မြန်မာစာပေတွေင် သီချင်းကို ကဗျာလင်္ကာအဖွဲ့အနွဲ့ တစ်မျိုးအဖြစ် သတ်မှတ်ထားသည်။ (ကဗျာလင်္ကာ)

အကြောင်းချင်းတစ်ရပ် ကို ဟဒယနှလုံးရွှင်ပြုံး ကြည်လင်စေရန်လည်းကောင်း၊ နှစ်သိမ့် ကြည်နူးစေရန်လည်းကောင်း၊ ကြေကွဲဝမ်းနည်းစေရန်လည်းကောင်း ဖွဲ့နွဲ့သီကုံးထား၍ သုံး မတြာခန့် ကြာအောင် အသံကို ရှည်ရှည် လွင်လွင် ဆွဲငင်သီကျူးအပ်သော သီချင်း၊ သို့မဟုတ် ဂီတသည် သတ္တဝါတို့၏ နားသောတသို့ ပြေးဝင် စွဲငြိစေတတ်သော သဘောရှိပြီးလျှင် သတ္တဝါတို့၏ စိတ်နှလုံးကို ယူကျုံးဆွဲဆောင်တတ်သော သတ္တိ တို့၏ စိတ်နှလုံးကို ဆွဲဆောင်ရာ၌ ထက်မြက်သော လက်နက် တစ်ရပ် ဖြစ်ပေသည်။ (သီချင်း(ဂီတ))

မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်း ၁၅ဝဝ ကျော်ခန့်ကပင် သီဆို တီးမှုတ် ကခုန်ခြင်းသည် အနုပညာ တစ်ရပ်အနေဖြင့် ထွန်းကားခဲ့သည်။ (မြန်မာဇာတ်သဘင်)

ခရစ် ရှစ်ရာစုနှစ် ခန့်က တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးအတွက် သွားရောက်ခဲ့ သော သရေခေတ္တရာမ ပျူ ယဉ်ကျေးမှုအဖွဲ့သည်သီချင်း ၁၂ မျိုးကို သီဆိုတီးမှုတ်ကပြ ခဲ့ကြောင်း တရုတ်မှတ်တမ်းများအားဖြင့် ဘုရားဂုဏ်တော်ကို ချီးကျူးထားပြီးလျှင် ဈာန လာဘီ ရှင်ရသေ့ဘွဲ့၊ ဘုန်းတော်ဘွဲ့၊ စားတော်ခေါ်ခြင်းဘွဲ့၊ ပျော်တော်မူခြင်းဘွဲ့၊ အောင်တော်မူဘွဲ့၊ အင်ကြင် ပန်းဘွဲ့၊ ဥချိုး ငှက်ဘွဲ့၊ ကြိုးကြာငှက်ဘွဲ့၊ ဥဒေါင်းမင်းဘွဲ့၊ ဟင်္သာငှက်ဘွဲ့၊ ကြိုးကြာငှက်ဘွဲ့ တို့လည်း ပါဝင်သည်ဟု ဆိုထားလေသည်။ ထိုသီချင်းတို့သည် ကြိုးကြီးဘွဲ့ကြီးမျိုး ဖြစ်မည်ဟု ခန့်မှန်းရသည်။ ငါးရာစုနှစ်မှ ၁၁ရာစုနှစ်အတွင်းက စည်ပင်ဖွံ့ဖြိုး ခဲ့သော မွန်တို့ဒေသ သထုံပြည်၌လည်း အဆိုအက အတီး အမှုတ် ပညာထွန်းကားကြောင်းကို တူးဖော်တွေ့ရှိရသော ထိုခေတ်၏ စဉ့်ကွင်းများမှ သိရှိရသော်လည်း မည်သို့သော သီချင်းမျိုးကို စပ်ဆိုသီကုံးခဲ့ကြ ကြောင်းကိုမူ မခန့်မှန်းနိုင်ပေ။ ပုဂံပြည့်ရှင်အနော်ရထာမင်းစော၏ လက်ထက်တွင် မြန်မာတစ်နိုင်ငံလုံးကို ပေါင်းစည်းခဲ့သဖြင့် ပျူ၊ မွန်၊ မြန်မာယဉ်ကျေးမှုတို့ ရောစပ်ကာ အနုပညာ ယဉ်ကျေးမှုတို့ တိုးတက်ခဲ့သည်။ ထိုစဉ်က သီဆိုတီးမှုတ် ကခုန်မှုအတတ်သည်လည်း တိုးတက်မည် မလွဲဧကန် ဖြစ်သော်လည်း တည်တံ့ခိုင်မြဲစွာ မှတ်တမ်း တင်ထားခြင်း မပြုခဲ့သဖြင့် ပုဂံခေတ်၏ သီချင်းအမျိုးအစားကို အထောက်အထား ခိုင်လုံစွာ မပြနိုင်ချေ။ သရေခေတ္တရာခေတ်၊ သထုံခေတ်၊ ပုဂံခေတ်၌ သုံးခဲ့ကြသော တူရိယာပစ္စည်းတို့ကိုမူ တရုတ်မှတ်တမ်းများအရလည်းကောင်း၊ သထုံခေတ် စဉ့်ကွင်းပါရုပ်ပုံများမှလည်းကောင်း၊ ပုဂံကျောက်စာများ၊ ကူဘုရားနံရံပန်းချီများမှလည်းကောင်း သိရှိနိုင်ခဲ့ကြ ပေသည်။ ပုဂံပျက်၍ ပင်းယကောင်းစားသော ခေတ်တွင်သာ မှတ်တမ်းတင်ထားသော မြန်မာသီချင်းများကို အဦးဆုံး တွေ့ရ သည်။ ထိုခေတ်တွင် တျာဘွဲ့သီချင်း၊ ကာချင်း၊ စည်ချင်းများ ပေါ်ပေါက်ထွန်းကားသည်။ ( ကာချင်း၊ တျာချင်း-)

