မြန်မာ ငွေစက္ကူ သမိုင်း

ဗမာခေတ် (မြန်မာ့ငွေစက္ကူသမိုင်း)

အင်္ဂလိပ်ခေတ် ပြင်ဆင်ရန်

မြန်မာနိုင်ငံသည် ဗြိတိသျှထံမှ လွတ်လပ်ရေးမရမီ အိန္ဒိယလက်အောက်ခံပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ ထိုအချိန်တွင် မြန်မာငွေကြေးအဖြစ် ရူပီးကိုအသုံးပြုခဲ့သည်။ မြန်မာနှင့် အိန္ဒိယနိုင်ငံသုံး ရူပီးငွေသည် စတာလင်ပေါင်နှင့် ချိတ်ဆက်ထားပြီး တစ်သျှီလင် ခြောက်ပဲနိဖြင့် တန်ဖိုးသတ်မှတ်ထားသည်။

၁၉၄၆ခုနှစ် ငွေကြေးနှင့် ငွေအကြွေအက်ဥပဒေ ပထမအစီအစဉ်အရ ၁,၅,၁၀,၁၀၀ ရူပီးငွေစက္ကူများ အဖြစ်ထုတေ်၀ရန်နှင့် ဒုတိယအစီအစဉ်အရ ၂၀ နှင့် ၅၀ရူပီး ငွေအကြွေတို့ကို ဘုတ်အဖွဲ့မှ ထုတ်ဝေခဲ့သည်။ ထိုငွေစက္ကူ များတွင် ဒေါင်းတံဆိပ်ရေစာအမှတ်အသားပါရှိခဲ့ပြီး ဘုတ်အဖွဲ့၏ဥက္ကဋ္ဌမှ ထုတ်ဝေခွင့် ရရှိခဲ့သည်။ မြန်မာနိုင်ငံတော် ငွေကြေးအုပ်ချုပ်မှုအဖွဲ့ မြန်မာပြည်တွင်း၌သာ သုံးပိုင်ခွင့်ရှိသည် (Burma Currency Board Legal Tender in Burma Only) ဟု အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထား သောစာတန်းများပါရှိသည်။

လွတ်လပ်ပြီးခေတ် ပြင်ဆင်ရန်

အင်္ဂလိပ်တို့ထံမှ မြန်မာလွတ်လပ်ရေးရရှိပြီးသောအခါ မြန်မာနိုင်ငံသည် ပြည်ထောင်စုသမ္မတနိုင်ငံ ဖြစ်လာခဲ့ပြီး ငွေစက္ကူ၏ခေါင်းစည်းစာတန်းကို Government of the Union of Burma ဟု ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံ ငွေကြေးအုပ်ချုပ်မှုအဖွဲ့သည် Legal Tender Currency in Burma Only စာတန်းပါသော အိန္ဒိယနိုင်ငံထုတ် ငွေစက္ကူများကို ရုပ်သိမ်းခဲ့ပြီး ၁၉၄၈ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် အဆိုပါ Government of the Union of Burma ခေါင်းစည်းစာတန်းပါ ငွေစက္ကူကို တိုးချဲ့ ထုတ်ဝေခဲ့သည်။ သို့ရာတွင် ၁၉၅၀ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့တွင် ငွေအကြွေ အမျိုးအစားအားလုံး သုံးစွဲခွင့်အား ရပ်စဲခဲ့သည်။

၁၉၅၂ခုနှစ် မြန်မာနိုင်ငံတော်ပြည်သူ့ဘဏ်အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ငွေကြေးအုပ်ချုပ်မှုအဖွဲ့၏ တစ်ဦးတည်းငွေကြေး ထုတ်ဝေခွင့်ကို မြန်မာနိုင်ငံပြည်သူ့ဘဏ် ငွေကြေးဌာနသို့ အသစ်ဖွဲ့စည်း လွှဲပြောင်းခဲ့ပြီး ၁၉၅၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ ဗဟိုဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ ငွေကြေးအုပ်ချုပ်မှုအဖွဲ့ပိုင်ဆိုင်သော ရရန်နှင့် ပေးရန်ပိုင်ခွင့်များကို မြန်မာနိုင်ငံပြည်သူ့ဘဏ်သို့ လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံပြည်သူ့ဘဏ်လက်ထက် ငွေကြေးစနစ်သစ်တွင် အခြားအရေးပါသောပြောင်းလဲမှုမှာ ဒဿမစိတ်ငွေကြေးစနစ်သို့ ပြောင်းလဲစေခဲ့ခြင်းပင်ဖြစ်သည်။

