ပင်မမီနူးကို ဖွင့်ရန်

ပြည်ထောင်စုအခမ်းအနားတွင် နေဝန်း လဝန်းသဏ္ဌာန် ခေါင်းပေါင်းများနှင့်သက်တန့်အရောင်မျိုးစုံပါသော အင်္ကျီဝတ်ထားသည့် အသားဝါချော အမျိုးသမီးများ ကို တွေ့ဖူးကြပေမည်။ ၎င်းတို့ကား တိုင်းရင်းသားမြောင်ဇီးအမျိုးသမီးများ ဖြစ်၏။ ယူနန်နယ်တွင် ယင်းတို့ကို "မျောင်"ဟု ခေါ်ဝေါ်၍ ဝနယ် အရှေ့ဖျား ဒေသတွင် ယင်းတို့အချင်းချင်း "မျောင်စီး"ဟု ခေါ်ဝေါ်ဆက်ဆံလျက်ရှိကြသည်။


မြောင်ဇီးတို့သည် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်နယ်၊ ဝနယ်နှင့်ကျိုင်းတုံတစ်ဝိုက်တွင် နေထိုင်ကြသည်။ မြန်မာပြည်တွင်းသို့ ရှေးအခါက ဝင်ရောက်ခဲ့သော လူမျိုးနွယ်ကြီး(၃)စုအနက် မြောင်ဇီးတို့သည် မွန်-ခမာအစုတွင် ပါဝင်သည်ဟုပညာရှင်အများက ယူဆကြသည်။ မြောင်ဇီးတို့သည် မိမိတို့ကိုယ်ကို မုံ (Mung) ဟုခေါ်ကြသည်။ မုံဟူသောစကားသည် Mung မောင်နှင့်မောင်(ဝ်)မောင်ဂွတ်ဟူသော စကားလုံးများနှင့် ဆက်စပ်လျက်ရှိ၏။ တစ်နည်းဆိုသော် မွန်ဂိုလီယားများဟု ခေါ်ခြင်းဖြစ်ပြီး မိမိတို့မှာမွန်ဂိုလီယား အမျိုးအနွယ်များဟုလည်း ပြောကြပါသည်။

ဝင်ရောက်လာပုံပြင်ဆင်

ရှေးရာစုပေါင်းများစွာကပင် ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့ရင်း တရုတ်ပြည် ကွေကျင်းဒေသသို့ရောက်လာကြောင်း၊ ထိုနေရာမှတစ်ဆင့် မြန်မာပြည် တွင်းသို့ ဝင်ရောက်လာကြကြောင်းကို ၎င်းတို့က ပြောပြကြ၏။

မူလဝင်ရောက်လာသော မြောင်ဇီးအုပ်စုတွင် ဦးဆောင်သူအကြီးအကဲ ၄ ဦးရှိရာ၎င်းတို့မှာ...

