မြန်မာနိုင်ငံ သစ်ပင်များ

သတ္တလောက၌ သတ္တဝါဟူသရွေ့သည် သစ်ပင်များမှ ရရှိသော အစာအာဟာရတို့ကို မှီဝဲ စားသောက်၍ အသက်ရှင်ကြပေးသည်။ အချို့သော သတ္တဝါတို့သည် အသားကို မှီတင်း၍ အသက်ရှင်ကြသော်လည်း ထိုအစာအာဟာရဖြစ်သော အသားသည် သစ်ပင်များကို စားသုံးရာမှ ရရှိခြင်းဖြစ်ပေသည်။ သစ်ပင်များသည်သာလျှင် မိမိတို့ အရွက်ပိုင်း တို့၌ အမြစ်မှ ပို့ဆောင်သောရေကို လေတွင်ပါရှိသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်နှင့် ရောနှောပြီးလျှင် မိမိတွင်ရှိရင်စွဲဖြစ်သော ကလိုရှိဖီခေါ် စိမ်းရောင်ဒြဗ်ဖြင့် အလင်းရောင်း၏ အင်အားကိုယူလျက် ကာဗိုဟိုက်ဒြိတ်ခေါ် သကြား ကစီရည် စသည်တို့ကို ချက်လုပ်နိုင်လေသည်။ ထိုတွင်မက သစ်ပင်များတို့၏ အသား၊ အခွံ၊ အခေါက်၊ အသီး၊ အပွင့်၊ အဆီ၊ အစေး အမျိုးမျိုးနှင့် ဘေးဥပဒ်တို့မှ ကာကွယ်ရန် ဆေးဝါးအမျိုးမျိုးတို့သည် မြေမှရရှိသော နိုက်တြိုဂျင်၊ ဖော့စဖောရပ်၊ ကယ်လဆီယမ်၊ ပိုတက်ဆီယမ်၊ မက်ဂနီဇီယမ်၊ ဆိုဒီယမ်၊ ကလိုရင်း၊ သံ၊ ဆီလီကွန်၊ မန်ဂနိ၊ အိုင်အိုဒင်း၊ ဗိုရွန်၊ သွပ်၊ ကြေးနီတို့နှင့် ကာဗိုဟိုက်ဒြိတ်များ ပေါင်းစပ်၍ ဖြစ်ပေါ်လာရသည်။ ယင်းတို့ကို လူတို့သည် အစားအစာ၊ အဝတ်အထည်၊ ဆေးဝါး၊ အိုးအိမ် စသည်တို့ ပြုလုပ်၍ သုံးစွဲကြသည်။ သစ်ပင်များသည် ကြီးပွားရန်အတွက် အလင်းရောင်၊ သင့်တော်လျောက်ပတ်သော အပူအအေးနှင့် အထက်၌ ဖော်ပြခဲ့သော သတ္တုတို့နှင့် ပြည့်စုံသော မြေဓာတ်များကို အလိုရှိကြသည်။

အလင်းရောင်နှင့် သစ်ပင်လောက ပြင်ဆင်ရန်

သစ်ပင်တိုင်းပင်လျှင် အလင်းရောင်ကို အလိုရှိကြသော်လည်း အချို့သော သစ်ပင်များသည် တစ်ပင်လုံး လွတ်လပ်စွာ အလင်းရောင်ရရှိမှ ရှင်သန်နိုင်လေသည်။ အချို့သစ်ပင်များမူကား အခြား သစ်ပင်များ၏ လောင်းရိပ်အောက်၌ အနည်းငယ်မျှသော အလင်းရောင်ဖြင့် မျှတလျက် ကောင်းမွန်စွာ ရှင်သန်နိုင်လေသည်။ ပထမအမျိုးအစားဖြစ်သော သစ်ပင်မျိုးကို "လင်းလုပင်မျိုး"ဟု ခေါ်၍ ဒုတိယ အမျိုးအစားကို "လောင်းခိုပင်မျိုး"ဟု ခေါ်သည်။ မြန်မာနိုင်ငံ၌ မိုးရေချိန် လက်မ ၄ဝမှ ၈ဝ အထိ ရွာသွန်းသော အရပ်ဒေသများရှိ ရွက်ပြတ်ရောနှောသော တောတို့၌ အုပ်မိုးပင်တို့သည် များသောအားဖြင့် လင်းလုပင်များ ဖြစ်ကြသည်။ ထိုတောမျိုးများရှိ အောက်ခံ သစ်ပင်ငယ်များနှင့် မိုးရေးချိန် လက်မ ၈ဝ ထက်ပိုမိုရွာသွန်းသော အရပ်ဒေသများရှိ အမြဲစိမ်း တောမျိုးတို့၌ ပေါက်ရောက်သည့် သစ်ပင်မျိုးတို့သည် လောင်းခိုပင်များဟု ယူဆနိုင်ပေသည်။ မြန်မာနိုင်ငံရှိ လင်းလုပင်များမှာ လက်ပံ၊ တမလန်း၊ စင်ပြွမ်း၊ အင်၊ အင်ကြင်း၊ သစ်ယာ၊ သစ်စေး၊ နှံပဲ၊ ပိတောက်၊ ရွေး၊ ရှား၊ နှော၊ ကုက္ကို၊ သစ်မန်ကျည်း၊ ပုန်းမဲဇာ၊ စစ်၊ ရုံး၊ မျောက်ငို၊ စောင်းပလွေ၊ မအူကတုံး၊ ထောက်ကြံ့၊ ကျွန်း၊ ယမနေနှင့် ထင်းရှူးပင်များ ဖြစ်ကြသည်။

