မြန်မာ့စီးပွားရေးလုပ်ငန်းများ

မြန်မာ့စီးပွားရေးလုပ်ငန်းများ ။ ။ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းကို (က) ကောက် ပဲသီးနှံ စိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေး၊ သားငါးရှာဖွေရေး၊ (ခ) စက်မှုလက်မှုလုပ်ငန်းကြီးများနှင့် (ဂ) အိမ်တွင်းစက်မှု လက်မှုနှင့် အလုပ်ရုံကလေးများဟူ၍ သုံးမျိုးသုံးစား ခွဲခြား နိုင်ပေသည်။ မြန်မာနိုင်ငံ၌ လုပ်သား ၁ဝဝ လျှင် ၇ဝ မှာ ကောက်ပဲသီးနှံစိုက်ပျိုးရေးနှင့် ကျွဲနွား တိရစ္ဆာန်မွေးမြူရေး သားငါးရှာဖွေရေးလုပ်ငန်းများကို မှီခိုနေကြောင်း တွေ့ရ၏။ အထူးသဖြင့် စိုက်ပျိုးရေးကို မှီခိုအားထားကြ၏။ စက်မှု လက်မှု လုပ်ငန်းကြီးများ ဆိုရာ၌ ဆန်စက်၊ သစ်စက်၊ ရေနံ နှင့် ဓာတ်ဆီလုပ်ငန်း၊ သတ္တုလုပ်ငန်းများနှင့် အခြားအလုပ်ရုံ ကြီးများကို ဆိုလိုသည်။ အိမ်တွင်းစက်မှုလက်မှုဆိုရာ၌ ရက်ကန်းရက်ခြင်း၊ တောင်းရက်ခြင်း၊ မီးသွေးဖုတ်ခြင်း အစ ရှိသည့် လုပ်ငန်းကလေးများ အားလုံးနှင့် သက်ဆိုင်၏။

သမိုင်း ။ ။ ရှေးယခင် မြန်မာဘုရင်များ လက်ထက်တွင် မြန်မာ နိုင်ငံ၌ လူဦးရေ နည်းပါးသော်လည်း တိုင်းသူပြည်သားတို့၏ ဝင်ငွေမှာ များသောအားဖြင့် စိုက်ပျိုးရေးနှင့် လက်မှုပညာများ ကို အမှီပြု၍ ရရှိကြ၏။ အကြမ်းအားဖြင့်ဆိုသော် တိုင်းပြည် ၏ ဝင်ငွေ ကျပ် ၁ဝဝ လျှင် ၅ဝ ကျပ်မှာ စိုက်ပျိုးရေးမှ ရ၍ ၅ဝ ကျပ်မှာ စိုက်ပျိုးရေးမှ ရ၍ ၅ဝ ကျပ်မှာ လက်မှုပညာများ ကို အမှီပြုခဲ့၏။ ထိုခေတ်တွင် ကမ္ဘာအရပ်ရပ်၌ စက်မှုလက်မှု လုပ်ငန်းကြီးများဖြစ်သော စက်ရုံကြီးများ မရှိသလောက်ဖြစ်၍ လက်မှုပညာ လုပ်ငန်းကလေးများသာ ရှိခဲ့၏။ ထိုအခါက မြန်မာနိုင်ငံ၌ တောင်သူလယ်သမားများသည် လယ်လုပ်ချိန်၌ လယ်လုပ်၍ အားလပ်ချိန်များတွင် ရက်ကန်းရက်ခြင်း၊ တောင်း ရက်ခြင်း၊ အိုးဖုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း အစရှိသည့် အိမ်တွင်းလက်မှုများဖြင့် ဝင်ငွေကို ဖြည့်တင်းခဲ့ကြသည်။ လူကြီးလူငယ်မရွေး အားလုံးကိုယ်စီကိုယ်င အလုပ်ရှိခဲ့သည်။ လယ်ယာမလုပ်သူများသည် ရက်ကန်း၊ ယွန်းထည်၊ ထန်းလျက်၊ ဆား၊ ရေနံ အစရှိသည့် များစွာသော လုပ်ငန်းကေးလများဖြင့် အသက်မွေးမှုကို အားထုတ်ခဲ့ကြသည်။ ထိုအခါ နိုင်ငံခြားမှ ကုန်ချောများ မရောက်သေးသဖြင့် ပြည်တွင်းလက်မှုပညာများ ထွန်းကား၍ လူတိုင်းလိုလိုပင် အလုပ်အမြဲတမ်း ရှိခဲ့သည်။ သူဌေးကြီး သူကြွယ်ကြီးများ နည်းပါးသည်။ လူတိုင်း အသက် မွေးမှု ရှိနေသဖြင့် အလုပ်လက်မဲ့ပြဿနာ မရှိသလောက်ဟု ဆိုရပေမည်။