  1. ရုပ်စေူဝါ = မြောင်ဇီးစော်ဘွားကြီး
  2. ရုပ်လုပ်ရန် = မြောင်ဇီးတိုက်သူကြီး
  3. ရုပ်ကျန်းစူး = မြောင်ဇီးစစ်ဗိုလ်ချုပ်
  4. ရုန်းပလ = မြောင်ဇီးစစ်ဗိုလ်ကြီး တို့ဖြစ်၏။ မြန်မာပြည်တွင်း မူလအခြေစိုက်သောနေရာမှာ ကိုးကန့်နယ် တာရွှေထန်နှင့် ကြယ်ပါးအရပ်များဖြစ်ပြီး ၎င်းနေရာများမှ ဟာမိုးနိုက်နှင့်ကာမိန်းနယ်များသို့၎င်း၊ ထိုမှတစ်ဆင့် ကွမ်းလုံခရိုင်နယ်များသို့၎င်း ပြန့်နှံ့နေထိုင်လာကြခြင်း ဖြစ်သည်။ ဤကား မြောင်ဇီးတို့ သားစဉ်မြေးဆက် ပြောခဲ့သော ပါးစပ်ရာဇဝင်မှတ်တမ်းအကျဉ်းချုပ် ဖြစ်သည်။ မြန်မာပြည်တွင်း မြောင်ဇီးတို့အများဆုံးနေထိုင်ရာဒေသများကား ကိုးကန့်နယ်ရှိ တာရွှေထန်၊ ကျာတီမော်၊ ရဲညိုပါး၊ ပေါဝးမန့်လော့၊ ဖာမာချန်း၊ ဆုံကန်၊ မာလီပါး၊ ရှုတ်တင်ပါး၊ ကာမိန်းနှင့်သိန္နီတို့ ဖြစ်၏။ မြောင်ဇီးလူမျိုး တို့ကို ဝနယ်အရှေ့ပိုင်းဒေသနှင့် ကိုးကန့်နယ်များတွင် အများဆုံး တွေ့ရှိ ရပြီးလျှင် ယူနန်နယ် အနောက်ဖျားဒေသတိုင်အောင် ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း သိရှိရသည်။ ယင်းတို့၏ မူရင်းဒေသမှာ ကွမ်ဆီနှင့်ကွေချောင်ပြည်နယ်တို့ ဖြစ်၍၊ ထိုမှယူနန်နယ်သို့ ရောက်ရှိလာပြီးလျှင် မြန်မာနိုင်ငံအတွင်းသို့ တစ်ဖန် ရောက်ရှိလာလေသည်။
 
မြောင်ဇီးစာ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမှ အရှေ့တောင် စူးစူးသို့ မိုင်တစ်ရာခန့်သွားလျှင် တန်ယမ်းသို့ရောက်၏။ တန်ယမ်းမှ တစ်ဖန် လားဖြင့် ခရီးဆက်လျှင် ဝနယ်၏ မြို့တော် ဖြစ်သော ဟိုပန်သို့ ရောက်၏။ ဟိုပန်မှ တစ်ဖန် လားဖြင့် နှစ်ညသုံးညအိပ် ခရီးဆက်ပါက မြောင်ဇီးလူမျိုးတို့ နေထိုင်ရာ တရုတ် - မြန်မာနယ်စပ်သို့ ရောက်တော့၏။ မြောင်ဇီးလူမျိုးလူမျိုးတို့သည် သံလွင်မြစ်အရှေ့ဖက်ကမ်း၌ နေထိုင်ကြပြီးလျှင် သံလွင်မြစ် အနောက်ဖက်ကမ်းရှိ လူမျိုးတို့နှင့်မူ လုံးဝ အဆက်အသွယ် မရှိသလောက် ဖြစ်သည်ဟု သိရှိရသည်။


မြောင်ဇီးတို့သည် အေးချမ်းစွာ နေထိုင်တတ်ကြပြီး လောဘနည်းကြ၏။ ငွေကြေးဓန ပိုင်ဆိုင်လို စိတ် ကင်းပြီး၎င်းတို့၏စီးပွားရေးမှာ စားဝတ်နေရေးဖူလှုံရေးကိုသာ ပဓာနပြုသော စီးပွားရေးဖြစ်သည်။ အသက်မွေးဝမ်းကျောင်းမှုအတွက်(၁) စိုက်ပျိုးရေး၊ (၂)မွေးမြူရေးနှင့်(၃)အလုပ်သမားအဖြစ် အခစားလုပ် ခြင်းတို့ကို ပြုလုပ်ကြသည်။ တောင်ပေါ်နေတိုင်းရင်းသားများအတိုင်း စိုက်ပျိုးရေးကို ရွှေ့ပြောင်းတောင်ယာ များတွင် လုပ်ကိုင်ကြသည်။ သီးနှံများမှာ တောင်ယာစပါး၊ ပြောင်း၊ ဆတ်ဆန်၊ ပိန်းဥ၊ မျောက်ဥများ ဖြစ် ၏။ အိမ်ခြံများတွင် မုံညင်း၊ မုံလာစသော ဟင်းသီးဟင်းရွက်များကို အိမ်တွင် စားသုံးရန် စိုက်ပျိုးကြသည်။ တောင်ယာများမှာ တောင်စောင်း တောင်ကမ်းပါးများတွင် ရှိသဖြင့် ထွန်ယက်ရန် ကျွဲနွားများကို အသုံးမပြု နိုင်ဘဲ လူ့လုပ်အားနှင့်သာ တူးဆွစိုက်ပျိုးကြရ၏။ ဝမ်းစာဖူလှုံရုံအတွက်သာ စိုက်ပျိုးနိုင်ပြီး ရာသီဥတု မ ကောင်းသည့်အခါ ဝမ်းစာအတွက်ပင် မပြည့်စုံဘဲ ရှိတတ်သည်။ မြေဆီဩဇာကုန်သောအခါ တစ်နေရာသို့ ပြောင်းရွှေ့ကြပြန်သည်။