ထိုခေတ်ကို အင်းဝခေတ်ဦးပိုင်းဟုခေါ်ဆို၍၊ ယင်းသည်မှ စပြီးလျှင် နှစ်ပေါင်း ၅ဝဝ ခန့် အဓွန့်ရှည်သော အင်းဝခေတ် ကို တစ်လျှောက်လုံး၌ အနုပညာ အရပ်ရပ်တို့သည် တိုးတက် ခဲ့ရာ တေးဂီတ ကဗျာလင်္ကာ အရေးအသားတို့သည်လည်း ဖွံ့ဖြိုးတိုးတက်ခဲ့လေသည်။ အင်းဝခေတ် နောက်ပိုင်းတွင် အချီကြီးသံ၊ အချီငယ်သံ၊ ဆရာတောင်းသံ၊ ဆရာပန်သံ၊ ဆရာညွှန့်သံ၊ အတွင်းတီးပြေသံ၊ အပြင်တီးပြေသံ၊ ဆင်ဖြူရေချသံ၊ ရွှေပလ္လ်တည်သံ၊ ဗောဓိ ညောင်ရွက်သံ၊ ဇမ္ဗူ့သပြေသီး ကြွေသံ၊ ငါးကြင်းမြီးခတ်သံ၊ ခရုသင်းသံ၊ ခွက်ခွင်းသံ၊ ဘီလူးမဝမ်းစည်သံ၊ မြစ်တွေးလန့် တွန်သံ၊ သိကြား အုပ်ဆောင်းသံ၊ သိကြားခလုတ်သံ၊ သိကြား ရေကန်တင်သံ၊ သိကြားလောပစ်သံ၊ ကင်းပတ်ငယ်သံ၊ ထုံးကိုး တံသံ၊ မျောက်မင်းအူသံ၊ မိတ္ထီလာကန်ပေါက်သံ၊ သပြေလားသံ၊ ပြုံးကာရယ်ရွှင်သံ၊ ကသာဝန်း လည်သံ၊ ပွင့်လှရွှေဝါသံ၊ နောက်မြင်းလှသံ၊ လင်္ကကုတ္ထိသံ၊ မြင်းလှစာတောင်းသံ။ မြင်း လှခွာသံ၊ တံငါမ အဲချင်းသံ၊ သိကြားမင်း ဘိသိက်မြှောက်သံ အစရှိသည့် ကြိုးသီချင်းများ၊ တျာချင်းများနှင့် သီချင်းခံများ ခေတ်စားခဲ့သည်။ အိုင်ချင်းများလည်း ထိုခေတ်၌ပင် ပေါ်ပေါက်ကြောင်း သိရသည်။ ထိုခေတ်၏ ထင်ရှားသော ဂီတစာဆိုကြီးမှာ ဝန်ကြီး ပဒေသရာဇာဖြစ်သည်။

ဝန်ကြီး ပဒေသရာဇာသည် ကြိုးသီချင်း၊ သီချင်းခံ၊ တျာချင်း ဇာတ် ချင်းတို့ကို စပ်ဆိုခဲ့သည်။ ပုဂံပြည်သို့ ဗုဒ္ဓသာသနာ မရောက်မီက နတ်ကိုးကွယ်မှုတို့ ရှိခဲ့သည်ဖြစ်ရာ နတ်ပွဲကျင်းပ၍ သီဆိုကခုန်မှုတို့ကို ပြုခဲ့ကြသည်။ ထို့ကြောင့် အင်းဝခေတ်တိုင်အောင် ကျေးလက်များ၌ နတ်ပွဲကျင်းပမှုများ ရှိနေသေး၍ ဝန်ကြီးပဒေသရာဇာသည် ၃၇ မင်းနတ်သံ (အဲချင်း)များ၊ နတ်ယိုင်သံများကိုလည်း ရေးစပ်ခဲ့သည်။ အတီးအမှုတ် တူရိယာဖက်တွင် ပတ်ဆိုင်းများသည် ထိုခေတ်မှစ၍ ပေါ်ပေါက်ခဲ့လေသည်။

ကုန်းဘောင်ခေတ်၏ နှစ်ပေါင်း ၁ဝဝ ခန့်အတွင်း၌ ဂီတ သဘင်ပညာသည် အဘက်ဘက်မှ တိုးတက်ဖွံ့ဖြိုး လာသည်။ နိုင်ငံခြားနှင့် အဆက်အဆံ များလာသဖြင့်လည်း ဂီတအနု ပညာတို့သည် ပို၍ ကြွယ်ဝလာသည်။ အတီးအမှုတ် တူရိယာပစ္စည်းများလည်း ပိုမို များပြားစုံလင်လာသည်။

ဘကြီးတော် စစ်ကိုင်းမင်း လက်ထက်တွင် ဘိုးတော်မင်းတရားလက်ထက်က ကျင်းပခဲ့သော နတ်ပွဲအစီအစဉ်များနှင့် ရှေးက သီဆိုတီးမှုတ်ပုံများကို စုဆောင်း မှတ်သားရန် မြဝတီဝန်ကြီးဦးစအား တာဝန် ပေးအပ်တော်မူသည်။ ထို့ပြင် မုံရွေးဇေတဝန် ဆရာတော်အား ရှေးသီချင်းများကို စုဆောင်းပေးရန် လျှောက်ထားသဖြင့် ရှေးသီချင်းများကို စုဆောင်းပေးခဲ့ရလေသည်။

ကုန်းဘောင်ခေတ်တွင် အထူးခေတ်စားခဲ့သော သီချင်းများ မှာ ပတ်ပျိုး၊ ယိုးဒယား၊ တေးထပ်၊ ဘောလယ်၊ လေးချိုး၊ သဖြန်နှင့် မွန်သီချင်းများဖြစ်သည်။ ယင်း သီချင်းများမှာ အထူးသဖြင့် နန်းတွင်း၌ အသုံးတော်ခံရသော အီနောင်၊ ရာမ၊ သင်္ခပတ္တ၊ ကေသာသီရိဇာတ်တို့၏ ဇာတ်ကွက် ဇာတ်လမ်း ဆိုင်ရာ အတွက် စပ်ဆို သီကုံးကြခြင်း ဖြစ်သည်။ နိုင်ငံတိုင်းခြားနှင့် အဆက်အဆံများသော ခေတ်ဖြစ်၍၊ တေးသွားများတွင် ကြေးခရာသံ၊ ဗရင်ဂျီသြသံ၊ ထားဝယ်ဒိန်းသံ၊ ကရင်သြသံ၊ ယိုးဒယားသံ၊ ကောင်းတုံသံ အစ ရှိသည့် အသံများ ကို အတု ယူ၍ ဆန်းသစ်တီထွင် စပ်ဆိုခြင်း ပြုကြသည်။ ( မြန်မာ ဇာတ်သဘင်)