ဗြိတိသျှတို့ မြန်မာနိုင်ငံတွင် အခြေစိုက်သောအခါ၌ မြန်မာနိုင်ငံ စီးပွားရေးအခြေသည် ထူးခြားစွာ ပြောင်းလဲလာ သည်။ ၁၇၅ဝ ပြည့်နှစ်မှ ၁၈၅ဝ ပြည့်နှစ်အထိဖြစ်သော အနှစ်တစ်ရာအတွင်း ဗြိတိသျှကျွန်းစု၌ စက်မှုလက်မှုလုပ်ငန်း များ အထူးထွန်းကားတိုးတက်လာ၍ ကုန်ချောများကို လွယ် ကူစွာ ထုတ်လုပ်နိုင်ခဲ့သည်။ ဗြိတိသျှတို့သည် အိန္ဒိယပြည် မြန်မာပြည် အစရှိသည့် ကိုလိုနီတိုင်းပြည်များ၌ စိုက်ပျိုးရေး ကို အားပေး၍ ရရှိသော ကုန်ရိုင်းကုန်ကြမ်းများကို ဗြိတိသျှ ကျွန်းစုမှ ထုတ်လုပ်သော ကုန်ချောများနှင့် လဲလှယ်ရေးကို စီမံဆောင်ရွက်လေသည်။ ဤသို့ဖြင့် ဗြိတိသျှ ကျွန်းစုနှင့် ဥရောပနိုင်ငံ စက်ရုံကြီးများမှထွက်သော အထည်အလိပ်၊ သံကိရိယာ အစရှိသည့် ကုန်ချောများသည် မြန်မာပြည်တွင်း သို့ အဆီးအတားမရှိ တစိမ့်စိမ့် တဖွဲဖွဲ ဝင်လာသောကြောင့် မြန်မာတိုင်းရင်းသား အိမ်တွင်းလက်မှုပညာများ တစ်စတစ်စ တဖြည်းဖြည်း ဆုတ်ယုတ်ပပျောက်သွားလေသည်။ အထူးသဖြင့် လက်ရက်ကန်း၊ ပန်းဘဲ၊ ပန်းထိမ်၊ ယွန်းထည်၊ ဆား၊ ဖျာ၊ တောင်း အစရှိသည့် လုပ်ငန်းများ သိသိသာသာ ဆုတ်ယုတ် ခဲ့လေသည်။

၁၉၄၈ ခုနှစ်တွင် လွတ်လပ်သော မြန်မာနိုင်ငံတော် အဖြစ်သို့ ပြန်လည်ရောက်ရှိလာသောအခါ၊ ပြည်တွင်းစက်မှု လက်မှု အထူးသဖြင့် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ တိုးတက်စေရန် နိုင်ငံတော်အစိုးရသည် နှစ်နှစ်စီမံကိန်းအရ နိုင်ငံခြားမှ အထည်အလိပ်ကုန်ချောများ ဝင်ခွင့်ကို ကန့်သတ် ၍ ခြည်ထုပ်များ၊ ရက်ကန်းပစ္စည်းနှင့် ဆိုးဆေးများ အစရှိသည် တို့ကို ပိုမိုဝင်ခွင့်ပြုခြင်းဖြင့် ပြည်တွင်းရက်ကန်းလုပ်ငန်းများ တစ်နေ့တစ်ခြားတိုးတက်လာစေသည်။

အိမ်တွင်းလက်မှုလုပ်ငန်းများ တိုးတက်လာစေရန် လက်မှုပညာပြပွဲကြီးများ မကြာမဏ ပြုလုပ်ခြင်းနှင့် ထုတ် ပေးရန် စီမံကိန်းများ ရှိကြောင်း သိရှိရ၏။ ယင်းလုပ်ငန်းများ အတွက် ခေတ်မီစက်ကိရိယာများ ပြသထားရန် ပြတိုက်ကြီး များ ဖွင့်လှစ်ခြင်း၊ လက်မှု ပညာသင်ကျောင်းများ တည် ထောက်ခြင်းဖြင့် အားပေးကူညီရန် အစိုးရက ဆောင်ရွက် လျက်ရှိကြောင်းကိုလည်း သိရ၏။

