မောင်မျိုးတူ (မက္ခရာမင်းသား)
သီရိမဟာသုဓမ္မရာဇာဘွဲ့ခံ မက္ခရာမင်းသားသည် ရတနာပုံ ပထမမြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီး၏ သားတော် ၅၂ပါးအနက် သုံးဆယ်၊ ညောင်ရမ်း၊ မြင်ကွန်းမင်းသားတို့နှင့် တန်းတူရည်တူ သားတော်ကြီး လေးပါး အပါအဝင်ဖြစ်သည်။[၁]
ပထမ အင်္ဂလိပ်-မြန်မာအဘိဓာန် ပြုစုသူ ဘိုးတော်ဘုရားသားတော် ပထမမက္ခရာမင်းသားကြီးနှင့် မရောထွေးစေရန် သမိုင်းသုတေသီတို့က ဤ မက္ခရာမင်းသားကို ဒုတိယမက္ခရာမင်းသားဟု မှတ်သားကြသည်။[၂]
ငယ်ဘဝ
ပြင်ဆင်ရန်ဒုတိယမက္ခရာမင်းသား ဖြစ်လာမည့် မောင်မျိုးတူကို မင်းတုန်းမင်းနှင့် မင်္ဂလာအိမ်တော်ပါ ပထမ မြောက်ရွှေရေးမိဖုရား နန္ဒာဒေဝီ (နောင် ဒုတိယ မြောက်ဆောင်တော်မိဖုရား) တို့က ၁၈၄၇ခု ဇူလိုင်လ ၁၄ရက်တွင် ဖွားမြင်သည်။[၃] မွေးချင်းခြောက်ယောက်အနက် တတိယမြောက် ဖြစ်သည်။[note ၁] ခမည်းတော်နန်းတက်အပြီး၊ ၁၈၅၃ခု ဩဂုတ်လ ၂၆ရက်နေ့တွင် သတိုးမင်းထင်ဟူသော ဘွဲ့နှင့် (မြစ်ငယ်အကွေ့ မြောက်ဖျား ဇော်ဂျီမြစ်ဝ အနောက်ဘက်ကမ်းရှိ) မက္ခရာမြို့ကို အသုံးကံကျွေးပေးခံရသည်။[၄]
၁၈၆၃ နိုဝင်ဘာ ၁၅တွင် ခမည်းတော်ဘုရားက ပင်းထိပ်ခေါင်တင်နှင့် ရေသွန်းနှင်းအပ် လက်ထပ်ပေးတော်မူသည်။[၅] မက္ခရာမင်းသားမှာ မူလကပင် မိုင်းစိတ်ခင်လေး (ခင်နန်းယဉ်)၊ မလွန်ခင်လေး (ခင်မျိုးနွယ်)၊ တရုတ်တန်းခင်လေး၊ ခင်သစ်၊ ခင်မိမိနှင့် ၎င်းအမြတ်နိုးဆုံး ခင်ခင် ဟူသည့် ဆောင်ရကိုယ်လုပ်တော် ခြောက်ပါးနှင့် သားတော်သမီးတော်များ ထွန်းကားပြီးသည့်အတွက် ပင်းမင်းသမီ့း အဆောင်တော်သို့ ကူးတော်မူခြင်းမရှိဟု ဆိုသည်။ အိမ်ထောင်ရှင် အပျိုစင်မင်းသမီးမှာ မကြာမီ စိတ်တော်ကစဉ့်ကလျားဖြစ်လာသဖြင့် မင်းတရားကြီး ခွင့်ပြုချက်ဖြင့် ကွာရှင်းလိုက်လေသည်။[၆]
ဆောင်ရွက်ချက်များ