အထက်ပါသစ်ပင်များသည် လင်းလုပင်များ ဖြစ်ကြသော်လည်း၊ ဓမ္မတာအလျောက် ငယ်ရွယ်စဉ်အခါ၌ သစ်ပင်ကြီး အနီးအနားတွင် ပေါက်ရောက်ကြရသဖြင့် ထိုအချိန်အခါတို့တွင် လောင်းရိပ်အနည်းငယ် လိုလာကြပေသည်။ သို့သော် သန်စွမ်းရန်အတွက် အလင်းရောင် လုံးဝရရှိမှသာလျှင် ဖြစ်ထွန်းနိုင်ပေသည်။ မြန်မာနိုင်ငံရှိ လောင်းခိုပင်မျိုးများမှာ

(၁) တောများရှိ အောက်ခံအပင်ငယ်များ။ မဏိဩ၊ သတီ၊ ကံ့ကော်၊ သပြု၊ သပြေ၊ မြတ်ရာနှင့် ရေမိန်။

(၂) ပျဉ်းကတိုးနှင့် ကြို့ပင်များ။ (လောင်းရိပ်ကောင်းစွာ ခံနိုင်သော သစ်ပင်ကြီးများဖြစ်ကြသည်။)။

(၃) အမြဲစိမ်းတောတို့၌ ပေါက်ရောက်ကြသော ကညင်၊ သင်္ကန်း၊ သစ်ခါးနှင့် သင်္ကန်းတူ (သင်္ကဒူး) ပင်များ။ (လောင်းရိပ်ခို၍ အသက်တစ်မျှလောက် တဖြည်းဖြည်း ကြီးပွားလာကာ တောများ၏ အထက်ရွက်အုပ်သို့ ရောက်ရှိသည့်အခါ ရွက်အုပ်များကို ထိုးထောက်၍ ထိုရွက်အုပ်များ အပေါ်မှ လင်းလုပင်များကဲ့သို့ အလျင်အမြန် ကြီးပွားတတ်သော သစ်ပင်များ ဖြစ်ကြသည်)။

လင်းလုပင်တို့၏ သဘောလက္ခဏာများမှာ အလင်းရောင်ရရှိသည့် ကွက်လပ်နေရာတို့၌ အပင်ကလေးများသည် လျင်မြန်စွာ ကြီးပွား၍ အသက်ကြီးရင့်သည့်အခါ ကြီးပွားခြင်း တဖြည်ဖြည်း ဆုတ်ယုတ်လာသည်။ များသောအားဖြင့် အရွက်ကြီး၍ အစာချက်ရာ၌ လျင်မြန်ခြင်း၊ နွေရာသီ၌ ချွေးထုတ်ခြင်းကို မခံရပ်နိုင်၍ အရွက်များ အခြားသစ်ပင်တို့ထက် ရှေ့ဦးကြွေကျရခြင်းတို့ကို တွေ့ရ၏။ (ချွေးထုတ်ခြင်းဆိုသည်မှာ နေပူရှိန် ကြောင့် သစ်ရွက်များမှ ရေခိုးရေငွေ့များ ထွက်ခွာခြင်းကို ဆိုလိုသည်။) ရွက်နုထွက်ရာ၌လည်း အခြားသစ်ပင်တို့နောက်မှ ထွက်ခြင်း၊ ပင်စည်ကြီးပွားခြင်းနှင့် အမြစ် ကြီးပွားခြင်းတို့တွင် ရှေးဦးစွာ ပင်စည်ကြီးပွားခြင်းကို လုံ့လပြု၍ နောက်မှ အမြစ်တို့ တဖြည်းဖြည်း ကြီးပွားလာခြင်း၊ အမြစ်နှင့် ပင်စည်ရင်းတို့၌ အစာရေစာ သိုမှီးထားရှိ၍၊ အထက်ပိုင်းကို မီးလောင်ကျွမ်းသွားသော်လည်း ငုတ်ရင်းမှ ငုတ်တက်များ လျင်မြန်စွာ ထွက်နိုင်ခြင်း၊ အလင်းရောက်ရှိရာသို့ ကိုင်းညွှတ်၍ ပေါက်ပွားခြင်းတို့ဖြစ်၏။

