မြကျောက်ဆရာတော် ဦးခေမာစာရ

မြကျောက်ဆရာတော် ဦးခေမာစာရ အလောင်းအလျာသည် တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့၊ တောင်သာယာရပ်ကွက်နေ ဦးမောင်မောင်တင်၊ ဒေါ်ထွေးတို့မှ ကောဇာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်၊ တနင်္လာနေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် ဖွားမြင်ပြီး၊ ငယ်စဉ်ကပင် မြိတ်မြို့၊ ဘုရားကိုးဆူကျောင်းတိုက် ဆရာတော် ဦးဉာဏောဘာသထံ၌ အမွေခံတပည့်အဖြစ် ခံယူကာ အခြေခံစာပေနှင့် ပရိယတ္တိစာပေတို့ကို ကြိုးစားသင်ယူသည်။ မန္တလေးမြို့မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက် မဟာနန္ဒီသေန ရာမကျောင်းတိုက်ရှိ ကျေးဇူးတော်ရှင် နန္ဒီသေန ဆရာတော်ထံတွင် ၁၃၃၃ မှ စ၍ ၁၆ နှစ်တိတိ စာဝါလိုက်နေစဉ် အတွင်း၌ စာသင်သားဘဝတွင် ဆွမ်းခံကြွရာ၊ ပြန်ရာ၌ မဟာမြတ်မုနိဘုရားတွင် ဝတ်ပြုခြင်း၊ ဆွမ်းသပိတ်လှူခြင်းနှင့် ဂန္ဓကုဋိတိုက်အတွင်း အပြင် သန့်ရှင်းရေးကို နိစ္စပတ် ပြုလုပ်သည်။

တနေ့ မဟာမြတ်မုနိ ဘုရား ဂန္ဓကုဋိတိုက်၌ တံမြက်လှည်း ကြမ်းတိုက်နေခိုက် ဆရာတော်ကြီး တပါးသည် တောင်ဘက်မုခ်မှ လာ၍ ဦးခေမာစာရကို အထုပ် တထုပ် စွန့်ပြီး ဓာတ်တော်များ ဖြစ်၍ ဘုရားတည်ပါက ထည့်၍ ဌာပနာရန် ဖြစ်ကြောင်း ပြောဆို စွန့်သွားသည်။ နောက် ၁၃၅၀ ပြည့်နှစ် ဝါဆိုလဆန်း ၁၀ ရက် တွင် ချမ်းအေးသာဇံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက် အကွက် ၂၇၁ နေ ဦးခင်မောင်ကြည်နှင့် ဦးကိုလေးတို့သည် ရန်ကင်းတောင်ပိုင် ဆရာတော်ကြီး ဦးကုသလ၏ မိန့်ကြားချက်အရ ဘုရားတည်ရန် ဦးခေမာစာရသို့ လျှောက်ထားလာသည်။ နောက် ပထမဆုံး ဘုရားတည်မည့် မြကျောက်စေတီတော် နေရာတွင် မြေညှိရာ ကျီးပြိုပြီး နိမိတ်ပြကြသည်။ ၅ လနှင့် ၃ ရက်ဖြင့် "သိဒ္ဓိအောင် ရတနာမုနိ" ဘွဲ့မည်ရ စေတီကို ပြီးအောင် တည်နိုင်ခဲ့ပြီးနောက် ၁၃၅၃ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်တွင် အတုလမဟာမြကျောက်စေတီတော်ကြီး တည်မည့်နေရာသို့ ပြောင်းရွှေ့ သီတင်းသုံးသည်။

ပေါင်းမြက်များ ရှင်းခြင်း၊ အတုလမဟာ မြကျောက်စေတီပရိဝုဏ်အတွင်းမှ ကားလမ်းမကြီးအထိ လမ်းဖောက်ခြင်း၊ ပြာသိုလပြည့်ကျသော် စေတီအတွင်း ဂန္ဓကုဋိတိုက်၌ သီတင်းသုံးမည့် "မဟာအတုလ လာဘမုနိ" ရုပ်ပွားတော်ကို ပင့်ဆောင်ခြင်း၊ မဟာအတုလ မြကျောက်စေတီတော် ဖိနပ်တော်ရှိ ချိုင့်ဝှမ်းကြီးကို ရေ စုပ်ထုတ်ခြင်းနှင့် ရွှံ့ညွှန်ဆယ်ခြင်းတို့ကို ပြုလုပ်သည်။ မူလဌာပနာတိုက်ပေါက် ကျောက်တုံးကြီး ပေါ်လာသည့်အခါ ၁၃၅၃ ခု တပို့တွဲလပြည့်နေ့ဝယ် ကျောက်ပန္နက်စိုက်ခြင်း၊ ချိုင့်ဝှမ်းအတွင်းသို့ ကျောက်ကားပေါင်း ၆၀၀၀ ကျော်နှင့် မြေကားပေါင်း ၄၀၀ ကျော် ဖို့ပစ်ခြင်းတို့ကို ဆောင်ရွက်သည်။ ထိုသို့ ပြုပြင်ဆောင်ရွက်လာရာ အဆင့်မီ သာသနိက အဆောက်အဦများ၊ မဟာသိမ်တော်ကြီးနှင့် နှစ်ထပ်ဓမ္မာရုံကျောင်းတော်အပြင် မြကျောက် သဘာဝရေသန့်စည်များ တင်ထားရန် အဆောက်အဦများကို အလှူရှင်ပေါ်ပေါက် ဆောက်လုပ်နိုင်ခဲ့သည်။

၁၃၆၂ ခု၊ တပေါင်းလဆန်း ၈ ရက်တွင် အစိုးရက မြကျောက်ဆရာတော် ဦးခေမာစာရကို မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်သည်မှ စ၍ မြကျောက်ဆရာတော်ဟု ထင်ရှားသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ဦးသိန်းထွန်းကြည် (ဇူလိုင်၊ ၂၀၀၁)။ ကျေးဇူးရှင်မြကျောက်ဆရာတော်ဦးခေမာစာရ၏ မြကျောက်သောက်ရေသန့်နှင့် ဖြစ်ရပ်ဆန်းများ။ နက္ခတ္တရောင်ခြည်။ p. ၁၃။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)