ပြင်ဆင်ရန်၁၈၆၆ခု မြင်းကွန်းမြင်းခုံတိုင် အရေးအခင်းတွင် စကြာဒေဝီ အရှင်မိဖုရားခေါင်ကြီး၏ ယတြာအရ ဗုဒ္ဓဟူးသား မက္ခရာမင်းသား ဦးဆောင်နှိမ်နင်းသဖြင့် အောင်မြင်လေသည်တွင်[၇] မင်းတရားကြီးက "ငါ့သား ထီး၊ ငါ့သား နန်း" ဟု လွှတ်ခနဲ မိန့်တော်မူရာ အိမ်ရှေ့အရာအတွက် ရေပန်းစားလှသည်။[၈] ၁၈၇၂ခုနှစ်တွင် ကနောင်မင်း တာဝန်ယူခဲ့သည့် ဒင်္ဂါးသွန်းစက်ရုံအပါအဝင် စက်ရုံတော်ပေါင်း ၅၀ကျော်ကို စီမံခန့်ခွဲရန် တာဝန်ပေးခံရသည်။[၉]
မြင်းကွန်းမြင်းခုံတိုင် အရေးအခင်း၊ ပန်းထိမ်းမင်းသား အရေးအခင်းတို့ ပြီးသည့်နောက်တွင် မင်းတုန်းမင်းသည် အရွယ်ရောက်ပြီး သားတော်များ၏ အဆောင်အယောင် အခြွေအရံများ ရုပ်သိမ်းကာ၊ အခြားသော အရာထမ်း အမှုထမ်းများနှင့် အဝင်အထွက် အဆက်အဆံ အလျှင်းမရှိစေရန် အမိန့်ချမှတ်ထားသည်ကို အမြင့်မြို့အုပ် မောင်မောင်ကြီးက လွန်ဆန်၍ မက္ခရာမင်းသားထံ ထည်မျိုး အုပ်မျိုးနှင့် ဝင်ရောက်ခစားသည်တွင် ယောက္ခမ မင်းလက်ဝါးကြီးက တိုင်လေသဖြင့် မောင်မောင်ကြီး အရာကျ၍ နယ်နှင်ခံရသည်။ မက္ခရာမင်းသားမှာမူ ယခင်အရေးများ၌ ရွတ်ရွတ်ချွံချွံ ဆောင်ရွက်ခဲ့မှုကိုထောက်၍ အပြစ်မရသော်လည်း အိမ်ရှေ့အရာနှင့် ဝေးခဲ့ရသည်ဟူ၏။[၁၀]
အနိစ္စရောက်ခြင်း
ပြင်ဆင်ရန်၁၈၇၈ခုနှစ်အတွင်း မင်းတရားကြီး မမာတော်မူလေရာ၊ မက္ခရာမင်းသားနှင့် ထီးနန်းဆက်ခံနိုင်သည့် အလားအလာရှိသော အခြား သားတော်ကြီးများသည် ဆင်ဖြူမရှင်အမိန့်ဖြင့် ဖမ်းဆီးခံရသည်။[၁၁][၁၂] ထိုအကြောင်းကို မယ်တော်မိဖုရားများက လျှောက်တင်ကြသဖြင့် မင်းတရားကြီး ကြားသိတော်မူလေလျှင် ထိန်းသိမ်းခံမင်းသားများကို အမြန်ဆုံးလွှတ်စေရန်နှင့် သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသားတို့ကို ချင်းတွင်းကြောင်း၊ တောင်တွင်းကြီးကြောင်း၊ အောက်မြစ်စဉ်ကြောင်း ဘုရင်ခံများအဖြစ် ခန့်အပ်ကြောင်း အမိန့်တော်မှတ်လေသည်။ သို့သော် ထိုနေ့ နေ့လယ်ခင်း ထွက်ခွာကြရန် ပြင်ဆင်ကြစဉ်မှာပင် တောင်ဥယျာဉ်တော်၌ ထပ်မံဖမ်းဆီးခံရပြန်သည်။[၁၃][၁၄]
