မြသွဲ့သွဲ့ခိုင် သေဆုံးမှု
မမြသွဲ့သွဲ့ခိုင်[၁] (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီ ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်း ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။[၂] ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။[၃] သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။
မြသွဲ့သွဲ့ခိုင် | |
---|---|
မွေးဖွား | ဖေဖော်ဝါရီ ၁၁၊ ၂၀၀၁ |
ကွယ်လွန် | ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁ နေပြည်တော် တောင်ညိုလမ်း သပြေကုန်းအဝိုင်းအနီး[၁] | (အသက် ၂၀)
သေဆုံးရခြင်း အကြောင်းရင်း | ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုများ အတွင်း သေနတ်ဖြင့် ပစ်ခံရခြင်း |
ဖြစ်ပွားခြင်း
ပြင်ဆင်ရန်အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မိန်းကလေးကို ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် နေပြည်တော်မြို့၊ သပြေကုန်းအဝိုင်း၏ အရှေ့တောင်ဘက်ရှိ တောင်ညိုလမ်း ဟူ၍ အတည်ပြုခဲ့သည်။[၄]
ဖြစ်ပွားချိန်မတိုင်မီတွင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ဖြိုခွင်းနေစဉ် မြသွဲ့သွဲ့ခိုင်နှင့် အစ်မဖြစ်သူတို့သည် လုံခြုံရေးစည်းကို ကျော်လွန်ခြင်းမရှိသကဲ့သို့ ပစ်ခတ်မှုများ ဖြစ်နေချိန်တွင် ပစ်ခတ်မှုများ ထိမှန်မည်စိုးရိမ်သောကြောင့် ပြန်လှည့်၍ အကာကွယ်ယူချိန်၌ ပစ်ခံရခြင်း ဖြစ်သည်ဟု မြသွဲ့သွဲ့ခိုင်၏ အစ်မက ဖြစ်သူက ပြောဆိုသည်။[၅]
သေဆုံးခြင်း
ပြင်ဆင်ရန်မြသွဲ့သွဲ့ခိုင်၏ ဦးခေါင်း၌ဝင်နေသော ကျည်ဆန်စကို ခွဲထုတ်ရန် ကြိုးစားခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီ ၁၂ မနက်ပိုင်းတွင် ဆရာဝန်များက လက်လျှော့ခဲ့ကြသည်။ ထို့နောက်တွင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၏ ဆရာဝန်တစ်ဦးက ဦးနှောက်သေဆုံးသွားပြီဟု သတ်မှတ်ကြောင်းနှင့် အသက်ရှူစက်ဖြုတ်ရန် မိသားစုဝင်များကို အကြောင်းကြားထားသည်ဟု ပြောဆိုခဲ့၍ ဆေးပညာအရ ဦးနှောက်သေဆုံးသည်ဟု သတ်မှတ်ခြင်းသည် အမှန်သေဆုံး သွားခြင်းဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။[၆] ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ အသက်ရှူပိုက်ကိုဖြုတ်ပြီး ရုပ်အလောင်းကို သယ်ယူရန် မိသားစုက သဘောတူလက်ခံသော်လည်း အာဏာပိုင်များဘက်က ရသလောက်အချိန်ဆွဲထားရန် နှုတ်ဖြင့် ဖိအားပေးခဲ့သောကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ အချိန်ဆွဲခဲ့ကြရသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်ခဲ့လေသည်။[၇]
စိစစ်တွေ့ရှိချက်များ
ပြင်ဆင်ရန်လူမှုကွန်ယက်အပေါ်တွင် တွေ့ရှိရသော သူမ၏ဆိုင်ကယ်စီးဦးထုပ်ပုံများအရ ကျည်ဆန်မှာ ဦးထုပ်ကို ဖောက်ထွက်သွားပုံရပြီး ရာဘာကျည်မဖြစ်နိုင်ကြောင်း၊ ကျည်အစစ်သာ ဖြစ်နိုင်ကြောင်းကို မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူဖြစ်သော ဒေါက်တာကိတ်ဟယူဝင်ဇ်( Kate Hewins)မှ ကောက်ချက်ဆွဲခဲ့သည်။[၁] ထို့အပြင် သူမ၏ လဲကျသွားသည့် ပုံသဏ္ဌာန်အရ ၎င်းကျည်ဆန် ပြန်စဉ်လာခြင်းမျိုးမဟုတ်ပဲ တိုက်ရိုက် ထိမှန်ခံရခြင်းဖြစ်ကြောင်းကို သူမက ကောက်ချက်ချခဲ့သည်။[၁]