အိမ်တွင် စားသုံးရန်နှင့်ရိုးရာဓလေ့ထုံးစံများအရ ပူဇော်ပွဲလုပ်ရန်အတွက် ကြက်၊ ဝက်၊ နွား၊ ကျွဲတို့ ကို အိမ်ခြံဝင်းအတွင်း မွေးမြူထားကြ၏။ ဈေးတွင် ရောင်းချရန်အတွက် မမွေးမြူကြပါ။ တောင်ယာလုပ်ငန်းပြီး၍ အားလပ်သည့်အခါနှင့်တောင်ယာလုပ်ငန်းသို့ မပါဝင်ရသောအိမ်သားက လေးလူကြီးတို့သည် နေ့စားအလုပ်သမားများအဖြစ် ကျဘမ်းအလုပ်များ လုပ်ကြ၏။ လွတ်လပ်ရေးမတိုင် မီခေတ်များအချိန်က နယ်ခြားရှိ တရုတ်ဘိန်းကုန်သည်များက လားဝန်တင်များနှင့်အတူ လမ်းပြအဖြစ်လိုက် ပါရန် အခကြေးငွေ ရက်ရောစွာပေးပြီး ငှါးရမ်းလျှင် ရက်ရှည်လများ လိုက်ပါသွားတတ်ကြ၏။ လုပ်ခအ တွက် ငွေကြေးထက် ဆန်၊ ဆား၊ အဝတ်အစားတို့ကို ပေးခြင်းကို ပိုမိုလိုလားကြသည်။ အလုပ်သမားအဖြစ် ၎င်းတို့အား ငှါးလျှင် ငှါးသူသည်၎င်းတို့အား ကျွေးမွေးမှုတာဝန် ယူရသည်။ ခရီးရှည်တွင် လိုက်ပါရလျှင် အပြန်ခရီး၎င်းတို့စားသောက်ရန် ရိက္ခါတို့ကိုပါ ပေး၍ ငှါးရသည်။ ယခုအခါ လမ်းဖောက်ခြင်း၊ တောင် ယာတိုးချဲ့ခြင်း၊ ဆည်မြောင်းဖောက်ခြင်းစသော ပြည်နယ်တို့၏ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ အခစားအဖြစ်၎င်း၊ စေတနာ့ဝန်ထမ်းအဖြစ်၎င်း ပါဝင်လုပ်အားပေးလျက် ရှိကြသည်။ လူမှုရေးစနစ်တွင် မြောင်ဇီးတို့သည် မိသားစုစိတ်ဓာတ် ရှိကြ၏။ အမျိုးအနွယ်စု(ဃူညေ)အလိုက် နေ ထိုင်လေ့ရှိပြီး အမျိုးအနွယ် မတိမ်ကောရန် ထိန်းသိမ်းကြသည်။ မြန်မာပြည်တွင်းရှိ မြောင်ဇီးအမျိုးအနွယ် များမှာ (၁)ကျန်၊ (၂)ရှုံ့၊ (၃)ယန့်၊ (၄)မား၊ (၅)ဝန့်၊ (၆)လီ၊ (၇)ထောင်နှင့်(၈)ဝူးတို့ ဖြစ်ကြ၏။ အမျိုးအ နွယ်စိတ် ရှိကြသော်လည်း အခြားတိုင်းရင်းသားများနှင့်ရောနှောနေထိုင်လေ့လည်း ရှိကြသည်။ အရိုက်အရာခံခြင်းတွင် ယောကျာ်းဦးစားပေးသောစနစ်ကို ကျင့်သုံးသည်။ အမျိုးအနွယ်ဆက်ရာတွင် လည်း ယောကျာ်းမျိုးရိုးဖက်သို့သာ ဆက်ရသည်။ သားကြီးသည် မိဖအရိုက်အရာခံရပြီး၎င်းမရှိပါက တူ၊ ညီ၊ ဦးလေးစသည်တို့က ဆက်ခံရသည်။ အရိုက်အရာခံသူသည် ကောင်းမွေစံပြီး ဆိုးမွေလည်း ခံရသည်။ အမွေပေးရာတွင် မိဘသဘောကျ ခွေဲဝနိုင်သည်။ အတူနေသားသမီးများသည် အမွေပိုရထိုက်သည်ဟုယူဆ ကြသည်။ အမွေမခွဲမီ မိဘသေဆုံးသော် ဆွေမျိုးသားချင်းတို့က အမွေခွေဲဝပေးသည်ကို နာခံကြသဖြင့် အ မှုအခင်း မဖြစ်ပွားတတ်ချေ။ မိန်းကလေး အရွယ်ရောက်၍ လက်ထပ်လျှင် လင်ယောကျာ်းဖက်သို့ လိုက်ပါ ရသည်။