ငွေအကြွေများကို နီကယ်ဖြင့်ပြုလုပ်ခဲ့ပြီး ၁မူး၊ ၁ပဲ၊ ၂ပဲ၊ ၄ပဲ နှင့် ၈ပဲများကို ထုတ်ဝေခဲ့သည်။ ငွေအကြွေစေ့အားလုံးတွင် ခြင်္သေ့ပုံပါရှိသည်။ နောက်ကျောဘက်တွင် တန်ဖိုးနှင့် သွန်းလုပ်သည့်ခုနှစ်ကို ပန်းခွေအတွင်း ဖော်ပြပါရှိသည်။ သို့သော် ၁၉၅၃ခုနှစ် နိုဝင်ဘာလ(၁) ရက်နေ့တွင် ၁မူး တန်၊ ၁ပဲတန်နှင့် ၂ပဲတန် ငွေအကြွေများကို ရုပ်သိမ်းခဲ့သည်။ ထို့ပြင် ၁၉၅၂ ခုနှစ်တွင် သုံးစွဲငွေ ရူပီးအမည်ကို ကျပ်ဖြင့် ပြောင်းလဲခဲ့ပြီး ဒဿမစိတ်ငွေကြေးဖြင့် ၁၀၀ပြားဖြင့် ညှိနှိုင်း ထုတ်ဝေခဲ့သည်။ ယခင်က တစ်ရူပီးသည် မြန်မာငွေ ၁၆ပဲ၆၄ပြားနှင့် ညီမျှခဲ့သည်။ မြန်မာငွေကြေး တစ်ယူနစ်ကို ကျပ်ငွေဖြင့် ပြောင်းလဲခဲ့ချိန်တွင် ပြား၁၀၀ နှင့် ညီမျှခဲ့သည်။

မြန်မာနိုင်ငံတော်ပြည်သူ့ဘဏ်မှ ဗဟိုဘဏ်၏ တာဝန်ဝတ္တရားများကို လွှဲပြောင်းရယူခဲ့ပြီး ၁၉၅၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ဘဏ်မှ ထုတ်ဝေသော ငွေစက္ကူများ၏ အမှတ်လက္ခဏာများကို ပြောင်းလဲ ထုတ်ဝေခဲ့သည်။ အသစ် ထုတ်ဝေသော ငွေစက္ကူများတွင် ရူပီးငွေကြေးများဖြစ်သော ၁, ၅, ၁၀, ၁၀၀ ရူပီးတန်များပါဝင်ပြီး၊ နောက်ပိုင်းတွင် ကျပ်ငွေဖြင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ ငွေစက္ကူတွင် ဥဒေါင်းပုံ ရေစာပါရှိသည်။ ဒုတိယအကြိမ်အားဖြင့် ၁၉၅၈ခုနှစ်တွင် ထုတ်ဝေသည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ (ဦးထုပ်ပါစစ်ဝတ်စုံဖြင့်) ရုပ်ပုံပါရှိသည်။ ၁၉၅၈ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ (ပြည်ထောင်စုနေ့)တွင် ၁, ၅, ၁၀, ၁၀၀ ကျပ်တန်များကို စတင် ထုတ်ဝေခဲ့ပြီး (၂၁)ရက် ဩဂုတ်လတွင် ၂၀, ၅၀ ကျပ်တန်များကို ထုတ်ဝေခဲ့သည်။ ဤ ထုတ်ဝေမှုသည် မြန်မာနိုင်ငံ၏ ပထမဆုံး ထုတ်ဝေသော ငွေစက္ကူများဖြစ်သည်။