မြန်မာနိုင်ငံ စီးပွားရေး အခြေခိုင်ခံ့စေရန် မြန်မာ ဘုရင်များ လက်ထက်၌ကဲ့သို့ လုပ်သားတစ်ရာလျှင် ၅ဝ ကိုသာ ကျန်လုပ်သားများကို များသောအားဖြင့် ကုန်ချော လုပ်ငန်းများတွင် အမှီပြုစေရန် ရည်မှန်းဆောင်ရွက်သင့် ပေသည်။ ကုန်ချောလုပ်ငန်းဆိုရာ၌ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းကလေးများသာမက သင့်တော်သော ခေတ်မီ စက်ရုံကြီးများ၊ အလုပ်ရုံကြီးများ စသော စီးပွားရေးလုပ်ငန်း ကြီးများကို ဆိုလိုသည်။

စက်မှုလက်မှုလုပ်ငန်းကြီးများဆိုရာ၌ ဆန်စက်၊ သစ် စက်၊ ရေနံဆီနှင့် ဓာတ်ဆီ၊ သတ္တုတွင်း အစရှိသည့် ကုန် ပစ္စည်းထုတ် လုပ်ငန်းများကို ဆိုလိုသည်။ မြန်မာနိုင်ငံရှိ စက်ရုံကြီးများ၏ ၁၉၄ဝ ပြည့်နှစ် စာရင်းမှာ အောက်ပါအတိုင်း ဖြစ်၏။ (စက်ရုံကြီးဆိုရာ၌ စက်အားကို သုံး၍ အနည်းဆုံး လုပ်သား ၂ဝ ရှိသော အလုပ်ရုံကို ဆိုလိုသည်။)