မြောင်ဇီးတို့သည် လူရာသွင်းအခမ်းအနားကို၎င်းတို့၏ယဉ်ကျေးမှုစရိုက်အတိုင်း ပြုလုပ်လေ့ရှိသည်။ ကိုယ်ဝန်ဆောင်မိန်းမသည် အိမ်တွင် ဖော်စပ်ထားသော ဆေးမီးတိုကို မှီဝဲပါသည်။ ကလေးမွေးလာသော အခါ မီးလှုံခြင်း မပြုပါ။ ကလေးရော မိခင်ပါ သန့်ရှင်းစွာ ရေချိုးပြီး အိပ်ရာသစ်သို့ ပြောင်းရွှေ့အိပ်ကြ သည်။ မီးတွင်းတစ်လ၌ မီးနေသည်သည် ထမင်းပျော့နှင့်ကြက်ဥ၊ ကြက်သားများကို ငြုတ်ကောင်းနှင့်ပြုတ် ကာ မှီဝဲခြင်းဖြင့် အားသစ်မွေးယူပါသည်။ မီးထွက်သောအခါ ဆေးပေါင်းအိုးမှအငွေ့နှင့်ချွေးအောင်းသည်။ ကင်ပွန်းတပ်အမည်ပေးခြင်းကို ကလေး ၃ ရက်သားတွင် ပြုလုပ်သည်။ မိဘကြိုက်ရာ အမည်ပေး နိုင်၏။ ကင်ပွန်းတပ်ရာတွင် ကြက်တစ်ကောင်သတ်ပြီး ရိုးရာနတ်အား ပသရသည်။ နတ်တင်ကျကို မိခင် က စားရသည်။ သားယောကျာ်းကလေးဆိုလျှင် အမြတ်တနိုးထားကာ ကင်ပွန်းတပ်၏။ ဧည့်သည်များ ဖိတ်ခေါ်ကျွေးမွေးရာ၎င်းတို့က ကလေးအတွက် ကြက်ဥ၊ ကြက်၊ အဝတ်အစားနှင့်ကစားစရာများကို လက် ဖွဲ့ကြသည်။

