မောင်လင်းယုန် (ရှမ်းပြည်)
မောင်လင်းယုန် (ရှမ်းပြည်) (၂ ဖေဖော်ဝါရီ ၁၉၃၃–၂၆ ဖေဖော်ဝါရီ ၂၀၁၆) သည် ဓနုလူမျိုး စာရေးဆရာနှင့် ကဗျာဆရာတစ်ဦး ဖြစ်သည်။ အမည်ရင်းမှာ ဦးမြင့်ဦး ဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း၊ လွယ်မွေမြို့၌ ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အဖ ကုန်သည် ဦးဘစိမ်းနှင့် အမိ ဒေါ်သန်းတင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ကိုးယောက်အနက် အကြီးဆုံးသား ဖြစ်သည်။
မောင်လင်းယုန် (ရှမ်းပြည်) | |
---|---|
၇၅ နှစ်ပြည့် မွေးနေ့တွင် တွေ့ရသော မောင်လင်းယုန်(ရှမ်းပြည်) | |
မွေးဖွား | မြင့်ဦး ဖေဖော်ဝါရီ ၂၊ ၁၉၃၃ လွယ်မွေ၊ ရှမ်းပြည်နယ် |
ကွယ်လွန် | ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆ ရန်ကုန် | (အသက် ၈၃)
ကလောင်အမည် | တောင်ကြီးမြင့်ဦး၊ တောင်ကြီးမြင့်ဝေ၊ မြင့်ဝေ၊ မြတ်မွန်ဦး၊ သက်နိုင်ဦး၊ သက်မွန်ဦး၊ ကေသီလှိုင်၊ လင်းယုန်ပျို (ရှမ်းပြည်) |
အလုပ်အကိုင် | စာရေးဆရာ |
နိုင်ငံလူမျိုး | မြန်မာ |
လူမျိုး | ဓနု |
ပညာရေး | B.A (IR) |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
ကိုယ်ရေးဖြစ်စဉ်
ပြင်ဆင်ရန်မူလတန်းမှ အထက်တန်း အထိ တောင်ကြီးမြို့တွင် ပညာ သင်ကြားခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ ဆရာအတတ်သင် သိပ္ပံကျောင်းတွင် အလယ်တန်း ဆရာဖြစ် လက်မှတ် ရခဲ့သည်။ ထိုကျောင်းတွင် ဆရာဖြစ် တက်ရောက်ရင်းနှင့် ၁၉၅၁ ခုနှစ်တွင် ၁၀ တန်း အောင်ခဲ့သည်။ ပင်းတယမြို့တွင် အလယ်တန်းဆရာ အဖြစ် တနှစ် သွားရောက် အမှုထမ်းခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ကို တက်ရောက် သင်ကြားခဲ့ရာ ၁၉၅၉ ခုနှစ်တွင် BA (IR) ဘွဲ့ကို ရရှိခဲ့သည်။ ရန်ကုန် တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာနတွင် တနှစ်ခွဲကျော် အမှုထမ်းခဲ့သည်။ ၁၉၆၁ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်၊ ဆိုဗီယက် သံရုံး သတင်း ဖြန့်ချိရေး ဌာနတွင် ဘာသာပြန် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ သံရုံးတာဝန် ထမ်းဆောင်နေစဉ် အတွင်း စနေ၊ တနင်္ဂနွေနေ့များတွင် လူငယ် စာရေးဆရာများအား ကမ္ဘာ့စာပေများ၊ ကဗျာများကို ဘာသာပြန်ဆိုနည်း သင်ကြားပေးသည်။ ဂန္ဓဝင်ပန်းခင်း အမည်ဖြင့် စာသင်ကြားခဲ့သည်။ ဝတ္ထုတို၊ ရှည်၊ ကဗျာ၊ ဆောင်းပါးများ၊ ပြဇာတ်ကို ရန်ကုန် တက္ကသိုလ်တွင် ပညာသင်ကြားစဉ် ကတည်းက စတင် ရေးသားခဲ့သည်။ တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ကော်မတီ၊ အိုးဝေ မဂ္ဂဇင်း ကော်မတီတို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် ကလောင်အသင်း ဥက္ကဋ္ဌ အဖြစ်လည်း တာဝန် ထမ်းခဲ့သည်။ တက္ကသိုလ်တွင် ရှိစဉ်အတွင်း အဏုမြူစစ် ဆန့်ကျင်ရေး၊ စစ်မုန်းသူ ကဗျာများ၊ မြကျွန်းသာ ကဗျာများ၊ ချယ်ရီပွင့်လျာ ကဗျာများ၊ ရှမ်းရိုးမ ကဗျာများကို စုပေါင်း ရေးသားခဲ့သည်။ သံရုံးတွင် တာဝန် ထမ်းဆောင်စဉ် အတွင်း ဂီတကောင်စီနှင့် ထုတ်သည့် ဂီတာပဒေသာ မဂ္ဂဇင်း၊ ဂီတ သတင်းစဉ် ဂျာနယ်တို့ကို ဦးစီး နာယက အဖြစ် ဆောင်ရွက် ပေးခဲ့သည်။ ချယ်ရီ မဂ္ဂဇင်းတွင် နာယက လုပ်ခဲ့သည်။ ဆောင်းပါးအပုဒ် ၁၀၀ ကျော်၊ ဝတ္ထုတို ၃၀ ခန့်၊ ကဗျာအပုဒ် ၅၀၀ ကျော်ခန့်၊ ပြဇာတ်အပုဒ် ၃၀ ခန့် ရေးသားခဲ့သည်။ စစ်မုန်းသူ ကဗျာများထဲမှ ကေသီလှိုင် ကလောင် အမည်ဖြင့် ရေးသားခဲ့သော "သံသယ" ကဗျာအား ၁၀ တန်း ပြဋ္ဌာန်းစာအုပ်တွင် ဖော်ပြခြင်း ခံရသည်။
အသုံးပြုခဲ့သော ကလောင်အမည်ခွဲများမှ တောင်ကြီးမြင့်ဦး၊ တောင်ကြီးမြင့်ဝေ၊ မြင့်ဝေ၊ မြတ်မွန်ဦး၊ သက်နိုင်ဦး၊ သက်မွန်ဦး၊ ကေသီလှိုင်၊ နှင့် လင်းယုန် ပျို (ရှမ်းပြည်) တို့ ဖြစ်သည်။
နိုင်ငံရေး
ပြင်ဆင်ရန်၁၉၇၈ ခုနှစ်တွင် ရှမ်းပြည်နယ်အရေးနှင့် ပတ်သက်၍ အင်းစိန်ထောင်တွင် တစ်ကြိမ်၊ ၁၉၈၈ တော်လှန်ရေး နှင့် ပတ်သက်၍ ၁၉၈၉ ခုနှစ်တွင်တစ်ကြိမ် အင်းစိန်ထောင်၊ တောင်ငူထောင်တို့တွင် အထိန်းသိမ်း ခံခဲ့ရသည်။
ရေးသားခဲ့သော စာအုပ်များ
ပြင်ဆင်ရန်- စွမ်းသူအားမာန် (ဘာသာပြန်) ၁၉၆၇
- အားသစ် အင်သစ် မာန်သစ် (ပြဇာတ်ပေါင်းချုပ်) ၁၉၆၉
- ပွင့်ဦးမြေခကြွေလွင့်ရလေပြီ (ပြဇာတ်ရှည်) ၁၉၇၂
- (ထရန်ဒင်ဗန်) ငုရင်းဗန်ထရိုင်း (ဘာသာပြန်) ၁၉၇၆
ဘဝနိဂုံး
ပြင်ဆင်ရန်၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် နေ့လည် ၂ နာရီ ၁၈ မိနစ်တွင် ဝိတိုရိယဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ (ဖေဖော်ဝါရီ ၂၀၀၈)။ နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း။ စတုတ္ထတွဲ (ပထမအကြိမ် ed.)။ ရွှေဟင်္သာ စာအုပ်တိုက်။