ယင်းသို့ နိုင်ငံခြားသံများကို ယူသော်လည်း မြန်မာ့မူ၊ မြန်မာ့ဟန် မပျက်စေအောင် သိမ်းသွင်းသောနည်းဖြင့် သီချင်း များကို စပ်ဆိုခဲ့ကြလေသည်။ ကုန်းဘောင်ခေတ်၏ ထင်ရှားသော တေးဂီတစာဆိုတော်ကြီး များမှာ မြဝတီမင်းကြီး ဦးစ၊ ပြင်စည်မင်းသား၊ ဇာတ်ဆရာ ဦးကျောက်ခဲ၊ ငယ်တိုးအတွင်းဝန် ဦးကျီစိုး၊ မင်းကြီးကတော် ခင်ဆုံ၊ အနောက်နန်းမိဖုရား မမြကလေး၊ လှိုင်ထိပ်ခေါင်တင်တို့ ဖြစ်ကြသည်။ ဦးစ စပ်ဆိုသော သီချင်းများအနက် သီချင်းခံနှင့် ပတ်ပျိုး တို့သည် မြန်မာ့ဂီတသမိုင်းတွင် မှတ်တမ်းတင်ရလောက်အောင် ထူးခြားကောင်းမွန်သည်။ ပြင်စည်မင်းသား၏ ယိုးဒယားသံ ရှစ်မျိုးဖြင့် သီကုံးစပ်ဆိုထား သော ယိုးဒယား သီချင်းများ ရှစ်ပုဒ်သည်လည်း ထူးခြား ကောင်းမွန်သော သီချင်းများ ဖြစ်ကြသည်။ ဂီတသမိုင်းတွင် ထူးခြားကောင်းမွန်သော အဖွဲ့တစ်ဖွဲ့အဖြစ် မှတ်တမ်းတင်ရသော သီချင်းတစ်မျိုးမှာ လှိုင်ထိပ်ခေါင်တင်၏ ဘောလယ် ဖြစ်လေ သည်။ ဦးစနှင့် ပြင်စည် မင်းသားတို့သည် နိုင်ငံခြားသံများကို အများဆုံး အသုံးပြု၍ မြန်မာသီချင်းများကို ရေးစပ်ခဲ့ကြသော်လည်း အရိုးကို အရွက်မဖုံးစေခဲ့ကြပေ။ မြန်မာသီချင်းများကို စပ်ဆိုကြရာ၌ တေးသွားထက် တေးသားစကားလုံး အဓိပ္ပာယ်ရှိပြီးလျှင် ကာရန် ပြေပြစ်မှုကို ပို၍ အလေးအနက် ထားကြသည်။ ကုန်းဘောင်ခေတ်တွင် သဘင် သည်များသည် အအုပ်အခံ၊ ကာရန်ဝါကျ မညီသောသီချင်း၊ ဂိုဏ်းမလွတ်သော သီချင်း၊ သာသနာကို ထိပါးပုတ်ခတ် သော သီချင်းများကို စပ်ဆိုခြင်း မပြုရချေ။ ထိုသီချင်းမျိုး မစပ်ဆိုကြရန် သဘင်ဝန် များက ကြပ်မတ်ပေးရ၍၊ ယင်းသီချင်းမျိုး သီဆို ခဲ့လျှင် သီကုံးသူအား လက်ကို၊ သီဆိုသူအား လျှာကို အပြစ် ပေးလေသည်။ သရေခေတ္တရာ၊ သထုံ စသော နိုင်ငံများ ခေတ်မှ စ၍ ရာဇဝင်တစ်လျှောက် စိုးစံခဲ့ သော မြန်မာမင်းများ လက်ထက် တွင် အဆိုအတီးစသော စိုးစံခဲ့သော သဘင်ပညာသည်အစဉ်အဆက် တိုးတက်ခဲ့သည်။ ထီးသုံး နန်းသုံး ပညာတစ်ရပ် ဖြစ်၍ ဘုရင် စိုးစံမင်းတို့၏ မြှောက်စားခြီးမြှင့်မှုကို ခံယူနိုင်ရန် စပ်ဆို သီကုံးကြသော သီချင်းများသည်လည်း ဘုန်းတော်ဘွဲ့ များသာ များပြားခဲ့သည်။ တောဘွဲ့၊ တောင်ဘွဲ့၊ မြို့ဘွဲ့၊ မောင် ဘွဲ့တို့ကို ပင်လျှင် ထီးသုံးနန်းသုံး စကားလုံး များဖြင့် စပ်ဆိုကြ၍ ဘုရင့်ဘုန်းတော်ကို မသိမသာ ထည့်သွင်း ချီးကျူးကြလေသည်။ သို့သော် မြန်မာအမျိုးသားတို့သည် ဂီတဝါသနာ ထက်သန် သော လူမျိုးဖြစ်သည်။ ထို့ကြောင့် အဆိုအက အတီးအမှုတ် သည် ရွှေနန်းတော်တွင်း၌သာ စည်ပင် ဖွံ့ဖြိုး နေသည် မဟုတ် ပေ။ ရွှေနန်းတော်သုံး တေးဂီတများ (ဝါ) သီချင်းများကို စာဆိုတော် အကျော်အမော်များက သီကုံးဆက်သွင်းနေစဉ်၊ မြို့နေလူထုနှင့် ကျေးလက်လူထုတို့သည်လည်း မိမိတို့၏ မိရိုး ဖလာ ဓလေ့ထုံးစံများ၊ မိမိတို့ ဆောင်ရွက်ရသောလုပ်ငန်းများ အကြောင်းကို တေးသီ၍ ဆိုကြသည်။ ထို့ကြောင့် အဲချင်းများ၊ အိုင်ချင်းများ၊ ပုံကြီးသံများ၊ မောင်းထောင်းသံ သီချင်းများလည်း ပေါ် ပေါက်ခဲ့သည်။ ရွှေနန်းတွင်းသုံး ပိမ္ဗာလွှဲချင်း၊ ဧယာဉ်လွှဲချင်းတို့ကို သီကုံးစပ်ဆိုကြသကဲ့သို့ အရပ်သုံးသား ချော့သီချင်းများကိုလည်း စပ်ဆိုသီကုံးခဲ့ကြသည်၊ နန်းတွင်းသုံးသီချင်းများသည် ရွှေတိုက်စာရင်းဝင်များ ဖြစ်၍ မှတ်တမ်း တင်ထားခဲ့သောကြောင့် အစဉ်အဆက် တည်တံ့နိုင်ခဲ့သော် လည်း၊ အရပ်သုံးသီချင်းများကိုမူ အဆက်ဆက်က မှတ်တမ်း တင်ခဲ့မှု နည်းပါးလှသဖြင့် မိဖဘိုးဘွားမှ သားမြေများသို့ နှုတ်တိုက်ချ‌ ပေးသော အမွေအနှစ်များ အဖြစ်ဖြင့်သာ တည်တံ့ နိုင်ခဲ့ပြီးလျှင် ရှေးပဝေသဏီက အရပ်သီချင်း၊ ရိုးရာသီချင်း များစွာတို့ တိမ်ကော ပျောက်ပျက်ကုန်ခဲ့မည်မှာလည်း ယုံမှားဖွယ်ရာ မရှိချေ။

သီပေါဘုရင် ပါတော်မူပြီးနောက်တွင် ရှေးမြန်မာသီချင်းကြီး များကို ရှေးဂီတပညာရှင်ကြီးများ က အထူး ထိန်းသိမ်းခဲ့ကြသည်။ ရှေးသီချင်းကြီးများသည် တေးသွားတစ်မျိုးတည်းကိုပင် နှစ်မျိုးသုံးမျိုး ကွန့်၍ သီဆိုနိုင်သည်။ တစ်နည်းအားဖြင့် ဆိုလျှင် ဆိုနည်းဆိုဟန် ကွန့်၍ ဆိုနိုင်သည်။ သီချင်းကြီးများသည် ခက်ခဲ နက်နဲလှသဖြင့် သီချင်းကြီး တစ်ပုဒ်ကို စည်းဝါးကျနစွာဖြင့် စံနစ်တကျ သီဆိုနိုင်ရန် ဂီတ ဆရာများထံ စံနစ်တကျ သင်ယူကြရသည်။ ထို့ကြောင့် ဝါသနာ ကြီးလွန်းသူများမှ တစ်ပါး သီချင်ကြီးများကို လေ့လာ လိုက်စားသူ နည်းပါးသည်။ အချို့သည် ကြားဘူးနားဝ ရှိသမျှ ဖြင့် ဆိုကြ တီးကြသဖြင့် ဆိုဟန်တီးဟန်တို့ ကွဲပြားခဲ့သည်များ လည်း ရှိသည်။ ထို့ကြောင့် ရှေးဂီတပညာရှင်ကြီးများ သည် ရှေး သီချင်းကြီးများ မူမှန်အတိုင်း ရှိလေအောင် ကြိုးစား ထိန်းသိမ်း ပေးကြသည်။ တိမ်မြုပ်ပျောက်ကွယ်သွားခြင်း မဖြစ်ရလေအောင် ရှေးသီချင်းကြီးများကို စုဆောင်း သိမ်းဆည်းထား၍ စာတစ်အုပ် ကျမ်းတစ်ဆောင် ဖြစ်အောင် ပြုစုခဲ့ကြသဖြင့် ဂီတမေဒနီ ကျမ်း၊ မဟာဂီတသစ်၊ မဟာဂီတပေါင်းချုပ်၊ဂီတဝိသောဒနီကျမ်း စသည်တို့ ပေါ် ထွက်ခဲ့သည်။ ကဗျာဗန္ဓသာရကျမ်းတွင် ကဗျာ လင်္ကာ သီချင်း စပ်ဆိုနည်းများဖြင့် ပုံစံပြ ကဗျာလင်္ကာ သီချင်းစပ်ဆိုနည်းများနှင့် ပုံစံပြ ကဗျာလင်္ကာများကိုပါ ထည့်သွင်း ဖော်ပြထားလေသည်။ မြန်မာသီချင်းများသည် တူရိယာအတွဲအဖက်နှင့် သီဆိုက ပို၍ နားဝင်ငြိမ့်ညောင်း သာယာပြီးလျှင် ဂီတ အရသာ ပိုမို နားဝင်ငြိမ့်ညောင်း သာယာပြီးလျှင် ဂီတအရသာ ပိုမို ပြောင် မြောင်လေသည်။ ထို့ကြောင့် သီချင်းများကို သောတလင်္ကာ ရ ဂီတ ဟုခေါ်ဆိုသည်။ ကြိုးဘွဲ့၊ သီချင်းခံ စသည်တို့သည် သောလင်္ကာရ တေးဂီတတစ်မျိုး ဖြစ်ကြသည်။ တူရိယာ အတီးအမှုတ် မပါဘဲ သီဆိုနိုင်သော ရတု၊ ရကန်၊ လူးတား စသည်တို့ ဝစနာလင်္ကာရ ဟု ခေါ်ဆို၍ ယင်းတို့ကို ရှေး ပညာရှင် တို့က သီဆိုသည့်အခါ တေးသွားအတိုင်း မဟုတ်ဘဲ သီဆိုသူ အသံဝဲ မသွားစေရန် ထိန်းပေးသော သဘော၊ အထောက်အကူ ပေးသော သဘောဖြင့် တူရိယာ အတီးသမာ တို့က တစ်ခါတစ်ရံ တူရိယာတို့ကိ 