ဒဿမစိတ်ငွေကြေးစနစ်ဖြစ်သော ငွေအကြွေများတွင် ၁, ၅, ၁၀, ၂၅, ၅၀ ပြားနှင့် ၁ကျပ်တန် အကြွေစေ့များကို Royal Minted မှသွန်းလုပ်ခဲ့သည်။ အဆိုပါ ငွေအကြွေများတွင် အမှတ်အသား များစွာပါဝင်သော် လည်း မြန်မာခြင်္သေ့ (သို့မဟုတ်) ခြင်္သေ့ပုံကို ယခင်အတိုင်းထားရှိသည်။ ၁၉၅၂ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ၅ပြားနှင့် ၁၀ပြား ငွေအကြွေများကို စတင်သုံးစွဲခဲ့သည်။

တော်လှန်ရေးကောင်စီခေတ် ပြင်ဆင်ရန်

တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၄ ခုနှစ် မေလ(၁၇)ရက်နေ့တွင် ၅၀ တန်နှင့် ၁၀၀ တန် များကို တရားမဝင်ငွေစက္ကူအဖြစ် ကြေညာပြီးနောက် ပြည်သူ့ဘဏ်ထုတ်ငွေစက္ကူအသစ်များဖြစ်သော ၁, ၅, ၁၀, ၂၀ တန် ငွေစက္ကူများကို ၁၉၆၅ ခုနှစ် ဧပြီလ(၃၀)ရက်နေ့တွင် စတင် ထုတ်ဝေခဲ့သည်။ အဆိုပါငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ (ဦးထုပ်ပါစစ်ဝတ်စုံ)ရုပ်ပုံဖြင့် ထုတ်ဝေခဲ့သည်။ ၁၉၅၈ ခုနှစ်နှင့် ၁၉၆၄ ခုနှစ်ထုတ် ၂၀ကျပ်တန် ငွေစက္ကူများအား ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် တရားဝင်ငွေအဖြစ်မှ ရပ်စဲခဲ့သည်။ လက်ရှိငွေစက္ကူများ သည် ၎င်းတို့အား ဆက်လက်သုံးစွဲခွင့်မရှိသော ငွေအဖြစ်မှ မသတ်မှတ်မချင်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိ နေမည်ဖြစ်သည်။

၁၉၇၂ ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပြည်သူ့ဘဏ်မှ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘဏ်အဖြစ် ပြောင်းလဲခဲ့ပြီး ၂၅ ကျပ်တန်ငွေစက္ကူကို ထုတ်ဝေခဲ့သည်။ တချိန်တည်းတွင် ယခင် ထုတ်ဝေခဲ့သော ပြည်ထောင်စုဘဏ် ထုတ်ငွေစက္ကူများမှာ ယခုတိုင် တရားဝင်အသုံးဝင်ဆဲဖြစ်သည်။ ပြည်သူ့ဘဏ်ထုတ် ၁ ကျပ်တန်ငွေစက္ကူကို ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ထုတ်ဝေခဲ့ပြီး ၁၉၇၃ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် ၁၀ ကျပ်တန်ငွေစက္ကူများကို ထုတ်ဝေခဲ့သည်။ ၁၉၇၃ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့တွင် ၅ ကျပ်တန်နှင့် ပြည်သူ့ဘဏ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်ထုတ် ၅ ကျပ်တန်များကို ဆက်လက် သုံးစွဲလျက်ရှိသည်။

ဆိုရှယ်လစ်ခေတ် ပြင်ဆင်ရန်

ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်ထုတ်ငွေစက္ကူများဖြစ်သော ၁၀၀ ကျပ်တန်ငွေစက္ကူအား ၁၉၇၆ ခုနှစ်၊ ဧပြီလ(၁၇)ရက် နေ့တွင်လည်းကောင်း၊ ၅၀ ကျပ်တန်ငွေစက္ကူအား ၁၉၇၉ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့တွင်လည်းကောင်း၊ ၇၅ ကျပ်တန် ငွေစက္ကူအား ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့တွင်လည်းကောင်း၊ ၃၅ ကျပ်တန်ငွေစက္ကူအား ၁၉၈၆ ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့တွင်လည်းကောင်း အသီးသီး ထုတ်ဝေခဲ့သည်။ ထိုမျှမက ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်၏ ၄၅ ကျပ်တန်နှင့် ၉၀ ကျပ် တန် ငွေစက္ကူများကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

