မောဟ၏ လက္ခဏာ၊ ရသစသည် ပြင်ဆင်ရန်

မောဟသည် ပညာမျက်စိ ကန်းသည်၏ အဖြစ်လျှင် အမှတ်လက္ခဏာရှိ၏။ တရား သဘောကို အမှန်အကန်အတိုင်း မမြင်အောင် ဖုံးလွှမ်းခြင်းသဘောသည် မောဟ၏ ထူးခြားသော အမှတ်အသားတည်း။ တစ်နည်းအားဖြင့် ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်ခြင်းသည် မောဟ၏ထူးခြားသော အမှတ်အသားတည်း။ ဉာဏ်သည် တရားသဘောကို အမှန်အတိုင်း မြင်၏၊ မောဟသည် တရားသဘောကို မမှန်မကန် မြင်၏။

မောဟသည် ကောင်းစွာ ထိုးထွင်း၍ သိခြင်းငှါ မစွမ်းနိုင်သည်၏ အဖြစ်တည်းဟူသော သမ္ပတ္တိရသရှိ၏၊ ကောင်းစွာ ထိုးထွင်း၍ သိခြင်းငှါ မစွမ်းနိုင်အောင် ပြုခြင်းကိစ္စရှိ၏။ တစ်နည်းအားဖြင့် အာရုံ၏ သဘောကို ဖုံးလွှမ်းခြင်းကိစ္စရှိ၏။ အာရုံ၏ သဘောကို ထိုးထွင်း၍ မသိမမြင်နိုင်အောင် ဖုံးလွှမ်းထားခြင်းသည် မောဟ၏ကိစ္စတည်း။

မသင့်မလျော်သော အကျင့်ကို ရှေးရှုဖြစ်စေတတ်၏။ မောဟဦးစီးလျှင် မသင့်မလျော်သော အကျင့်ကို ကျင့်ကြတော့၏။ ပညာ မျက်စိ ကန်းသည်၏ အဖြစ်ကို ပြုတတ်သော တရားဟု ဉာဏ်အား ရှေးရှုထင်လာတတ်၏။ (ပစ္စုပဋ္ဌာန်)

မသင့်မတင့်သော အကြောင်း အနုပါယ လမ်းရိုးမမှန်သော ဥပ္ပထအားဖြင့် နှလုံးသွင်းခြင်းလျှင် နီးသော အကြောင်းရှိ၏။ (ပဒဋ္ဌာန်)

မောဟ၏ အပြစ်များ ပြင်ဆင်ရန်

အလုံးစုံသော အကုသိုလ်တို့၏ မူလဘူတဖြစ်၏ [၁]

မောဟကြောင့် အမြဲ တွေဝေသော တိရစ္ဆာန်မျိုး၌ ဖြစ်တတ်၏။

မှန်သည်ကို မမှန်, မမှန်သည်ကို အမှန်ဟု ယူခြင်းသည် မောဟ၏ သဘောတည်း [၂]

မောဟသည် ကံ ဖြစ်ခြင်း၏ အကြောင်း ဖြစ်၏ [၃]

မောဟကိန်းလာလျှင် သတ္တဝါကို သတ်ခြင်းစသော အကုသိုလ် အမျိုးမျိုး ကျူးလွန် တော့၏ [၄]

မောဟသည် အပြစ်ကြီး၏။ ဖြည်းဖြည်း ကင်းပျောက်၏ [၅]

မောဟသည် အတွင်း အညစ်အကြေး အတွင်း ရန်သူမည်၏ [၆]

မောဟသည် မာရ်၏ စစ်သည်မည်၏ [၇]

မောဟကို မိစ္ဆာဉာဏဟုလည်း သုံးနှုန်း၏ [၈]

အဝတ်တန်ဆာအမျိုးမျိုး ဝတ်ဆင် ထားသော ပရိသတ်ကို ကြည့်ရှုရာ၌ မညီ မညွတ်ရှုလျှင် မောဟဖြစ်တတ်သည် [၉]

မောဟဖြင့် တွေဝေသူသည် မိမိအကျိုးကိုလည်း ဟုတ်တိုင်း မှန်စွာမသိ၊ သူတစ်ပါးအကျိုးကိုလည်း ဟုတ်တိုင်းမှန်စွာမသိ [၁၀]

မောဟနှင့်တူသော ကွန်ရက် မည်သည်မရှိ။ ([၁၁]

မောဟသည် အလုံးစုံသော အကုသိုလ်၏ ရှေ့သွား ဖြစ်၏ [၁၂]

အရတိ တန္ဒီ ဝိဇမ္ဘိတာ-စသည်ကိုမောဟဖြစ်ကြောင်းတရားဟု ဖွင့်ပြကြ၏။ အကျဉ်းချုပ်အားဖြင့် အကြင်တရားကို မှီဝဲသူအား မဖြစ်သေးသော ပညာသည် မဖြစ်၊ ဖြစ်ပြီးသော ပညာသည် ဆုတ်ယုတ်၏၊ ထိုတရားများသည် မောဟဖြစ်ကြောင်း ပင်ဖြစ်၏ [၁၃]