'တို့' ပေးကြလေသည်။ သီချင်းသီဆိုတီးမှုတ်သူတို့သည် နာရီနှင့် သံစဉ်ကို သိနားလည် ထားရန် လိုအပ်ပေသည်။ နာရီ ဟူသည် အချိန်ကို ဆိုလို၍ သီဆိုသံကိုလည်းကောင်း၊ တီးမှုတ်သံ ကိုလည်းကောင်း ပိုမို ရသပေါ်အောင် ပိုင်းဖြတ်ပေးသော စည်းနှင့်ဝါး ဖြစ်သည်။ သံစဉ် ဆိုသည်မှာ သီဆိုသော တေးဂီတနှင့်တူရိယာ တို့၏ အသံများသည် နားဆင် ကြသူများ၏ သောတအာရုံ၌ ငြိမ့်ညောင်း သာယာစေခြင်း ငှါ ပညာရှင်တို့သည် စီစဉ်ထားသော မိတ်ဖက် သံများ ဖြစ်လေ သည်။ သီချင်းတေးသွား တီးလုံးပုံစံ အမျိုးအစား များပြား လာရာ သီဆိုတီးမှုတ်သူတို့ တစ်ညီတစ်ညွှတ်တည်း ပုံသေကားချ လိုက်နာကြရန် စည်း၊ ဒုန်၊ သံစဉ် ဟူ၍ စံနစ်မူများ ဖြစ်ပေါ်လာရလေသည်။ သီချင်းတစ်ပုဒ်ကို သီဆိုတီးမှုတ်သောအခါ အဆိုနယ်၊ အတီးနယ်၊ အမှုတ်နယ် ဟူ၍ ရှိကြရာ ဆိုင်ရာတာဝန်ကို ကျေပွန်၍ သူတစ်ပါး၏ နယ်ကို မနှောက်ယှက်မိစေရန် စည်းဝါးသံစဉ်တို့ကို သက်ဆိုင်သူတို့သည် သဘောပေါက် နားလည်ထားကြသည်။ မြန်မာဂီတသည် အတီးသည် အဆို ၏အခြံအရံ (အဖေးအမ သဘော)မဟုတ်ချေ။ သဘောတူဘက် တွဲထားခြင်းမျိုးသာဖြစ်သည်။ ဆိုသူသည် တီးကွက် အဝင် အထွက်၊ စည်းဝါးအဝင်အထွက်ကို စောင့်၍ ခွင်ကျအောင် တီးရသည်။ ဆိုသူနှင့် တီးသူတို့သည် ခွင်ကျအောင် ဆို တီး နေသမျှ ကာလပတ်လုံး ခွင်အတွင်းတွင် ဆိုသူက လည်း ကွန့်ချင်တိုင်း ကွန့်နိုင်သည်။ တီးသူကလည်း ကွန့်ချင်တိုင်း ကွန်နိုင်သည်။ အဆိုကောင်းသူ၏ သဘောသည် အသံ၏ ဩဇာဂုဏ်ထက် လေယူလေသိမ်း၊ အဆွဲအငင်၊ မေးဝဲမေးရိုက် စသော ကျွမ်းကျင်မှုဂုဏ် ဖြစ်လေသည်။ တူရိယာသံစုံတို့သည် သီဆို သော တေးဂီတ၏ တေးသွားကို အနီးကပ်ဆုံး ပီသအောင် လိုက်လျော တီးမှုတ်ပေးရ၍၊ သီချင်း၏ အမျိုးအစား၊ တေး သွား အဓိပ္ပာယ်ကို လိုက်ကာ အရွှင်အခန့်၊ အသာ အယာ၊ အလွမ်းအဆွေး ရသ ပေါ်အောင်လမ တီးမှုတ်ပေးရသည်။ သီဆိုသူ ကလည်း တူရိယာကို အပြန်အလှန် လိုက်လျောသောအား ဖြင့် သီဆိုပေးရာ တေးသွား၏ သာယာမှုကို သာ ပဓာနမထားဘဲ တေးသွား၏ စကားလုံး တို့ကို အတတ်နိုင်ဆုံး ပီသအောင် ဆိုပေးမှ သာလျှင် သီချင်း၏ အဓိပ္ပာယ်ပေါ်နိုင်သည်။ သီဆို တီးမှုတ်သူတို့သည် တျာတေ တျောဟူ သော ဂီတသံစဉ်၏ မိတ်ဖက်သံများကိုလမ အထူး သိနားလည်ထားကြရသည်။ ကဗျာ တွင် ကာရန်မှန်ရန် လိုအပ်သကဲ့သို့ သီချင်း တွင် အသံမှန်ရန် လိုအပ်ပေသည်။ ( မြန်မာဂီတ)

ရှေးမြန်မာသီချင်းများတွင် အစ၊ အလယ်၊ အဆုံး သုံးပိုင်း ပါရှိသည်။ စာပေတစ်ပုဒ်၌ နိဒါန်းခေါ် စကားချီးကဲ့သို့ သီချင်း တွင်လည်း ခွန်းထောက် ဟူ၍လည်းကောင်း၊ သံဖြန် ဟူ၍လည်းကောင်း ရှိသည်။ သီဆိုသူသည် မိမိ သီဆိုမည့် အသံနှင့် တူရိယာ၏ တျာသံကို ထောက်လှမ်း အသံစမ်းခြင်း ဖြစ်သည်။ ထိုနောက်မှ စာကိုယ် တေးသွားကို သီဆိုကြသည်။ နောက်ဆုံး၌ စာတစ်ပုဒ်၏ နိဂုံးကဲ့သို့ သံဖြန်ဖြင့်လည်းကောင်း၊ သံထောက်ဖြင့် လည်းကောင်း၊ သံဖြန်တို့ကိုလည်းကောင်း၊ နိဂုံးဖြစ်သော သံဖြန်၊ သံထောက်တို့ကိုလည်းကောင်း ဆိုမည့် တေးသီချင်းတို့နှင့် ဆီလျော်အောင် စပ်ဆိုထားကြလေသည်။ အဆိုပိုင်း၌ အထက်ပါအတိုင်း သုံးပိုင်းရှိသကဲ့သို့ အတီး ပိုင်း၌လည်း အခံ၊ အခင်း၊ အခု၊ သို့မဟုတ်၊ အဖြည့်၊ အတော ဟူသော အင်္ဂါရပ်များဖြင့် ပြည့်စုံရသည်။ သီဆိုမည့် သီချင်းကို တူရိယာ၏ မူတည်သံအား အခြေထား၍ သီဆိုတီးမှုတ်ရသည် ဖြစ်ရာ၊ အတီးအမှုတ်က မူတည်သံ၏ တျာတေ တျော မိတ်ဖက်သံများဖြင့် အသံ စမ်းပြ ပြီးလျှင် တေးခံသင့်သော သီချင်းများကို သီချင်း အမျိုးအစားအလိုက် အခံ တီးပေး ရခြင်းကို အခံ ဟုခေါ်သည်။ ကြိုးခံ၊ ဘွဲ့ခံ၊ ပတ်ပျိုးခံ စသော တေးခံတို့သည် သီဆိုမည့်သီချင်းနှင့် ဆီလျော် သက်ဆိုင်မည့် နာရီသံစဉ်တို့ဖြင့် စီစဉ်ထားသော တီးလုံးဖြစ်လေသည်။ တူရိယာက အခံ တီးပေးပြီးနောက်၊ သီဆိုမည့် သီချင်း၏ တေးသွားစာသား၏ ရှေ့က အလိုက်သိစွာ တင်ကြို၍ နား ထောင်ကောင်းအောင် စည်းဝါး၏ တစ်စိတ်တစ် ဒေသမျှလောက် တီးမှုတ် လမ်းခင်းပေးသည်ကို အခင်း ဟုခေါ်သည်။ နာရီ စည်းဝါးအတွင်း၌ တေးသွားစာသွားနှင့် ဝါးချက်တွင်ဟာ၍၊ သို့မဟုတ် ဟနေသော နောက်ပိုင်းကို နားထောင်ကောင်းအောင် တီးမှုတ် ဖြည့်စွက်ပေးခြင်းကို အခု၊ သို့မဟုတ် အဖြည့်ဟု ခေါ်သည်။ တေးသွား အပိုဒ်တို့၏ အဆုံးများတွင် တီးမှုတ် ပေးရခြင်းကို အတော ဟု ခေါ်သည်။ မြန်မာသီချင်း များကို နှစ်ခါပြန် ဆိုလေ့ရှိရာ၊ နရီစည်းဝါး တို့သည် ပထမအကြိမ် ဆိုသည့်အတိုင်း ဒုတိယအကြိမ်၌လည်း ကိုက်ညီကြောင်း ပြသရန်ဖြစ်လေသည်။ တူရိယာသံနှင့်တွဲ၍ သီဆိုရသော သီချင်းကြီးများကို စတင် သင်ကြားဆည်းပူးရာ၌ ဝါးလတ်စည်း သုံးသော ကြိုးသီချင်း များက စ၍ စည်းဝါးပိုင်နိုင်အောင် စတင် သင်ကြားကြရာ၊ ပထမဆုံး သင်ကြား သင့်သော ကြိုးသီချင်း သည် ဝန်ကြီး ပဒေသရာဇာ ရေးသားလမ စပ်ဆိုခဲ့သော ထံတျာ တေရှင် အစချီ ပုစဉ်းတောင်သံကြိုးဟု ဂီတပညာရှင်ကြီးများက ဆုံးဖြတ်ခဲ့ကြသည်။ မြန်မာဘုရင် ပါတော်မူပြီးသည့်နောက်တွင်မူ ရှေးမြန်မာ သီချင်းကြီး သီချင်းခံများကို စပ်ဆိုသီကုံးမှု မရှိ သလောက် ဖြစ်ခဲ့သည်။ ထိုခေတ်မှစ၍ နောက်ပိုင်းတွင် စပ်ဆို ကြသော သီချင်းများကို ကာလပေါ် သီချင်း များ ဟုခေါ်ဆိုကြလေသည်။ ဗြိတိသျှ အစိုးရ တို့၏ အုပ်ချုပ်ရေးခေတ်အဦးပိုင်းလောက်တွင် မင်းပွဲစိုးပွဲ အလှူပွဲများ၌ မင်းသမီးကြီးများကို ငှား၍ သီချင်း ကြီးများဖြင့် သီဆိုဖျော်ဖြေသော အလေ့အထ ရှိခဲ့ရာ အငြိမ့် ထိုင်ဆို ဟုခေါ်သည်။ နာမည်ကျော် ဇာတ်မင်းသား မင်းသမီး များအတွက် သီချင်းများကို များသော အားဖြင့် ဂီတစာဆိုကြီး ဦးလူကလေး က ရေးစပ်ပေးသည်။ ဦးဘိုးစိန်၏ ဂီတစာဆို များ ဖြစ်ကြသော ဦးကျော်လှ၊ ဧရာဝဏ် ဦးအောင်ဒွန်းနှင့် ဦးသာဇံ တို့အပြင် ဦးပြုံးချို (မဟာဂီတ)၊ ပိဋကတ်ဆရာမောင်၊ ဦးကြည် တို့သည် ဂီတအရသာ ပြည့်ဝ၍ စာသား အဓိပ္ပာယ် လေးနက် သော သီချင်းများကိုလမ ရေးစပ်ခဲ့ကြလေ သည်။ ၁၉၁ဝ ပြည့်နှစ် ခန့်မှစ၍ မြန်မာနိုင်ငံတွင် ဓာတ်စက်ဓာတ်ပြားများခေတ်စား လာရာ သီချင်းကြီးများ၊ ဇာတ်ထုတ်များ၊ နာမည်ကျော်ဆိုင်း ဆရာကြီးများ၏ ဆိုင်းတီးလုံးများကို ဓာတ်ပြားသွင်းခဲ့လေသည်။ ပထမ ကမ္ဘာစစ်အတွင်းမှ စတင်၍ မြန်မာဂီတ တွင် အနောက်တိုင်း ဂီတသည် တစ်စတစ်စ ပါဝင် ရောယှက်လာသည်။ ပထမတွင် ကာလပေါ် သီချင်းများကိုလည်း သီချင်းကြီး များကဲ့သို့ ရှည်ရှည်လေးလေး ဆွဲငင် သီဆိုကြ ရသည်။ အနောက်တိုင်း ဂီတ၏ အငွေ့အသက် ဝင်ရောက်လာအခါ ခပ် ဆတ်ဆတ်၊ ခပ်ပြတ် ပြတ် သီဆိုရသော သီချင်းမျိုးကို စပ်ဆို လာကြသည်။ တေးသွား ဆန်းသစ်လာသည်နှင့်အမျှတူရိယာ အဖက်အစပ်တွင်လည်း ဆန်းသစ်လာကြသည်၊ သီချင်းဓာတ် ပြားများလည်း ပို၍ ထွက်လာလေသည်။ ထိုခေတ်တွင် အသံတိတ် မြန်မာရုပ်ရှင်များ ပေါ်ထွက်လာ ရာ၊ ဇာတ်လမ်း ဇာတ်ကွက် ပို၍ လေးနက် ပြီးလျှင် သရုပ် ပေါ်စေရန် အပြင်မှ တေးသံဖြင့် ဖြည့်စွက်ပေးရသည်။ ထို့ကြောင့် အသံတိတ် ရုပ်ရှင်များတွင် တူရိယာအဖွဲ့များ ပါရသော အစဉ်အလာတစ်ရပ် ဖြစ်လာသည်။ ထိုတူရိယာ အဖွဲ့များသည် ရုပ်ရှင် အတွက်သာမဟုတ် အလှူအတန်း ပွဲနေပွဲထိုင်များတွင်လည်း ဧည့်ခံ တီးမှုတ် ဖျော်ဖြေပေးကြသည်။ ထိုအဖွဲ့ များသည် ကာလပေါ် သီချင်းများကို များသော အားဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေပေးကြရာ၊ ထိုခေတ်၏ ကာလ ပေါ် ဂီတစာဆိုများမှာ ဆရာခါ၊ ဆရာတာ၊ နန်းတော်ရှေ့ ဆရာတင်၊ ဝိုင်အမ်ဘီ ဆရာတင်၊ မြန်မာညွှန့် ဆရာတင် စသည်တို့ ဖြစ်ကြလေသည်။ ဗြိတိသျှ အစိုးရအအုပ်ချုပ်ခံ ကာလအပိုင်းအခြား အတွင်း ရေးစပ်ကြသော သီချင်းများမှာ များသောအားဖြင့် အချစ်ရေးကို အဓိက ထားသည်သာ များသည်။ ၁၉၃ဝ ပြည့်နှစ် တစ်ဝိုက် တွင် ဝိုင်အမ်ဘီ ဆရာတင် ရေးစပ်ခဲ့၍ ယခု နိုင်ငံတော်သီချင်း ၏ ရှေ့ပြေးဖြစ်သော တို့ဗမာသီချင်းကဲ့သို့ အမျိုးသားစိတ် လှုံဆော်ပေးသည့် သီချင်းမျိုး၊ နန်းတော်ရှေ့ဆရာတင်၏ သူဌေးဝါဒကဲ့သို့ အယူအဆတစ်ခုခုကို ဖော်ပြသော သီချင်းမျိုး၊ ရွှေတိုင်ညွှန့် ရေးစပ်သော ဝိစိတြနှင့် မိဘမေတ္တာ ကဲ့သို့ ဇာတ်၊ နိပါတ်တော်တို့မှ အဖြစ်အပျက် အကြောင်းအရာတို့ကို တင်ပြ သော သီချင်းမျိုး တို့လည်း ရံဖန်ရံခါ ပေါ်ထွက်ခဲ့သည်။ ထိုခေတ် တွင် ထင်ရှား သော ဂီတစာဆိုများမှာ ဦးကျင်ခဲ၊ နန်းတော်ရှေ့ ဆရာတင်၊ ဝိုင်အမ်ဘီ ဆရာတင်၊ မြန်မာညွှန့် ဆရာတင်၊ ဒဂုန်ဆရာတင်၊ အရှေ့ပိုင်းဆရာချစ်၊ ၁၂ လမ်း ဆရာဖောင်၊ ရွှေတိုင်ညွှန့်၊ ဆရာတောက်၊ အေဝမ်းဆရာညှာ၊ သဟာယ ဆရာတင်၊ မြို့မငြိမ်းစသည်တို့ ဖြစ်ကြသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီ ခေတ်တွင် မြန်မာအသံထွက် ရုပ်ရှင်များ ပေါ်ထွက်လာရာ၊ ရုပ်ရှင်မှ မြန်မာ အသံထွက် ဇာတ်လိုက်များက သီးခြား ဓာတ်ပြားသွင်းသော သီချင်းများကို လူကြိုက်များခဲ့သည်။ ရေးဖွဲ့သော အကြောင်းရပ်များမှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ချစ်ရေးချစ်ကိစ္စ၊ မောင်ဘွဲ့ မယ်ဘွဲ့ သီချင်းမျိုးတို့သာ များပြားသည်။ နန်းတော်ရှေ့ ဆရာတင်၊ ရွှေတိုင်ညွှန့်၊ အေဝမ်းဆရာညှာ၊ သဟာယ ဆရာတင်၊ မြို့မငြိမ်းတို့၏ လက်ရာသီချင်းများသည် ခေတ်စား လျက်ပင်ရှိသည်။ ထိုခေတ်တွင် အသံလွင့်ဌာနကို ဖွင့်လှစ်ခဲ့ရာ၊ သီချင်းကြီး တီးဝိုင်းမှ သီချင်းကြီးများ၊ ကာလပေါ် တီးဝိုင်းမှ ကာလပေါ် သီချင်းများကို အသံ လွှင့်ခဲ့ကြလေသည်။ ဥရောပတိုက်၌ ဒုတိယကမ္ဘာစစ်ကြီး စတင် ဖြစ်ပွားလာသောအခါ မြန်မာပြည်တွင် နိုင်ငံရေးလှုပ်ရှားမှုများ ပြင်းထန် လာသည်။ ထိုအခါ အမျိုးသားစိတ် နိုးကြားရေး၊ တက်ကြွ ရေး ကို လှုံ့ဆော်ပေးသော သီချင်းများ ပိုမို ပေါ်ထွက်လာသည်။ တေးဂီတတို့တွင်လည်း ခေတ်၏ အဖြစ်သနစ်တို့သည် ထင်ဟပ်ပြတတ်ပေရာ၊ ဒုတိယကမ္ဘာစစ်ခေတ်အတွင်း ဗြိတိသျှ အစိုးရသည် မြန်မာ့မြေပေါ်မှ ဆုတ်ခွာခဲ့ရပြီးနောက်၌ မြန်မာ့ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် ရဲဘော်သုံးကျိပ်အား ချီးကျူး ဖွဲ့ဆိုသော သီချင်း များ၊ မြန်မာ့မြေပေါ်၌ ကြီးဆိုးနေသော ဖက်ဆစ်ဂျပန်တို့အား တော်လှန်ရန် အမျိုးသားစိတ် တက်ကြွစေသော သီချင်းများကို သီကုံးစပ်ဆိုခဲ့ကြသည်။ မြန်မာပြည်တွင် ဂျပန်တို့ စိုးမိုးနေစဉ်အတွင်း ရန်ကုန်မြို့၌ လူရုပ်ရှင်ဆန်သော ပြဇာတ်များ ပေါ်ပေါက်ခဲ့ရာ၊ ပြဇာတ် သီချင်းများ ခေတ်စား ခဲ့ပြန်သည်။ သို့သော် စစ်ကြီးပြီး၍ ရုပ်ရှင်များ ပြန်လည် ရိုက်ကူး ထုတ်လုပ်နိုင်ကြသောအခါ ပြဇာတ်များ ခေတ်တိမ်၍ ရုပ်ရှင်များ တွင်ကျယ်လာသည်။ အသံလွှင့်ဌာနမှ ကာလပေါ်သီချင်းများလည်း ရေပန်းစားစ ပြုလာလေသည်။ လွတ်လပ်ရေးခေတ်တွင် လွတ်လပ်ရေး ကြွေးကြော်သံ သီချင်းများ ပေါ်ပေါက်ခဲ့သည်။ သို့သော် ခေတ်အလိုက် ပေါ်ပေါက်လာသော တေးဂီတများ ဖြစ်၍ အချိန်ကာလ ကြာ မြင့်စွာ ခေတ်စားခဲ့ခြင်း မရှိချေ။ လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင် ဂီတသီချင်း စပ်ဆိုမှု၌ ထူးခြား တိုးတက်မှု မရှိလှသည့်ပြင်၊ ဂီတ ဦးတည်ချက် သည်လည်း မည်မည်ရရ မရှိခဲ့ပေ။ နိုင်ငံရေးအစိုးရ၏ စီမံကိန်းများကို သရုပ်ဖော်သော တေးသီချင်းများကို တစ်ခါတစ်ရံ သီဆိုကြသော်လည်း မကြာမီ တိမ်မြုပ်ပျောက်ကွယ်သွားကြသည်။ နိုင်ငံခြားသီချင်းများကို ပုံတူကူးချ သီဆိုကြသော သီချင်းပေါင်း မြောက်မြားစွာ ပေါ်ထွက်ခဲ့သည်၊ ဂီတစာဆို အများအပြားက သီချင်းများကို ရေးစပ်ကြ၍ များပြားလှစွာသော အဆိုတော်များက အသံလွှင့် သီဆိုကြသည်။ အနောက်တိုင်း တူရိယာများကို တီးမှုတ် သုံးစွဲမှု အလွန်များလာသည်။ တေးသွား သာယာငြိမ့်ညောင်း ပြီးလျှင် စာသားအဓိပ္ပာယ်လေးနက်၍ အသားပါသော မြန်မာ ဆန်ဆန် ကာလပေါ်သီချင်းမျိုးကား အလွန်နည်းပါးစွာလျှင် ပေါ်ထွက်ခဲ့သည်။ တော်လှန်ရေး အစိုးရ၏ ဆိုရှယ်လစ် နိုင်ငံထူထောင်ရေးခေတ်တွင်မူ လယ်သမား၊ အလုပ်သမားအရေးကို စပ်ဆို သီကုံး သော သီချင်းမျိုးတို့ ခေတ်စား လာလေသည်။ သီချင်းကြီးပိုင်းတွင်မူ လွတ်လပ်ရေးခေတ်မှ စ၍ တော်လှန် ရေးအစိုးရ လက်ထက်တိုင်အောင် သီချင်းကြီးများ ဆိုနည်း ဆိုဟန် တီးကွက်တီးဟန်များ စံနစ်တကျ ရှိ၍ ရှေးမူမပျက် ထိန်းသိမ်းနိုင်လေအောင် အာဏာပိုင်များ၏ အကူအညီဖြင့် ဂီတပညာရှင်များ၊ စာပေပညာရှင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်လျက် ရှိလေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)