မြားဆိပ်ပင်များသည် အမြင်၏ပေ ၆ဝ မှ ၈ဝ ခန်၏အထိရှိသော အပင်ကြီးမျိုးဖြစ်၍ ပေ ၆ဝ ခန့်အတွင်း အကိုင်းအခက်အရွက်များမထွက်ဘဲ ဖြောင့်ဖြောင့် မတ်မတ် တက်သွားသော ပင်စည်ကြီးများရှိကြသည်၊ မြားဆိပ်ပင်သည် မိုရေးစီအီး မျိုးရင်းတွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ အန်တီအေးရစ် တော့ဆီကေးရီးယား ဖြစ်သည်။ မြားဆိပ်ပင်၏ မူလပေါက်ရာဒေသည် အရှေ့အိန္ဒိယ ကျွန်းစုများတွင် အပါအဝင်ဖြစ်သော ဂျားဗားကျွန်းဖြစ်သည်။ နောင်အခါမှ အထက်အောက် မြန်မာနိုင်ငံ တောင်ကုန်းသစ်တောများ၌ အနည်းအကျဉ်းပေါက်ရောက်ကြသည်။ မြားဆိပ်ပင်သည် ယင်း၏ အခေါက်မှ ထွက်သော အဆိပ်စေးများကြောင့် လူသိများ၍ ထင်ရှားကျော်ကြားသည်။ အခေါက်သည် ဖြူတူတူ အရောင်ရှိ၍ တစ်လက်မခန့် ထူသည်။ အခေါက်ကို အနည်းငယ် ထွင်းဖောက်လိုက်သည့်အခါ ဝါတာတာ နို့ရည်ကဲ့သို့ အစေးများ ယိုစီးထွက်လာ၍ လေသလပ်ခံလိုက်ရာတွင် အညိုရောင်ဖြစ်လာပြီးလျင် မာသွားလေသည်။ ဤအစေးကို ငရုတ် စေ့နှင့် အခြားပစ္စည်းများဖြင့် ရောစပ်လိုက်သည့်အခါ သေလောက်သော အဆိပ်ဖြစ်လာတော့၏။ ထိုအဆိပ်သင့်သော သူသည် ပထမတွင် ဝမ်းဆင်း၍ အော့အန်ပြီးလျင် ထိုင်းမှိုင်းသွားကာ နောက် ဆုံး အကြောများဆွဲ သေဆုံးသွားလေသည်။ မြားဆိပ်ပင်ကို ခုတ်လှဲလိုက်သောအခါ၌ ဖြစ်စေ၊ အခေါက်များကို ခွာလိုက်သည့်အခါ၌ ဖြစ်စေ ယင်းမှ အန္တရာယ် ဖြစ်စေသော အခိုးအငွေ့များ ထွက်လာသည်။ ထိုအခိုးအငွေ့များကို ရှုမိပါက အရေပြားတွင် အဖုအပိန့်များ ထွက်တတ်သည်။ အပင်ကို မီးရှို့လျင် ထွက်လာသော မီးခိုးသည်လည်း ထိုနည်းတူ အန္တရာယ် ဖြစ်စေနိုင်သည်။ မြားဆိပ်ပင် တစ်မျိုးမှ ဂုံနီအိတ်ကဲ့သို့သော အိတ်မျိုးကို ပြုလုပ်နိုင်သည်။ ထိုအပင်မှ အခေါက်ကို ရေဆွတ်၍ ထုရိုက်လိုက် သောအခါ အတွင်းသားကို မဆုတ်ဘဲနှင့် ခွာထုတ်နိုင်၍ ယင်းကို ဂုံနီအိတ်ကဲ့သို့ ပြုလုပ်အသုံးချနိုင်သည်။

မြားဆိပ်ပင်၏ ပင်စည်နှင့်အခက်များကို ရှုမြင်ရသည်

မြားဆိပ်ပင်၏ အတွင်းခေါက်မှ လျှော်မျှင်များကို အထည်ကြမ်း ပြုလုပ်နိုင်၍ ထိုအထည်ကြမ်းကို ဆင်းရဲသား လူတန်းစားတို့ ဝတ်ဆင်ကြသည်။ သို့သော် ထိုအထည်ကြမ်း ရေစိုသွားပါက ဝတ်ဆင်သူ၏ အရေပြားပေါ်တွင် မခံမရပ်နိုင်သည့် ယားနာများဖြစ် ပေါ်လာတတ်သည်ဟု ဆိုသည်။ ဂျားဗားကျွန်းမှ တိုင်းရင်းသားများသည် မြားဆိပ်ပင်မှ ထွက်သော အဆိပ်စေးကို မြားများတွင်လူး၍ ပစ်ရာတွင် အလွန်ထက်မြက်သောကြောင့် ရှေးက နိုင်ငံခြားခရီးသည်များနှင့် နယ်သစ်ရှာဖွေ သူများပင် ကြောက်ရွံ့၍ အံ့ဩကြရသည်။ ဤမျှ သတ္တိ ထက်မြက်သောကြောင့် အချို့က မြားဆိပ်ပင်အကြောင်းနှင့် စပ်လျဉ်း၍ အမျိုး မျိုး ချဲ့ထွင် ပြောကြသေးသည်။ ဤသစ်ပင်၏ (၁၅)မိုင် ပတ်လည်အတွင်းသို့ ရောက်ရှိလာသော တိရစ္ဆာန်ဟူသမျှ သေကြရ၍ မည်သည့် အပင်မျှလည်း ထိုနေရာအတွင်း မပေါက်နိုင်ဟူ၍လည်းကောင်း၊ မြားဆိပ်ပင်ရှိရာသို့ ရာဇဝတ်ဘေး သင့်သူများကိုသာ အဆိပ်စေးထုတ်ရန် စေလွှတ်ရာ အနည်းငယ်သာ အသက်မသေဘဲ ပြန်လာကြသည်ဟူ၍လည်းကောင်း၊ ယုတ္တိမတန် ဒဏ္ဍာရီတမျှ ပြောဆိုကြ၏။ စင်စစ်ကား မြားဆိပ်ပင်သည် ထိုမျှ မဆိုးရွားလှချေ။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)