မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု

ထိုင်းနိုင်ငံအခြေစိုက် FDB ၏ အတွင်းရေးမှူးချုပ် မှာဒေါက်တာ နိုင်အောင် ဖြစ်သည်။

အဖွဲ့အစည်းအဓိပ္ပာယ်ဖွင့်ဆိုချက် ပြင်ဆင်ရန်

မြန်မာဒီမိုကရက်တစ်အင်အားစုသည် ၁၉၈၈ ခုနှစ်မှစ၍ ယနေ့တိုင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုနယ်ပယ်အသီးသီးတွင် ရှိနေကြသော အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရက်တစ်နိုင်ငံရေးတပ်ပေါင်းစုဖြစ်သည်။ မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစုသည် ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဒီမိုကရေစီအင်အားစုများအတွင်း ထိရောက်သည့်နိုင်ငံရေးလှုပ်ရှားမှုများ ဖော်ဆောင်ခြင်း၊ လူထုအခြေခံများဖော်ထုတ်ခြင်းနှင့် လူထုပါဝင်မှုများမြှင့်တင်ခြင်း၊ ဒီမိုကရေစီအင်အားစု များနှင့် တိုင်းရင်းသားအင်အားစုများအကြား ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် မြန်မာ့နိုင်ငံရေးဖြစ်စေအတွင်း အမျိုးသမီးများ၏အခန်းကဏ္ဍကို အလေးထားမြှင့်တင်ရန် စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။

နိုင်ငံရေးရည်မှန်းချက် (၄) ရပ် ပြင်ဆင်ရန်

  1. စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး။
  2. ဒီမိုကရေစီနှင့်လူ့အခွင့်အရေးရရှိရေး။
  3. ပြည်တွင်းငြိမ်းချမ်းရေး။
  4. ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး။

သမိုင်းနောက်ခံ ပြင်ဆင်ရန်

ရှစ်လေးလုံးမျိုးဆက်များဖြစ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၊ မြန်မာ့အမျိုးသမီးသမဂ္ဂ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ကာကွယ်ရေးတပ်နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ တသီးပုဂ္ဂလများသည် ၂၀၀၄ ခုနှစ်၊ ဖော်ဖော်ဝါရီလတွင် တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (Forum for Democracy in Burma) အဖြစ် စုစည်းကြရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအား ဖွဲ့စည်းရခြင်းမှာ မြန်မာနိုင်ငံအတွင်း ကောင်းမွန် သော အစိုးရအုပ်ချုပ်မှုစနစ်ရှိရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရှိရေးတို့ကို အုပ်မြစ်ချနိုင်မည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတခု ပေါ်ထွန်းလာရေးအတွက် ရှစ်လေးလုံးအင်အားစုများ၏ စုစည်းညီညွတ်သော စွမ်းအားဖြင့် ဝိုင်းဝန်းကြိုးပမ်းသွားရန် ဖြစ်သည်။ ထို့ပြင် မျိုးဆက်သစ်၏ ဦးဆောင်မှုအခန်းကဏ္ဍဖြင့် ဒီမိုကရေစီလှုပ်ရှားမှု ပိုမိုအားကောင်းလာစေရေးအတွက် လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားမည့်အပြင် ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ် အဆင့်တိုင်းတွင် ၎င်းမျိုးဆက်သစ်၏ အမြင်သဘော ထားများကို ထင်ဟပ်စေရန်တို့အတွက်ပါ ရည်ရွယ်သည်။ မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစုသည် ဒီမိုကရေစီရေးလှုပ်ရှားမှုအတွင်းရှိ တိုင်းရင်းသားအင်အားစုများ၊ အခြား ဒီမိုကရေစီအင်အားစုများနှင့်သာမက တည်ရှိဆဲ နိုင်ငံရေးမဟာမိတ်အင်အားစုများနှင့်ပါ အနီးကပ်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဖွဲ့စည်းရခြင်း၏ အရင်းခံအကြောင်း တရားများ ပြင်ဆင်ရန်

  1. လက်ရှိနိုင်ငံရေးအခြေအနေအောက်တွင် ဒီမိုကရေစီအင်အားစုများ၏ အမြင်သဘောထား နှင့် စွမ်းအားများကို ပိုမိုပေါင်းစပ်ရန် လိုအပ်နေခြင်း။
  2. ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ထိထိရောက်ရောက်စွမ်းဆောင်နိုင်မည့် လုပ်အားစုများ ပိုမို စုစည်းရန် လိုအပ်နေခြင်း။
  3. ဒီမိုကရေစီလှုပ်ရှားမှုအတွင်း မဟာဗျူဟာအရ ဆက်စပ်ဆောင်ရွက်သည့်လုပ်ငန်းများတွင် သာမက လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများအကြား ဆက်စပ်ဆောင်ရွက်မှု များတွင်ပါ ပံ့ပိုးကူညီရန် လိုအပ်နေခြင်း။
  4. ဒီမိုကရေစီတိုက်ပွဲအတွက် လူထုအခြေခံများဖော်ထုတ်ရန်နှင့် တိုက်ပွဲအတွင်းလူထုပါဝင်မှု များ မြှင့်တင်ရန်အတွက် ထိထိရောက်ရောက်ဆောင်ရွက်ရန် လိုအပ်နေခြင်း။
  5. မြန်မာ့နိုင်ငံရေးဖြစ်စေအတွင်း အမျိုးသမီးများ၏အခန်းကဏ္ဍကို အလေးထားမြှင့်တင်ရန် လိုအပ်နေခြင်း။
  6. မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေမှန်များနှင့် ကမ္ဘာ့နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု များအား စနစ်တကျလေ့လာသုံးသပ်၍ ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ဦးဆောင်နေသူများအား တင်ပြရန် လိုအပ်နေခြင်း။

(၂၀၀၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့မှ (၇)ရက်နေ့ ပြုလုပ်သော ပထမအကြိမ်ညီလာခံမှ အတည်ပြုသည်။)