ခေတ်ဟောင်းအချိန်က မြောင်ဇီးကလေးများသည် ၇-၈ နှစ်အရွယ်မှစပြီး မိဘများနှင့်တောင်ယာနှင့် အိမ်တွင်းလုပ်ငန်းများတွင် ကူညီကြရင်း ကြီးပြင်းသွားကြ၏။ စာရေး စာဖတ် လုံးဝမတတ်ကြချေ။ ယခု အခါ ကျေးရွာများတွင် တိုးချဲ့ဖွင့်လှစ်လျက်ရှိသော မူလတန်းကျောင်းများ၌ အသုံးလုံးပညာရေးကို ဆည်း ပူးကြရသဖြင့် မြောင်ဇီးလူငယ်များစွာတို့မှာ မြန်မာစကားနှင့်မြန်မာစာကို အတော်အတန် တတ်ကျွမ်းလျက် ရှိလပြေီ။ သို့သော် တောင်ယာလုပ်ချိန်တွင် မိဘများအား ကူညီရန် ကျောင်းမှအခွင့်ယူသွားတတ်ကြ၏။ အသက် ၁၅-၁၆ နှစ်တွင် အပျိုလူပျိုဖော်ဝင်ကြပြီး ပိုးပန်းကြလေသည်။ အပျိုမိဘများသည် သမီး ပျိုအုပ်ထိန်းရေးတွင် လွန်စွာစည်းကမ်းကြီးသဖြင့် လူပျိုတို့ ပိုးပန်းရာတွင် လွတ်လပ်မှုမရှိလှချေ။ တောင် ယာလုပ်ရင်းသော်၎င်း၊ တောတွင်း ထင်းခုတ်ရာတွင်၎င်း၊ ရိုးရာဓလေ့ပွဲများ၊ နတ်ပူဇော်ပွဲများအချိန်တွင်သော် ၎င်း၊ လူပျိုလှည့်ကြသည်။ လူပျိုသည် တူရိယာပစ္စည်းကို တီးမှုတ်ခြင်းဖြင့်၎င်း၊ စောင်းချိတ်သောစကားပါ သည့်အချစ်သီချင်းကို သီဆိုခြင်းဖြင့်၎င်း မိန်းမပိုးကြ၏။ မိန်းကလေးမိဘများထံသို့ လူကြီးစုံရာနှင့်သို့မဟုတ် အောင်သွယ်မှတစ်ဆင့် စကားကမ်း၍ တောင်း ရမ်းရသည်။ သဘောတူက နေ့ကောင်းရွေးပြီး သတို့သားက နွား ၂ကောင်၊ ငွေသား ၈ဝိနှင့်သတို့သမီးကို တင်တောင်းရသည်။ အပြည့်မပေးနိုင်သေးက လက်ထပ်ပြီးနောက် တဖြည်းဖြည်းပေးသွားနိုင်သည်။ တတ် နိုင်သူဆိုလျှင် ထို့ထက်ပို၍ တင်တောင်းတတ်သည်။ နွမ်းပါးသူဖြစ်လျှင် လူကြီး ၂ ဦးကို ဖိတ်ခေါ်ကျွေးမွေး ခြင်းဖြင့် အကြင်လင်မယားအရာ မြောက်သွားနိုင်သည်။ တတ်နိုင်သူများကား ရွာလုံးကျွတ် ဖိတ်ကျွေးပြီး အဝတ်အစားများကို လက်ဖွဲ့အဖြစ် ပေးကြသည်။ အိမ်ထောင်ကျပြီး သားယောကျာ်းမွေးလျှင် လင်က နောက်မိန်းမယူခွင့်ရှိသည်။ နောက်မိန်းမကို မ ယားကြီးနှင့်အတူတူ ထားသည်။ သားယောကျာ်းမွေးပေးသောမိန်းမသည် မိန်းမကြီးနေရာ ရ၏။ သားယော ကျာ်းသာ ဖခင်မျိုးရိုးကို ဆက်သူဖြစ်သည်ဟုယုံကြည်ကြ၏။ လင်မယားကွာရှင်းရာတွင် ကွာလိုသူသည် လက်လွတ်အိမ်မှဆင်းပေးရသည်။ သို့သော် အပြစ်ရှိသူ မဟုတ်ပါက ထိုက်သင့်သောပစ္စည်းများ ယူသွား နိုင်ခွင့် ရှိပါသည်။ သားသမီးများမှာ လင်သာပိုင်သဖြင့်၎င်းနှင့်ထားရစ်ရသည်။ လင်ကွာနှင့်မုဆိုးမများ နောက်အိမ်ထောင် ပြုခွင့်ရှိကြ၏။


