မျုစမြစ်သည် ဥရောပအနောက်ပိုင်းတွင် အရေးအပါဆုံးသော သင်္ဘောလမ်းကြောင်းတစ်ခုဖြစ်၏။ မျုစမြစ်သည် ပြင်သစ်နိုင်ငံ အရှေ့ပိုင်းရှိ လန်းဂရာတောင်များတွင် မြစ်ဖျားခံ၍ မြောက်ဘက် အားဒင် တောင်တန်းများကို ကျော်ဖြတ်ပြီးနောက် အရှေ့မြောက်ဘက်သို့ကွေ့သွားလျက် ဗဲလဂျီယမ်နိုင်ငံတွင်းသို့ စီးဝင်သည်။ ဗဲလဂျီ ယမ်နိုင်ငံမှ တစ်ဖန် နယ်သာလန်နိုင်ငံတွင်းသို့ ဝင်ကာ နယ်သာ လန်တွင်အဆုံးသတ်၍ မြောက်ပင်လယ်တွင်းသို့ စီးဆင်းသည်။ မြစ်ဝကျယ်၍ ရိုင်းမြစ်ဝနှင့် တစ်ဆက်တည်းဖြစ်သည်။ မျူစမြစ်၏ အကြီးဆုံးလက်တက်မှာ ဆန်ဗာဖြစ်၍ ဗဲလဂျီယမ်နိုင်ငံ နားမူးမြို့ တွင် စီးဝင်ပေါင်းဆုံသည်။ အခြားလက်တက်မျာကား ဗဲလဂျီယ် နိုင်ငံ လိဂျမြို့တွင်စီးဝင်ပေါင်းဆုံသော အုနှင့် နယ်သာလန် တောင် ပိုင်းတွင် စီးဝင်ပေါင်းဆုံး ရူးတို့ ဖြစ်၏။ နယ်သာလန် နိုင်ငံဖက် တွင် မျူစမြစ်သည်မားစမြစ်ဟု တွင်သည်။ မျုစမြစ်သည် မြစ်ဖျားမှ မြစ်ဝအထိ ခရီးဖြောင့်အားဖြင့် မိုင် ၂၃ဝ မျှသာ ကွာဝေးသော်လည်း အကောက်အကွေ့ အလွန်များ သောကြောင့် ၅၇၅ မိုင် ရှည်လျားသည်။ မျုစမြစ်၏ ထူးခြားချက် တစ်ခုမှာ ယင်းသည် ဗဲလဂျီယမ်နိုင်ငံတွင်းသို့ မဝင်မီကလေးတွင် ၃မိုင်မျှ ငုပ်လျှိုးစီးဝင်ပြီးမှ မြေပေါ်သို့ ပေါ်လာခြင်းဖြစ်သည်။ မျုစမြစ်သည် နယ်သာလန်နှင့် ဗဲလဂျီယမ်နိုင်ငံများတွင် ဖောက်လုပ် ထားသော တူးမြောင်းများဖြင့် ဆက်သွယ်လျက်ရှိခြင်းကြောင့် မျုစမြစ်နှင့် ယင်း၏ လက်တက်များသို့ မိုင် ၃၆ဝ မျှ သင်္ဘောများ သွားလာဆန်တက်နိုင် ပေသည်။ ပြင်သစ်နိုင်ငံရှိ အခြားမြစ်များနှင့် လည်း တူးမြောင်းများဖြင့် ဆက်သွယ်လျက်ရှိပေသည်။ ပြင်သစ်တို့၏ ခံတပ်မြို့ဖြစ်သော ဗာဒွန်နှင့် ဗဲလဂျီယမ်နိုင်ငံမှ လိဂျနှင့် နားမူးမြို့တို့သည် မျုစမြစ်ပေါ်တွင် တည်ရှိသည်။ ၁၉၁၄ ခုနှစ်တွင် ဖြစ်ပွားသော ပထမ ကမ္ဘာစစ်ကြီးအတွင်းက မျုစမြစ်တစ်လျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားသဖြင့် သမိုင်းတွင် တွင်ပေသည်။ စစ်ဦးကာလက ပြင်သစ်တို့နှင့် ချဉ်းနင်း ဝင်ရောက် လာသော ဂျာမန်တပ်များသည် ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြစ်ဝှမ်းတွင် ပြင်းပြင်းထန်ထန် တိုက်ပွဲဆင်ကြ၏။ ၁၉၁၈ ခုနှစ် စစ်ပြီးခါနီးတိုင်အောင် ဂျာမန်တို့က ချုပ်ကိုင်ထားခဲ့သည်။ ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွက် ပြင်သစ်တို့က မျုစမြစ်၏ အနောက်ဘက် ကမ်းမှ ဝင်ရောက်ကာ ဆီးဒန်မြို့ကို သိမ်းပိုက်ခဲ့လေ သည်။ တစ်ဖန် ဒုတိယကမ္ဘာစစ်အတွင်းကလည်း ၁၉၄ဝ ပြည့်နှစ်တွင် ဂျာမန်စစ်တပ်များ ချဉ်းနင်းဝင်ရောက်ခြင်း ခံရလေသည်။[]


  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)