မျက်ရည်လျှံဖြာ ရှင်အာနန်ပမာ

မျက်ရည်လျှံဖြာ ရှင်အာနန်ပမာ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

မျက်ရည်လျှံဖြာ ရှင်အာနန်ပမာ ပြင်ဆင်ရန်

မြတ်ဌာနီ ကပ္ပနန်းက၊ စာတန်းဝင် နွယ်တော်ဖြာတဲ့၊ တဝမ်းခြာ ရှင်အာနန်နှင့်၊ ဘဂဝါ အရဟံ သမ္မာသံ ဓမ္မရာဇ်ကဲ့သို့၊ စံနစ်ရွှေ သိင်္ဂါလှော်နှင့် ဆရာတော် ဆွေအမျိုးတွင်မှ၊ ဖေဖိုး မယ်မယ်သာနှင့်၊ အနွယ်မှာ သွယ်ကာ စုလိုက်တော့၊ တာတုကီ ဘဂီနိ ပေပ၊ ယင်းဘမိဆင်းအူတုံ။

ကျောင်းသားပါ သာမဏေက၊ တာအရှည်စာပေသင်ခဲ့၊ ဂါမေ တွင်သာရွှေကုန်း၏၊ ထေရ်ဘုန်းခင် ညင်သိပ်သည်းသူတို့၊ နိသျည်းဆရာနည်းနာ မှတ်မိအောင်။ ဆည်းကပ်၍လှုံ။

ဘဝဟောင်းအတန်တန်က၊ အကြောင်းခံ ကုသိုလ်တမျိုးစီမို့၊ အကျိုးကို ညွှန်ကာဆောင်တော့၊ ပုဆိုးကြောင် အမျိုးမောင်နှစ်တဲ့၊ ညီးညစ်စွာရာဂီခင်တဲ့၊ သာကီဝင်စာမရီသို့ ထမ်းပေတဲ့၊ ရဟန်းတော် အရှင်မြတ်မှာဖြင့်၊ ကျမ်းတတ်ပုံ သူအလွန်မို့၊ ထူတံခွန်ရွှေတံဆိပ်ကယ်နှင့်၊ ငွေရိပ်ဖြူသီဟာသနငယ်က၊ အထူးပင်ဖူးတင်သလို့၊ ဦးဝိမလသညာချယ်၊ တွင်နာမည်မော်ကွန်း။

ဇာတ်မတူအမူခြားကြ၊ ဘုရားသခင်နှင့်၊ အပါးတွင်ရှင်အာနန်ကဲ့သို့၊ ထာဝရံနောက်တော်လိုက်လို့၊ ပျော်ပိုက်ရာဒေသစာလှည့်တော့၊ တပည့်မပါဖြစ်သော်လဲ၊ ပို့မေတ္တာလစ်ကာမလပ်ပါဘူး၊ ပုန်းကွယ်သာ သုံးဆယ်ရပ်တွင်မှ ဘုန်းနတ်ထံစံကာပျော်တဲ့၊ ဆရာတော်မရဏာပြောင်းသူ၏၊ အလောင်းကိုမမြင်စမ်းလိုက်ရ၊ ပင်ပန်းစွာဖိုလို့မောမိ၊ မဂ်သောတာဝင်ကာပန်သည့်၊ ရှင်အာနန်ပုဂ္ဂိုလ်ကြီးသော်မှ၊ လျှံစီးယိုမျက်ရည်ကိုသုတ်ပါသတဲ့၊ သည်ပုဂ္ဂိုလ်ပုထုဇာန် သဘောဟာမို့၊ သံယောဇာဉ်သမုဒယတရားငယ်နှင့်၊ လူသားအို ငိုမစဲအောင်ပ၊ နှစ်ရွှေမှာ အချစ်တွေနှင့်ကွဲရလို့၊ ရစ်ခွေလေမြစ်ရေဝဲကဲ့သို့၊ သဲပွက်ထလွန်း။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။