လောင်းခိုပင်များ၏ သဘောလက္ခဏာများမှာ အခြားသစ်ပင်အောက်တို့၌ အလင်းရောင် အနည်းငယ်ဖြင့် ပေါက်ရောက်နိုင်ခြင်း၊ အပင်ငယ်များသည် တဖြည်းဖြည်း ကြီးပွား၍ နောကမှ အကြီးမြန်ခြင်း၊ အစာချက်ရာ၌ နှောင့်နှေး၍၊ ချွေးထုတ်ခြင်း သက်သာရန် အလို့ငှာ အရွက်တို့၏ အပေါ်ရေ၌ ဖယောင်းဓာတ် များပြားခြင်း၊ အရွက်ကြွေရာတွင် နောက်ကျ၍ အချို့ရွက်နုများ လျင်မြန်စွာ ထွက်ပြီးလျှင် အချို့သစ်ပင်များမှ အရွက်မပြတ်ဘဲ နေနိုင်ခြင်း၊ အမြစ်ကြီးပွားခြင်းကို ရှေးဦးလုံ့လပြု၍ နောက်မှ ပင်စည်ကြီးပွားလေ့ရှိခြင်း၊ ပင်စည်နှင့် အမြစ်များ၌ အစာရေစာ သိုမှီးထားခြင်း နည်းပါး၍၊ မီးဘေးစသည့် ဒဏ်တို့ကို မခံရပ်နိုင်ခြင်း၊ အလင်းရောင်ရှိရာသို့ မကိုင်းမညွတ်ဘဲ ဖြောင့်မတ်စွာ ပေါက်ရောက်နိုင်ခြင်းများ ဖြစ်ပေသည်။ သို့ရာတွင် အထက်ပါ သဘောလက္ခဏာများ အတိုင်း သစ်ပင်များအားလုံးကို နှစ်မျိုး နှစ်စား ခွဲခြားထားရန် မလွယ်ကူလှပေ။ ကျွန်းစသော အချို့လင်းလုပင်များ၌မူကား သဘောလက္ခဏာ အလွန်ထင်ရှားသော်လည်း၊ မြန်မာနိုင်ငံရှိ အမြဲစိမ်းတောများ၌ ပေါက်ရောက်သော လောင်းခိုပင်မျိုးတို့၏ သဘောလက္ခဏာများမှာ ငယ်ရွယ်စဉ်အခါ၌ အသင့်အတင့် ပေါ်လွင်ငြားသော်လည်း ကြီးပြင်လာသည့်အခါ လင်းလုပင်မျိုးကဲ့သို့ အမူအကျင့် ကွဲပြောင်း သွားတတ်ကြလေသည်။

ရာသီဥတုနှင့် သစ်ပင်လောက ပြင်ဆင်ရန်

သစ်ပင်များသည် မြေဩဇာ၊ ရာသီဥတုဟု ဆိုအပ်သော အပူ အအေး၊ မိုးရေချိန်တို့ကို လိုက်လျော၍၊ တစ်မျိုးနှင့် တစ်မျိုး ဆိုင်ပြိုင်ပေါက်ရောက်ကြရသဖြင့်၊ ဒေသတစ်ခုရှိ သစ်ပင်မျိုးတို့သည်သာလျှင် တည်တံ့နိုင်၍၊ အခြား သစ်ပင်မျိုးများမှာ သေကြေပျက်စီးကြရပေသည်။ မြေဩဇာနှင့် ရာသီဥတုတို့ကို လိုက်လျော၍ ပေါက်ရောက်သော မြန်မာနိုင်ငံရှိ တောများကို ဒီရေကောက်သော မြစ်ဝကျွန်းပေါ်များ၌ တွေ့ရသည့်ဒီရေတော၊ ပင်လယ်ကမ်းရိုးတစ်လျှောက် သောင်ပြင်အစပ်မှစ၍တွေ့နိုင်သည့်ပင်လယ်ကမ်းနား သောင်ပြင်နှင့် သဲခုံတော၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်နားရှိ ရေလွှမ်းမိုးသော မြေနိမ့်ရပ်များ၌ တွေ့ရသည့် ရွံ့နွံတော၊ သို့မဟုတ် အရိပ်အာဝါသကောင်းသော တောင်ကြားရှိ လျှိုများ၌ အစဉ် စိမ်းလန်းစိုပြည်လျက် တွေ့ရသော တောစို၊ သို့မဟုတ် အမြဲစိမ်းတော၊ ရေစီးရေလာ ကောင်းသည့် တောင်ပေါ် တောင်စောင်းများ၌ ပေါက်ရောက်သော အထက်ရွက်ပြက် ရောတောစိုနှင့် အထက်ရွက်ပြတ်တော တောခြောက်၊ မြေပြန့်၌ အနှံ့အပြား တွေ့နိုင်သည့် သဲကြမ်းမြေ ထူထဲသော အင်တိုင်းတော၊ မြေလွှာသည် ကျောက်စရစ်များ ရောနေသည့် သဲကြမ်းမြေဖြစ်၍ အောက်ခြေ၌မူကားသဲနှင့် ရွံ့စေးတို့သည် နွေအခါ၌ ပပ်ကြားအက်ကြောင်း မပေါ်နိုင်အောင် သွေ့ခြောက် ပြောင်လက်နေသော ကျောက်စရစ်နှင့် သဲကြမ်းပေါသော အင်တိုင်းတော၊ ၈ဝံ ကျောက်တော၊ မြန်မာနိုင်ငံ အလယ်ပိုင်း သွေ့ခြောက်သော အရပ်များတွင်ရှိသည့် ဖွတ်ချေးထူမြေ၊ သို့မဟုတ် ဆားနယ်မြေတော၊ နာဂ၊ မဏိပူရ၊ ချင်းတွင်း၊ ရှမ်းပြည်နယ်နှင့် နယ်ခြားတောင်တန်းတွင် ရှိသည့် ထင်ရှူးတော ဟူ၍ခွဲခြားနိုင်သည်။

