မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်ဘဏ်တစ်ခုဖြစ်သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်၁၉၅၃ခုနှစ်၊ ဇွန်လ(၁) ရက်နေ့တွင် “နိုင်ငံတော်စိုက်ပျိုးရေးဘဏ်” အဖြစ် စတင်တည်ထောင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပြည်သူ့ဘဏ်၏ စိုက်ပျိုးရေးချေးငွေဌာန အဖြစ် လည်းကောင်း၊ ၁၉၇၅ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဘဏ်ဥပဒေအရ ၁-၄-၁၉၇၆ မှ စတင်၍ “မြန်မာ့စိုက်ပျိုးရေးဘဏ်” အဖြစ်လည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် “မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်” ဟုလည်းကောင်း၊ အဆင့်ဆင့် ပြောင်းလဲဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ်၊ ဩဂုတ်လ(၁၄) ရက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနမှ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းရောက်ရှိခဲ့သည်။ ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက် နေ့စွဲပါ မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ် ကို ပြင်ဆင်သည့် ဥပဒေအရ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။[၁]
လုပ်ငန်းတာဝန်များ
ပြင်ဆင်ရန်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ လုပ်ငန်းတာဝန်များမှာ-
- နိုင်ငံပိုင်စိုက်ပျိုးရေးအဖွဲ့အစည်းများ၊ မွေးမြူရေးအဖွဲ့အစည်းများ၊ သမဝါယမ အသင်းများ၊ ပုဂ္ဂလိကများ၊ ကျေးရွာဘဏ်များ၊ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမားများအား လိုအပ်သော စည်းကမ်းချက်များကို သတ်မှတ်၍ နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည်ချေးငွေများထုတ်ပေးခြင်း၊
- ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အခြေခံ၍ အပ်ငွေများလက်ခံခြင်း၊ အာမခံနှင့် ဖြစ်စေ၊ အာမခံမဲ့ဖြစ်စေ၊ ချေးငွေများ ထုတ်ပေးခြင်းနှင့် ကြိုတင်ထုတ်ပေးခြင်း (သို့မဟုတ်) အပ်ငွေထက်ပို၍ ငွေထုတ်ခွင့်ပြုခြင်း၊
- ကျေးရွာဘဏ်များဖွဲ့စည်းခြင်း၊ အသိအမှတ်ပြုခြင်းနှင့် ကြီးကြပ်ခြင်း၊ ကျေးရွာ ဘဏ်များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊
- ငွေလွှဲလက်မှတ်များ၊ ကြေးနန်းငွေလွှဲစာများ၊ ငွေပေးအမိန့်လက်မှတ်များနှင့် အခြားငွေလွှဲစာများကို ထုတ်ပေးခြင်း၊ ဝယ်ယူခြင်း၊
- ဘဏ်၏လုပ်ငန်းများကို ဆောင်ရွက်ရန် ပြည်တွင်းဖြစ်စေ၊ ပြည်ပမှဖြစ်စေ ငွေချေးယူခြင်း၊
- ဘဏ်၏လုပ်ငန်းများကို ပိုမိုချောမွေ့စေမည့် ကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊ ထိုလုပ်ငန်းနှင့်ဆက်စပ်နေသော ထိုလုပ်ငန်းကို အထောက်အကူပြုသော စီမံ ခန့်ခွဲမှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ အကြံဉာဏ်များပေးခြင်းနှင့် ရယူခြင်း၊
- ဝန်ကြီးဌာနက သဘောတူညီသော လုပ်ငန်းများကို ဆောင်ရွက်ခြင်း တို့ဖြစ်သည်။[၂]
အကိုးအကား
ပြင်ဆင်ရန်- ↑ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန။ ၂၀၁၄-၁၀-၃၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ လုပ်ငန်းတာဝန်များ။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန။ ၂၀၁၄-၁၀-၃၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]