ဆင်ဖြူရှင်မင်းတရားကြီး၏ သမီးတော် ထန်းတပင် မြို့စား မင်းသမီး သီရိပဘာဒေဝီ နှင့် မောင်လယ် နှမလယ် စုံဖက်ရာတွင် သီရိသုဓမ္မရာဇာဘွဲ့ခံ ကော်လင်းမင်းသား ကို ဖွားမြင်တော်မူသည်။ ထိုမင်းသား၏ သားတော် မြင်းမူ မင်းသား မင်းရဲသီဟကျော် နှင့် ယိုးဒယား ဘုရင်၏ အနွယ်တော် ဖြစ်သော မင်းသမီး တပါးနှင့် မင်းတုန်းမင်း တရားကြီး၏ လက်ထက်တွင် လက်ထက်ရာ သားတော် နှစ်ပါးနှင့် သမီးတော် နှစ်ပါးကို ဖွားမြင်သည်တွင် ဦးမောင်မောင်တင်မှာ တတိယမြောက် သားတော် ဖြစ်သည်။

သက္ကရာဇ် ၁၂၂၈ ခုနှစ် ဝါခေါင် လဆန်း ၁ဝ ရက် တနင်္လာနေ့ နံနက် ၈ နာရီ အချိန်တွင် ဦးမောင်မောင်တင်ကို မန္တလေးမြို့၌ ဖွားမြင်သည်။ အသက် ၁ဝ နှစ်ရွယ်သို့ ရောက်သော အခါ ရှေးမင်း အဆက်ဆက်မှ စ၍ သားတော်များကို စာပေ ပရိယတ္တိ သင်ကြား ပို့ချ ပေးသော မန္တလေး တောင်ခြေရှိ သစ်ဆိမ့် ကျောင်းတိုက်၌ ပညာသင်ကြားကာ အသက် ၁၅ နှစ် အရွယ်တွင် ပရိတ်ကြီး၊ သဂြိုဟ်၊ သဒ္ဒါ သင်ရိုး သင်တန်းများကို သင်အံ ကုန်ဆုံး၍ ကျောင်းမှ ထွက်ပြီးသော် ခမည်းတော်နှင့်အတူ နန်းတော်ကြီးတွင် ခစားရလေသည်။

ဦးမောင်မောင်တင် အသက် ၁၉ နှစ် အရွယ် သက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်နေ့တွင် အင်္ဂလိပ်များ သီပေါမင်းကို ဖမ်းဆီး ခေါ်ဆောင်သွားသည့် အခါတွင် လူများစုက အင်္ဂလိပ်ကို ခုခံ တိုက်ခိုက်သည်။ ထိုအခါ အင်္ဂလိပ် အရာရှိ တို့က ဦးမောင်မောင်တင်အား ချော့မော့ ခေါ်ယူပြီးသော် လက်နက် ချစေသည်။ နောက် သက္ကရာဇ် ၁၂၅၃ ခုနှစ်တွင် အင်္ဂလိပ် တို့က ဦးမောင်မောင်တင်အား မြို့အုပ် ရာထူး ပေး၍ ကောလင်းနယ် ပင်လယ်ကူးမြို့ကို အုပ်ချုပ် စေလေသည်။

နောက်နှစ် ဖြစ်သော သက္ကရာဇ် ၁၂၅၄ ခုနှစ်တွင် ဦးမောင်မောင်တင်သည် ရွှေဘိုဘုရင်၏ အလယ်နန်း မိဖုရားကြီး သီရိမဟာစန္ဒာဘိ ရတနာဒေဝီ၏ သားတော် 'သီရိမဟာသူရ ဓမ္မရာဇာ' ပြည်မင်း၊ ထိုမင်း၏ သားတော် 'မင်းရဲမင်းသားကြီး မင်းရဲမြတ်စွာ၏ သမီးတော် ထိပ်တင်ညွန့်တို့ စုံဖက်ရာတွင် ဖွားမြင်သော သမီးတော် ထိပ်တင်ဆင့်နှင့် ထိမ်းမြားသည်။'