မြေကြီးနှင့် သစ်ပင်လောက ပြင်ဆင်ရန်

သစ်ပင်များသည် ယင်းတို့၏ အင်္ဂါအစိတ်အပိုင်းများ ကြီးပွား သန်စွမ်းရန် အလို့ငှာ လေမှ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်၊ မြေကြီးမှ ရေနှင့် နိုက်တြိုဂျင်၊ ကန့်၊ ဖော့စဖောရပ်၊ ကယ်လဆီယမ်၊ ပိုတက်ဆီယမ်၊ မက်ဂနိဇီယမ်၊ ဆိုဒီယမ်၊ ကလိုရင်း၊ သံ၊ ဆီလီကွန်၊ မန်ဂနိ၊ အိုင်အိုဒင်း၊ ဗိုရွန်၊ သွပ်နှင့် ကြေးနီ စသော ဓာတ်သတ္တုများကို အလိုရှိပေသည်။ ယင်းတို့အနက် သံမှ ကြေးနီအထိ သတ္တုများကို မပြောပလောက်အောင် အနည်းငယ်မျှသာ အလိုရှိသော်လည်း၊ ယင်းတို့ကို မရရှိလျှင် သစ်ပင်များ အင်္ဂါချွတ်ယွင်း၍ မကြီးပွား နိုင်ချေ။ ကျန်ဓာတ်သတ္တုများကိုမူကား ယင်းတို့ထက် ပိုမို၍ လိုအပ် ပေသည်။ အထူသဖြင့် သီးပွင့်သည့် အချိန်အခါတို့၌ အလွန်အရေးကြီးပေသည်။ သာမန် မြေကြီးများသည် ထိုအလိုရှိ အပ်သောသတ္တုများနှင့် ပြည့်စုံပေသည်။ သို့သော် သစ်ပင်များ၏ အသီးအရွက်တို့ကို လူများက ဆွတ်ခူးစားသုံးသောအခါ မြေဩဇာ ညံ့ဖျင်းလာတတ်သည်။ အချို့မြေတို့၌မူ အထက်ပါ ဓာတ်သတ္တုများ မပြည့်စုံ၍ သစ်ပင်များညံ့ဖျင်းသဖြင့် လိုအပ်သည့် မြေဩဇာများကို လူများက ဖြည့်စွက်ပေးရပေသည်။ လူသူမနီးသော တောကြီး တောင်ကြီးတို့၌မူကား မည်သူမျှ အသီးအပွင့်အရွက်တို့ကို မခူးဆွတ်ကြသဖြင့် ယင်းတို့ကြွေကျသည့်အခါ ယင်းတို့၌ပါရှိသည့်ဓာတ်သတ္တုများသည် မြေကြီးသို့ တစ်ဖန်ရောက်လာကြရပြန်၍ မြေကြီး၌ ထိုဓာတ်သတ္တုများ ကုန်ခန်းသည်ဟူ၍ မရှိပေ။ သစ်ပင်၏ အမြစ်များသည် ကြွေကျလာကုန်သော သစ်ပွင့်သစ်သီး သစ်ရွက်များတို့ကို အစာအာဟာရ ချက်လုပ်ခြင်းငှာ အသုံးမပြုနိုင်ပေ။ ထိုအသီးအပွင့် အရွက်တို့ကို ပိုးမွှားတိရစ္ဆာန်တို့ ကိုက်ခဲ၍ အမှုန်အမွှားဖြစ်သွားပြီးနောက် ဗက်တီးရီးယားတို့၏ လက်ချက်ဖြင့် ဆွေးမြည့်ကာ လေ၌ပါရှိသည့် နိုက်တြိုဂျင် အောက်ဆီဂျင်တို့နှင့် ပေါင်းစပ်၍ အမြစ်များဆောင်ယူနိုင်သည့် ဓာတ်ပေါင်းများ ဖြစ်ပေါ်လာသည်။ အချို့သစ်မြစ်များမှာ ယင်းတို့အတွင်း၌ ဗက်တီးရီးယားများ မှီခိုနေထိုင်၍ ယင်းတို့မှတစ်ဆင့် သစ်ရွက်ဆွေးများကို လွယ်ကူစွာ ဆောင်ယူနိုင်ပေသည်။ အချို့မှာမူကား မိမိထိပ်ဖျားများတို့၌ ဖန်းဂပ်(မှို)များ မှီခိုနေ၍ သစ်ရွက်ဆွေးများကို ယင်းတို့မှတစ်ဆင့် ဆောင်ယူနိုင်ကြပေသည်။ ဤကဲ့သို့ ဗက်တီးရီးယားများနှင့် သစ်မြစ်များ၊ ဖန်းဂပ်(မှို)များနှင့် သစ်မြစ်များ အချင်းချင်း ကျေးဇူးပြုပုံသည် အံ့ဩဖွယ်ဖြစ်ပေသည်။ ဓာတ်သတ္တုများအပြင် မြေကြီး၏ ရုပ်အခြင်းအရာသည်လည်း သစ်ပင်များအတွက် အလွန် အရေးကြီးပေသည်။ မြေကြီးသည် မြေမှုန့်များ အပေါင်းအစပ်ဖြစ်၏။ ထိုမြေမှုန့်တို့ အကြား၌ လေဖြစ်စေ၊ ရေဖြစ်စေ သွားလာနိုင်သည့် ကြားနေ ရာများရှိသည်။ မြေမှုန့်များ၏ အကြီးအငယ် ပုံသဏ္ဌာန်သို့လိုက်၍ ကြားနေရာတို့သည်လည်း အကြီးအငယ် အစားစားရှိ ကြသည်။ ကြားနေရာကြီးက ရေလေတို့ ဝင်လွယ် ထွက်လွယ်၍ ရေကိုထိန်းသိမ်းခြင်း မရှိပေ။ ဥဒါဟရုဏ်မှာ သဲမြေဖြစ်၏။ ကြားနေရာ ငယ်လွန်းက ရေဝင်ရောက်ရန် မလွယ်ကူချေ။ ရောက်ရှိကလည်း မထွက်နိုင်၍ ရေအပြည့်ရှိခြင်းကြောင့် လေ မဝင်ရောက်နိုင်ချေ။ ထို့အပြင်လည်း ရေဖြင့် ပွနေ၍ နေပူရှိကြောင့် ရေများထွက်သွားသည့်အခါ မြေကြီးကွဲတတ်၏။ ဥဒါဟရုဏ်မှာ ရွံ့စေးမြေဖြစ်သည်။ အလယ်အလတ်ဖြစ်သော သဲနုံးမြေသည် သစ်ပင်များအတွက် အကောင်းဆုံးဖြစ်၏။ သစ်ပင်များသည် သင့်တော်သော ရေနှင့် လေကို အလိုရှိပေသည်။ လေကို မရနိုင်လျှင် အမြစ်များ အသက်မရှူနိုင်၍ သေကြေပျက်စီးရပေမည်။ ရေဝပ်သောနေရာများ၌ သစ်မြစ်များ လေမရရှိသည့်အပြင် ဗက်တီးရီးယားများလည်း မနေနိုင်သောကြောင့် ကြွေကျကုန်သော သစ်သီး သစ်ပွင့် သစ်ရွက် သစ်ကိုင်းတို့ မဆွေးမြည့်နိုင်ချေ။