၎င်းကို ကုသသော နေပြည်တော်ဆေးရုံရှိ ဆရာဝန်တစ်ဦးက ကျည်ဖူးမှာ သူမ၏ ဦးခေါင်းအတွင်းစိုက်ဝင်နေကြောင်း၊ သူမဦးနှောက်လုပ်ငန်း အများစုမှ အလုပ်မလုပ်တော့ကြောင်း၊ ဒဏ်ရာမှာ ကျည်အစစ်ကြောင့် ရရှိသော ဒဏ်ရာပုံဖြစ်ကြောင်း၊ သတ္တုကျည်ဖူးမှာ ညာဘက်နားအနောက်မှ ဖောက်ဝင်ပြီး ဦးခေါင်း၏ ဘယ်ဘက်ခြမ်းတွင် စိုက်နေကြောင်း ပြောဆိုခဲ့သည်။[၈]
မြန်မာတပ်မတော်သတင်းမှန်ပြန်ကြားရေးဌာနမှ လုံခြုံရေးတပ်များမှ သေစေနိုင်သောလက်နက်များအသုံးမပြုကြောင်း ထုတ်ပြန်ခဲ့သော်လည်း၊ ၎င်းဆန္ဒပြပွဲတွင် ရဲအဖွဲ့ဝင်တစ်ဦးမှ မြန်မာနိုင်ငံထုတ် အူဇီပုံစံတူ BA-94 သို့မဟုတ် BA-93 စက်သေနတ်အငယ်စား(sub-machine gun)ကို ကိုင်တွယ်ထားသည့်ပုံကို သတင်းထောက်များမှ ရရှိထားသည်။[၉] အဆိုပါရဲတပ်ဖွဲ့ဝင်သည် သူမ၏အပစ်ခံရသောနေရာနှင့် နီးကပ်သောနေရာတွင် ချိန်ရွယ်နေခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။[၉] သူမ၏ ဒဏ်ရာပြင်းထန်မှုကို ကြည့်ခြင်းအားဖြင့် ကျည်အစစ်ကြောင့် ဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အရေးအခင်းအထောက်အထားစစ်ဆေးဌာနအကြီးအကဲ ဆဲမ်ဒပ်ဘာလေ(Sam Dubberley)မှ ပြောကြားခဲ့သည်။[၉]
မြသွဲ့သွဲ့ခိုင်၏ ဦးခေါင်း၌ စစ်ဆေးတွေ့ရှိသော ဆေးမှတ်တမ်းများအရ ရဲတပ်ဖွဲ့၏ ကျည်ဆန်သည် အဓိကရုဏ်းနှိမ်နင်းခြင်း၌သုံးသော ရာဘာကျည်မဟုတ်ဘဲ သံ[မှတ်စု ၁]ဖြင့်ပြုလုပ်ထားသော ကျည်ဆန်အစစ် ဖြစ်သည်ဟု ထိုဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။[၆] ကွယ်လွန်ပြီးနောက် ဆေးရုံမှ မှုခင်းဆရာဝန်ကြီးက မည်သည့်အတွက်ကြောင့် သေဆုံးရကြောင်းကို သိရှိစေရန် ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခဲ့သည်။ ထို့နောက် ကျည်ဆန်သည် ရာဘာကျည်ဆန်မဟုတ်ဘဲ ကျည်အစစ်(သတ္တုကျည်) ဖြစ်သည်ဟူ၌ ဆရာဝန်များက ထပ်မံအတည်ပြုခဲ့ကြ၏ ။[၇]
မှတ်စု
ပြင်ဆင်ရန်- ↑ သံဆိုသည်မှာ ကျည်ဆန်ပြုလုပ်သော သတ္တုကို အလွယ်ဆိုလိုခြင်းဖြစ်သည်။
အခြားကြည့်ရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ The shooting of a young protester။ 2021-02-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုအပေါ် UN အထူးကိုယ်စားလှယ် မေးခွန်းထုတ်။ 2021-02-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Woman left brain-dead after Burmese police shooting is now a protest symbol။ 2021-02-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Myanmar police used machine guns against protesters, says Amnesty
- ↑ လူရမ်းကား တယောက်ကနေမှ နိုင်ငံသားတယောက်ကို လူသတ်မှု ကျူးလွန်လိုက်တာ
- ↑ ၆.၀ ၆.၁ ဦးခေါင်းကိုကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်လို့ ဆရာဝန်ပြော
- ↑ ၇.၀ ၇.၁ "မမြသွဲ့သွဲ့ခိုင် ကျည်ဆန်အစစ်နဲ့ ပစ်ခတ်ခံရလို့ ကွယ်လွန်"၊ RFA News၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၁။
- ↑ Myanmar: Lethal Force Used Against Protesters။ 2021-02-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ ၉.၀ ၉.၁ ၉.၂ Myanmar: Evidence police deployed sub-machine guns against peaceful protesters, despite denials။ 2021-02-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။