မယ်တော် မြောက်ဆောင်တော်မိဖုရား၊ မက္ခရာမင်းသား၊ သားတော် (၁)၊ ကန္နီမင်းသမီး၊ မဘဲမင်းသမီး၊ ကြံညှပ်မင်းသမီးနှင့် မြောက်သားတော် ရနောင်မင်းသား၊ သားတော် (၂)၊ သမီးတော် (၂)၊ ဆင်ရှင်မင်းသမီးနှင့် မြောက်သားတော် ရွှေကူမင်းသား၊ သမီးငယ် (၃)၊ သားငယ် (၂) တို့သည် ၁၈၇၉ခု ဖေဖော်ဝါရီ ၁၇ရက် မန္တလေးနန်းတွင်းလူသတ်ပွဲ၌ လက်သုံးတော်ကြီးများ၏ စီရင်ကွပ်မျက်ခြင်းခံရသည်။
ဆင်ဖြူမရှင်၏ ရန်ငြိုး
ပြင်ဆင်ရန်စကြာဒေဝီ မိဖုရားခေါင်ကြီး နတ်ပြည်စံရာ ဆင်ဖြူမရှင်က နန်းမတော်ဖြစ်ဖို့ အခွင့်သာနေချိန် မြောက်ဆောင်တော်မိဖုရား၊ ခုနစ်ရွာမိဖုရား၊ လင်ပန်းမိဖုရား၊ သက်ပန်းမိဖုရားတို့ ဝင်နှောက်သဖြင့် နန်းမတော်နေရာမရဘဲ ဆင်ဖြူမရှင်နေရာနှင့်ပင် ကျေနပ်ရဖူးသည်။ မင်းသားတို့ အချုပ်ကျနေချိန် မင်းတရားကြီးထံ ဇွတ်ဝင်၍ အကြောင်းစုံလျှောက်တင်သဖြင့် ၎င့်းအစီအစဉ် ပျက်မလိုလည်း ဖြစ်ခဲ့ရသေးသည်။
တစ်ခါကလည်း ပင်းမင်းသမီးနှင့် ကွာရှင်းထားသည့် မက္ခရာမင်းသားနှင့် ၎င်း၏ သမီးတော် မိုင်းနောင်စုဖုရားကြီးကို လျာထားသဖြင့် တီးခေါက်ကြည့်လေရာ၊ အစ်မတော် ကန္နီမင်းသမီးက "နှာခေါင်းတန်မနဲ့ တူလို့ တန်လို့လား" ဟု ရင့်ရင့်သီးသီးပြောလိုက်သဖြင့် နာနာကြည်းကြည်း ရှက်စိတ်ဖြစ်ခဲ့ရသည်ဆိုသည်။ (မိုင်းနောင်စုဖုရားသည် နှာခေါင်းအရုပ်ဆိုးပုံရ၏။)
ထို အကြောင်းရင်းများကြောင့် ဆင်ဖြူမရှင်သည် မြောက်ဆောင်တော်မိဖုရား မိသားစုအပေါ် အငြိုးအာဃာတ ကြီးလေသည်ဟူ၏။[၁၅]
သားတော်၊ သမီးတော်များစာရင်း
ပြင်ဆင်ရန်ကိုယ်လုပ်တော် | သားတော်၊ သမီးတော်များ |
---|---|
ခင်ခင် | မောင်ရှမ်းကြီး ခင်မကြီး ခင်မကလေး |
တရုတ်တန်းခင်လေး | မောင်ရွှေယုံ မောင်လတ် |
မိုင်းစိတ်ခင်လေး (ခင်နန်းယဉ်) | မောင်တုတ် မောင်ဝ |
မလွန်ခင်လေး (ခင်မျိုးနွယ်) | မောင်ဖြူ မယ်ထွေး |
ခင်သစ် | သမီးတော် (၁) |
ခင်မိမိ | သမီးတော် (၁) |
မှတ်စုများ