ဘေးဥပဒ် အန္တရာယ်များ ပြင်ဆင်ရန်

သစ်ပင်များ၏ ဘေဥပဒ် အန္တရာယ်ကို ဖြစ်စေတတ်သော အကြောင်းများကို အကြမ်းအာဖြင့် လေးမျိုးခွဲခြားထား နိုင်ပေသည်။ ယင်းတို့ကား (၁) လူ၊ (၂) ပိုးမွှား၊ တိရစ္ဆာန်၊ (၃) ဖန်းဂပ်(မှို)နှင့် သစ်ပင်ချုံနွယ်များ၊ (၄) မြေကြီးနှင့် ဥတုရာသီတို့ ဖောက်ပြန်ရွေ့လျောခြင်းများ ဖြစ်ပေသည်။ လူတို့သည် သစ်တောများရှိ သစ်ပင်များကို စည်းကမ်းမဲ့ထုတ်ယူ သုံးစွဲခြင်း၊ လိုသည်ထက် ပိုမိုခုတ်ယူ ဖုန်းတီးခြင်း၊ တောင်ယာခုတ်ထွင်ခြင်း၊ တောမီးရှို့ခြင်း၊ ကျွဲ နွား မောင်းနှင်ခြင်း၊ ကျောင်းခြင်းစသော ပြုမူမှုတို့ကြောင့် သစ်တောများ တဖြည်းဖြည်း ပျက်စီးကြရပေသည်။ ယင်းတို့ကို ကာကွယ်ရန်အတွက် နိုင်ငံအစိုးရသည် သစ်တောဥပဒေများ ပြုလုပ်ထားရှိခြင်း၊ သစ်တောများရှိခြင်း၏ အကျိုးကျေးဇူးကို ပြည်သူပြည်သားတို့အား သွန်သင် ဟောကြားခြင်း စသော နည်းလမ်းများ ပြုလုပ်ထားရှိရပေသည်။ သစ်တောရှိ တောတိရစ္ဆာန်တို့သည် သစ်ရွက်၊ သစ်ခေါက်၊ သစ်မြစ်၊ သစ်ပွင့်၊ သစ်သီး၊ အညွန့်အဖူး စသည်တို့ကို မှီဝဲစားသောက်၍ နေထိုင်ကြ၏။ ယင်းတို့တွင် အညွန့်အဖူး၊ အခေါက်၊ အမြစ်၊ အပွင့်၊ အသီးတို့ကို စားသောက် ဖျက်ဆီးကြသော ရှဉ့်၊ မျောက်၊ ဝက်၊ ယုန်၊ ဖြူး၊ ကြွက်၊ ပွေး စသည်တို့သည် အခြားတိရစ္ဆာန်များတို့ထက် သစ်ပင်များ၏ ဘေးဥပဒ်အန္တရာယ်ကို ဖြစ်စေတတ်သည်။ သစ်ပင်များကို ဖျက်ဆီးကုန်သော ပိုးတို့ကား အလွန်များပြားပေသည်။ အချို့မှာ အခေါက်၊ အခွံ၊ သစ်သားများကို ဖျက်ဆီး၏။ အချို့ကား အဖူးအညွန့်စသည်တို့ကို ဖျက်ဆီး၍ သစ်ပင်၏ ကြီးပွားခြင်းကို ရပ်တန့်စေ၏။ အချို့ကား မျိုးပွားမည့် အသီးအစေ့များတို့ကို ဖျက်ဆီးကြကုန်၏။ မြန်မာနိုင်ငံ၌ ယင်းတို့၏ ဒဏ်ချက်ဖြင့် တစ်နှစ်လျှင် တန်ဖိုးသိန်းပေါင်းများစွာ နစ်နာဆုံးရှုံးရသည်။ အလွန်အရေးကြီးသော ပိုးမျိုးမှာ ကျွန်းဖောက်ပိုးဖြစ်၏။ ထိုပိုးမျိုး ပျက်စီးနည်းပါး လာရန်အတွက် သုတေသနလုပ်ငန်များ ဖွင့်လှစ်ထားရှိသည်။ အခြားအရေးကြီးသော အရာရောက်သော ပိုးမျိုးများမှာ ကျွန်းရွက်စားပိုးနှင့် ရွက်ချေပိုး၊ သစ်ကတိုး ညွန့်ဖောက်ပိုးနှင့် ဝါးထိုးပိုးများ ဖြစ်ကြပေသည်။ ပိုးများကို ကာကွယ်ရန်အတွက် ယင်းတို့ကို အစာအဖြစ် မှီဝဲနေထိုင်၍၊ သစ်ပင်များအား အန္တရာယ်မပြုသော အခြား ပိုးမျိုးများကို မွေးမြူပွားများစေခြင်း၊ သစ်တောက်ငှက်စသော ပိုးများကို စားသောက်သော အသုံးဝင်သည့် ငှက်မျိုးများ ပွားများလာအောင် ပြုလုပ်ပေးခြင်းနှင့် ပိုးကောင်များ သေကြေပျက်စီးတတ်သော ဆေးဝါးများ ဖြန့်ကြဲခြင်းပင် ဖြစ်ပေသည်။ နောက်ဆုံး နည်းလမ်းကား ငွေအမြောက်အမြား ကုန်ကျသောကြောင့် မြန်မာနိုင်ငံ၌ ပြုလုပ်လေ့မရှိပေ။ သို့သော် ဥရောပ တိုက်ရှိ တိုင်းပြည်များ၌မူကား စိုက်ခင်းများတို့၌ အမြဲပြုလုပ်လေ့ရှိပေသည်။ ထို့ပြင်လည်း သစ်ပင်များ ကျန်းမာသန်စွမ်းလျှင် ပိုးမွှားစသော အန္တရာယ်တို့ မလာရောက်နိုင်သဖြင့် သစ်ပင်များ ကျန်းမာစေရန် ပင်ကျပ်နုတ်ပေးခြင်း၊ လင်းဖွင့်ခြင်း စသည်တို့ကို ပြုလုပ်ပေးကြပေသည်။ စိုက်ခင်းများ၌ ကျွန်းတစ်မျိုးတည်း မစိုက်ပျိုးဘဲ အခြား သစ်ပင်မျိုးတို့နှင့် ရောနှော စိုက်ပျိုးခြင်းသည် ပိုးမွှားတို့ဘေးမှ သက်သာရာ ဖြစ်စေသည်။ ဖန်းဂပ်(မှို)များ၏ အန္တရာယ် ပိုးမွှားတို့ အန္တရာယ်ထက် ပိုမိုများပြား၏။ လူ၊ တိရစ္ဆာန်၊ ပိုးမွှားတို့ကြောင့် ဖြစ်သော အနာအဆာတို့တွင် ဖန်းဂပ်(မှို)များ ချက်ချင်း ဝင်ရောက်၍ ယင်းတို့ ကြီးပွားမှုကြောင့် သစ်ပင်များ အင်အား ဆုတ်ယုတ်၍ ပျက်စီးကြရပေသည်။ ကျန်းမမာသန်စွမ်းသော သစ်ပင်များကို ဖန်းဂပ်(မှို)ကြောင့်ဖြစ်သော ရောဂါသည် သစ်ပင်ကချက်လုပ်သော ဆေးဝါးတို့ဖြင့် တဖြည်းဖြည်း ပပျောက်လာရပေမည်။ ထိုကြောင့် ဖန်းဂပ်(မှို)များကို ကာကွယ်ရန် အတွက် သစ်ပင်များ၏ ကျန်းမာရေးကို အထူးဂရုစိုက်ရပေသည်။ ဆေးဝါးဖြန့်ကြဲခြင်းဖြင့်လည်း ဖန်းဂပ်(မှို)များ၏ အန္တရာယ်ကို ကာကွယ်နိုင်၏။ သို့သော် ငွေအကုန်အကျ အလွန်များပြားပေသည်။ နွယ်၊ ကျီးပေါင်းနှင့် ညောင်ပင်တို့သည်လည်း သစ်ပင်များ၏ အန္တရာယ်များ ဖြစ်ချေသည်။ ယင်းတို့အတွက်ကြောင့် သစ်ပင်များ သေကြေ ပျက်စီးရခြင်းကို မျက်မြင်ဒိဋ္ဌ တွေ့ရှိကြရပေသည်။