၁၉၅၂ ခုနှစ်ထုတ် ၁၀၀ ကျပ်တန်ငွေစက္ကူအား ၁၉၆၄ ခုနှစ်၊ မေလ(၁၇)ရက်နေ့တွင်လည်းကောင်း၊ ၁၉၇၆ ခုနှစ်ထုတ် ၁၀၀ ကျပ်တန်ငွေစက္ကူနှင့် ၁၉၇၉ ခုနှစ်ထုတ် ၅၀ ကျပ်တန်ငွေစက္ကူတို့အား ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် လည်းကောင်း၊ ၂၅၊ ၃၅၊ ၇၅ ကျပ်တန်ငွေစက္ကူများအား၊ ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့တွင်လည်းကောင်း တရားဝင်ငွေအဖြစ်မှ ရပ်စဲခဲ့သည်။

၁၉၇၉ ခုနှစ်တွင် ၅၀ ကျပ်တန်နှင့်အတူ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုး ရေးအဖွဲ့တံဆိပ်ပါ ၅၀ ပြားတန်ငွေစက္ကူတို့ကို ထုတ်ဝေခဲ့သည်။ အဆိုပါငွေစက္ကူနှင့်ငွေအကြွေအား လုံခြုံရေးနှင့်ဆိုင်သောပုံနှိပ်လုပ်ငန်းများစက်ရုံ (ဝါဇီ) တွင် သွန်းလုပ်ခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ခေတ် ပြင်ဆင်ရန်

၁၉၈၈ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ ခြင်္သေ့မင်းရုပ်ပုံပါ ငွေစက္ကူအတွဲစဉ်များကို ထုတ်ဝေခဲ့ပြီး ဗိုလ်ချုပ်ပုံပါ ငွေစက္ကူအတွဲစဉ် များနေရာတွင်အစားထိုးခဲ့သည်။ ခြင်္သေ့မင်းရုပ်ပုံပါငွေစက္ကူများမှာ ၁, ၅, ၁၀, ၂၀, ၅၀, ၁၀၀, ၂၀၀, ၅၀၀, ၁၀၀၀ နှင့် ၁, ၅, ၁၀, ၅၀, ၁၀၀ ကျပ်တန် ငွေအကြွေစေ့တို့ဖြစ်သည်။ ၁ ကျပ်တန်ငွေအကြွေစေ့မှာ ကြေးညိုရောင်ဖြစ်ပြီး ၅ ကျပ်တန်နှင့် ၁၀ ကျပ်တန် ငွေအကြွစေ့ များမှာ ရွှေဝါရောင်နှင့် ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန် ငွေအကြွေစေ့များမှာ ငွေရောင်တို့ဖြစ်သည်။[ကိုးကားချက်လိုသည်]

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ် ပြင်ဆင်ရန်

၂၀၀၉ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၅၀၀၀ ကျပ်တန်ငွေစက္ကူကို ထုတ်ဝေခဲ့သည်။[ကိုးကားချက်လိုသည်]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ခေတ် ပြင်ဆင်ရန်

၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို စတင်ထုတ်ဝေသည်။ ၂၀၂၀ ပြည့်နှစ် ဇန္နဝါရီလ ၄ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ တထောင်ကျပ်တန် ငွေစက္ကများ စတင်ထုတ်ဝေသည်။[၁][၂]

ကိုးကား ပြင်ဆင်ရန်

  1. https://www.bbc.com/burmese/50882904 ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ်ငွေစက္ကူများ လွတ်လပ်ရေးနေ့ စထုတ်မယ်၊ BBC News Myanmar
  2. https://xinhuamyanmar.com/news/business/local/%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%86%E1%80%94%E1%80%BA%E1%80%B8%E1%81%8F%E1%80%95%E1%80%AF/ ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ၁၀၀၀ ကျပ်တန် ငွေစက္ကူ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်မှစတင် ထုတ်ဝေမည်၊ ဆင်ဟွာသတင်း