အမျိုးအမည် လုပ်သား စက်ရုံ ဦးရေ ဦးရေ

၁။ ဆန်စက် ၄၁၆၂၆ ၆၇၃ ၂။ သစ်စက် ၁၁၅၇၉ ၁၁၆ ၃။ ဓာတ်ဆီချက်ရုံ ၇၄၅၄ ၁ဝ ၄။ ဝါကြိတ်စက် ၃၇၆၆ ၅၄ ၅။ မီးရထားအလုပ်ရုံ ၃၂၉၃ ၁၂ ၆။ အထွေထွေအင်ဂျင်နီယာအလုပ်ရုံ ၂၉၉၁ ၁၉ ၇။ ပုံနှိပ်စက် ၂၆၈၁ ၁၉ ၈။ သင်္ဘောကျင်း ၂၂ဝ၁ ၉ ၉။ မီးခြစ်စက် ၁၉၈၄ ၅ ၁ဝ။ ဆီစက် ၁၅၁၃ ၂၉ ၁၁။ သကြားနှင့်ကြံရည်စက် ၁၃၈၆ ၅ ၁၂။ ခြည်စက် ၁၂၈၆ ၁ ၁၃။ စွပ်ကျယ်စက် ၁၁၃၇ ၂ ၁၄။ မော်တော်ကားအလုပ်ရုံ ၇၂၇ ၈ ၁၅။ ဆပ်ပြာစက် ၅၇၉ ၁ ၁၆။ စက်လက်နက်အလုပ်ရုံ ၅၁၆ ၁ ၁၇။ ကြိုးစက် ၄၇၅ ၄ ၁၈။ သိုးမွေးခြည်စက် ၄၃ဝ ၁ ၁၉။ ကြက်ပေါင်စေးပစ္စည်းအလုပ်ရုံ ၃၂၅ ၃ ၂ဝ။ လျှပ်စစ်ဓာတ်အားပေးရုံ ၃၅၂ ၃ ၂၁။ ရေခဲနှင့် ဗိလတ်ရည်စက် ၃၄၆ ၇ ၂၂။ ဗိလတ်မြေ၊ ထုံးနှင့်အိုးခွက်အလုပ်ရုံ ၃၂၅ ၃ ၂၃။ ဓာတ်ရထားအလုပ်ရုံ ၂၆၄ ၂ ၂၄။ သတ္တုပစ္စည်းအလုပ်ရုံ ၂၅၈ ၃ ၂၅။ ဆန်မှုန့်စက်ရုံ ၂၃၃ ၁ ၂၆။ အရက်ချက်ရုံ ၁၉၅ ၂ ၂၇။ မုံ့ဖုတ်အလုပ်ရုံ ၁၇ဝ ၃ ၂၈။ လျှပ်စစ်အင်ဂျင်နီယာအလုပ်ရုံ ၁၅၈ ၄ ၂၉။ ဂျုံကြိတ်စက်ရုံ ၁၄၆ ၃ ၃ဝ။ သားရေနှင့် ဖိနပ်အလုပ်ရုံ ၁၃ဝ ၁ ၃၁။ သတ္တုရိုင်းကျိုစက်ရုံ ၁ဝ၅ ၄ ၃၂။ လက်သမားအလုပ်ရုံ ၉၈ ၄ ၃၃။ ရေစုတ်စက်ရုံ ၉၄ ၂ ၃၄။ စိန်ရွှေပန်းထိမ်အလုပ်ရုံ ၇၉ ၂ ၃၅။ ကွီနိုင်ဆေးပြားအလုပ်ရုံ ၆၃ ၁ ၃၆။ ဆေးဆိုးဆေးချွတ်ခြင်းအလုပ်ရုံ ၄၇ ၁ ၃၇။ ကြက်ပေါင်စေးအလုပ်ရုံ ၄၇ ၂ ၃၈။ အုတ်၊အုတ်ကြွပ်နှင့် ကျောက်ကာအလုပ်ရုံ ၄၄ ၂ ၃၉။ မိလ္လာပိုက်အလုပ်ရုံ ၄၂ ၁ --- ------ ပေါင်း ၈၉၂၁ဝ - ၁ဝ၂၂ အထက်ပါ ဖော်ပြပါ စက်ရုံကြီးများအပြင် ရှမ်းပြည် မြောက်ပိုင်းရှိ(ဘော်တွင်း) သတ္တုတွင်းများ၊ တောင်ငူအနီးရှိ မော်ချီးသတ္တုတွင်းနှင့် ထားဝယ်သတ္တုတွင်းများ ရှိသေးသည်။ ဤသို့သော စက်ရုံကြီးများ၊ အလုပ်ရုံကြီးများ၊ သတ္တု တွင်းလုပ်ငန်းကြီးများဖြင့် မြန်မာနိုင်ငံအတွက် ဝင်ငွေများစွာ ရစေခဲ့သော်လည်း ၁၉၄၁ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်မီး ကူး စက်လာသည့်အချိန်မှစ၍ ထိုလုပ်ငန်းကြီးများ ပျက်စီးယိုယွင်း ခဲ့ရာ ယခုတိုင် ကောင်းစွာ နာလှန်မထူနိုင်ခဲ့သေးပေ။ ဤ လုပ်ငန်းများ တင်းပြည့် ကျပ်ပြည့် ပြန်လည်ထူထောင်နိုင်ပါက မြန်မာနိုင်ငံ စီးပွားရေးအထူးတိုးတက်လာပေမည်။ ပြန်လည် ထူထောင်ရာ၌ ရင်းနှီးငွေနှင့် လုပ်သားများ အထူးလိုအပ်သည်။ ရင်းနှီးငွေအတွက်ဆိုလျှင် တိုင်းရင်းသားများ၏ ချွေတာစု ဆောင်းငွေများ၊ အစိုးရ၏ ဘဏ္ဍာတော်မှ စိုက်ထုတ်ငွေများ၊ သို့မဟုတ် အစိုးရက နိုင်ငံခြားမှ ချေးငွေများဖြင့် စုပေါင်း ဆောင်ရွက်သင့်သည်။ စစ်မဖြစ်မီကဆိုလျှင် အထက်ဖော်ပြပါ လုပ်ငန်းများ၌ များစွာသောလုပ်သားများမှာ အိန္ဒိယနိုင်ငံသား များ ဖြစ်ကြ၏။ ယခုအခါ အိန္ဒိယနိုင်ငံသားများသည် မြန်မာ နိုင်ငံသို့ အလာနည်းသဖြင့် တိုင်းရင်းသား မြန်မာတို့ ဝင် ရောက်လုပ်ကိုင်ရတော့မည် ဖြစ်၍ အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းနိုင်မည်သာမက တိုင်းရင်းသားလုပ်သားများအတွက် နေရေးထိုင်ရေး အတန်းအစားမြှင့်တင်နိုင်ရန် လွယ်ကူပေမည်။ စက်ရုံကြီးများ လုပ်ငန်းကြီးများ ထွန်းကားခြင်းဖြင့် လုပ်သား များအတွက် တစ်နှစ်လျှင် ၁၂ လပတ်လုံး အလုပ်အကိုင် ဝင်ငွေမှန်မှန် ရနိုင်ရန်အကြောင်းရှိပေသည်။ လစဉ် ဝင်ငွေ လည်း (စိုက်ပျိုးရေးနှင့် နှိုင်းစာသော်) ပိုမိုရရှိနိုင်သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ တိုးတက်နေသော နိုင်ငံများမှာပင် စက်ရုံလုပ်ငန်း ကြီးများကို အထူးအားပေးလျက် ရှိကြလေသည်။

