မြန်မာ့အလင်း သတင်းစာ သည် မြန်မာဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသည့် မြန်မာနိုင်ငံ အစိုးရပိုင် နေ့စဉ်သတင်းစာ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယနေ့တိုင် ဖြန့်ချိလျက်ရှိသည့် သတင်းစာများအနက် သက်တမ်းအရှည်ဆုံးဖြစ်သည်။ [၁]

မြန်မာ့အလင်း
Newspaper Myanma Alinn logo.png
Myanmar Alin front cover 2016-03-31.png
၃၁ မတ် ၂၀၁၆ ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံး
အမျိုးအစားနေ့စဉ်ထုတ် သတင်းစာ
ထုတ်ဝေသူပြန်ကြားရေး ဝန်ကြီးဌာန
တည်ထောင်ခြင်း၁၉၁၄
ဘာသာစကားမြန်မာ
ဌာနချုပ်များရန်ကုန်မြို့
စောင်ရေ၂၂၀,၀၀၀
ဝက်ဘ်ဆိုဒ်moi.gov.mm/npe/mal/
နိုင်ငံ မြန်မာ

သမိုင်းပြင်ဆင်

ကိုလိုနီခေတ်အတွင်း ၁၉၁၄ ခုနှစ်၌ ရန်ကုန်မြို့တွင် ဦးရွှေကြူးက ထုတ်ဝေသည်။ ပထမကမ္ဘာစစ်အတွင်း စစ်သတင်းကို ဓါတ်ပုံဘလောက်များဖြင့် ဖော်ပြရာ လူကြိုက်များသည်။ စောင်ရေ ၁၂၀ နှင့် စပြီး ရက်ခြား ထုတ်သည်။

အယ်ဒီတာများမှာ လယ်တီပဏ္ဍိတ ဦးမောင်ကြီးပီမိုးနင်း၊ ဦးရွှေကြူးတို့ ဖြစ်ပြီး ရှိပ်စပီးယား ကုလားပုံနှိပ်တိုက်၌ ရိုက်သည်။

ဒုတိယ ကမ္ဘာစစ် မတိုင်မီတွင် ယင်း၏ ကိုလိုနီဝါဒ ဆန့်ကျင်ရေး ရပ်တည်ချက်ကြောင့် ကျော်ကြားသည်။ ၁၉၁၅ ခု မတ်လ ၁၅ ရက်တွင် မတ်လ ၁၅ ရက်နေ့ကို သတိပြု သတင်းဖြင့် ပုံနှိပ်ခွင့် အပိတ်ခံရသည်။

၁၉၁၈ ခုတွင် ဂျပန်မှပြန်လာသော ဦးကိုကိုကြီးက ဆက်ထုတ်သည်။ မြန်မာ့အလင်းအမည်ကို အပိတ်ခံရဆဲ ဖြစ်သဖြင့် မှတ်ပုံတင်အမည်တွင် မြန်မာ့အလင်းသစ် (New Light of Burma) ကို သုံးသည်။ သို့သော် မြန်မာအမည်မှာ မြန်မာ့အလင်း ဖြစ်ဆဲပင်။ ထူးခြားချက်မှာ တံဆိပ်အဖြစ် မြန်မာမြေပုံကို ဟာရိတခေါ် ဗြဟ္မရုပ်က လက်ညှိုးထိုးပုံ ပါသည်။ ခေတ်ပြိုင် သူရိယ မဂ္ဂဇင်းထက် သာအောင် "ရှင်နေမင်းထက် လွန်မင်းကဲထ ဟာရိတဟု ဗြဟ္မာ့အရောင် ထွန်းလင်းပြောင်" ဟူသော စကားနှင့်အညီ သူရိယထက်သာသော ဟာရိတဗြဟ္မာဟု သုံးခြင်းဖြစ်သည်။ နောင် စာလုံးပေါ်တွင် ကိုးရို့ကားယားဖြစ်နေသော မြန်မာပြည်မြေပုံကို ဖြုတ်ရာ ခေါင်းစဉ်ကို လက်ညှိုးထိုးသော ဗြဟ္မာရုပ် ဖြစ်လာသည်။

အယ်ဒီတာများမှာ ဆရာသင်နှင့် ဦးစိန်း ဖြစ်သည်။ ခေတ်ပြိုင်ဖြစ်သော ပညာ့အလင်း သတင်းစာတိုက်က လုပ်ကြံရာ ဆရာသင် ဓါးထိုးမှုနှင့် သေပြီး ဦးစိန်း အယ်ဒီတာချုပ် ဖြစ်လာသည်။ ရက်ခြား သတင်းစာ ဖြစ်ဆဲပင်။

ဦးမောင်မောင်ကြီးက ဦးကိုကိုကြီးထံမှ ဝယ်သည်။ နေ့စဉ်သတင်းစာ ဖြစ်လာသည်။ စောင်ရေတက်လာ၍ ပန်းဆိုးတန်းတိုက်မှ ဆူးလေဘုရားလမ်းသို့ ရွေ့သည်။ နိုင်ငံခြားကြေးနန်းသတင်း စ၍ ဝယ်သုံးသည်။ သတင်းထောက်များ ငွေပေး၍ စခန့်သလို နိုင်ငံခြားသတင်းထောက်များလဲ ထားသည်။ စာမျက်နှာ ၆၀ အထိ ဖြစ်ခဲ့သည်။

၁၉၃၃ ခုတွင် ဦးမောင်မောင်ကြီး လွန်သည့်နောက် ဇနီး ဒေါ်ဒေါ်စု ဆက်လုပ်သည်။ ၁၉၃၈ ရောက်သော် ကုမ္ပဏီလီမိတက်အဖြစ် ဖွဲ့လိုက်သည်။

၁၉၆၉ ခုနှစ်တွင် မြန်မာ့အလင်းနှင့်အတူ ဗိုလ်တထောင်၊ အလုပ်သမား ပြည်သူ့နေ့စဉ်နှင့် ကြေးမုံစသည့် သတင်းစာတိုက်များကို ပြည်သူပိုင်သိမ်းခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံအတွင်း ထုတ်ဝေသည့် သတင်းစာအားလုံးသည် နိုင်ငံပိုင်ဖြစ်လာသည်။ မြန်မာ့အလင်း သတင်းစာသည် အစိုးရအာဘော်များကို ထင်ဟပ်ဖော်ပြသည်။

ကိုးကားပြင်ဆင်

  1. "Country Profile: Burma"၊ BBC News။ 2009-01-10 တွင် ပြန်စစ်ပြီး