ပြင်ဆင်ရန်- ↑ မင်းတုန်းမင်းနှင့် ဒုတိယ မြောက်ဆောင်တော်မိဖုရား နန္ဒာဒေဝီတို့က သမီးတော် ကန္နီမြို့စား သီရိသုစန္ဒာဒေဝီ (မမျိုးရင်း) (မြောက်သားတော်- အိမ်ရှေ့မင့်းသားတော် ပန်းထိမ်းမင်းသား မဟာသီရိဓမ္မရာဇာ)၊ သမီးတော် မဘဲမြို့စား သီရိသုမလ္လာဝတီ (မမျိုးအုံ) (မြောက်သားတော်- ခမည်းတော်ဘုရာ့းသားတော် ညောင်ရမ်းမင်းသား သီရိမဟာဓမ္မရာဇာ)၊ သားတော် မက္ခရာမင်းသား၊ သမီးတော် ကြံညှပ်မြို့စား သီရိသာမဒေဝီ (မြောက်သားတော်- ခမည်းတော်ဘုရာ့းသားတော် ရနောင်မင်းသား သတိုးဗညားဒေါ)၊ သမီတော် ဆင်ရှင်မြို့စား သီရိသုမင်္ဂလာဒေဝီ (မြောက်သားတော်- ခမည်းတော်ဘုရာ့းသားတော် ရွှေကူမင်းသား သတိုးဗညားလော)၊ သားတော် ငယ်ကလွန်တစ်ပါး၊ စုစုပေါင်း ခြောက်ပါး မွေးဖွားတော်မူသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ သန်းဆွေ ၁၉၉၈၊ နှာ ၈၀
- ↑ သန်းဆွေ ၁၉၉၈၊ နှာ ၇၄
- ↑ သန်းဆွေ ၁၉၉၈၊ နှာ ၇၈
- ↑ ကုန်းဘောင်ဆက် (တ)၊ နှာ ၁၂၁
- ↑ ကုန်းဘောင်ဆက် (တ)၊ နှာ ၂၁၈
- ↑ သန်းဆွေ ၁၉၉၈၊ နှာ ၈၀–၈၁
- ↑ သန်းဆွေ ၁၉၉၈၊ နှာ ၈၁
- ↑ ကုန်းဘောင်ဆက် (တ)၊ နှာ ၂၃၁
- ↑ ကုန်းဘောင်ဆက် (တ)၊ နှာ ၂၆၆
- ↑ ကုန်းဘောင်ဆက် (တ)၊ နှာ ၂၈၀
- ↑ စိန်တင် ၂၀၀၅၊ နှာ ၅၉–၆၂
- ↑ ခင်ခင်လေး ၂၀၀၃၊ နှာ ၃၇၅–၃၇၈
- ↑ စိန်တင် ၂၀၀၅၊ နှာ ၆၃–၆၄
- ↑ ခင်ခင်လေး ၂၀၀၃၊ ၃၉၇–၄၀၀
- ↑ သန်းဆွေ ၁၉၉၈၊ နှာ ၈၂
- ↑ ကုန်းဘောင်ဆက် (တ)၊ နှာ ၃၀၉
ကျမ်းကိုးစာရင်း
ပြင်ဆင်ရန်- ခင်ခင်လေး၊ ဒဂုန် (ဒီဇင်ဘာ ၂၀၀၃)။ ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး။ တော်ဝင်မြို့မစာအုပ်တိုက်။
- စိန်တင်၊ တက္ကသိုလ် (ဇွန် ၂၀၀၅)။ သီပေါဘုရင်နှင့် စုဖုရားလတ် (ပထမအကြိမ်)။ အားမာန်သစ်စာပေ။
- မောင်မောင်တင်၊ ဦး (အောက်တိုဘာ ၂၀၀၄)။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (တ) (စတုတ္ထအကြိမ်)။ ရန်ကုန်မြို့: တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ်နယ်မြေ။
- သန်းဆွေ၊ မောင် (ထားဝယ်) (ဇန်နဝါရီ ၁၉၉၈)။ မက္ခရာရှင်းတမ်း။ ရနံ့သစ်မဂ္ဂဇင်း။ (ကုန်းဘောင်ရှင်းတမ်း၊ စာမျက်နှာ ၇၄–၈၃ မှ ကောက်နုတ်ချက်)