ဦးမောင်မောင်တင်သည် သက္ကရာဇ် ၁၂၆၈ ခုနှစ်တွင် နယ်ပိုင် ရာထူးသို့ တိုးတက် ချီးမြှင့်ခြင်းခံရ၍ ကျောက်ဆည်ခရိုင်သို့ ပြောင်းရွှေ့ အမှုထမ်း စေသည်။ ကျောက်ဆည်ခရိုင်တွင် လုပ်ကိုင်ရင်းလည်း "အမှုထမ်းကောင်း ရွှေတံဆိပ်ရမင်း" (A.T.M) ဘွဲ့ထူးဖြင့် ဆက်လက် ချီးမြှင့်ခြင်း ခံရပြန်လေသည်။ နောက် ကျောက်ဆည်ခရိုင်မှ မြစ်သားမြို့၊ မြစ်သားမှ ရေဦးမြို့ တို့သို့ အဆင့်ဆင့် ပြောင်းရွှေ့ ထမ်းဆောင် နေစဉ် အတွင်း သက္ကရာဇ် ၁၂၇၈ ခုနှစ်တွင် ရေဦးမြို့ ၌ပင် 'ကျက်သရေဆောင် ရွှေစလွယ်ရမင်း' (K.S.M) ဘွဲ့ထူးဖြင့် ထပ်ဆင့် ချီးကျူးခြင်း ခံရ လေသေးသည်။

သက္ကရာဇ် ၁၂၇၉ ခုနှစ်တွင် စစ်ကဲကြီး ရာထူး (E.A.C) သို့ အမြဲတမ်း အဖြစ် တိုးတက် ချီးမြှင့်ခြင်း ခံရ ပြန်ကာ ရေဦးမြို့ မှသည် မုံရွာခရိုင်သို့ ပြောင်းရွှေ့ အုပ်ချုပ်ရ ပြန်သည်။

သက္ကရာဇ် ၁၂၈၃ ခုနှစ် (အင်္ဂလိပ် သက္ကရာဇ် ၁၉၂၁ ခုနှစ်) အသက် ၅၅ နှစ်တွင် လက်ရှိ ရာထူးနှင့် ပင်စင် အငြိမ်းစား ရိက္ခာတော် ရယူပြီး မန္တလေးမြို့ အာဠဝီ (ဝီ) လမ်းတွင် ငြိမ်းချမ်းစွာ အနားယူ နေခိုက် မြန်မာပြည် ဘုရင်ခံက မဟာဒါန် ရာထူးကို ခန့်အပ် ပြန်လေ သောကြောင့် အင်္ဂလိပ် သက္ကရာဇ် ၁၉၂၄ ခုနှစ် မှသည် ၁၉၂၉ ခုနှစ် အထိ ၅ နှစ်တိုင်တိုင် ထပ်မံ ထမ်းဆောင်ရ ပြန်သည်။

ထိုအတောအတွင်း နောင်လာ နောက်သား တို့၏ ဗဟုသုတ အကျိုးကို မျှော်ကိုး ရည်ထောက်၍လည်း ခုနစ်ရက် ၁ ပတ်လျှင် နှစ်ကြိမ်ကျ မန္ဈလေးမြို့ ကောလိပ် ကျောင်းတွင် ရာဇဝင် နည်းပြဆရာ အဖြစ် စေတနာ့ ဝန်ထမ်း ကြိုးပမ်း ကူညီ ခဲ့ပေ သေးသည်။