မြောင်ဇီးတို့သည် လူသေကို ကောင်းစွာ သင်္ဂြိုဟ်လေ့ရှိသည်။ မသာအိမ်တွင် နွား၊ ကျွဲတို့ကို သတ် ပြီး ဧည့်သည်များအား ဧည့်ခံကျွေးမွေးကြသည်။ အလောင်းကို လူရွယ်များက ထမ်းယူပြီး သေသူ၏မိသား စုသင်္ချိုင်းတွင် မြမြှေုပ်သင်္ဂြိုဟ်၏။ အိမ်ထောင်စုတိုင်းတွင် သီးခြားအိမ်ထောင်စုသင်္ချိုင်းပြုလုပ်ထားကြပြီး ၎င်းအစုမှ သေသူကို ယင်းသင်္ချိုင်း၌သာ စီတန်းမြှုပ်ရသည်။ သေသူများအား ပူဇော်ပသသော သင်္ချိုင်းရှိခိုး ပွဲများ နှစ်စဉ် ကျင်းပလေ့ရှိသည်။ မြောင်ဇီးတို့၏ယဉ်ကျေးမှုတွင် မူရင်းမွန်ဂိုလီယား ဩဇာစက်ရိပ်များ လွှမ်းနေ၏။ နှစ်ကူးပွဲ၊ လမင်း ပူဇော်ပွဲ၊ ကောက်ညှင်းထုပ်ပွဲ၊ သင်္ချိုင်းရှိခိုးပွဲများ ကျင်းပခြင်းနှင့်ဓလေ့ထုံးစံအကများတွင် မွန်ဂိုလီယန်ဆန် ဆန် ဖြစ်သည်။ ယခုအခါ မြောင်ဇီးတို့သည် ပြည်နယ်ဖွံ့ဖြိုးမှုအစီအစဉ်အရ တည်ထောင်ပေးထားသော ရွာများတွင် အိုးအိမ်အတည်တကျ နေထိုင်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးကို စနစ်တကျ လုပ်ကိုင်စ ပြုလာလပြေီ။ ကွမ်း လုံနယ်ခြားခရိုင် ဟိုပန်မြို့အနီး စံပြကျေးရွာများမှာ၎င်းတို့၏ရွာများဖြစ်၏။ ပြည်နယ်များ ဖွံ့ဖြိုးရေးနှင့် ပြည်ထောင်စုကြီး ကြီးပွားတိုးတက်ရေးတွင် တိုင်းရင်းသား မြောင်ဇီးတို့သည်လည်း တစ်ဖက်တစ်လမ်း ပါ ဝင်ဆင်နွှဲလျက် ရှိကြလေသည်။ [၁]


မြောင်ဇီးလူမျိုးတို့သည် အရပ်အမောင်း အသင့်အတင့်ရှိ၍ အသားလတ်သည် မြောင်ဇီးအမျိုးသမီးများသည် ကျိုင်းတုံနယ်၊ ကော အမျိုးသမီးများနည်းတူ ဂါဝန် ကဲ့သို့သော အဝတ်တိုတို ဝတ်ကြသည်။ သို့သော် အနက်သာမဟုတ်ဘဲ အဖြူရောင်လည်း ဝတ်ကြသည်။ ဦးခေါင်းတွင် ကြီးသော ဗောင်းထုပ်များ ပေါင်းထားကြသည်။ မြောင်ဇီးအမျိုးသားများကား ဘောင်းဘီအနက် ဝတ်၍ ဦးခေါင်းတွင် အဝတ်များဖြင့် ဗောင်းထုပ်ပေါင်း ထားလေသည်။ [၂]

ကိုးကားပြင်ဆင်

  1. ဒေါက်တာခင်မောင်ညွှန့် ရေး ၁၉၆၈-ခုနှစ်၊ အမှတ်(၉၄) ဧပြီလထုတ် ငွေတာရီမဂ္ဂဇင်း စာမျက်နှာ(၄၁ မှ ၄၄ ထိ)တွင်ပါ သော ဆောင်းပါး
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)