မြန်မာညွန့် ဆရာတင် (၁၈၉၆-၁၉၇၂) ပြင်ဆင်ရန်

မြန်မာညွန့်ဆရာတင် အမည်ခံ မောင်တင်ကို အဘဦးမှတ်ကြီး၊ အမိဒေါ်တု တို့မှ မြန်မာသက္ကရာဇ် ၁၂၅၈(၁၈၉၆)တွင် ဖွားမြင်သည်။ မွေးချင်း ၃ယောက်အနက် သားကြီးဖြစ်သည်။ မန္တလေးမြို့ လမ်း ၃ဝ နှင့် ၃၁ လမ်း၊ ၈ဝ နှင့် ၈၁ လမ်း အကြားရှိ အမျိုးသားကျောင်း (ယခင်အခေါ်နေရှင်နယ်ကျောင်း၊ ယခု အမှတ် ၂ အထက)၏ အရှေ့ဘက်ကပ်လျက်ရှိ အထက်ဆင့်ဝင်း (ယခင် နီပါးဝင်း)တွင် ဖွားမြင်သည်။

မိဘတို့မှာ ကျောက်စိမ်းသွေးလုပ်ငန်း၊ ကျောက်စိမ်းအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြသည်။ မြန်မာမင်းလက်ထက်က စစ်မှုထမ်းမျိုးရိုးဖြစ်ကြ၍ မုံရွာခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ တစ်ဝိုက်ရှိ ကင်းဝန်မင်းကြီး၏ အနွယ်အဆက်များ ဖြစ်ကြသည်။

မောင်တင်၏ ပညာရေးမှာ ဘုန်းတော်ကြီးကျောင်း ပညာရေးဖြစ်သည်။ ဂီတပညာတွင်မူ လက်ထပ်သင်ဆရာမရှိဘဲ အမြင်အကြားဖြင့်သာ ဆည်းပူးတတ်ကျွမ်းခဲ့ရသည်။ အထက်ဆင့်ဝင်းအနီးတွင် မြန်မာညွန့်ဦးချစ်မောင်၊ ဦးချစ်ဖွယ်+ဒေါ်စိန်သုံ၊ ဆိုင်း-စိန်ဗေဒါကြီး၊ ဆိုင်းဆရာစိမ့်+ဒေါ်တိုးတို့ နေထိုင်ကြသည်။ ဝက်မစွတ်ဝန်ထောက်မင်းဝင်းတွင် ဝက်မစွတ်ဝန်ထောက်မင်း၏ အိမ်လည်းရှိသည်။ ယင်းအရပ်ဝန်းကျင် တစ်ဝိုက်တွင် အဆို၊ အတီးတတ်သူ၊ ဝါသနာပါသူများ ဝိုင်းဖွဲ့ဆိုတီးလေ့ရှိကြသည်။ ဝက်မစွတ်ဝန်ထောက်မင်း၏ တူဖြစ်သူနှင့်နှမ မသိန်းမေတို့ လက်ဆက်သည်ဖြစ်၍လည်းကောင်း၊ ဝက်မစွတ်ဝန်ထောက် မင်း၏မြေး မောင်မောင် (ဒေါ်ဒဂုန်ခင်ခင်လေး၏မောင်)မှာလည်း အတီးအမှုတ် ဝါသနာပါသူဖြစ်၍လည်းကောင်း ပိုမိုဝိုင်းဖွဲ့ကာဆိုတီးဖြစ်ကြသည်။ ဆရာတင်၏ ညီငယ်ဖြစ်သူ မောင်မောင် (ကိုရွှေမောင် နောင်တွင်လေပါတီမမြရင်၏ “တစ်နာရီထဲချစ်ပါရစေ” သီချင်းရေးသူ)မှာလည်း အကိုနှင့်အလားတူ ဂီတဝါသနာပါသည်။

ငယ်စဉ်ကလေးဘဝကပင် ညီအစ်ကို၂ဦး ဇာတ်ထုပ်ကခြင်း၊ တေးဆိုခြင်းဖြင့် ကစားလေ့ရှိကြသည်ဟုဆိုသည်။ အရွယ်ရောက်လျှင် မငြိမ်း (မန္တလေးခြင်းဦးဘသိန်း၏ ဇနီးဒေါ်သိန်း၏ ညီမ)နှင့် လက်ဆက်သည်။ သားတစ်ဦးသာ ထွန်းကား၍ ငယ်စဉ်ကပင် ကွယ်လွန်သည်။ ဆရာတင်က မူလကအင်္ကျီချုပ်၍ ဇနီးကအိမ်ဆိုင်ဖွင့်သည်။ ဝါသနာအခံကြောင့် အပျော်တမ်းတေးရေးရာမှ နောင်တွင် မြန်မာညွန့်အငြိမ့် မာဃအဖွဲ့ (မြို့မနှင့်အပြိုင်ပေါ်သည်) အခြားအငြိမ့်များတွင် တေးရေးဆရာဖြစ်သည်။ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း တို့ဇာတ်များတွင် နှစ်ပါးသွားတေးများ၊ ဇာတ်ထုပ်များကို ရေးပေးခဲ့သည်။ စိန်အောင်မင်းဇာတ်တွင်မူ စိန်အောင်မင်းနှင့် စတွဲချိန်မှစ၍ ဇာတ်နှင့်အတူ လိုက်ပါခဲ့သည်။ ကွယ်လွန်ချိန် မတိုင်မီအထိ ဇာတ်နှင့်အတူ မလိုက်ပါနိုင်တော့လင့်ကစား လိုအပ်သည်များကို လမ်းညွှန်ပေးခဲ့၊ တေးရေးပေးခဲ့သေးကြောင်း သိရသည်။