အာရုံ၏ သဘောကို ဖုံးလွှမ်းတတ်၍ အမိုက်တိုက်နှင့် တူသောကြောင့် မောဟကို တမ-ဟုလည်း ခေါ်သည် [၁၄]

မောဟသည် နာမရူပပရိဂ္ဂဟဉာဏ် ကင်္ခါဝိတရဏဝိသုဒ္ဓိဉာဏ်တို့၏ ဘေးရန်ဖြစ်၏ [၁၅]

မောဟကို ပယ်ပုံ ပြင်ဆင်ရန်

သိက္ခာ ၃-ပါးကို ကျင့်သူသာ မောဟကင်းပျောက်လိမ့်မည် [၁၆]

မောဟကြောင့် အမောဟ မဖြစ်နိုင်၊ မောဟကြောင့် မောဟ သာဖြစ်နိုင်၏။ ယင်းမောဟမပယ်ဘဲ အရဟတ္တမဂ် မရနိုင် [၁၇]

အပါယဂမနီယမောဟကို မပယ်ဘဲ သောတာပတ္တိမဂ် မရနိုင်။ ([၁၈]

မောဟပယ်ဖို့အတွက် ပညာကို ပွားများရမည် [၁၉]

အမောဟဖြင့် အပြစ်ကိုဖုံးကွယ်တတ်သော မောဟကို ပယ်၏ [၂၀]

မောဟသည် အဝိဇ္ဇာနီဝရဏ မည်၏၊ အဝိဇ္ဇာနီဝရဏဖြင့် ဖုံးလွှမ်းအပ်သူတို့သည် သိသင့်သိထိုက်သောတရားကို မသိ သည်ဖြစ်၍ သံသရာ ကျင်လည် ကြရ၏။ အပါယဂမနီယ မောဟကို အောက်အောက် မဂ်ဖြင့် ပယ်သတ်၍ ကြွင်းသောမောဟကို အရဟတ္တမဂ်ဖြင့် ပယ်သတ်သည် [၂၁]

အမောဟအဇ္ဈာသယဓာတ်ခံရှိသောဘုရားလောင်းများသည် မောဟ၌အပြစ်ကို မြင်ကြ၏ [၂၂]

မိစ္ဆာအယူရှိသူတို့၏ မိမိ မိမိဆရာဘုရားများ၌ ယုံကြည်ခြင်းသည် သဒ္ဓါမဟုတ်၊ မိစ္ဆာဓိမောက္ခခေါ် မောဟသာဖြစ်သည် [၂၃][၂၄]

ကိုးကား ပြင်ဆင်ရန်

  1. (အဘိ၊ဋ္ဌ၊၁၊၂၉၁)။
  2. (အဘိ၊ဋ္ဌ၊၁၊၁၇၁-၂)
  3. (အံ၊၁၊၁၃၃)
  4. (အံ၊၁၊၁၉၅)
  5. (အံ၊၁၊၂၀၀)
  6. (မဟာနိ၊၃၇၄)
  7. (စူဠနိ၊၁၁၄)
  8. (မ၊ဋ္ဌ၊၁၊၁၉၂)
  9. (ဒီ၊ဋ္ဌ၊၁၊၁၆၆။ မ၊ဋ္ဌ၊၁၊၂၅၉)
  10. (အံ၊၁၊၁၅၀)
  11. ဓမ္မ၊၄၉၊ ဓမ္မ၊ဋ္ဌ၊၂၊၂၃၁)
  12. (ထေရီ၊ဋ္ဌ၊၂၅)
  13. (စရိယာ၊ဋ္ဌ၊၃၀၇)
  14. (ဒီ၊ဋီ၊၁၊၃)
  15. (သီ၊ဋီ၊သစ်၊၁၊၃၀၇)
  16. (အံ၊၁၊၂၃၂)
  17. (အံ၊၂၊၂၉၇)
  18. အံ၊၂၊၃၀၁။ အံ၊၃၊၂၄၉။ အံ၊ဋ္ဌ၊၃၊၁၄၀)
  19. (အံ၊၂၊၃၈၈)
  20. (ဝိသုဒ္ဓိ၊၁၊၇၉)
  21. (ဣတိဝုတ်၊ဋ္ဌ၊၅၅)
  22. (သုတ္တနိ၊ဋ္ဌ၊၁၊၄၅)
  23. (အဘိ၊ဋ္ဌ၊၁၊၂၉၂။ မူလဋီ၊၁၊၁၂၀)
  24. တိပိဋကအဘိဓာန် အတွဲ-၁၆