သစ်တောများ ထူထောင်သည့်နည်းများ ပြင်ဆင်ရန်

လူတို့ မရောက်ရှိနိုင်သော သစ်တောများ၌ အချို့သစ်ပင်တို့သည် အိုမင်း၍သော်လည်းကောင်း၊ မီး၊ လေ တို့ကြောင့် သော်လည်းကောင်း သေကြေ ပျက်စီးကြကုန်သည်ရှိသော် ယင်းတို့အောက်၌ရှိသော အစေ့များမှ အပင်ထါက်၍ သော်လည်း ကောင်း၊ လက်ရှိ အောက်ခံပင်ကလေးများ ကြီပြင်း၍သော်လည်းကောင်း ထိုသေကြေကုန်သော သစ်ပင်ကြီးအစား ပြန်လည် ဖြစ်ထွန်းလာရပေသည်။ ဤကဲ့သို့ သစ်ပင်များ အသစ်တဖန် ပေါက်ရောက်လာရခြင်းသည် အလွန်နှောင့်နှေးခြင်းကြောင့် လူတို့အစဉ်အပြတ် ခုတ်ယူ သုံးစွဲ၍ ကုန်ခန်းသော သစ်ပင်များကို အစားထိုးရန် မလွယ်ကူပေ။ ထိုကြောင့် သစ်တောများ တဖန်ပြန်လည် ဖြစ်ထွန်းရန် နည်းကောင်းများကို ရှာကြံကြရပေသည်။ သစ်တောများ မျိုးဆက်ထူထောင်ရန်အတွက် နည်းနှစ်မျိုးရှိသည်။ ယင်းတို့ကား (၁) ဓမ္မတာမျိုးဆက် ထူထောင် နည်းနှင့် (၂) ပဝတ္တိမျိုးဆက် ထူထောင်နည်းတို့ပေတည်း။ ဓမ္မတာသဘာဝအလျောက် ကြွေကျလျက်ရှိကြသော မျိုးစေ့များ၊ ငုတ်တက်များ၊ အမြစ်များမှ သစ်ပင်များ တဖန် ဖြစ်ပွားလာရန် ပြုပြင်ပေးနည်းကို ဓမ္မတာမျိုးဆက် ထူထောင် နည်းဟုခေါ်သည်။ အစေ့များကိုကောက်ယူ၍ တဖန် ကြဲဖြန့် စိုက်ပျိုး၍သော်လည်းကောင်း အပင်ငယ်များနှင့် ငုတ်တက်များတို့ကို စိုက်ပျိုး၍သော်လည်းကောင်း ပြုပြင်ပေးနည်းကို ပဝတ္တိမျိုးဆက် ထူထောင်နည်းဟုခေါ်သည်။ ဓမ္မတာ မျိုးဆက် ထူထောင်နည်းကို တဖန် (၁) အပြောင်ခုတ်လှဲ၍ ထူထောင်နည်း၊ (၂) လောင်းရိပ်ခံ၍ ထူထောင်နည်းဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထားပေသည်။