ရတနာ၃ပါးကို ကိုင်းရှိုင်း၍ ရတနာ၃ပါးနှင့် ပတ်သက်သောတေးများကိုလည်း ရေးခဲ့သည်။ မန္တလေးမြို့တွင် မြန်မာလူမျိုးပိုင် မြန်မာညွန့်ရုပ်ရှင်ရုံ တည်ထောင်သောအခါ တီးဝိုင်းတွင် ဆရာတင်ကိုယ်တိုင် နှစ်အတန်ကြာ တေးဆိုခဲ့သည်။ မြန်မာညွန့်အငြိမ့် ထောင်သည့်အခါ မြန်မာညွန့်အငြိမ့်မှ မင်းသမီးများအတွက် အငြိမ့်တေးများ ရေးပေးခဲ့သည်။ မင်းသမီး ဥက္ကလာအေးကြည်၊ ဩဘာသောင်း၊ လေဘာတီမမြရင်၊ မြခြေချင်း မငွေမြိုင်၊ ဘာမေးနီးယားမြသီ၊ နေပြည်တော်မြရီ၊ ဥဩမယ်ရတနာတင်(ဥဩမယ်တင်)တို့နှင့် မင်းသား စံပယ်တင်၊ ဇီးကွက်ဖေသက်၊ ဘာဂျာဘအေးတို့အတွက် တေးများရေးပေးခဲ့သည်။

ဆရာတင်၏ နာမည်ကျော်ကြားသော တေးများမှာ ဥဩမယ်တင်၏ “အာယားမ”သီချင်း (မြန်မာညွန့်အငြိမ့်တွင် သီဆိုရန်ရေးစပ်ပေးခဲ့သည်။) နောင်တွင် မန္တလေး ပန်တျာနီနီဝင်းအား ပြန်လည်သီဆိုစေသည်မှ ယခုတိုင် ခေတ်စားခဲ့သည်။ နန်းတော်ရှေ့ဆရာတင်ဟု အမှတ်မှားကြကြောင်း ဆရာတင် ကိုယ်တိုင်ပြောပြခဲ့သည်) ဘာမေးနီးယားမြသီ၏ “တိန်းချိုချို”သီချင်း၊ မာဃအဖွဲ့မှ ဦးဘဦး(အဆိုတော်ကိုအံ့ကြီး၏အစ်ကို) သီဆိုခဲ့သော “ချစ်သွေးညီ”သီချင်းတို့ဖြစ်သည်။ အခြားတေးများရှိသေးသော်လည်း ၁၉၈၄ခု မန္တလေးမြို့ မီးကြီးလောင်စဉ်က မှတ်တမ်းများပျောက်ပျက်ခဲ့သည်။

စိန်အောင်မင်း၏ဇာတ်တွင် ၁၉၄၆ ခုမှစ၍ လိုက်ပါကာ အော်ပရာ၊ ဇာတ်ထုပ်များရေးခဲ့သည်။ ကျော်ကြားသည့် နောက်ပိုင်းဇာတ်ထုပ်များမှာ (၁)အောင်သပြေတိုင်းက မောင်ရွှေမှိုင်း၊ (၂)မြန်မာ့ဘုန်းရောင်၊ (၃)နန်းညွန့်ရင်၊ (၄)သာသာနာ့ထိပ်တင်တို့ဖြစ်သည်။ (၃ နှင့် ၄ မှာ ဓာတ်ပြားသွင်းပြီးဖြစ်သည်)။ လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလများကလည်း အမျိုးသားရေးလှုံ့ဆော်တေးများ ရေးခဲ့သေးသည်။

မြန်မာညွန့်ဆရာတင်၏ ထူးခြားချက်မှာ တေးသီချင်းများစွာ ရေးခဲ့သော်လည်း မည်သည့်တူရိယာကိုမျှ မတီးတတ်။ စည်းကိုသာသိ၍ လေချွန်၍ အသံရှာခြင်းပင်ဖြစ်သည်။ သို့သော် သူ၏တေးများတွင် ခက်ခက်ခဲခဲဆိုရသော အသံများကိုတွေ့ရသည်။ အငြိမ့်တေးများကို မင်းသမီးများအား ကိုယ်တိုင်သီချင်းချပေးလေ့ရှိသည်။ စိတ်ကြိုက်အသံ မရမချင်း ကိုယ်တိုင်ဆိုပြလေ့ရှိသည်။

ဆရာတင်သည် ၁၉၇၂ခုနှစ် ဖေဖော်ဝါရီလ၊ အသက် ၇၆နှစ် အရွယ်တွင် လူကြီးရောဂါဖြင့် မန္တလေးမြို့၊ ဗောဓိကုန်းရပ်တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ငြိမ်းနှင့် ကိတ္တိမသားဖြစ်သူ မောင်ကိုကိုကြီးတို့ ကျန်ရစ်ခဲ့သည်။ [၁]

ရည်ညွှန်းကိုးကား ပြင်ဆင်ရန်

  1. ဒေါ်ခင်ကြွယ်ဦး (ကိုရွှေမောင်၏မြေး)၊ ပါမောက္ခ၊ ဌာနမှူး မြန်မာစာ စာပေဌာန၊ ယဉ်ကျေးမှုတက္ကသိုလ် ရေးသားပေးပို့ချက်။