ဗမာပြည် ဝံသာနု လှုပ်ရှားမှု ခေတ်အတွင်း ပေါ်ပေါက်လာခဲ့တဲ့ ကုမ္မာရီအသင်း များမှာ အမျိုးသမီးတွေ အားလုံးနဲ့သက်ဆိုင်တဲ့ အမျိုးသမီးအသင်း တွေ မှန်သမျှကို ခေါ်ဆိုခြင်းဖြစ်သည် ဝံသာနု လှုပ်ရှားမှုခေတ် အတွင်းမှာ အမျိုးသမီး အသင်းတွေဖြစ်တဲ့ ကုမ္မာရီအသင်းတွေ အထိုက်အလျောက် ပေါ်ပေါက်ခဲ့ပြီး ပထမဦးဆုံး ပေါ်ပေါက်ခဲ့သည်မှာ မြန်မာကုမ္မာရီ အသင်း ဖြစ်သည်။ မြန်မာကုမ္မာရီ အသင်း ကို ၁၉၁၉ ခုနှစ်၊ နိုဝင်ဘာ၊ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ တွင် ဖွဲ့စည်းခဲ့သည်။

တည်ထောင်သူများဖြစ်သော −

  1. ဒေါ်စု (အရေးပိုင် ဦးဘိုးသောင်း ဇနီး) - ဥက္ကဋ္ဌ
  2. ဒေါ်ဖွားသစ် (သစ်ကုန်သည်) - အကျိုးဆောင်
  3. ဒေါ်ခင်စော ( ဦးကြူး ဇနီး) - တွဲဖက် အကျိုးဆောင်
  4. ဒေါ်လှမေ (ဒီးဒုတ် ဦးဘချို ဇနီး) - တွဲဖက် အကျိုးဆောင်
  5. ဒေါ်စောတင် (ဝတ်လုံဦးသိန်းမောင် ဇနီး) - အမှုဆောင်
  6. ဒေါ်တင် (ဦးသင်းမောင် ဇနီး) - အမှုဆောင်
  7. ဒေါ်ဌေးဌေး (ဦးဘသိန်း ဇနီး) - အမှုဆောင်
  8. ဒေါ်ငွေရင် (သစ်ကုန်သည်) - အမှုဆောင်
  9. ဒေါ်ငွေရှင် (သစ်ကုန်သည်) - အမှုဆောင်
  10. ဒေါ်မြမေ (သစ်ကုန်သည်) - အမှုဆောင်

တို့နဲ့ အသင်းကို ဖွဲ့စည်းခဲ့ပါတယ်။

ဘာသာရေးနဲ့ လူမှုရေး လုပ်ငန်းတွေမှာ အမျိုးသမီးတွေလဲ ပါဝင် ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သော်လည်း နိုင်ငံရေး လှုပ်ရှားမှုတွေ ပြင်းထန်လာတဲ့အခါ နိုင်ငံရေး လုပ်ငန်းတွေကိုပါ တက်တက်ကြွကြွ လုပ်ဆောင် လာခဲ့ကြသည်။ ဝိုင်အမ်ဘီအေ နဲ့တွဲဖက်ပြီး ဝံသာနု လုပ်ငန်းတွေအတွင်း တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့ကြကာ နယ်ဆန့်ကျင်ရေး တိုက်ပွဲတွေအတွင်း တတပ်တအား ပါဝင်ခဲ့ကြသည်။ ကုမ္မာရီ အသင်းသူတွေဟာ ပင်နီချော အင်္ကျီနဲ့ယောထမီကို ဝတ်ဆင်ကြပြီး တိုင်းရင်းဖြစ်ထည်များ ဝတ်ဆင်ရေး၊ နိုင်ငံခြားအဝတ်အထည်များ သပိတ်မှောက်ရေးတွေမှာ မျိုးချစ်စိတ်ဓာတ် အရင်းခံဖြင့် ပါဝင် လှုပ်ရှား ဆောင်ရွက်ခဲ့ကြသည်။ ထင်ရှားတဲ့ နိုင်ငံရေး ဆောင်ရွက်ချက် တခုမှာ ပလောပီနံရှိ ဆေးလိပ်ခုံမှာ ဒုက္ခရောက်နေကြတဲ့ မြန်မာအမျိုးသမီးတွေ ကို ပြန်လည် ခေါ်ယူပေးဖို့ တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာကြောင့် အစိုးရက အစိုးရစရိတ်နဲ့ တာဝန်ယူပြန်ခေါ် ပေးခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ဝိုင်အမ်ဘီအေ ကနေ ဂျီစီဘီအေ အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက်တွင်လည်း ဂျီစီဘီအေနဲ့ အတူ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဂျီစီဘီအေ အဖွဲ့ချုပ်ကြီး အစိပ်စိပ် အမြွှာမြွှာ ကွဲသွားရချိန်မှာတော့ မြန်မာကုမ္မာရီ အသင်းဟာလဲ တစတစ အားနည်းမှေးမှိန် ပျောက်ကွယ်သွားခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။