စက်မှုလက်မှုအလုပ်ရုံကြီးများရှိခြင်းဖြင့် စစ်ဖြစ်သော အခါ အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို တိုင်းပြည်အတွင်း၌ ပြုလုပ်နိုင်၏။ ယခုအခါ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုသာ ပိုမိုမှီခိုအားထားနေရသောကြောင့် များစွာသော လုပ်သားတို့မှာ ဝင်ငွေလုံလောက်ခြင်း မရှိကြချေ။ အချို့သော လုပ်သားများ သည် စက်မှုလုပ်ငန်းကြီးများတွင် ဝင်ရောက်လုပ်ကိုင်နိုင်လျှင် စိုက်ပျိုးရေးတွင် ဆက်လက်လုပ်ကိုင်သူများအတွက် စီးပွားရေး တိုးတက်ရန်အကြောင်းရှိပေသည်။

ထိုအကြောင်းများကြောင့် တိုင်းပြည်အတွက် သင့်တော် သော စက်မှုလက်မှုလုပ်ငန်းကြီးများကို သက်ဆိုင်ရာ အစိုးရ တို့က အားပေးကူညီသင့်ပေသည်။ လုပ်သားများကလည်း ကျွမ်းကျင်မှုနှင့် စည်းကမ်းသေဝပ်မှု ရှိရပေမည်။ စိတ်ကောင်း စေတနာဖြင့် အလုပ်ကို ရိုသေမှု လေးစားမှု အကျင့်ကောင်းမှု များ ရရှိစေရန် အစဉ် အားထုတ်ရမည် ဖြစ်ပေသည်။

အိမ်တွင်းစက်မှုလက်မှုအလုပ်ရုံကလေးများ ။ ။ ရှေးမြန်မာဘုရင်းများခေတ်တွင် စက်မှုလုပ်ငန်းများ မရှိခဲ့သော်လည်း အိမ်တွင်းလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး၍ လက်မှုပညာသည်များ နိုင်ငံတစ်ဝန်းလုံး၌ အနှံ့အပြား ရှိခဲ့သည်။ အိမ်တိုင်းအိမ်တိုင်း၌ ရက်ကန်းစင်ကို တွေ့နိုင်၏။ ရွာတိုင်း ရွာတိုင်း၌ ဆိုသလို တောင်းရက်ခြင်း၊ ပလုံးရက်ခြင်း၊ ဖျာရက်ခြင်း၊ အိုးဖုတ်ခြင်းနှင့် ပန်းတိမ်ပန်းဘဲလုပ်ငန်းများကို တွေ့ရှိနိုင်၏။ ယွန်းထည်လုပ်ငန်း၊ ထန်းလျက် ကြံသကာ လုပ်ငန်း၊ ငါးပိ ငါးခြောက်လုပ်ငန်း၊ ပိုးထည်ရက်ခြင်း၊ ဆားချက်ခြင်း၊ ထုံးဖုတ်ခြင်း စသောလုပ်ငန်းတို့ကို များစွာသော ဒေသတို့၌ တွေ့ရ၏။ စားသုံးပစ္စည်းများကို ပြည်တွင်း၌ ပြုလုပ်ဖန်တီးခြင်းဖြင့် လုံလောက်ခဲ့၏။