ပထမနည်းအရ သစ်တောကို အပြောင်ခုတ်လှဲ၍ ထိုနေရာမြေပေါ်ရှိ သစ်စေ့များမှသော်လည်းကောင်း၊ အနီးအနားရှိ သစ်ပင်များမှ လေဖြင့် လွင့်ပါလာသော သစ်စေ့များမှ သော်လည်းကောင်း အပင်ကလေးများ ပေါက်ရောက်၍ တဖြည်းဖြည်း ကြီးပွားဖြစ်ထွန်းလာစေခြင်း ဖြစ်ပေသည်။ ဤနည်းအတိုင်း ပြုလုပ်လေ့မရှိကြပေ။ ပြလုပ်ကလည်း တောများကို မြောင်းတန် ကျဉ်းများ ခုန်ထွင် ပြုလုပ်ကြပေသည်။ ဤနည်းသည် လင်းလုပင်များအတွက်သာ သင့်လျော်ပေသည်။ များသောအားဖြင့် သစ်ပင်ကလေးများ မပေါက်ရောက်နိုင်လျှင် သစ်စေ့ကြဲခြင်း၊ အပင်ငယ် ပျိုးစိုက်ခြင်း၊ မြေကြီးကို ထွန်ယက်ပေးခြင်း စသော ကိစ္စအရပ်ရပ်ကို ပြုလုပ်ပေးကြရပေသည်။ ဒုတိယ နည်းအရ သစ်တောကို ခုတ်ယူရာ၌ အပြောင်မခုတ်ပဲ မျိုးပင်များ ချန်လှပ်ထား၍ ထိုမျိုးပင်များ၏ သစ်စေ့မှထွက်လာသော သစ်ပင်ငယ်တို့သည် မျိုးပင်များ၏ လောင်းရိပ်ကို မှီခို၍ ကြီးပြင်းလာကြပေသည်။ ထိုသစ်ပင် ငယ်များ ကြီးပွားလာကြသည့်အခါ အထက်ရှိမျိုးပင်များကို တဖြည်းဖြည်း ခုတ်၍ လင်းဖွင့်ပေးရပေသည်။ ဤနည်းနှင့်တူစွာ ဥရောပတိုက်ရှိ တိုင်းနိုင်ငံများတို့၌ ပြုလေ့ရှိသော နည်းသစ်အမျိုးမျိုးရှိပေသည်။ ရွေးချယ်ခုတ်ယူ တည်ထောင်နည်းသည်လည်း အထက်ပါ ဒုတိယနည်းအထဲတွင် ပါရှိပေသည်။ ထိုနည်းအရ သစ်တောတစ်ခုလုံးကို လိုက်လံရှာဖွေ၍ သစ်ပင်များ မျိုးဆက်ပေါက်ပွားခြင်းကို အဓိက ရည်ရွယ်ချက်ထားပြီးလျှင် သင့်တော် လျောက်ပတ်သော သစ်ပင်များကို ခုတ်ယူရန် သစ်တောပညာ၌ လိမ်မာကျွမ်းကျင်သော အရာရှိများသည် မှတ်သားပေးရ ပေသည်။ မြန်မာနိုင်ငံ၌ ဤနည်းအရ ရိုးမတောင်များရှိ ကျွန်းတောများကို တည်ထောင် ပြုပြင်ပေးသည်။ သို့သော်လည်း တတောလုံးကို မလှည့်လည်နိုင်၍ တောများကို သစ်တောအုပ်ချုပ်နည်းများအရ အကွက်ငယ်ကလေးများ ပိုင်းစိတ် ထားရှိပေသည်။ တစ်နှစ်အတွင်း ခုတ်လုပ်ရန် အကွက်ငယ်ကလေးများ၏ အရေအတွက်ကို သတ်မှတ်ပေးထားသည်။ ထို့အပြင်လည်း သစ်ပင်များကို ခုတ်ယူရန် မှတ်သားရာ၌ သစ်စေ့များမှ အပင်ကလေးများကို မပြုလုပ်ပေ။ အဘယ်ကြောင့် ဆိုသော် ဤကဲ့သို့ ပြုလုပ်ပေးလျှင် ထိုနေရာများသို့ တစ်နှစ်တကြိမ်သော် လည်းကောင်း၊ အနည်းဆုံး သုံးနှစ်တကြိမ်း သော်လည်းကောင်း တဖန် ထိုလုပ်ငန်းများကို ပြုလုပ်ရန် လာရောက်ရပေမည်။ ထိုကဲ့သို့ မရောက်ရှိနိုင်လျှင် မိမိတို့ ကူညီ ထောက်ပံ့ခဲ့သော သစ်ပင်ငယ်များကို အခြားအကြီး မြန်သော သစ်ပင်ရိုင်းများနှင့် ပေါင်းပင်များက ဖိနှိပ် အုပ်မိုးဖွယ်ရာ ရှိပေသည်။ မြန်မာနိုင်ငံ၌ သစ်တောများ ကျယ်ဝန်း၌ လူအင်အား မမျှသောကြောင့် ဤကဲ့သို့ အကြိမ်ကြိမ် အလီလီ မပြုလုပ်ကြပေ ထို့အပြင်လည်း မြန်မာနိုင်ငံရှိ သစ်တောများသည် ဥရောပတိုက်ရှိ သစ်တောများနှင့် မတူညီပဲ အသုံးမဝင်သည့် သစ်ပင်ရိုင်းများ အလွန်ပေါများလျက် ရှိပေသည်။ ပဝတ္တိမျိုးဆက် ထူထောင်နည်းအရ ပြုလုပ်လေ့ ရှိသောနည်းများမှာ (၁) မျိုးစေ့များကို တကွက်လုံး၌ သော်လည်းကောင်း၊ မြောင်းတန်းကျဉ်းများ အလိုက်သော်လည်းကောင်း၊ ပနက်တွင် သော်လည်းကောင်း ဖြန့်ကြဲ၍ စိုက်ပျိုးခြင်း။ (၂) ပျိုးခင်း၌ စိုက်ပျိုးပြီးလျှင် သစ်ပင်ငယ်များကို တစ်ဆင့် နုတ်ယူ၍ တော၌ တဖန် စိုက်ပျိုးခြင်းတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၌ တောင်ယာ သမားတို့၏ အကူအညီဖြင့် ကျွန်းပျိုးခင်းများ ပြုလုပ်၍ ကျွန်းပင်ငယ်များအစား ကျွန်း ငုတ်တက်ငယ်များကို တောင်ယာသမားများ၏ အသီးအနှံများနှင့် ရောနှောစိုက်ပျိုး ရာ၌ ငွေအကုန်အကျ အလွန်သက်သာ သဖြင့် သစ်တောအရာရှိတိုင်း အလွန်စိတ်ဝင်စား၍ ကြီးကြီးကျယ်ကျယ် လုပ်ငန်းများ ပျိုးထောင်ရန် ရည်ရွယ်ငြားသော်လည်း ၁၉၂၈ - ၂၉ ခုနှစ် တို့မှစ၍ ကမ္ဘာ့သစ်ဈေးများ နိမ့်ကျလာသည်တကြောင်း၊ ထို့အပြင် ဤကဲ့သို့ စိုက်ပျိုး၍ ဖြစ်မြော်ကသော ကျွန်းခင်းများသည် ဓမ္မတာသဘာဝ မကျပဲ ပင်ခြေကျဉ်း၍ မြေကြီးများ ရေစားခြင်း၊ ကျွန်းဖောက်ပိုးများ ပွားများလာခြင်း စသော အန္တရာယ်မျိုးတို့ကြောင့်တကြောင်း ၁၉၃၅ ခုနှစ်တွင် အထက်ပါ တောင်ယာဖြင့် ကျွန်းခင်း ထူထောင်နည်းတို့ကို ပြည်တွင်းသုံးရန်မှတစ်ပါး နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် အလို့ငှာ မစိုက်ပျိုးတော့ချေ။ ပြည်တွင်းသုံးရန်အတွက် စိုက်ပျိုး ခြင်းများကိုလည်း ယခုအခါ တိုင်းပြည်ဆူပူမှုနှင့် ကြေးငွေကျပ်တည်းမှု တို့ကြောင့် ရပ်စဲထားရပေသည်။ အမြဲတစေကျွန်းတောများ မျိုးဆက် ထူထောင်နိုင်သောနည်းတစ်မျိုးကို အထူးလိုအပ်သည်။ မြန်မာနိုင်ငံရှိတောများ၌ အသုံးမဝင်သည့် သစ်ပင်များ၏ နှောင့်ရှက်မှုများကြောင့် အသုံးဝင်သည့် သစ်ပင်များမျိုး ဆက်ဖြစ်ထွန်းနိုင်ရန် အခက်အခဲ များစွာတို့နှင့် တွေ့ကြုံကြရသည်။ ထိုနည်းမျိုးတစ်မျိုး အောင်မြင်စွာ ရရှိရန်အတွက် သစ်တောပြုစုပျိုးထောင်သည့် သုတေသန လုပ်ငန်းတစ်ခုကို ဖွင့်လှစ်ထားရှိရပေသည်။ သစ်တောလုပ်ငန်းများ စနစ်တကျ ကောင်းစွာ ဖြစ်ထွန်းလာရန်အတွက် သင်ကြားရသော ပညာမှာ သစ်တော အုပ်ချုပ်ခြင်းပညာ ဖြစ်ပေသည်။ ထို့အပြင်လည်း သစ်များကို အသုံးချသည့် ပညာ၊ သစ်သားများ အလျင်အမြန် အသား သေစေနိုင်သည့်အပညာ စသောပညာ အရပ်ရပ်များလည်း ရှိပေသေးသည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)