မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် အစီအစဉ်များ

မြန်မာ့ရုပ်ရှင်သည် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ (၁၃)ရက်နေ့တွင် နှစ် (၁၀၀)ပြည့်ခဲ့သည်။နှစ် (၁၀၀)ပြည့်ပွဲတော်အား စည်ကားစွာ ကျင်းပရန် ရည်ရွယ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ကြီးကျယ်စွာ မကျင်းပနိုင်သေးပေ။ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ရုပ်ရှင်သီချင်း အပုဒ် (၁၀၀)ဖျော်ဖြေတင်ဆက်မှု စသည်တို့ကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ ကျင်းပခဲ့သည်။အောက်တိုဘာလ ၁၃ရက်နေ့တွင်လည်း ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို Virtualစနစ်ဖြင့် ကျင်းပခဲ့သည်။[၁]

ရာပြည့်အထိမ်းအမှတ်ပွဲတော်ကျင်းပနိုင်ရန် ၂၀၁၉ခုနှစ်ကပင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဦးဆောင်ပုဂ္ဂိုလ်များ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်။ရာပြည့်ပွဲတော်အား

  • မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် အတူယှဉ်တွဲ ပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ခရီးကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် စေရန်
  • ခေတ်အဆက်ဆက် ထင်ရှားခဲ့သည့် မြန်မာ့ရုပ်ရှင်ပညာရှင်ကြီးများ၏ အနုပညာနှင့် အတတ် ပညာစွမ်းပကားများကို ရုပ်ရှင်လောကသားများ အားကျအတုယူပြီး မြန်မာ့ရုပ်ရှင်အဆင့် အတန်း မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်
  • ရုပ်ရှင်လောကသားများ၏ ညီညွတ်မှု စွမ်းအား၊ အနုပညာဖန်တီးမှု စွမ်းအားများဖြင့် နိုင်ငံနှင့် ပြည်သူအကျိုးကို တိုးမြှင့်ဆောင် ရွက်ရန်

ဟူသော ရည်ရွယ်ချက် (၃)ရပ်ဖြင့် ကျင်းပရန် ပြင်ဆင်ခဲ့သည်။

ရာပြည့်အထိမ်းအမှတ်အခမ်းအနား ပြင်ဆင်ရန်

မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁၃ရက်နေ့ ညနေ (၅)နာရီတွင် Virtualစနစ်ဖြင့်ကျင်းပခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး.ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက စည်သူဗိုလ်ကလေးတင့်အောင်၊မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်တို့က virtualစနစ်ဖြင့် ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့သည်။ထို့နောက်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက စည်သူဗိုလ်ကလေးတင့်အောင်၊ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး.ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်တို့က ဗီဒီယိုမက်ဆေ့ချ်များဖြင့် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက စည်သူဗိုလ်ကလေးတင့်အောင်က ရုပ်ရှင်ရာပြည့်အား ကြီးကျယ်စွာ ကျင်းပနိုင်ခဲ့ခြင်းမရှိသော်လည်း ၂၀၂၀အောက်တိုဘာလမှ ၂၀၂၁ အောက်တိုဘာလအထိမှာ ရာပြည့်အထိမ်းအမှတ်ကာလဖြစ်သဖြင့် ရောဂါများပျောက်ကင်းသည့် သင့်လျော်သောအချိန်တွင် အကောင်းဆုံးပြန်လည်ကျင်းပနိုင်ရန် ရည်မှန်းကြောင်း ပြောကြားခဲ့သည်။[၁]

ထို့နောက် ဆောင်းပါးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဇာတ်လမ်းတိုပြိုင်ပွဲများ စီစဉ်ပေးနိုင်ခဲ့သော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက အကယ်ဒမီ စည်သူဦးကြည်စိုးထွန်း၊ ရုပ်ရှင်သမိုင်းပြတိုက်စီစဉ်ပြသခြင်းအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက အကယ်ဒမီ စည်သူ ဦးအောင်မြင့်မြတ်၊ ရုပ်ရှင်ဇာတ်ကား (၁၀၀) စီစဉ်ပြသနိုင်ခဲ့မှုအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ ရုပ်ရှင်ဇာတ်ဝင်တေး အပုဒ်(၁၀၀)စီစဉ်တင်ဆက်နိုင်မှုအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် အင်ပါယာတေးဂီတအဖွဲ့မှ ဦးဇော်ဝင်းထွဋ်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

အထိမ်းအမှတ်များ ပြင်ဆင်ရန်

မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် ပစ္စည်းများကို ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၄ရက်​နေ့မှစ၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ဝယ်ယူနိုင်​ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ​ကြေညာခဲ့သည်။ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် အထူးတံဆိပ်​ခေါင်းနှင့် စာအိတ်ကိုလည်း ၂၀၂၀ ​အောက်တိုဘာလ ၁၃ရက်​နေ့တွင် မြန်မာ့စာတိုက်လုပ်ငန်းမှ ​ရောင်းချခဲ့သည်။[၂]

 
ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် အထူးတံဆိပ်​ခေါင်း

ကိုးကား ပြင်ဆင်ရန်