စာပေရေးသားခြင်း ပြင်ဆင်ရန်

စာပေ အရေးအသား ပြုစု ကြိုးပမ်းခဲ့ခြင်း များနှင့် ပတ်သက်၍မူ အများ ပြည်သူတို့ အကျိုး အတွက်ပင် မြန်မာ ဘုရင် ရွှေနန်း အစဉ်အဆက်တို့ အလေးအမြတ် မှတ်သား ထားရှိ ခဲ့ကြသည့် နေ့စဉ် မှတ်တမ်းများ၊ ပြန်တမ်းများ၊ တိုင်းရေး ပြည်မှု သဘင်ပွဲလမ်း မင်းခမ်းမင်းနားမှ အစ သက်ဆိုင်ရာ မှူးမတ် အရာရှိတို့ လုပ်ကိုင် ဆောင်ရွက် ကြရသော ဆင့်ဆို မှတ်သားချက် စာတမ်း စာရင်းများ အစရှိ သည်တို့ကို ငယ်ရွယ်စဉ် အခါ ကာလမှ စ၍ မနေမနား ကြိုးစား ရှာဖွေ စုဆောင်း ခဲ့ပြီးသော် ကုန်းဘောင်ဆက် မဟာ ရာဇဝင်တော်ကြီး၊ နန်းတွင်း အဘိဓာန်၊ ဦးပုည အတ္ထုပ္ပတ္တိ၊ ကင်းဝန်မင်းကြီး အတ္ထုပ္ပတ္တိ၊ အလကား ဘိုးဘိုးအောင် စသော စာအုပ် စာတမ်း၊ အမျိုးမျိုးသော ကျမ်းတို့ကို ကြိုးပမ်း ပြုစု ခဲ့ပေသည်။

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

သက္ကရာဇ် ၁၉၄၅ ခုနှစ် နှစ်ဦးပိုင်းတွင် ယိုးဒယားပြည်သို့ အလည်အပတ် သွားရောက် ကြရာမှ တောင်ပိုင်း ရှမ်းပြည်နယ် တောင်ကြီးမြို့ အနီး ဝမ်းကိုက် ရောဂါဖြင့် ထိုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် အနိစ္စ ရောက်ခဲ့သည်။

မိသားစု ပြင်ဆင်ရန်

ဦးမောင်မောင်တင်နှင့် ထိပ်တင်ဆင့် တို့တွင် သားသမီး ၁၃ ယောက် ထွန်းကား ခဲ့ပါ၏။ ထိုသားသမီး များကား ကြီးစဉ် ငယ်လိုက် အားဖြင့် ဦးလှတင် (အငြိမ်းစား အရေးပိုင်မင်း၊ ရန်ကုန်)၊ ဒေါ်တင်တင်ကြီး (အငြိမ်းစား စာတိုက်မင်းကြီးကတော်၊ ရန်ကုန်)၊ ဒေါ်တင်တင် (အငြိမ်းစား အခွန်ဝန်ကတော်၊ ရန်ကုန်)၊ ဒေါ်တင်တင်အေး (မြေပိုင်ရှင်)၊ ဒေါ်တင်တင်နွဲ့ (အငြိမ်းစား အရေးပိုင်ကတော်၊ မန္ဈလေးမြို့)၊ ဦစောတင် (သုခုမမှူး၊ ရန်ကုန်)၊ ဒေါ်တင်တင်ဖြူ (ပညာဝန်ကတော်၊ မန္ဈလေး)၊ ဒေါ်တင်တင်လေး (မြေပိုင်ရှင်၊ ရန်ကုန်)၊ ဒေါ်တင်တင်မေ (ထွက်ကုန် ဝင်ကုန် အေဂျင်စီ ဒါရိုက်တာ လူကြီး၊ ရန်ကုန်)၊ ဒေါ်တင်တင်ရွှေ (စစ်ဗိုလ်ကတော်၊ ရန်ကုန်)၊ ဒေါ်တင်တင်နု (စက်ရှင် မင်းကြီးကတော်၊ ရန်ကုန်)၊ ဒေါ်တင်တင်စု (လူမှုဝန်ထမ်း ဝန်ထောက်၊ ရန်ကုန်)နှင့် ဦးတင်မောင်မောင်လေး (ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ အတွင်းဝန်၊ ရန်ကုန်) တို့ ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်သုတ (ခ) ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) (၁၊ ဩဂုတ်၊ ၂ဝဝ၂)။ မောင်ခင်မင်၊ ဓနုဖြူ (ed.)။ စာဆိုတော်များ အတ္ထုပ္ပတ္တိ (ပဉ္စမအကြိမ် ed.)။ ရာပြည့် စာအုပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. ဦးမောင်မောင်တင် ရှိစဉ်က ဦးမောင်မောင်တင်၏ စက္ကရီတေရီ လုပ်ခဲ့ရသော သတ္တမမြောက်သမီး ပညာဝန်ကတော် ဒေါ်တင်တင်ဖြူ၏ မှတ်တမ်း