ဗြိတိသျှခေတ်တွင် အိမ်တွင်းလက်မှုပညာများ ဆုတ်ယုတ်ပျောက်ကွယ်ခဲ့လေသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ အိမ်တွင်းစက်မှုလက်မှုများ ထွန်းကားတိုးတက်စေရန် အစိုးရ နှင့် လူထုပါ တညီတညာတည်း အားထုတ်လျက်ရှိ၏။ အိမ်တွင်းလက်မှုလုပ်ငန်းများကို အောက်ပါအကြောင်း များကြောင့် အားပေးကူညီရခြင်းဖြစ်၏။

(က) မည်သည့်တိုင်းပြည်၌မဆို စိုက်ပျိုးရေးကို အမှီပြုနေသော တောင်သူလယ်သမားများဟူသရွေ့ အိမ်တွင်း လက်မှုပညာ တစ်ခုခုဖြင့် စိုက်ပျိုးရေးဝင်ငွေကို ဖြည့်တင်း ရ၏။

(ခ) မြန်မာနိုင်ငံ၌ ၇၅ ရာခိုင်နှုန်းမျှသော လူဦးရေမှာ ကျေးလက်တောရွာများ၌ နေသူများဖြစ်၍ များသော အားဖြင့် စိုက်ပျိုးရေးကိုသာ အမှီပြုနေသဖြင့် အိမ်တွင်းလုပ်ငန်း များ ရှိမှသာ သူတို့၏ နေရေး ထိုင်ရေး အဆင့်အတန်းကို မြှင့် တင်နိုင်ပေမည်။ အိမ်တွင်းလက်မှုတွင် လူငယ်လူရွယ်၊ လူလတ်၊ သက်ကြီးသူများ အားလုံးပင် ကူညီဆောင်ရွက် နိုင်သည်။

(ဂ) အိမ်တွင်း လက်မှုလုပ်ငန်းသည် စက်ရုံကြီး များ၊ အလုပ်ရုံကြီးများကဲ့သို့ ရင်းနှီးငွေများစွာ မလိုချေ၊ သင့် တင့်သော ရင်းနှီးငွေနှင့်ပင် ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် ရင်းနှီးငွေ ရှားပါးသော မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများ အတွက် ထိုလုပ်ငန်းကလေးများ ထွန်းကားရန် အားပေးကူညီ ရပေမည်။

ယခုအခါ မြန်မာနိုင်ငံ၌ အောက်ပါ အိမ်တွင်းစက်မှု လက်မှု လုပ်ငန်းများကို တွေ့ရှိနိုင်သည်။ ယင်းတို့မှာ ခြည် ထည်ရက်လုပ်ခြင်း၊ ပိုးထည်ရက်လုပ်ခြင်း၊ ကြံသကာချက် ခြင်း၊ ထန်းလျက် ချက်ခြင်း၊ အိုးဖုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ ဆားချက်ခြင်း၊ ထုံးဖုတ်ခြင်း၊ ထင်းခွေ ထင်းဖြတ်ခြင်း၊ နိုး ထောပတ် ဒိန်အတွက် ကျွဲနွား မွေးမြူခြင်း၊ ကြိုးကျစ်ခြင်း၊ ဖျာတောင်းရက်ခြင်း၊ ကြိမ်ဝါးဖြင့် အိမ်ထောင်ပရိဘောဂ ပြုလုပ်ခြင်း၊ (သစ်သား) အရုပ်များ လုပ်ခြင်း၊ ငါးဖမ်းခြင်း၊ ငါးပိ ငါးခြောက်လုပ်ငန်း၊ ကြက်ငှက်မွေးမြူခြင်း၊ ပန်းဘဲ လုပ်ငန်း၊ ထီးလုပ်ငန်း၊ ယွန်းထည်လုပ်ငန်း စသည်တို့ ဖြစ်သည်။ ယခုအခါ သတ္တုအိုးခွက်လုပ်ငန်း၊ ဆပ်ပြာ၊ ဖဲထီး၊ ကြံသကာ၊ ကာဖီမှုန့်၊ ပဲဆီ၊ နှမ်းဆီလုပ်ငန်း စသည့် အချို့သောလုပ်ငန်းများတါင် ခေတ်မှီစက်ကရိယာများ အသုံး ပြုလျက် ရှိသည်ကို တွေ့ရပေသည်။ []


  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)