မြစ်ငယ်မြစ်

မြန်မာနိုင်ငံရှိ မြစ်

မြစ်ငယ်မြစ် (ခေါ်) ဒုဋ္ဌဝတီမြစ် သည် ဧရာဝတီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သည်။ ပါဠိဘာသာအားဖြင့် ဒုဋ္ဌဝတီ ဆိုသည်မှာ မြန်မာအဓိပ္ပာယ် အားဖြင့် မြစ်ငယ်မြစ် ဟုပင်ဖြစ်သည်။ မြစ်ငယ်မြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ မြစ်ဖျားခံ စီးဆင်းလာကာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းကို ဖြတ်ကျော်ကာ သီပေါမြို့မှ မြန်မာနိုင်ငံ အလယ်ပိုင်းသို့ စီးဝင်လာကာ အင်းဝမြို့အနီးတွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံသည်။

မြစ်ငယ်မြစ်
အချက်အလက်များ
စီးဝင်ရာနေရာဧရာဝတီမြစ်
၆၄ m (၂၁၀ ft)

မြစ်လက်တက်များ ပြင်ဆင်ရန်

  1. ဇော်ဂျီမြစ်သည် ကျောက်ဆည်မြို့အနီးတွင် မြစ်ငယ်မြစ်အတွင်းသို့စီးဝင်သည်။
  2. ပန်းလောင်မြစ်သည် အင်းဝအနီးတွင် မြစ်ငယ်မြစ်နှင့် ပေါင်းဆုံသည်။

မြစ်ကြောင်းတစ်လျှောက် အရေးပါသည့်မြို့များ ပြင်ဆင်ရန်

  • နမ္မတူ
  • သိန္နီ
  • သီပေါ

သမိုင်းထဲကမြစ်ငယ်မြစ် ပြင်ဆင်ရန်

ပုဂံခေတ် အနော်ရထာမင်း၏ ရှမ်းမိဖုရားစောမွန်လှသည် ပုဂံနန်းတော်မှ အထင်လွှဲနှင်ထုတ်ခံရပြီးနောက် ဘခင်ဖြစ်သူ သီပေါစော်ဘွား(အုန်းဘောင်စော်ဘွား) ထံသို့အပြန်တွင် မြစ်ငယ်မြစ်ကမ်းပေါ်၌ စေတီတစ်ဆူကို အဓိဌာန်ပြုတည်ထားခဲ့ရာ ယနေ့အခါတွင် ထိုစေတီကို ရွှေစာရံစေတီ(သို့) ရွှေစာရံဘုရားဟုခေါ်ကြသည်။ ထိုစေတီတွင် နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိသည့် ရွှေစာရံဘုရားပွဲမှာ အထူးပင်စည်ကားလှပေသည်။

မင်းသမီးစောမွန်လှအား ဖခင်စော်ဘွားကြီး စောင့်ကြိုနေသောနေရာတွင် တည်ထားသည့်စေတီ(ဘုရား)မှာ ယနေ့တွင် ဘော်ကြိုဘုရားဟု အထူးထင်ရှားသည့် စေတီ(ဘုရား)ပင်ဖြစ်သည်။

ဆည်မြောင်းတာတမံများ ပြင်ဆင်ရန်

မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် နာမည်ကျော် ရဲရွာစီမံကိန်းမှာ မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်အကွာတွင်တည်ရှိသည်။ ယခုစီမံကိန်းအပြင် အထက်ရဲရွာစီမံကိန်းကိုပါ တည်ဆောက်လျက် ရှိသည်။

မြစ်ငယ်မြစ်ကူးတံတား ပြင်ဆင်ရန်

မူလကရှိခဲ့သည့် မြစ်ငယ်မြစ်ကူး ရထားလမ်းတံတားမှာ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်လေတပ်၏ ဗုံးကျဲဖျက်ဆီးမှုကြောင့် ပျက်ဆီးခဲ့ရပြီး စစ်အပြီးတွင် ပြန်လည်တည်ဆောက်ခဲ့သည်။ ယခုနောက်ဆုံး ရန်ကုန် - မန္တလေးကားလမ်းမပေါ်ရှိတံတားသစ်ကြီးမှာ အရှည် ၇၀ဝ ပေ၊အကျယ် ၂၇ ပေ ရှိကာ၊ လူသွားလမ်းအကျယ် တစ်ဖက် ၆ ပေစီရှိပြီး ၁၉၉၉ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မြစ်ငယ်မြစ် ။ ။ မြစ်ငယ်မြစ်ကို ဒုဋ္ဌဝတီ(တုဋ္ဌဝတီ) မြစ်ဟုလည်းခေါ်သည်။ ဧရာဝတီမြစ်၏ အရေးကြီးသော မြစ်လက်တက်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မိုင်ပေါင်း ၁၃၁ ခန့်ရှည်လျား၏။ မြောက်ပိုင်း ရှမ်းပြည်၏ မြောက်သိန္နီနယ်၌ သိန္နီအရှေ့ဘက် ၂၅ မိုင်အကွာ သံလွင် မြစ်အနီး တောင်ကုန်းများတွင် မြစ်ဖျားခံသည်။ ဦးစွာ၌ မြောက်သိန္နီနယ်ကို ဖြတ်လျက် တောင်ပိုင်းနယ်သို့ စီးဝင်ပြီးလျှင် သီပေါနယ်တွင်း၌ တောင်ဘက်သို့ ဖြတ်ကျော်စီးဆင်းသွားလေသည်။ မြောက်သိန္နီနှင့် သီပေါနယ်များရှိ အရေးပါသော မြို့များသည် ထိုမြစ်၏ ကမ်းပေါ်တွင် တည်ရှိကြသည်။ ထိုနောက် မြစ်ငယ်မြစ်သည် သီပေါနှင့် ရပ်စောက်နယ်များကို နယ်နိမိတ်ပိုင်းခြား သတ်မှတ် စီးဆင်းပြီးလျှင် တစ်ဖန် မန္တလေးနှင့် ကျောက်ဆည် ခရိုင်တို့ကို နယ်နိမိတ် ပိုင်းခြား စီးဆင်းပြန်၍ နောက်ဆုံးတွင် မန္တလေးမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာ စစ်ကိုင်းမြို့နှင့် မျက်နှာချင်းဆိုင်နေရာ အင်းဝမြို့အထက်နား၌ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်လေသည်။ သိန္နီနယ်တွင် ဖြတ်သန်းလာသော မြစ်အထက်ပိုင်းကို နမ္မတူမြစ်ဟု ခေါ်၍၊ သီပေါနယ်တွင် ဖြတ်သန်းနေသော မြစ်အလယ်ပိုင်းကို ဒုဋ္ဌဝတီ(တုဋ္ဌဝတီ)ဟု ခေါ်ပြီးလျှင် အောက်ပိုင်းကို မြစ်ငယ်မြစ်ဟုခေါ်သည်။ မြစ်ငယ်မြစ်ဟု ခေါ်သော အောက်ပိုင်းတွင် လှေငယ်တက်စင်းများ သွားလာ စုန်ဆန်ရန် အသုံးဝင်သော်လည်း အထက်ပိုင်းတွင် မူကား၊ မြစ်ကျဉ်းများ၊ ကျောက်ဆောင်များ ပေါများသောကြောင့် ကူးသန်းသွားလာရန် အလျဉ်းအသုံးမဝင်ချေ။ သို့သော် ကြည်လင် အေးမြသော ရေအယဉ်ဖြင့် တသွင်သွင် စီးဆင်းနေသော ဒုဋ္ဌဝတီ (နမ္မတူ)မြစ်မှာ ရှမ်းပြည် မြောက်ပိုင်း၏ အလှကျက်သရေကို ဆောင်သည်ဟု ဆိုသင့်လေသည်။ ရန်ကုန် - မန္တလေး မီးရထားလမ်းသည် ဧရာဝတီမြစ်အတွင်းသို့ မြစ်ငယ်မြစ် စီးဝင်သည့် နေရာအနီးတွင် ဖြတ်ကျော်သွားသည်။ မြစ်ငယ်မြစ်၏ အရေးကြီးသော မြစ်လက်တက်မှာ သီပေါမြို့၏ အရှေ့ဘက်နားတွင် အရှေ့ဘက်မှ စီးဝင်လာသော နမ့်မမြစ် ဖြစ်သည်။[၁]

ရည်ညွှန်းကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)